ဝင်ရောက်လာမှု
Vol. 110 Ch. 1531
မန်ဟိုသည် ဂိုဏ်းချုပ်၊ ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များနှင့် တစ္ဆေပင်လယ်ကြီးဖြင့် ဝန်းရံလျက် နဝမမြောက်မြေထုအပေါ်၌ ပျံဝဲနေ၏။
“နဝမမြေထု” ဂိုဏ်းချုပ်သည် ခေါင်းနောက်လှန်ကာ အားရဝမ်းသာ အော်ရယ်သည်။ သူ၏မျက်နှာအပေါ်ရှိ စိတ်လှုပ်ရှားမှုမှာ အတိုင်းသားပေါ်လွင်နေသည်။ သူတို့အားလုံး ယနေ့ကို စောင့်နေခဲ့သည်မှာ ကြာခဲ့လေပြီ။
ဤနေရာကား သူတို့ တန်ခိုးရှင်အဆင့်တက်နိုင်မည့် မျှော်လင့်ချက်ကိန်းအောင်းနေရာ ဖြစ်၏။
ဂိုဏ်းချုပ်တစ်ယောက်တည်းသာ ထိုသို့ခံစားနေရခြင်းမဟုတ်။ ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် ပိုင်ဝူချိန်သာမက ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များလည်း အလားတူ စိတ်လှုပ်ရှားနေကြသည်။
ဂိုဏ်းချုပ်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် မန်ဟို့ဘက်လှည့်ကာ အလေးအနက်လက်ယှက်အရိုအသေပေးသည်။
“တာအိုရောင်ရင်းမန်။ ဒီကျေးဇူးကို ကျုပ် ဘယ်တော့မှ မမေ့ပါဘူး။ တစ်နေ့ ကျုပ်အကူအညီလိုလာခဲ့ရင် စကားတစ်ခွန်းသာ ပြောလိုက်ပါ”
ဂိုဏ်းချုပ်နောက်မှ ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် ပိုင်ဝူချိန်တို့လည်း လက်ယှက်အရိုအသေပေးကြသည်။
“ဒီကျေးဇူးကို တစ်သက်လုံး အမှတ်ရနေပါ့မယ်”
“ကျေးဇူးတင်ပါတယ် နဝမပါရာဂွန်”
သူတို့၏သဘောထားများက စိတ်ရင်းထဲမှလာခြင်းဖြစ်သည်။ အတိတ်တုန်းက ရှိခဲ့သော ရန်ငြိုးအားလုံး ပြေငြိမ်းသွား၍ မန်ဟို့အပေါ် သူတို့၏ကျေးဇူးတင်မှုမှာ နက်ရှိုင်းပြီး ရိုးသား၏။
တန်ခိုးရှင်အဆင့်တက်နိုင်မည့် အခွင့်အရေးနှင့်ပတ်သက်လာလျှင် အတိတ်ရန်ကြွေးဟူသမျှသည် မပြောပလောက်တော့ပေ။ ကျင့်ကြံသူအားလုံး အဆုံးသတ်၌ တန်ခိုးရှင်အဆင့်တက်လိုစမြဲသာဖြစ်သည်။ ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် ပိုင်ဝူချိန်တို့အားလုံးသည် အနှစ်သာရ ၉ ခုအဆင့်၏အထွတ်အထိပ်၌ ဖြစ်ကြသည့်အတွက် တန်ခိုးရှင်အဆင့်တက်နိုင်မည့် မျှော်လင့်ချက်က ... သူတို့နှလုံးသားများထဲ၌ တည်ရှိနေသော အကြီးမားဆုံးတောင့်တမှုဖြစ်ချေ၏။
အောင်မြင်မည်လား၊ ရှုံးနိမ့်မည်လား မသိနိုင်သော်လည်း မျှော်လင့်ချက်လေးမြူမှုန်မျှသာ ရှိနေစေကာမူ ... ကြိုးစားကြည့်ဦးမည်သာ။
မန်ဟိုသည် သူတို့၏စိတ်လှုပ်ရှားမှုနှင့် ရိုးသားမှုကို မြင်ရ၏။ သူတို့ရင်ထဲတွင် တိုက်ခိုက်လိုစိတ်တစ်စုံတရာမရှိ၊ အကောက်ကြံလိုစိတ်များလည်း ကင်းမဲ့နေသည်။ ယခုတွင် နဝမမြေထုသို့ ရောက်လာခဲ့ပြီဖြစ်၍ တန်ခိုးရှင့်အဆင့်ဆိုသော မျှော်လင့်ချက်သည် သူတို့အား အင်မတန်စိတ်လှုပ်ရှားစေကာ အတိုင်းထက်အလွန် ကျေးဇူးတင်မိစေ၏။
