← Chapters

မြေထုများအပေါ်မှ ပျံသန်းသွားခြင်း

Vol. 110 Ch. 1529

မြေထုများအပေါ်မှ ပျံသန်းသွားခြင်း

Vol. 110 Ch. 1529

စတုတ္ထမြေထုတစ်ခုလုံးသည် အပျက်အစီးများဖြင့် ဖုံးလွှမ်းနေရာ ပထမဆုံးမြေထုသုံးခုထက် ပို၍တိတ်ဆိတ်ခြောက်ကပ်နေ၏။ အမှန်တွင် အလောင်းများကိုပင် မန်ဟို မြင်ရသည်။

အလောင်းတို့သည် အချိန်၏တိုက်စားမှုကြောင့် ခြောက်သွေ့နေကြသည့်အပြင် တစ်လောင်းမှ ပကတိအတိုင်းမရှိတော့ပေ။ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစစီဖြစ်နေသည့်အတွက် ယောက်ျားလား၊မိန်းမလား မပြောနိုင်သလို၊ သူတို့အသက်ရှိစဉ်တုန်းက ကျင့်ကြံခြင်းအဆင့်ကိုလည်း ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော် မြင်ကွင်းသည် မည်သို့ဆိုစေ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသေး၏။ မန်ဟိုမှာ ၎င်းတို့အားလုံး၏အပေါ်မှ ပျံသန်းနေစဉ် လောကပါလနတ်မင်း၏လက်ချောင်း ဤကမ္ဘာအား ဖျက်စီးခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်နေသည်။

“အရှေ့မြေထုသုံးခုမှာ အပျက်အစီးတွေအပြင် တခြားဘာမှမရှိဘူး” ဂိုဏ်းချုပ်က ရှုပ်ထွေးသောခံစားချက်များ မျက်လုံးများတွင် တောက်ပနေလျက် ရှင်းပြသည်။ “အဲဒီနေရာတွေမှာ အလောင်းတွေ မရှိခဲ့ဘူး။ အလောင်းတွေက စတုတ္ထမြေထုမှာ စပေါ်လာတာ။ ဒီနေရာမှာ မင်းမြင်ရတာက ဘာမှမဟုတ်သေးဘူး။ အထဲရောက်လေလေ၊ အလောင်းတွေများလာလေလေပဲ။ အဋ္ဌမမြေထုဆီ ရောက်တဲ့အချိန်ကျရင်တော့...ဘယ်နေရာကြည့်ကြည့် အလောင်းတွေကို မြင်ရလိမ့်မယ်။ တချို့ဆို ခြေလက်အင်္ဂါအပြည့်အစုံနဲ့ အကောင်းအတိုင်း ရှိသေးတုန်းပဲ

“အထူးတလည်ထိန်းသိမ်းခံထားရတဲ့ မှော်ပစ္စည်းတချို့ကိုတောင်မှ တွေ့ရလိမ့်မယ်။ ဒါ‌ပေမဲ့ လောဘကြီးလို့မဖြစ်ဘူး တာအိုရောင်ရင်းမန်။ မြင်တာတွေကို သွားထိလို့မရဘူး”

ဤအချိန်တွင် ကျင်ယွင်ရှန်းက ၀င်ပြောသည်။ “ငါတို့ အဲ့ဒီရတနာတွေကို ပထမဦးဆုံးမြင်လိုက်တုန်းက လောဘတကြီး ယူဖို့ ကြိုးစားခဲ့တဲ့ တစ်ယောက် ရှိတယ်။ အဲ့လိုယူဖို့ ကြိုးစားလိုက်တာနဲ့ တွန်းအားကို ခံစားလိုက်ရပြီး သင်္ချိုင်းတစ်ခုလုံးကနေ နှင်ထုတ်ခြင်းစွမ်းအား ပေါ်ထွက်လာတယ်။ လောဘတက်မိတဲ့လူက‌တော့ ငါတို့မျက်စိရှေ့တည့်တည့်မှာတင် သွေးအိုင်ဘ၀ရောက်သွားတာပဲ” သူ့မျက်လုံးထဲရှိ အကြောက်တရား ထင်ရှားသော်လည်း ရတနာတစ်ခုကိုမှ မယူနိုင်သဖြင့် နှမြောတဿဖြစ်နေကြောင်းလည်း သိသာသည်။

