← Chapters

သင်တို့သက်ရှိအားလုံးဟာ ငါကိုယ်တော်ရဲ့ ကလေးတွေပဲ

Vol. 110 Ch. 1532

သင်တို့သက်ရှိအားလုံးဟာ ငါကိုယ်တော်ရဲ့ ကလေးတွေပဲ

Vol. 110 Ch. 1532

ဂိုဏ်းချုပ်နှင့်ကျန်ရှိသူများအတွက် မန်ဟိုနှင့်အတူ တန်ခိုးရှင်အဆင့်တက်ဖို့ အားထုတ်ခြင်းသည် ကောင်းချီးတစ်ခုပမာဖြစ်၏။ ပုံမှန်အားဖြင့် ပထမဆုံးရင်ဆိုင်ရမည့် အခက်အခဲမှာ လောကပါလနတ်မင်း၏စိတ်ဆန္ဒဖြစ်မည်။ သို့သော် ယခုတွင် ထိုစိတ်ဆန္ဒသည် ဂိုဏ်းချုပ်နှင့် ကျန်ရှိသူများကို လုံးလုံးလျားလျား လျစ်လျူရှု၍ .... မန်ဟိုတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားနေလေသည်။

၎င်းသည် မန်ဟို့အား တန်ခိုးရှင်အဆင့်တက်ခွင့် ပေးမည်မဟုတ်။

လောကပါလနတ်မင်း၏ကြယ်တာရာ‌ကောင်းကင်ရှိ စိတ်ဆန္ဒသည် သင်္ချိုင်းထဲ ဝင်ရောက်ဖို့ ပြင်နေသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်ဆူညံနေ၏။

လောကပါလနတ်မင်း၏စိတ်ဆန္ဒအနေဖြင့် တခြားမည်သည့်နေရာကိုမဆို အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မည်။ သို့သော် သင်္ချိုင်းက ထိုနေရာများနှင့်မတူ။ ဝင်ရောက်ဖို့ အလွန်ခက်ခဲ၏။ သင်္ချိုင်းကား တန်ခိုးရှင်အဆင့်ကျင့်ကြံသူများကို နှင်ထုတ်နိုင်သလို၊ လောကပါလနတ်မင်း၏စိတ်ဆန္ဒအပေါ်သို့လည်း ထိုအတိုင်းပြုမူနိုင်သည်။

သင်္ချိုင်းအတွင်း၌ အဆုံးမဲ့သောအမုန်းတရား ကိန်းအောင်းနေပြီး ထိုအမုန်းတရား၏ ဇစ်မြစ်ကား ... လောကပါလနတ်မင်းစိတ်ဆန္ဒကြောင့်ပင်။

တခြားအခြေအနေသာဆိုလျှင် လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် သင်္ချိုင်းထဲ ဘယ်တော့မှဝင်မည်မဟုတ်။ သို့သော် ဤအခိုက်အတန့်၌ အသည်းအသန် ကြိုးစားနေ၏။ သင်္ချိုင်းတစ်ခုလုံး တဝုန်းဝုန်းလှုပ်ခတ်နေပြီး အက်ကွဲသံများက အရပ်လေးမျက်နှာတစ်ခွင် ပျံ့လွင့်နေတော့သည်။

သို့ထိတိုင် လောကပါလနတ်မင်း၏ စိတ်ဆန္ဒအများစုမှာ ဝင်မလာအောင် အတားခံနေရသေးသည်။ ထပ်ခါတလဲလဲ ဝင်တိုက်နေသော်လည်း တကယ်တမ်း အတွင်းထဲသို့ တစ်စိတ်တစ်ပိုင်းမျှသာ ရောက်ရှိသွား၏။

ထိုတစ်စိတ်တစ်ပိုင်းက ရေလှိုင်းတစ်လှိုင်း ပထမဆုံးမြေထုရှစ်ခုတစ်လျှောက် ဖြာဆင်းသွားပြီး နဝမမြေထုအပေါ် ကျဆင်းသွားသော ဧရာမလက်ကြီးအသွင် ပြောင်းသွား၏။