မန်ဟိုလည်း ပြုံးလျက် သူတို့အား လေးနက်စွာ လက်ယှက်အရိုအသေပြန်ပေးလိုက်သည်။
“ကျုပ်တို့အားလုံး တန်ခိုးရှင်အဆင့်အတွက် ဒီကိုလာခဲ့တာမဟုတ်လား” သူက ပြောသည်။ “အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ ... မိုးကောင်းကင်ရဲ့စိတ်ဆန္ဒ၊ ကျုပ်တို့ရဲ့ကံတရားနဲ့ ပြင်ဆင်မှုတွေအပေါ်မှာ မူတည်လိမ့်မယ်။ ခင်ဗျားတို့အားလုံး တန်ခိုးရှင်အဆင့်တက်ရာမှာ အောင်မြင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။ အားလုံး မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြပါစေ”
ကျင်ယွင်ရှန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူ၍ အင်္ကျီလက်စခါပြီးနောက် မိုးခြိမ်းသံကဲ့သို့အသံကြီးဖြင့် ပြော၏။ “မိုးကောင်းကင်ရဲ့စိတ်ဆန္ဒနဲ့ ကံတရားကို ထားလိုက်။ ငါတို့ရဲ့အောင်မြင်မှုကို ငါတို့ရဲ့ပြင်ဆင်မှုတွေက အဆုံးအဖြတ်ပေးမှာ။ တာအိုရောင်ရင်းမန်၊ ငါ တန်ခိုးရှင်အဆင့်တက်ရင် အင်မော်တယ်နတ်ဘုရားကမ္ဘာ၊ နတ်ဆိုးလောကတို့အပေါ် လက်စားပြန်ချေနိုင်အောင် ကူညီပေးမယ်။ တန်ခိုးရှင်အဆင့်မတက်ရင်တောင်မှ ကူညီပေးဦးမှာပါ”
ဂိုဏ်းချုပ်သည် တဟားဟားရယ်လျက် ကျင်ယွင်ရှန်းစကားကို ထောက်ခံ၏။
“ငါလည်း ကူညီပေးမယ်”
“တာအိုရောင်ရင်းမန်” ရှကျုံတုံးက ဝင်ပြောသည်။ “ငါတို့ မိတ်ဆွေတွေဖြစ်ခဲ့တာ နှစ်ပေါင်းရာချီကြာခဲ့ပြီဆိုတော့ ... ငါလည်း ကူညီပေးပါ့မယ်”
“ဒီမြေထုအပေါ် ခြေချလိုက်ကတည်းက အတိတ်တုန်းက ပဋိပက္ခတွေဟာ မြူခိုးတွေလိုပဲ ပျောက်ကွယ်သွားခဲ့ပါပြီ” ပိုင်ဝူချိန်က နူးညံ့ညင်သာသောအသံဖြင့် ပြောသည်။ “တာအိုရောင်ရင်းမန်။ ကျွန်မလည်း ရှင့်ကို ကူညီပါ့မယ်ရှင်။ အိမ်ပြန်နိုင်ဖို့ အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်”
ကျန်အနှစ်သာရ ၉ ခုပါရာဂွန်အားလုံး ရယ်မောကြပြီး ထိုနည်းတူကတိခံကြသည်။
မန်ဟို စိတ်နှလုံးလှုပ်ခတ်သွား၏။ အတန်ကြာတိတ်ဆိတ်နေပြီးသော် သူက လက်ယှက်၍ သူတို့ကို ထပ်မံအရိုအသေပေးလိုက်သည်။
“တာအိုရောင်ရင်းမန်” ဂိုဏ်းချုပ်က ပြောသည်။ “တန်ခိုးရှင်စင်မြင့်ကို အတူတူသွားကြစို့” သူက တဟားဟားရယ်လျက် ကျန်ပါရာဂွန်များနှင့်အတူ လေပေါ်ပျံတက်သွားသည်။
သို့ရာတွင် မန်ဟိုက ခေါင်းခါလိုက်၏။