မန်ဟိုက ခေါင်းညိတ်၍ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ စတုတ္ထမြေထုထဲရှိ တစ္ဆေများအား ခံစားလိုက်ရသည်။ ဤသည်မှာ ဤနေရာသို့ သူ ပထမဦးဆုံးအကြိမ် ရောက်လာခြင်းဖြစ်သဖြင့် သူ၏နတ်ဘုရားအာရုံ စတင်ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် မြေကြီးပေါ်တွင် လဲနေသော အလောင်းများအားလုံး တုန်ရီလာကြပြီးနောက် ၎င်းတို့ကိုယ်ထဲမှ တစ္ဆေများ ထွက်လာကြ၏။ မြေမျက်နှာပြင်တလျှောက် ပြန့်ကြဲနေသော အပျက်အစီးများမှလည်း တစ္ဆေများ တဝေါဝေါ ထွက်လာကြသည်။ မကြာမီ စတုတ္ထမြေထုတစ်ခုလုံး တစ္ဆေများဖြင့် ပြည့်နှက်သွားချေပြီ။

မျက်စိရှေ့၌ ဖြစ်ပေါ်နေသော မြင်ကွင်းက ဂိုဏ်းချုပ်နှင့်ကျန်ရှိသူများအား မျက်လုံးပြူးလျက်သာ ကြည့်နေမိစေသည်။ မထင်ထားသည့်အရာတော့ မဟုတ်သော်လည်း သူတို့ခံစားနေရသည့် အအေးဓာတ်၏ပြင်းအားက အဆပေါင်းများစွာ မြင့်တက်သွားခဲ့၏။

မရေမတွက်နိုင်သောတစ္ဆေများသည် စတုတ္ထမြေထုပေါ်၌ မန်ဟို၏တည်ရှိမှုကို ခံစားလိုက်ကြရသည်နှင့် လေးစားကြည်ညိုသောမျက်ဝန်းများဖြင့် နိုးထလာကြကုန်၏။

“ဧကရာဇ်ရဲ့အရှိန်အဝါ”

“ဧကရာဇ်ပဲ”

စတုတ္ထမြေထုပေါ်ရှိ တစ္ဆေအားလုံး လေပေါ်ပျံတက်ကြပြီး မန်ဟို့ထံ တဟုန်ထိုး လာကြသည်။ ကြောက်စရာကောင်းလောက်အောင် အေးစိမ့်လာသည်နှင့်အမျှ မန်ဟို၏မျက်လုံးများ တောက်ပလာပြီး သူက အင်္ကျီလက်စခါလိုက်သည်။ ထို့နောက် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ရှေ့သို့ ပျံထွက်သွား၏။ ‌

သူ ရှေ့ဆက်သွားနေသည်နှင့်အမျှ စတုတ္ထမြေထုမှ တစ္ဆေများက သူ့ဆီသို့ ပျံသန်းလာကြသည်။ ၎င်းတို့သည် သူ့ကို အဝေးမှမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဒူးထောက်ရှိခိုးကြ၏။ သူ မြေပြင်ကို ဖြတ်၍ ပျံသန်းနေစဉ် သူ့ပတ်ပတ်လည်ရှိ တစ္ဆေပင်လယ်ကြီးမှာ ပို၍သာ ကြီးထွားလာသည်။

နောက်ဆုံးတော့ မန်ဟိုတို့ ပဉ္စမမြေထုဆီ ဦးတည်နေသော ကျောက်ဆောင်ရှေ့သို့ ရောက်သွား၏။

ထိုကျောက်ဆောင်ပေါ်တွင် မီတာ ၃၀၀၀၀ တိတိ မြင့်မားသော ဧရာမရုပ်တုကြီးတစ်ခုအား မြင်ရနိုင်သည်။ ၎င်းကား ပဉ္စမမြေထု၏အ၀င်လမ်းကို ပိတ်ဆို့ထားသော ဧရာမတောင်ကြီးတစ်လုံးသဖွယ် မားမားမတ်မတ် ရပ်နေ၏။

“ဒီတောင်ကို တိုက်ခိုက်စရာမလိုဘူး” ဂိုဏ်းချုပ်က ပြောသည်။ “ငါတို့  ပဉ္စမမြေထုဆီ ၀င်ရောက်နိုင်မယ့်နည်းလမ်းနဲ့ပတ်သက်ပြီး အချိန်ပေးစဉ်းစားပြီးတဲ့ နောက်ဆုံးတော့ နှစ်၀က်လောက်ပဲ စောင့်ဖို့လိုတာ သိခဲ့ရတယ်

“အဲ့ဒီအချိန်လောက်ကျရင် တောင်က မီတာ ၃၀၀ အမြင့်ပဲ ရှိတော့တဲ့အထိ တဖြည်းဖြည်း ကျုံ့သွားတယ်။ ဒါဆို ငါတို့အားလုံး ဘေးကင်းကင်းဖြတ်သွားနိုင်မယ်

