နဝမမြောက်မြေထု
Vol. 110 Ch. 1530
အဋ္ဌမမြေထုနှင့် နဝမမြေထုအကြားရှိ အတားအဆီးသည် အဆုံးမရှိသကဲ့သို့ မိုးထိုးနေသည့် တံတိုင်းတစ်ခုဖြင့် ဝန်းရံလျက်ရှိသော ဧရာမတံခါးကြီးတစ်ချပ်ဖြစ်၏။
ဂိုဏ်းချုပ်နှင့် အခြားသူများမှာ ဤအမှတ်ကို တစ်ခါမှ မဖြတ်ကျော်နိုင်ခဲ့ပေ။ သူတို့သည် တံခါးကို ဘယ်ဘက်မှ ဝင်ကြည့်၏။ ညာဘက်မှလည်း ဝင်ကြည့်၏။ သို့သော် အဋ္ဌမမြေထု၏အစပ်နားအထိပင် သွားခဲ့သည့်တိုင် ဖြတ်ကျော်နိုင်မည့် အမှတ်တစ်မှတ်မှ ရှာမတွေ့ခဲ့ကြပေ။
ရှေ့ဆက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဤတံခါးကို ဖြတ်၍သွားခြင်းသာ ဖြစ်သည်။ ထိုအခါမှ နဝမမြေထုထဲ ဝင်ရောက်နိုင်မည်။
တံခါးကို တွန်းဖွင့်ဖို့နှင့်ပတ်သက်၍ အတွေးမည်မျှပေါ်လာခဲ့စေကာမူ၊ စွမ်းအားမည်မျှဆင့်ခေါ်ခဲ့စေကာမူ ... အကြောင်းမထူးပေ။
ယခုတွင် ဂိုဏ်းချုပ်သည် တံခါးကို မော့ကြည့်ရင်း တံခါးဖွင့်ဖို့ စမ်းကြည့်ခဲ့သောနည်းလမ်းများအပါအဝင် သူသိထားသည့်အရာအားလုံးကို မန်ဟို့အား ရှင်းပြနေ၏။
မန်ဟိုက အဆုံးမဲ့တစ္ဆေပင်လယ်ကြီးဖြင့် ခြံရံလျက် ရပ်နေသည်။ သူ အခြေအနေနှင့်ပတ်သက်၍ တွေးနေစဉ် တစ္ဆေတို့သည် ခေါင်းများငုံ့လျက် တိတ်ဆိတ်စွာ စောင့်နေကြ၏။ သူသာ စကားတစ်ခွန်းဆိုလိုက်လျှင် တစ္ဆေများကား ၎င်းတို့၏အသက်အန္တရာယ်ကိုပင် အမှုမထားဘဲ အရက်စက်ဆုံးဝိညာဉ်များအဖြစ် လှုပ်ရှားကြလိမ့်မည်။
မန်ဟို အတွေးနက်နေသည်ကိုမြင်လျှင် ကျင်ယွင်ရှန်းနှင့်အခြားသူများမှာ သူ့အား မနှောင့်ယှက်ဝံ့ကြပေ။ သင်္ချိုင်းထဲတွင် မန်ဟိုက ဘုရင်လည်းဖြစ်၊ ဧကရာဇ်လည်းဖြစ်ကြောင်း လွန်ခဲ့သောနှစ်ပေါင်းရာချီကတည်းက သူတို့သိထားပြီးသားမဟုတ်လော။
တခဏကြာသော် မန်ဟိုက လှစ်ခနဲ လှုပ်ရှားသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် တံခါး၏အရှေ့တည့်တည့်သို့ ရောက်သွား၏။ အရွယ်အစားအရ တံခါးနှင့်ယှဉ်လျှင် မန်ဟိုမှာ မပြောပလောက်သော်လည်း သူ့ထံမှ ထုတ်လွှတ်နေသော စွမ်းအားက အရာအားလုံးကို တုန်ရီလာစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ဖရိုဖရဲဖြစ်သွားစေတော့သည်။
မန်ဟိုသည် အသက်ဝဝရှူသွင်းကာ တံခါးအား တွန်းလိုက်၏။
မိုးပြိုမြေပြိုစေနိုင်သောစွမ်းအားကြီး ပေါ်ထွက်လာသည်။ ၎င်းက ဒုတိယပါရာဂွန်၏စွမ်းအားထက် သာလွန်သော အနှစ်သာရ ၉ ခုအဆင့်၏အထွတ်အထိပ်သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
သို့သော် ထိုနေရာတွင် မရပ်။ ကြောက်ခမန်းလိလိအင်အားဖြင့် ဆက်လက်မြင့်တက်သွားရင်း ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် ပိုင်ဝူချိန်တို့ကို ကျော်လွန်သွားရာ သူတို့၏မျက်လုံးများအား ဝိုင်းစက်ပြူးကျယ်လာစေသည်။