“တာအိုရောင်ရင်းတို့ပဲ အရင်သွားနှင့်လိုက်ပါ။ တန်ခိုးရှင်စင်မြင့်ဆီ မသွားခင် ကျုပ် လူတစ်ယောက်ကို သွားဂါဝရပြုစရာရှိလို့” မန်ဟိုသည် သူ၏ရည်ရွယ်ချက်အမှန်ကို မဖုံးကွယ်ပေ။ သူ စကားပြောပြီးနောက် အခြားသူများက သူ့အား အတွေးများဖြင့် ပြန်လှည့်ကြည့်သည်။ မန်ဟိုသည် တစ္ဆေများအား ထိန်းချုပ်နိုင်ခြင်းနှင့်ပတ်သက်၍ တစ်ခါမှ အပြည့်အစုံမရှင်းပြခဲ့ဖူးသော်လည်း သူတို့ ရိပ်စားမိခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် မန်ဟို့စကား၏အဓိပ္ပါယ်ကို သူတို့ နားလည်၍ ဆက်လက်မစည်းရုံးတော့ပေ။
နှုတ်ဆက်ပြီးနောက် ပါရာဂွန်အဖွဲ့သည် နဝမမြေထု၏အလယ်၊ နဝမမြောက်တန်ခိုးရှင်စင်မြင့်ဆီသို့ ပျံသန်းသွားကြ၏။
မန်ဟိုက သူတို့ထွက်သွားသည်ကို ကြည့်ပြီးနောက် အသက်ဝဝရှူသွင်းလိုက်သည်။ တန်ခိုးရှင်အဆင့်သို့ ဦးတည်နေသော သူ့လမ်းသည် သူတို့လမ်းများနှင့် မတူပေ။ လောကပါလနတ်မင်းက သူတို့ကို သေချာပေါက်တားမည်ဖြစ်သော်လည်း မန်ဟိုကို တားခြင်းနှင့်ယှဉ်လျှင် ရေအိုင် နှင့် သမုဒ္ဒရာလို ကွာခြားပေသည်။
ထို့ကြောင့် မန်ဟို့အနေဖြင့် အလွန်ဂရုစိုက်ဖို့ လိုအပ်သည်။ ဤနဝမမြေထုပေါ်၌ လောကပါလနတ်မင်း၏စိတ်ဆန္ဒတစ်စုံတရာ မရှိသော်လည်း ဖြစ်နိုင်ခြေအားလုံးအတွက် သူ ပြင်ဆင်ထားချင်သည်။ ထို့ကြောင့် ပထမမြေထုပေါ်မှာတုန်းက လောကပါလနတ်မင်း၏စိတ်ဆန္ဒကို စကားလေးတစ်ခွန်းတည်းဖြင့် ဟန့်တားခဲ့သော ပုဂ္ဂိုလ်အား သွားရောက်ဂါဝရပြုခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု သူ ဆုံးဖြတ်ချက်ချလိုက်၏။
“အာကာပြင်ကျယ်ဂိုဏ်းချုပ်...” သူက ခပ်တိုးတိုးရေရွတ်သည်။ ထို့နောက် ဧရာမပလ္လင်ကြီး တည်ရှိသော နဝမမြေထု၏အဆုံးနားဆီ ဦးတည်လျက် တဟုန်ထိုး ထွက်သွားတော့သည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်နှင့်အမျှ ပလ္လင်ကြီးသည် ထင်ရှားသထက် ထင်ရှားကာ၊ ကြီးသထက် ကြီးလာ၏။ မန်ဟို့နှလုံးသားကို ရိုက်ခတ်နေသော အံ့ဩခြင်းလှိုင်းလုံးများလည်း ပိုမိုကြီးထွားလာသည်။ တစ်နေရာရောက်သော် တစ္ဆေပင်လယ်ကြီးမှာ ရှေ့ဆက်မသွားရဲတော့၍ ပလ္လင်အပေါ်ရှိ ပုဂ္ဂိုလ်အား ဝပ်တွားရှိခိုးလျက် သူ့အနောက်၌ စောင့်ကျန်ခဲ့ကြသည်။
ဤပုဂ္ဂိုလ်ကား .... မန်ဟို့ထက် များစွာဘုန်းတန်ခိုးကြီးမားသော .... ဤနေရာ၏ ဧကရာဇ်အစစ်မဟုတ်ပါလော။
မန်ဟို့ကိုယ်ထဲရှိ ကြေးမီးအိမ်သည် တစ်ခါမှမတောက်ပခဲ့ဖူးသည့် အတိုင်းအတာဖြင့် တောက်ပလာရာ သူ့အား အလင်းလူသားသဖွယ် ဖြစ်နေစေတော့သည်။