“အခု ဖြတ်ကျော်ဖို့ ကြိုးစားရင် တောင်က ဒေါသထွက်လာလိမ့်မယ်။ ငါတို့ ကျင့်ကြံခြင်း‌အခြေခံအဆင့်ကို ထည့်တွက်ရင်တောင်မှ ဒီတောင်က ငါတို့ကို အန္တရာယ်ပေးနိုင်သေးတယ်။ ဒီရုပ်တုကြီးက အသက်ရှိနေတုန်းက တည်ဆောက်ခံရတာဆိုတော့ အကန့်အသတ်မရှိလောက်အောင် အင်အားကြီးမားတယ်မဟုတ်လား။ တာအိုရောင်ရင်းမန် ငါတို့ ဒီနေရာမှာ နည်းနည်းလောက် စောင့်ကြဖို့ အကြံပြုပါတယ်” ဂိုဏ်းချုပ်သည် ဤတောင်ကို မြင်ခဲ့ဖူးသော်လည်း ၎င်း၏ရင်သပ်ရှုမောဖွယ်အမြင့်ကို ကြည့်လိုက်တိုင်း တုန်လှုပ်ရသေးလေသည်။

“နှစ်ဝက်လား အဲ့လောက် မစောင့်နိုင်ဘူး” ဂိုဏ်းချုပ် ဘာမှထပ်မပြောနိုင်ခင် မန်ဟို၏မျက်လုံးများ ၀င်းလက်သွားပြီး သူက တောင်ကြီးကို လက်ညှိုးထိုးလိုက်၏။

“ငါ့အတွက် ဒီတောင်ကို ရွှေ့ပေး” သူက သူ၏စကားလုံးများကို နတ်ဘုရားအာရုံဖြင့် အားဖြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ သူ့ကို ၀န်းရံနေသော ပင်လယ်ထဲရှိ တစ္ဆေများသည် ချက်ချင်း ဟိန်းဟောက်၍ စွမ်းအားတို့ ပြည့်နှက်လာကြ၏။ ဖြာထွက်လာသော အရှိန်အဝါက ဂိုဏ်းချုပ်နှင့် အခြားသူများအား ခေါင်းနပန်းကြီးလာစေတော့သည်။

တစ္ဆေပေါင်းများစွာသည် ဧရာမတောင်ကြီးဆီသို့ အစုလိုက်အပြုံလိုက် ရွေ့လျားသွားကြ၏။ တောင်ကြီးက တဝုန်းဝုန်း တုန်ခါလာပြီး ရှေ့နောက်ပင် ယိမ်းထိုးလာလေသည်။

တောင်ကြီး ရှေ့နောက်ယိမ်းထိုးနေစဉ် တဖြည်းဖြည်း လေပေါ်မြောက်တက်လာသည်ကို သတိထားမိလိုက်သဖြင့် ဂိုဏ်းချုပ်တို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

တောင်မှာ မြေပြင်များထံမှ ဖြတ်ထုတ်ခံလိုက်ရသဖြင့် ငလျင်များ လှုပ်ခတ်လာသည်။

မန်ဟိုကတော့ တောင်ကို ၀န်းရံနေသော တစ္ဆေများအား မြင်ရနိုင်သည်။ ၎င်းတို့က ဟိန်းဟောက်ရင်း မန်ဟို အမိန့်ပေးခဲ့သည့်အတိုင်း တောင်ကို ရွှေ့နေကြလေသည်။

ဧရာမတောင်ကြီးကား ဆက်လက်‌‌မြောက်တက်လာသဖြင့် တဝုန်းဝုန်း မြည်ဟည်းသံများ လေတွင် ပြည့်နှက်နေသည်။ မကြာမီ ၎င်းက မြေ၏မျက်နှာပြင်အထက် မီတာ ၃၀ အထိ မြောက်တက်သွားခဲ့သဖြင့် ဂိုဏ်းချုပ်နှင့်အခြားသူတို့မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်နေကြတော့သည်။

တစ်ချိန်တည်းမှာပင် တောင်ထိပ်ထံမှ ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာသည်။ တောင်က ၎င်း၏ဧရာမမျက်လုံးကြီးများကို ဖွင့်လိုက်သဖြင့် ကျောက်တုံးကျောက်ခဲများ တဝေါဝေါ ပြိုကျလာ၏။ နှာခေါင်းတစ်ခု ပေါ်လာသည်။ ပါးစပ်တစ်ပေါက် ပေါ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် မျက်နှာကြီးတစ်ခုလုံး မြင်သာလာ၏။