သို့သော် မန်ဟို ဖွင့်ခဲ့သော တံခါးကြီးသည် မူလအတိုင်း ပြန်စေ့သွားခဲ့ပြီး ယခုတွင် လက်ကြီး နဝမမြေထုထဲ ဝင်မလာအောင် ဟန့်တားနေသည်။ လက်ကြီးက တံခါးကို ဒုန်းခနဲ ဝင်တိုက်လိုက်၏။ တံခါးမှာ တုန်ခါသွားသော်လည်း မဖွင့်ဘဲ လောကပါလနတ်မင်း၏စိတ်ဆန္ဒကို အပြင်၌သာ ပိတ်မိနေစေသည်။

လောလောဆယ်တွင် မန်ဟိုသည် သစ်သားရုပ်အား အရည်ဖျော်ရာ၌ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထား၏။ ဤအခိုက်၌ သစ်သားရုပ်၏တစ်ဝက်ကျော်က ချုပ်စည်းများပါဝင်နေသော အနက်ရောင်အရည်စက်သေးသေးလေးများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

သစ်သားရုပ်တစ်ရုပ်လုံး ပျော်ကျသွား၍ အနက်ရောင်အရည်များ မန်ဟို၏စုပ်ယူခြင်းခံလိုက်ရသည့်အခါ မန်ဟိုသည် ထိုအရည်များအား သူ့ဝိညာဉ်ထဲတွင် ချုပ်စည်းတစ်စည်းအဖြစ် ပေါင်းစည်းနိုင်လိမ့်မည်။ ထို့နောက် ၎င်းက ... နဝမမန္တန်ဖြစ်လာမည်။

ယခုအချိန်တွင်တော့ ထိုဖြစ်စဉ်၏ ပထမအဆင့်၌သာ ရှိသေးသည်။

လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ အထဲဝင်ဖို့ ထပ်တလဲလဲကျရှုံးနေသဖြင့် သင်္ချိုင်းထဲ၌ ထစ်ချုန်းသံများ ဆူညံနေခဲ့ချေပြီ။ နောက်ဆုံးတော့ ဒေါသတကြီးဟိန်းဟောက်သံတစ်သံက မရေမတွက်နိုင်သော ဂြိုဟ်တာရာများကို တုန်ခါသွားစေရင်း လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် အဆိုပါဂြိုဟ်တာရာအားလုံး ချက်ချင်း နေရာရွှေ့ပြောင်းခံလိုက်ရ၏။

သန်းပေါင်းများစွာသော ဂြိုဟ်တာရာများသည် တစ်ခုနှင့်တစ်ခု တိုက်၍ တစ်သားတည်းဖြစ်ကာ ကျုံ့လာ၏။ အသက်ရှူချိန်အနည်းငယ်အတွင်း ကြယ်တာရာကောင်းကင်၌ ပြန့်ကြဲနေခဲ့သော ဂြိုဟ်သိမ်ဂြိုဟ်မွှားအားလုံး မူလနေရာမှ ပျောက်ကွယ်ကာ အတူတကွပေါင်းစည်းသွားကြသည်။ လောကပါလနတ်မင်း၏ထိန်းချုပ်မှုအောက်တွင် ၎င်းတို့သည် ဧရာမဆူးချွန်ကြီးကိုးချောင်း ဖြစ်လာ၏။

ဆူးတစ်ချောင်းတိုင်းသည် မီတာ ၃,၀၀၀,၀၀၀ အထိ ရှည်လျားပြီး သင်္ချိုင်းအပြင်၌ ပျံဝဲနေသော ၎င်းတို့၏အသွင်အပြင်မှာ အင်မတန်ရင်သပ်ရှုမောဖွယ်ကောင်းလေသည်။ ထို့နောက် လောကပါလနတ်မင်း၏စိတ်ဆန္ဒက ကွဲသွားပြီး ဆူးကိုးချောင်းထဲ အသီးသီးဝင်ရောက်သွားသည်။