ပလ္လင်ကြီးအနား ရောက်လာသည်နှင့်အမျှ ၎င်းသည် ဧရာမအစိမ်းရောင်စကျင်ကျောက်ပြားကြီးများမှ ထုဆစ်ပုံဖော်ထားခြင်းဖြစ်ကြောင်း ထင်ရှားလာသည်။ ပလ္လင်ကြီးကား နဝမမြောက်မြေထု၏အဆုံးမှ ထိုးထွက်နေသော တောင်တစ်လုံးအလားပင်။ ၎င်းအပေါ်၌ ထိုင်နေသည့် ပုဂ္ဂိုလ်မှာမူ ဧရာမရုပ်တုကြီးတစ်ရုပ်နှင့်တူသည်။
ထိုလူသည် အသွေးအသားနှင့်တည်ဆောက်ထားသောလူ မဟုတ်သော်လည်း အင်မတန်အသက်ဝင်၏။ အဝေးမှကြည့်လျှင်ပင် သူ့မျက်နှာပေါ်ရှိ အမူအရာကို မြင်ရနိုင်သည်။
သူ့မျက်ဝန်းများက လွမ်းဆွေးမှုကို ဖော်ပြနေသည်။ သူသည် သင်္ချိုင်းမြေများကို ကြည့်ရင်း သူ့တွင် ကျန်ရစ်ခဲ့သော အမှတ်တရများကို ပြန်တွေးနေသည့်အလားပင်။
သူ့ပုံစံမှာ အထီးကျန်နေပုံရပြီး ထိုခံစားချက်က အနားရောက်လာသည်နှင့်အမျှ မန်ဟို့ကိုပါ ကူးစက်လာသည်။
မန်ဟိုသည် ရုပ်တုကြီး၏အရှေ့ မီတာသုံးထောင်ခန့်တွင် ရပ်ကာ ၎င်းအား အတန်ငယ်လေ့လာပြီးနောက်ဆုံး လက်နှစ်ဖက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
ကြေးမုံသည် အလိုအလျောက် ထွက်လာပြီး ကြက်တူရွေး ပေါ်လာသည်။ ကြက်တူရွေးသည် ရုပ်တုကြီးကို ကြည့်ရင်း ထူးထူးခြားခြား တိတ်ဆိတ်နေ၏။ ၎င်းလည်း အတိတ်ကို ပြန်တွေးနေသည့်အလား ရုပ်တုကြီးကို အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းနေသည်။ ကြက်တူရွေး၏မျက်ဝန်းထဲရှိ ဝမ်းနည်းမှုမှာလည်း ထင်ရှားနေသည်။
မန်ဟိုကတော့ ရပ်ကြည့်နေမိသည်။ သူ့ကိုယ်ထဲရှိ ကြေးမီးအိမ်က ပို၍ပင်တောက်ပလာကာ မန်ဟို့အား လျှမ်းလျှမ်းတောက် နေတစ်စင်းပာ ဖြစ်နေစေ၏။ ရုတ်တရက် ရုပ်တုကြီး၏အကြည့်မှာ ပြောင်းလဲသွားသယောင်ပင်။ ၎င်းသည် အဝေးကို ငေးကြည့်နေမည့်အစား မန်ဟို့ကို ကြည့်နေသယောင် ထင်ရ၏။ သူ၏မျက်လုံးထဲရှိ လွမ်းဆွတ်ကြေကွဲမှုတို့နေရာတွင် နွေးထွေးကြင်နာမှုတို့ အစားထိုးဝင်ရောက်လာပုံရသည်။
မန်ဟို အမြင်မှားခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ သူသည် နောက်တစ်ကြိမ် ခါးကိုင်းအရိုအသေပေးပြီးနောက် စကားစပြော၏။
“ဂျူနီယာ အာကာပြင်ကျယ်ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်
“ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့ ဂိုဏ်းချုပ်ရဲ့ကြေးမီးအိမ်ရဲ့ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးခင်ဗျာ
“ကျွန်တော့်ကို အဖော်ပြုပေးနေတဲ့ ကြေးမုံအတွက်လည်း ကျေးဇူးတင်ပါတယ်
“ကျွန်တော် ဒီကို တန်ခိုးရှင်အဆင့်တက်ဖို့ ရောက်လာခဲ့တာပါ ဂိုဏ်းချုပ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဓမ္မစောင့်ရှောက်သူအဖြစ် ဂိုဏ်းချုပ်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်...”