မန်ဟို မည်မျှကြောက်စရာကောင်းကြောင်း သူတို့ သိသော်လည်း ယခုအချိန်မှ သူ၏ အံ့မခန်းလိလိ ကျင့်ကြံအဆင့်အစစ်ကို မြင်ရခြင်းဖြစ်ချေသည်။
ဤမျှနှင့် မပြီးသေး။ အဆုံးမဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါက်ကွဲထွက်လာသည်။ စွမ်းအား ဆက်လက်မြင့်မားလာသည်နှင့်အမျှ မန်ဟိုသည် ဂိုဏ်းချုပ်၏အဆင့်ကိုပင် ကျော်သွား၏။ ၎င်းကား အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူအားလုံးထက် မြင့်မားသော အမှတ်သို့ ရောက်ရှိသွားလေပြီ။ သို့ရာတွင် တံခါးသည် လှုပ်ပင်မလှုပ်သေး။
တုံ့ပြန်မှုမရှိသည့်အတွက် မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ရှိသမျှစွမ်းအားအလုံးစုံ ထည့်လိုက်ပြီးသည့်တိုင် ... သမုဒ္ဒရာထဲ ကျောက်ခဲတစ်ခဲပစ်ချလိုက်သကဲ့သို့သာ ထင်ရသည်။ မန်ဟိုသည် မျက်လုံးများလင်းလက်နေလျက် ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ကြေးမုံအား ဆင့်ခေါ်၏။ အနက်ရောင်အမျှင်များက ချပ်ဝတ်အသွင်ဖြင့် သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။
မဟူရာချပ်ဝတ်ဖြင့် သူ၏စွမ်းအားသည် ပို၍ပင်မြင့်မားလာပြီး လေဆင်နှာမောင်းတစ်လုံးက သူ့ကို ဝေ့ဝိုက်လျက် တိုက်ခတ်စပြုလာ၏။ ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခုပညာရှင်အားလုံး ပင့်သက်ရှိုက်ကာ နောက်ဆုတ်သွားကြသည်။
သူတို့အားလုံး မီတာရာဂဏန်းလောက်ကွာမှ ရပ်လိုက်ကြကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မန်ဟို့အား ကြည့်နေကြသည်။
သူတို့အားလုံး ပေါင်းတိုက်လျှင်တောင်မှ အနိုင်ယူနိုင်ဖို့ မသေချာသည့်တိုင်အောင် မန်ဟိုကား အတိုင်းထက်အလွန်အစွမ်းထက်နေခဲ့လေပြီ။
မဟူရာချပ်ဝတ်ဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့၏။ သူက တံခါးအား နောက်တစ်ကြိမ် ထပ်တွန်းပြန်သည်။ ဂိုဏ်းချုပ်မှတ်မိသရွေ့ လွန်ခဲ့သည့်နှစ်ပေါင်းရာချီအတွင်း တံခါး လှုပ်သည်ကို တစ်ခါမှမမြင်ခဲ့ဖူးပေ။ သို့သော် ဤအခိုက်အတန့်တွင် တံခါးသည် တုန်ခါသွား၏။
တစ်စက္ကန့်လောက်သာ တုန်သွားသော်လည်း ဂိုဏ်းချုပ်အား ချာချာလည်သွားစေပြီး မျှော်လင့်ချက်တို့ဖြင့် အသက်ရှူမြန်လာစေတော့သည်။ ဂိုဏ်းချုပ်မှာ စိတ်မမာခြင်းမဟုတ်ပေ။ အနှစ်သာရ ၉ ခုအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏အိပ်မက်အားလုံးသည် ဤသင်္ချိုင်းထဲ၌ တည်ရှိသော မျှော်လင့်ချက်ကိုသာ ဖက်တွယ်နေခဲ့ခြင်းကြောင့် ဖြစ်၏။
ကြောက်ခမန်းလိလိစွမ်းအားကို လက်ထဲသို့ ထည့်သွင်းလိုက်သဖြင့် မန်ဟို့မျက်နှာအပေါ်၌ သွေးကြောများထောင်လာ၏။ ရလဒ်အနေဖြင့် တံခါးမှာ မဆိုစလောက် တုန်သွားသော်လည်း မရွေ့သေးပေ။