၎င်းက ‌မီး၀င်း၀င်းတောက်နေသော မျက်လုံးများဖြင့် ရှေးဆန်သော မျက်နှာကြီးတစ်ခုဖြစ်လေသည်။

“ဘယ်သူက ငါ အိပ်နေတာကို နှောင့်ယှက်....” အသံတွင် ကြောက်ခမန်းလိလိ ဖိအားအပြင် မိုးနှင့်မြေကို ပြောင်းလဲနိုင်သည့်အလား သဘာ၀နိယာမစွမ်းအားပင် ပါရှိနေသည်။ သို့သော် ၎င်းမှာ စကားပင်မ‌ဆုံးခင် နှုတ်ပိတ်သွား၏။

မျက်နှာကြီးသည် မရေမတွက်နိုင်သော တစ္ဆေများနှင့် ၎င်းတို့ ထုတ်လွှတ်နေသော အဆုံးမဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကြည့်လိုက်၏။ ၎င်းတို့ ရက်စက်ကြမ်းကြုတ်မှုက စကားတစ်ခွန်းအား အော်ဟစ်ပြောနေသည့် စိတ်ဆန္ဒတစ်ခုအလားပင်။

“ပိတ်ထားစမ်း”

မြေပြင်များ၊ တောင်များ အရာအားလုံး တုန်ခါနေသည်။

“သောက်ကျိုးနည်း ဒီတစ္ဆေတွေ ဘယ်ကလာတာတုန်း”

မျက်နှာကြီးက ပြောသည်။ ထို့နောက် ၎င်း၏ပါးစပ် ပိတ်သွား၏။

၎င်းသည် ကြောက်လန့်နေသော အမူအရာဖြင့် မန်ဟို့အား ကြည့်နေသည်။ တခဏကြာသော် တောင်ကြီးသည် မျက်လုံးများပိတ်၍ တောင်မျက်နှာပြင်ထဲ ပြန်ကျုံ့၀င်သွားကာ တောင်ကို ရွှေ့နေသော တစ္ဆေများအား မတားတော့ပေ။

ဂိုဏ်းချုပ်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့အနား၌ ရပ်နေသော ကျန်အနှစ်သာရကိုးခုပညာရှင်များလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ ဤနေရာသို့ သူတို့ဘာသာ လာခဲ့တုန်းက လမ်းတစ်လျှောက် အင်မတန် သတိထားခဲ့ရပြီး ကြိုးစားပမ်းစား အားထုတ်ခဲ့ရသည်။ သို့သော် မန်ဟိုက သူ့အနားရှိအရာအားလုံးကို အဖက်ပင်မလုပ်ပေ။ အလွန်ဆုံး စကားလေးတစ်ခွန်းနှစ်ခွန်း ပြောလိုက်ရုံဖြင့် အခြေအနေကို ဖြေရှင်းပြီးသားဖြစ်လေသည်။

ကျင်ယွင်ရှန်း၏မျက်နှာ မဲ့သွားပြီးနောက် တောင်ကို အထင်သေးသလို လှမ်းကြည့်သည်။ ပထမဦးဆုံးအကြိမ် သူတို့ ဤနေရာသို့ ရောက်ခဲ့ပြီး တောင်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တုန်းက ဖြစ်ပွားခဲ့သည့်အရာကို သူ မမေ့နိုင်ပေ။ ဤတောင်ကြီးသည် မိုးကောင်းကင်လောက် အင်အားကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ခဲ့၏။

ယခုတော့ တောင်ကြီးမှာ သေရမည်ကို ကြောက်သဖြင့် အလိုအလျောက်ကျုံ့ပေးလိုက်ရာ တစ္ဆေများအတွက် ၎င်းအား ရွှေ့ရပိုလွယ်ကူသွားလေသည်။ ကျင်ယွင်ရှန်းမှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံအလျက်။

ရှကျုံတုံးက အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်ဝူချိန်မှာ မာန်တင်းမထားနိုင်တော့ပေ။

မကြာမီ တောင်ကြီးသည် လမ်းပေါ်မှ မ၍ ဘေးသို့ရွှေ့ခြင်း ခံလိုက်ရ၏။ တစ္ဆေများက ပဉ္စမမြေထုသို့ သွားရာလမ်းကို ရှင်းလင်းပေးရင်း ဝဲပျံနေကြသည်။