အတန်ကြာသော် မန်ဟိုသည် ရုပ်တုအား မော့ကြည့်လိုက်၏။ ၎င်းအား လေးလေးနက်နက် ကြည့်ပြီးနောက် သူ၏မျက်ဝန်းများတွင် စိတ်ပိုင်းဖြတ်လိုက်မှုတို့ ပေါ်လွင်လာသည်။ ထိုအခိုက်အတန့်၌ သူ့ရင်ထဲတွင် တွေဝေမှုသော်လည်းကောင်း၊ တွန့်ဆုတ်မှုသော်လည်းကောင်း မရှိတော့ပေ။
သူသည် တန်ခိုးရှင်စင်မြင့်သို့ သွားမည်မဟုတ်။
ထိုသလွန်က ဂိုဏ်းချုပ်နှင့်အခြားသူများအတွက် အသုံးဝင်ကောင်းအသုံးဝင်လိမ့်မည်။ သို့သော် မန်ဟိုကား မတူညီသောလမ်းကို ရွေးချယ်ထားခဲ့ပြီးချေပြီ။ သူ့အတွက် တန်ခိုးရှင်စင်မြင့်ကို မလိုအပ်။ လောကပါလနတ်မင်း ဝင်ရောက်မနှောင့်ယှက်နိုင်မည့်နေရာ၊ အနည်းဆုံး နှောင့်ယှက်ဖို့ ခက်ခဲစေမည့်နေရာ ဤနဝမမြေထုကို လိုအပ်သည်။
မန်ဟိုသည် အသက်ပြင်းပြင်းရှူ၍ တင်ပျဉ်ခွေထိုင်လိုက်၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူကား နယ်ပယ်အားလုံး၏ အမြင့်ဆုံးအဆင့်... အနန္တတန်ခိုးရှင်အဆင့်သို့ တက်ရောက်ဖို့ ရုပ်တုကြီးနှင့် ပလ္လင်၏အရှေ့ရှိ ဤနေရာကို ရွေးချယ်ခဲ့လေသည်.