တခဏကြာသော် ကြောက်ခမန်းလိလိစွမ်းအားကား ဆူးချွန်များမှ ဖြာထွက်လာပြီး ၎င်းတို့သည် တဂျုန်းဂျုန်းမြည်လျက် သင်္ချိုင်းဆီ ဦးတည်သွားကြ၏။

သင်္ချိုင်းသည် မခုခံနိုင်တော့ဘဲ သွက်သွက်ခါတုန်သွား၏။ ပထမဆူးချွန်က သင်္ချိုင်း၏အကာအကွယ်များကို ထိုးဖောက်၍ ကောင်းကင်ကို ဖျက်စီးကာ ပထမမြေထုဆီ ပြေးဝင်သွားသည်။

၎င်ကျဆင်းလာသည့်အခါ လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ချိန်ရွယ်ထားသော နှင်ထုတ်ခြင်းစွမ်းအားက ပို၍ပင်အားကောင်းလာသည်။ ဆူးချွန်ကလည်း ဒေါသတကြီးပြန်တိုက်ခိုက်နေရာ မီးများပင် တောက်လာ၏။ မကြာမီ ၎င်းမှာ မီတာ ၃၀၀,၀၀၀ သာရှိတော့သည့်အထိ ပြိုကွဲကျုံ့ဝင်သွားပြီး မချွန်ထက်တော့ပေ။ အဆုံးသတ်တွင် ဆူးချွန်သည် ပထမမြေထုအပေါ် ဒုန်းခနဲ ကျရောက်သွားသော ဧရာမဂြိုဟ်သိမ်တစ်လုံးသာ ဖြစ်တော့၏။

၎င်း မြေပြင်နှင့် ထိဿွားသောအခါ အရာအားလုံး တုန်ခါသွားပြီး ဧရာမချောက်နက်ကြီးများ ကွဲထွက်ကုန်သည်။

ထို့နောက် ဒုတိယဆူးချွန်၊ တတိယဆူးချွန်နှင့် စတုတ္ထဆူးချွန်တို့သည် အကာအကွယ်များကို ထိုးခွင်း၍ ဒုတိယ၊ တတိယနှင့် စတုတ္ထမြေထုတို့အပေါ် အသီးသီးကျဆင်းလာ၏။

၎င်းတို့လည်း ပထမမြေထုအပေါ်မှ ဖြတ်သွားနေစဉ် မီးတဟုန်းဟုန်းတောက်လျက် လျင်မြန်စွာ ကျုံ့လာကြသည်။ မှန်သည်၊ သင်္ချိုင်း၏အတွင်းပိုင်းထဲ ရောက်လေလေ၊ ၎င်းတို့ရင်ဆိုင်ရသည့် တွန်းကန်မှုမှာ အားကောင်းလာလေလေပင်။

ဆူးသုံးချောင်းသည် ၎င်းတို့၏ပစ်မှတ်များနှင့် နီးကပ်လာကြ၏။ ဒုတိယမြေထုအပေါ် ကျရောက်သွားသောဆူးမှာ မီတာ ၁၅၀,၀၀၀ သာ ရှိသည်။ တတိယမြေထုအပေါ် ကျသွားသောဆူးမှာတော့ မီတာ ၆၀,၀၀၀ သာ ရှိသည်။ နောက်ဆုံးတစ်ခုကတော့ စတုတ္ထမြေထုအပေါ် ရောက်သည့်အခါ မီတာ ၃၀,၀၀၀ ခန့်သာ ရှိတော့လေသည်။

စွမ်းအားဆုံးရှုံးမှု မည်မျှကြီးမားလှသနည်း။

သို့သော် ဤတင်မပြီးသေး။ ပဉ္စမ၊ ဆဋ္ဌမ၊ အဋ္ဌမနှင့် နဝမဆူးချွန်တို့သည် သင်္ချိုင်း၏အကာအကွယ်များကို ဖျက်စီးလျက် မိုးကောင်းကင်ကို စုတ်ဖြဲရင်း ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနှင့် နဝမမြေထုများဆီ ဦးတည်သွားကြ၏။