မန်ဟို့မျက်ဝန်းများတွင် ခေါင်းမာသောအရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ သူ၏ဘယ်လက်လည်း တံခါးအပေါ် ဖိတွန်းလိုက်၏။
စွမ်းအားလှိုင်းကြီး အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားပြီး ခေါင်းလောင်းသံကဲ့သို့ ဆူညံသောအသံတစ်သံသည် အဋ္ဌမမြေထုတစ်လျှောက် ပဲ့တင်ထပ်သွားပြီးနောက် သတ္တမ၊ ဆဋ္ဌမနှင့် ပထမမြေထုအထိ ပျံ့နှံ့သွား၏။
တံခါးက တုန်သွားပြန်သည်။ ဖုန်များလည်း ထလာသည့်တိုင် မဖွင့်သေးပေ။
မန်ဟို မျက်မှောင်ကြုတ်လိုက်သည်။
သူ၏အမြင့်ဆုံးစွမ်းအားဖြင့်ပင် တံခါးကို ဖွင့်နိုင်မည့်ပုံမပေါ်ပေ။ ထိုအခြင်းအရာအရ တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖွင့်နိုင်လိမ့်မည်ဟု ဆိုလိုသည်။
“ဒါပေမဲ့ တန်ခိုးရှင်အဆင့်တက်ပြီးသား လူတစ်ယောက်ဟာ နဝမမြေထုပေါ်က သလွန်ကို လိုအပ်မှာမဟုတ်ဘူး။ ဒါကြောင့် တံခါးကို ဖွင့်နိုင်မယ့် နည်းလမ်းက တန်ခိုးရှင်အဆင့်နဲ့ မပတ်သက်ဘူး။ တခြားနည်းလမ်းတစ်ခုခု ရှိရမယ်” အတန်ငယ်တွေးပြီးနောက် မန်ဟိုသည် နတ်ဘုရားအာရုံအား အဋ္ဌမမြေထုအပြည့် ဖြန့်ကျက်လိုက်၏။ အချိန်တချို့ကြာလိုက်သော်လည်း ပတ်ဝန်းကျင်၌ တည်ရှိနေသော လောကပါလနတ်မင်း၏စိတ်ဆန္ဒတချို့ကို ရှာတွေ့လိုက်လေသည်။
၎င်းသည် မြူမှုန်မျှသာနည်းပါးသော်လည်း သူ နဝမမန္တန်ကို စုပ်ယူဖို့ ကြိုးစားသည့်အခါ ပြဿနာတက်စေဖို့ လုံလောက်၏။
“ပထမမြေထုကနေစပြီး လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒက အားနည်းသထက် အားနည်းလာခဲ့တယ်။ ဒီအဋ္ဌမမြေထုအပေါ်မှာတော့ အနည်းအကျဉ်းပဲ ရှိတယ်။ ဒါကြောင့် နဝမမြေထုအပေါ်မှာ လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒ တစ်စက်မှရှိမှာမဟုတ်ဘူး
“အဲဒီနေရာက လောကပါလနတ်မင်းရဲ့နှောင့်ယှက်မှုတွေကို ရှောင်နိုင်ပြီး တန်ခိုးရှင်အဆင့် တက်နိုင်မယ့်နေရာ၊ နဝမမန္တန်ကို စုပ်ယူဖို့ သင့်တော်တဲ့ တစ်ခုတည်းသောနေရာပဲ” မန်ဟို့မျက်လုံးများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပလာပြီး သူက အသက်ပြင်းပြင်းရှူသည်။ ထို့နောက် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ တစ္ဆေများဆီ သူ၏စိတ်ဆန္ဒအား ထုတ်လွှတ်လိုက်၏။
“တံခါးကို ဖွင့်”
မန်ဟို့စိတ်ဆန္ဒမှ ထိုအမိန့်များ ပေးလိုက်သည်နှင့် တစ္ဆေအုပ်ကြီးက ခေါင်းထောင်လိုက်သည်။ ၎င်းတို့သည် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် ဟိန်းဟောက်အော်ဟစ်ကာ တံခါးကြီးအား ပြေးတိုက်ကြတော့၏။
ဒုန်းးးးးးးးးးးးး
တစ္ဆေတစ်သုတ်ပြီးတစ်သုတ် ဝင်တိုက်နေသဖြင့် တံခါးမှာ တုန်ခါလာသည်။ ဧရာမထွားကြိုင်းသော ခပ်ကြမ်းကြမ်းတစ္ဆေတချို့က တံခါးအား ခေါင်းဖြင့်ဝင်တိုက်ကြသည်။ တစ္ဆေများ တံခါးကို ဝင်တိုက်နေကြစဉ် တဒုန်းဒုန်းမြည်သံများက သင်္ချိုင်းထဲရှိ ကောင်းကင်နှင့်မြေကြီးကို ပြင်းထန်စွာ လှုပ်ခတ်နေစေတော့သည်။
အဆိုပါမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ်ကောင်း၏။ အဆုံးမရှိသော တစ္ဆေအတန်းလိုက်ကြီးသည် ကြောက်ခမန်းလိလိစွမ်းအားကို ထုတ်လွှတ်ရင်း တံခါးကို တဒုန်းဒုန်းဝင်တိုက်ကြကာ မန်ဟို တွန်းခဲ့တုန်းကထက်ပင် ပို၍တုန်ခါလာစေသည်။
မြေထုရှစ်ခုစလုံးရှိ တစ္ဆေများ၏ စုစုပေါင်းအင်အားမှာ ... မန်ဟိုပင်လျှင် ကြောက်လန့်ရမည့်အရာဖြစ်သည်။ ယခုတွင် ထိုအင်အားသည် တံခါးကို တုန်ရီလာစေသည့်အတွက် တံခါးဖွင့်ဖို့ကား မဖြစ်နိုင်သောအရာ မဟုတ်သယောင် ထင်ရ၏။
ဂိုဏ်းချုပ်နှင့်ကျန်ရှိသူများမှာ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။ ဤတံခါး၏အနောက်၌ သူတို့ရှာနေသော မျှော်လင့်ချက်ရှိသည်။ တံခါးသည် သူတို့လမ်းကို နှစ်ပေါင်းရာချီတိုင်အောင် ပိတ်ထားခဲ့သော်လည်း ယခုမူ ပွင့်လာတော့မည့်ပုံပေါ်နေချေပြီ။
ကျင်ယွင်ရှန်းက အရင်ဆုံးလှုပ်ရှားသည်။ သူသည် မာန်သွင်းဟိန်းဟောက်ရင်း ကျင့်ကြံခြင်းအခြေခံနှင့် သူ၏အနှစ်သာရစွမ်းအားကို ထုတ်ဖော်၍ တံခါးအား လက်နှစ်ဖက်လုံးဖြင့် တွန်းလိုက်၏။
တခဏကြာသော် ဂိုဏ်းချုပ်က နတ်ဘုရားစွမ်းရည်များနှင့် အနှစ်သာရစွမ်းအားကို ထုတ်လွှတ်လျက် တံခါးကို တွန်းလိုက်သော ဧရာမလက်ကြီးတစ်ဖက်အား ဖော်ဆောင်သည်။
ထို့နောက် ရှကျုံတုံးသည် တဝေါဝေါလည်နေသည့် သဲမုန်တိုင်းတစ်လုံးအသွင်ပြောင်း၏။ အင်မော်တယ်ပိုင်ဝူချိန်က သိပ်သည်းထူထဲသောမြူများကို ဆင့်ခေါ်သည်။ ကျန်အနှစ်သာရ ၉ ခု ပါရာဂွန်များလည်း ကျင့်ကြံခြင်းအခြေခံစွမ်းအားအသီးသီး ထုတ်လွှတ်လိုက်ကြသည်။ သူတို့သည် ဘာကိုမှမထိမ်ချန်ထားဘဲ ရှိသမျှအင်အားအလုံးစုံဖြင့် တံခါးအား တိုက်ခိုက်လိုက်ကြ၏။
သူတို့၏ပူးပေါင်းတိုက်ခိုက်မှုအောက်ဝယ် ... သူတို့၏လမ်းကို နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သည့် နဝမမြေထုသို့ ဦးတည်နေသော တံခါးမှာ တဒုန်းဒုန်းမြည်စပြုလာပြီး ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။ တံခါးကား အချိန်မရွေး ဖွင့်တော့မည့်အလားပင်။
မန်ဟို့မျက်လုံးများလည်း နီရဲနေသည်။ သူက သိမ်းငှက်ကြီးတစ်ကောင်အသွင်ပြောင်းကာ တံခါးကို ဝင်တိုက်လိုက်၏။
တောင်များ တုန်ရီကာ မြေပြင်များ လှုပ်ခတ်ကုန်သည်။ တံခါးသည် ဟ,တော့မည့်အလား တုန်ခါလာလေသည်။
သို့သော် ထိုအဟလေးသည် မိုးနှင့်မြေပမာ ကွာခြားနေသည့်အလားပင်။ ကျင့်ကြံသူတစ်ဖွဲ့လုံးနှင့် တစ္ဆေစစ်တပ်ကြီး၏ ပူးပေါင်းဝင်တိုက်မှုဖြင့်ပင် တံခါးကား ပွင့်မလာသေးပေ။ ဂိုဏ်းချုပ်နှင့်အခြားသူများမှာ စိတ်ပျက်စပြုလာကြသည်။
“ဒီနည်းလမ်းနဲ့ ငါတို့ တံခါးကို မဖွင့်နိုင်ဘူးထင်တယ်....”