တန်ခိုးရှင်အဆင့်အား.... တာအိုအရင်းအမြစ်နယ်ပယ်ဟုလည်း အသိများသည်။ မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များသည် ထိုနယ်ပယ်ကို တောင့်တကြ၏။ စိတ်ကူးယဉ်အိပ်မက်မက်ကြ၏။ သို့သော် အောင်မြင်ခဲ့သည့်အရေအတွက်မှာ အလွန်နည်းလေသည်။ ရှေးခေတ်မှ ယနေ့ပစ္စုပ္ပန်ထိတိုင်အောင် လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်အတွင်း၌ အောင်မြင်ခဲ့သူ သုံးယောက်သာ ရှိခဲ့ဖူးသည်။
မန်ဟိုသည် မျက်လုံးများလင်းလက်တောက်ပနေလျက် တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်လိုက်၏။ တအောင့်ကြာသော် သူက ညာလက်ကို ဆန့်တန်းလိုက်ရာ ... သစ်သားရုပ်လေးတစ်ရုပ် ပေါ်လာသည်။ ၎င်းကား နဝမမန္တန်မှတစ်ပါး အခြားမဟုတ်ပေ။
သူက သစ်သားရုပ်ကို အရှေ့၌ ကိုင်လျက် တာအိုမျက်လုံးအား ဖွင့်ကာ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ နတ်ဘုရားအာရုံသည် မန်ဟို့အရှေ့၌ ပျံဝဲနေသော သစ်သားရုပ်ကို ရစ်ပတ်လျက် အရည်ပျော်လာစေ၏။
မန်ဟိုသည် သစ်သားရုပ်ထဲ၌ စိတ်ရောကိုယ်ပါနှစ်ကာ အပြင်လောကနှင့်အဆက်အသွယ်အားလုံး ဖြတ်တောက်ထား၏။
တဖြည်းဖြည်း ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခု စတင်ပေါ်ထွက်လာသည်။ နဝမမြေထုသည် တဝုန်းဝုန်း တုန်ခါစပြုလာပြီး တစ်ချိန်တည်းမှာပင် သင်္ချိုင်းအပြင်ရှိ လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်တွင် ဒေါသတကြီးဟိန်းဟောက်သံကြီး ပဲ့တင်ထပ်သွားသဖြင့် အသံလှိုင်းများ လိမ့်ဖြာထွက်သွားသည်။
လှိုင်းများသည် သင်္ချိုင်း၏အပြင်နားလေးရှိ ဟင်းလင်းပြင်၌ စတင်စုဝေးလာကြ၏။ တစ်ယောက်ယောက်သာ အပြင်မှရပ်ကြည့်နေလျှင် .... ထိုသင်္ချိုင်းအပြင်နားလေးရှိ ဟင်းလင်းပြင်ထဲတွင် ဧရာမလူကြီးတစ်ယောက်၏ ကောက်ကြောင်းပေါ်လာသည်ကို မြင်နိုင်လိမ့်မည်။
ကမ္ဘာလောကတစ်ခုလုံးကို လှုပ်ခတ်နိုင်သည့် စိတ်ဆန္ဒတစ်ခု ဖြာထွက်လာသဖြင့် မြေပြင်အားလုံး တသိမ့်သိမ့်တုန်ခါကုန်သည်။
ထိုအခိုက်အတန့်၌ ဂိုဏ်းချုပ်နှင့်အခြားသူများသည် နဝမမြေထုအပေါ်၌ တင်ပျဉ်ခွေထိုင်လျက် တန်ခိုးရှင်အဆင့်တက်ဖို့ ကြိုးစားအားထုတ်နေကြ၏။
သင်္ချိုင်းထဲ ဝင်ရောက်ခဲ့သည့် ယခင်ခရီးစဉ်များတုန်းက မိမိတစ်ယောက်တည်း ဉာဏ်အလင်းရှာဖွေခြင်းသည် အတူတကွလုပ်ဆောင်ခြင်းနှင့်စာလျှင် နှောင့်နှေးကြောင်း သဘောပေါက်ခဲ့ကြ၏။
ထို့ကြောင့် အတူတကွဉာဏ်အလင်းရှာခြင်းက အကောင်းဆုံးဖြစ်ပေသည်။ သူတို့၏စိတ်များက ချိတ်ဆက်နေသည့်အတွက် သူတို့အား ပိုမိုအင်အားကြီးမားစေသည့်အပြင် အကျိုးအမြတ်များလည်း ပိုမိုတိုးပွားစေသည်။ ရလဒ်သည် တစ်ယောက်တည်းလုပ်ဆောင်သည်နှင့်စာလျှင် များစွာမြင့်မား၏။
မန်ဟို နဝမမန္တန်ကို စုပ်ယူနေသောအခိုက်အတန့်မှာပင် ဂိုဏ်းချုပ်နှင့် ကျန်ရှိသူများသည် သူတို့၏စွမ်းအား၊ နတ်ဘုရားအာရုံကိုတို့ကို အတူတကွစုဝေးကာ မမြင်ရသောချီတန်းကြီးတစ်တန်းအား လေပေါ်ထိုးတက်သွားစေတော့သည်။