သင်္ချိုင်း၏မိုးကောင်းကင်မှာ လုံးလုံးလျားလျား စိုးမိုးခံထားရသည့်တိုင် လောကပါလနတ်မင်း၏စိတ်ဆန္ဒအနေဖြင့် သင်္ချိုင်းထဲ ဝင်ရောက်ဖို့ အင်မတန် ခက်ခဲနေ‌‌သေးသည်။ မြေပြင်များ တဝုန်းဝုန်းမြည်နေစဉ် ဆူးများသည် သင်္ချိုင်းထဲရောက်လေလေ၊ မီးတောက်လောင်လျက် သေးသထက်သေးလာကြတော့သည်။

ပဉ္စမမြေထုအပေါ် ကျသွားသော ဆူးမှာ မီတာ ၃၀,၀၀၀ ထက် သေးသည်။ ဆဋ္ဌမမြောက်ဆူးက မီတာ ၁၅,၀၀၀ ဖြစ်သည်။ အဋ္ဌမဆူး မြေကြီးကို ထိသွားသောအခါ ... မီတာ ၃,၀၀၀ ခန့်သာ ရှိ၏။

ထို့နောက် နဝမဆူး။ ၎င်း နဝမမြေထုဆီ ရောက်သည့်အချိန်တွင် မီးတောက်များက ၎င်းကို ပြာချလိုက်၍ မဝင်နိုင်လိုက်ပေ။

လွန်ခဲ့‌‌သောအခိုက်အတန့်က....

မန်ဟို့အရှေ့ရှိ သစ်သားရုပ်မှာ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် အရည်ပျော်ကျသွားပြီး သူ့အား အနက်ရောင်အရည်များက ဝန်းရံထားလေသည်။

သစ်သားရုပ် အပြည့်အဝအရည်ပျော်ရန် အချိန်အနည်းငယ်သာ လို‌တော့သည်။

မန်ဟိုမှာ တုန်ရီနေ၏။ အပြင်တွင် ဘာဖြစ်နေမှန်း သူ မသိသော်လည်း လောကပါလနတ်မင်း၏စိတ်ဆန္ဒက သူ့ကို တားဖို့ မည်သည့်အတိုင်းအတာမဆို သွားမည်ဖြစ်ကြောင်း သိသည်။ ထို့ကြောင့် မန်ဟိုသည် သစ်သားရုပ်ကို အရည်ဖျော်ရာတွင် သူ၏နတ်ဘုရားအာရုံအားလုံးကို စူးစိုက်ထား၏။

“မြန်မြန်၊ မြန်မြန်သွားရမယ်” စက္ကန့်တိုင်းကို လက်မလွှတ်ဘဲ ကြိုးစားနေသဖြင့် မန်ဟို့မျက်နှာပေါ်တွင် သွေးကြောပြာပြာများ ထောင်နေတော့သည်။

ဤအခိုက်အတန့်၌ ပထမမြေထုဆီမှ အုန်းခနဲမြည်သံကြီးကြားလိုက်ရသည်။ ပထမဆူး မြေကြီးကို ဝင်တိုက်လိုက်စဉ် အပျက်အစီးများအတွင်းမှ အရိပ်တစ်ခု ပေါ်လာသည်။

အရိပ်သည် လူပုံစံရှိသော်လည်း မျက်စိ၊ နား၊ နှာခေါင်းဟူ၍ မရှိ‌ပေ။ ကောက်ကြောင်းလေးမျှ ရှိရုံသာဖြစ်သည်။ သူက နဝမမြေထုကို မော့ကြည့်ပြီးနောက် ခြေတစ်လှမ်းလှမ်းလိုက်ကာ ဝါးခနဲ ဖြစ်သွား၏။

အချိန်အနည်းငယ်သာကြာသေးသည်၊ ဒုတိယဆူးနှင့် တတိယဆူးတို့ ပေါက်ကွဲသွားပြီး ပြာများ ပျံ့လွင့်နေစဉ်မှာပဲ ၎င်းတို့အတွင်းမှ အရိပ်များ ထွက်လာသည်။