မန်ဟိုက အမူအရာမပျက် ရှေ့ဆက်ပျံသန်းသွားသည်။ တခဏကြာသော် ပဉ္စမမြေထုအပေါ် ရောက်သွား၏။ အသက်ပြင်းပြင်းရှူပြီးနော် သူက ရှေ့ဆက်သွားလေသည်။

သင်္ချိုင်းထဲ ဝင်ရောက်ခဲ့သည့်အခိုက်အတန့်မှ ယခုအချိန်အထိ ဆယ်ရက်ပင် မကုန်သေးပေ။

သူတို့သည် ပဉ္စမမြေထုကို ဖြတ်ဖို့ ရက်အနည်းငယ်ကုန်ဆုံးသွား၏။ ဤနေရာမှာ ကျန်မြေထုများထက်ပို၍ပင် တိတ်ဆိတ်ခြောက်ကပ်လေသည်။ မန်ဟိုသည် အောက်ရှိအလောင်းများကို ငုံ့ကြည့်ရင်း ပျံသန်းနေပြီးနောက် မြေထုနှစ်ခုအား ပိုင်းခြားထားသော ရေလှိုင်းကြီးရှိရာ ပဉ္စမမြေထု၏အဆုံးသတ်သို့ ရောက်သွား၏။

ဤတစ်ခေါက်တွင် ဂိုဏ်းချုပ်က ဘာမှမပြောတော့ပေ။ မန်ဟို့တွင် တစ္ဆေများရှိသည့်အတွက် သူ့အနေဖြင့် မန်ဟိုဦးဆောင်နေရာနောက် လိုက်ခြင်းသာ အကောင်းဆုံးဖြစ်သည်ဟု သူ ဆုံးဖြတ်ထားလေသည်။

ဂိုဏ်းချုပ် မှန်သည်။ မန်ဟိုအင်္ကျီလက်စခါလိုက်သည့်အခါ တစ္ဆေပင်လယ်ကြီးသည် တဟုန်ထိုးရှေ့တက်သွား၏။ ယခုတွင် ပဉ္စမမြေထုမှ တစ္ဆေများလည်း ရောက်ရှိလာကြ၍ ပင်လယ်ကြီးကား ပို၍ပင် အင်အားကြီးမားနေချေပြီ။ ၎င်းက ဧရာမလှိုင်းကြီးဝင်တိုက်လိုက်ရာ လှိုင်းကြီးမှာ ခုခံရန် အစွမ်းအစမရှိပေ။ လှိုင်းလုံးကြီးပြိုကွဲသွားပြီးနောက် မန်ဟိုက တစ္ဆေများနှင့်အတူ နောက်မြေထုသို့ ပျံသန်းဝင်ရောက်သွားသည်။

ဆက်ရက်အတွင်း သူတို့သည် ဆဋ္ဌမမြေထုမှ သတ္တမမြေထုသို့ ကျော်ဖြတ်လာခဲ့ကာ အဋ္ဌမမြေထုသို့ ရောက်ရှိသွားကြ၏။

မန်ဟို၏တစ္ဆေပင်လယ်ကြီးက ကြီးထွားသထက် ကြီးထွားလာသည်။ အဋ္ဌမမြေထုသို့ သူတို့ရောက်သည့်အခါတွင် ဧရာမဝဲကြီးတစ်ဝဲကား သူ့ကို လှည့်ပတ်နေချေပြီ။ ဝဲကြီးသည် အင်မတန်အားကောင်းလှသည့်အတွက် ဂိုဏ်းချုပ်တို့မှာ မျက်လုံးပြူးလျက်သာ ကြည့်နိုင်တော့သည်။

ဝဲထဲ၌ လှည့်ပတ်ပျံဝဲနေသော တစ္ဆေများ အလွန်ပေါများလှရာ ... အတူစုပေါင်းလိုက်လျှင် လူတိုင်းမမြင်နိုင်သည့် ပုံရိပ်ယောင်တစ္ဆေခေါင်းကြီးပမာ ဖြစ်လာသည်။

ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်သေး။ သို့သော် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ အဋ္ဌမမြေထုအပေါ်ရှိ မရေမတွက်နိုင်သောအလောင်းများသည် မတ်တပ်ထရပ်ကြပြီး ၎င်းတို့၏ဗလာကျင်းနေသောမျက်လုံးများက မီးဝင်းဝင်းတောက်နေသယောင်ထင်ရ၏။

ထို့နောက် ၎င်းတို့အားလုံးက အဋ္ဌမမြေထု၏အစပ်သို့ တဟုန်ထိုးပြေးလာကြတော့သည်။

All Chapters