“ငါတို့ ဘယ်လိုလုပ်ကြမလဲ။ တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ ဖွင့်နိုင်တာ တကယ်မှန်နေပြီလား”
“မဖြစ်နိုင်ဘူး။ တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်က နဝမသလွန်ဆီ သွားဖို့ လိုပါ့မလား” အားလုံးမှာ စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း သွေးအန်ကြရသည့်တိုင်အောင် အားသွန်ခွန်စိုက် တွန်းနေကြသည်။
တစ္ဆေများက အသံမဲ့သောအော်သံများကို ပြုနေကြသည်။ လူတိုင်းသည် ရှိသမျှအားကုန်ထုတ်လျက် တွန်းနေကြ၏။ မန်ဟိုမှာ ဟောဟဲလှိုက်လာတော့သည်။ နောက်ဆုံးတော့ သူသည် နတ်ဘုရားအာရုံမှတစ်ဆင့် သူ၏စိတ်ဆန္ဒအား အဋ္ဌမမြေထုတစ်ဝန်း ပြည့်နှက်သွားစေ၏။
ယင်းဖြစ်ရပ်ကား မြေထုအပေါ်ရှိ အမျိုးမျိုးသောအလောင်းများအပေါ် မိုးကြိုး ပစ်ချလိုက်သကဲ့သို့ပင်။ ထိုအလောင်းများ၏မျက်လုံးများသည် အလင်းရောင်တို့တောက်ပလျက် ဖြူဆွတ်လာကြ၏။ ၎င်းတို့ကား အဝေး၌ မြင်လာရသည့်တိုင်အောင် မြန်သထက် မြန်မြန် ပြေးလာကြသည်။
တံခါးဆီ ပြေး၍ တွန်းနေသော အလောင်းများ တစတစများပြားလာ၏။ ၎င်းတို့ကား အဆုံးမရှိပုံရပြီး အကုန်လုံး တံခါးကို တွန်းနေကြစဉ် ... နောက်ဆုံးတော့ တံခါးသည် ဟလာ၏။
ထိုအခြင်းအရာက ဂိုဏ်းချုပ်နှင့်ကျန်ရှိသူတို့အား အားတက်လာစေတော့သည်။ မန်ဟို့မျက်လုံးများလည်း မျှော်လင့်ချက်တို့ဖြင့် တောက်ပလာပြီး သူသည် တံခါးကို ပို၍အားထည့်ဖိတွန်းလိုက်၏။ နောက်ဆုံးတော့ တံခါးကား ပွင့်သွားချေပြီ။
မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် မန်ဟိုသည် နောက်မှလိုက်ပါလာသော ဂိုဏ်းချုပ်တို့နှင့်အတူ အပေါက်ထဲ ပျံသန်းဝင်ရောက်သွား၏။ သူတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် တဟုန်ထိုးပျံဝင်သွားကြတော့သည်။
နောက်ဆုံးတော့ နဝမမြေထုထဲ... သူတို့ ဝင်ရောက်နိုင်ခဲ့လေပြီ။
ဤသည်မှာ သင်္ချိုင်း၏နောက်ဆုံးမြေထု ဖြစ်သလို၊ ထိုပလ္လင်ကြီးတည်ရှိရာလည်း ဖြစ်သည်။