ပဉ္စမမှ အဋ္ဌမမြေထုအထိ အလားတူပင်။

ပေါ်လာသည့် အရိပ်အားလုံးက နဝမမြေထုဆီ လျှောက်သွားကြသော်လည်း ပထမဆုံးမီတာ ၃၀၀,၀၀၀ ဆူးမှလာခဲ့သော တစ်ယောက်က အမြန်ဆုံးဖြစ်သည်။

သူ၏ပထမတစ်လှမ်းက သူ့ကို ဒုတိယမြေထုအပေါ် ပို့ပေးကာ ဒုတိယဆူးထဲမှ ထွက်လာသည့် အရိပ်နှင့် ပေါင်းစည်းသွားစေသည်။ ထိုသို့ဖြစ်ပျက်သွားသည်နှင့် သူသည် အတန်ငယ်ထင်ရှားလာ၏။ ထို့နောက် ဒုတိယတစ်လှမ်းလှမ်းလိုက်သည်။

ဒုတိယတစ်လှမ်းက သူ့ကို တတိယမြေထုအပေါ် ရောက်ရှိသွားစေပြီး တတိယအရိပ်နှင့် တစ်သားတည်းပေါင်းသွားစေသည်။ ယခုတွင် သူ၏မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ ပေါ်လာ၏။ သူကား လူငယ်တစ်ယောက်နှင့် တူလေသည်။

လူငယ်သည် ထိုနေရာတင်မရပ်‌။ ခြေတစ်လှမ်းပြီးတစ်လှမ်းလှမ်းရင်း မြေထုတစ်ခုပြီးတစ်ခု ဖြတ်ကျော်နေသည်။ စတုတ္ထ၊ ပဉ္စမနှင့် အဋ္ဌမမြေထုအထိ တစ်လျှောက်လုံး .. ကျန်အရိပ်များကို စုပ်ယူကာ နောက်ဆုံးတော့ ဧရာမတံခါးကြီးအား မော့ကြည့်ရင်း အဋ္ဌမမြေထုပေါ်တွင် ရပ်နေ၏။ ထိုအခိုက်အတန့်တွင် သူနှင့်ပတ်သက်သမျှ အရာအားလုံး ထင်ရှားမြင်သာလာခဲ့လေပြီ။

သူသည် နက်မှောင်ရှည်လျားသောဆံပင်များရှိပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်၏။ သူကား တည်ကြည်အေးဆေးသော်ငြား သွေးအေးရက်စက်သောအမူအရာဖြင့် လက်ဖျားခါ‌လောက်အောင် ချောမောပေသည်။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် သေသေချာချာကြည့်ပါလျှင် ... သူ၏ပုံပန်းသွင်ပြင်သည် နဝမမြေထု၏ပလ္လင်အ‌ပေါ်၌ ထိုင်နေသော ရုပ်တုနှင့် ချွတ်စွပ်တူနေ၏။

“အာကာပြင်ကျယ်အတွင်းမှာ နေထိုင်တဲ့ သင်တို့သက်ရှိအားလုံးဟာ ငါကိုယ်တော်ရဲ့ ကလေးတွေပဲ။ ဒီနေရာဟာ တစ္ဆေရဲ့သင်္ချိုင်းဖြစ်တဲ့အတွက် သူ့ရဲ့ပုံပန်းသွင်ပြင်ကို ငါ ယူမယ်” လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်၌ ဖြစ်တည်သော မည်သည့်အသွင်ကိုမဆို ပြောင်းနိုင်သည့် ဤလူငယ်က ညာလက်ကို ဆန့်တန်း၍ တံခါးကို တွန်းလိုက်သည်။ တံခါးကား ကျွီခနဲ ပွင့်သွားလေသည်။

ထို့နောက် သူက နောက်တစ်လှမ်းလှမ်းကာ နဝမမြေထုအပေါ်၌ ပေါ်လာသည်။ ချက်ချင်းဆိုသလို ကြောက်မခန်းလိလိတွန်းအားက သူ့ကို ဝင်ဆောင့်ကာ တွန်းထုတ်တော့သည်။

တွန်းအားရှိနေသည့်တိုင် သူသည် ဟန်မပျက် ရှေ့ဆက်လျှောက်လာ၏။ အင်မတန်အားစိုက်ထုတ်ရသော်လည်း သူ့မျက်နှာပေါ်တွင် မပြသပေ။

နောက်တစ်လှမ်းဖြင့် လူငယ်ကား တန်ခိုးရှင်စင်မြင့်ဘေး၌ ပေါ်လာပြီး ဂိုဏ်းချုပ်နှင့်အခြားသူများကို ကြည့်ကာ ညာလက်အား ဝှေ့ယမ်းလိုက်၏။

ဝုန်းခနဲ တန်ခိုးရှင်စင်မြင့်မှာ လှုပ်ခတ်သွားသည်။ ဂိုဏ်းချုပ်နှင့်ကျန်ရှိသူအားလုံး သွေးအန်လိုက်ကြရသည့်အပြင် တန်ခိုးရှင်အဆင့်အတွက် အားထုတ်မှုအားလုံး ဖရိုဖရဲဖြစ်ကုန်၏။ အားနည်းသော အနှစ်သာရ ၉ ခုပညာရှင်တချို့မှာတော့ သွေးပျက်စွာအော်ဟစ်ရင်း ပေါက်ကွဲသေဆုံးသွားကြသည်။

လူတိုင်း မှင်သက်နေကြသည်။ သူတို့ ကြည့်နေစဉ်မှာပဲ လူငယ်သည် နောက်တစ်လှမ်းလှမ်းကာ ဧရာမရုပ်တုကြီး၏တည်နေရာသို့ ရောက်သွား၏။ ထိုနေရာတွင် အဆုံးမဲ့တစ္ဆေပင်လယ်ကြီးက ငေးကြောင်နေသောအမူအရာများဖြင့် သူ့အား လှည့်ကြည့်လေသည်။ သို့သော် ထိုငေးကြောင်မှုမှာ တခဏသာကြာလိုက်ပြီး အမျက်ဒေါသနှင့်အမုန်းတို့ဖြင့် အစားထိုးခံလိုက်ရသည်။

လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် အာကာပြင်ကျယ်ဂိုဏ်းချုပ်အယောင် ဖန်ဆင်းထားစေကာမူ အရှိန်အဝါကို မပြောင်းလဲနိုင်ပေ။ ဤတစ္ဆေများက ထိုအရှိန်အဝါကို အငြှိုးကြီးကြီး မုန်းတီးနာကြည်းကြလေသည်။

၎င်းတို့သည် ‌ဒေါသတကြီးဟိန်းဟောက်ရင်း အုံးအုံးကြွက်ကြွက်ထလာကြ၏။ အသက်သေဆုံးခဲ့ရမှုကြောင့် ဖြစ်ပေါ်လာသော အမုန်းတရားက သူတို့ကို မကျွတ်လွတ်သ့ည့် အမုန်းတစ္ဆေများ ဖြစ်လာစေခဲ့သည်မဟုတ်ပါလော။ ယခုတွင် တစ္ဆေများမှာ လောကပါလနတ်မင်း၏စိတ်ဆန္ဒဖြစ်သော လူငယ်ဆီ ဒေါသတကြီး ပြေးဝင်သွားကြတော့သည်။

“အို ငါကိုယ်တော်ရဲ့ ကလေးတွေ” လူငယ်က အေးစက်စက်ပြောသည်။ “သေသွားတာတောင်မှ ခေါင်းမာနေကြဆဲပါလား။ ဒါကြောင့် ငါကိုယ်တော်ရဲ့အမျက်ကြောင့် သင်တို့ရဲ့ခန္ဓာကိုယ်တွေ လူပြန်မဝင်စားနိုင်ပါစေသား။ သင်တို့ရဲ့လှုပ်ရှားနိုင်စွမ်းတွေလည်း ကင်းမဲ့ပါစေသား” သူ့မျက်နှာသည် ခံစားချက်မဲ့နေပြီး တစ္ဆေများကို ကြည့်ပင်မကြည့်ဘဲ သစ်သားရုပ်ကို အရည်ဖျော်လျက် တင်ပျဉ်ခွေထိုင်နေသော လူကိုသာ အာရုံစိုက်နေ၏။

All Chapters