မန္တန်ကို အရည်ပျော်စေခြင်း
Vol. 110 Ch. 1533
ဤသည်မှာ လောကပါလနတ်မင်း၏စိတ်ဆန္ဒ မန်ဟို့အပေါ် ပထမဆုံးလှုပ်ရှားခြင်းမဟုတ်ပေ။ သို့သော် ယခုလိုလူအသွင်ယူလျက် ပေါ်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
သို့ရာတွင် မန်ဟိုသည် ထိုအရာကို မမြင်နိုင်။ လက်ရှိအလုပ်ကိုသာ အပြည့်အဝအာရုံစိုက်နေသည့်အတွက် သူ၏အကြား၊အမြင်အစရှိသော အာရုံအားလုံး ချိတ်ပိတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။ သူ့အနေဖြင့် သစ်သားရုပ်ကို တတ်နိုင်သမျှမြန်မြန် အရည်ပျော်စေဖို့ လိုအပ်လေသည်။
“ဆယ်ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ မြန်မြန်သွားရမယ်” သစ်သားရုပ်ကို ပို၍ပင်မြန်မြန် အရည်ပျော်စေဖို့ ကြိုးစားနေသဖြင့် မန်ဟို၏နတ်ဘုရားအာရုံမှာ စိတ်ကူးဖြင့်ပင်မှန်းဆမကြည့်နိုင်သော အဆင့်တစ်ဆင့်အထိ ရောက်ရှိသွားသည်။
ထိုအခိုက်အတန့်မှာပင် လောကပါလနတ်မင်း၏စိတ်ဆန္ဒက တစ္ဆေပင်လယ်ကြီးကို ထိုးဖောက်လျက် ရောက်ရှိလာ၏။ ထူးဆန်းစွာနှင့် တစ္ဆေများသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒအနား ကပ်ဖို့ ကြိုးစားလျှင် လှုပ်ရှားနိုင်စွမ်းကင်းမဲ့ကုန်သည့်အလား ရပ်သွားကြ၏။
မျက်စိတစ်မှိတ်အတွင်း တစ္ဆေအားလုံး တုန်ရီစပြုလာကြပြီးနောက် မလှုပ်နိုင်ကြတော့ပေ။ ခန္ဓာကိုယ်များသာမက၊ စိတ်များပင် ရပ်တန့်သွားသကဲ့သို့ ၎င်းတို့၏မျက်လုံးများသည် ဝိုင်းစက်ပြူးကျယ်နေ၏။
လောကပါလနတ်မင်း၏စိတ်ဆန္ဒက နောက်တစ်လှမ်းလှမ်းကာ မန်ဟို့အရှေ့တည့်တည့်သို့ ရောက်သွားသည်။ မန်ဟို့ကို ငုံ့ကြည့်လိုက်သည့်အခါ သူ၏အမူအရာသည် ရိပ်ခနဲ ဖြစ်သွားပြီး တွေဝေသွားသည့်အလား၊ စိတ်ရှုပ်သွားသည့်အလား ထင်ရသည်။
“မင်းက ဘာကြောင့် ငါအရှင်နဲ့ မပေါင်းစည်းချင်ရတာလဲ” သူက အေးတိအေးစက် မေးသည်။ ထို့နောက် မန်ဟို့နဖူးအား ထိဖို့ လှမ်းလေသည်။
သို့သော် ထိုအခိုက်အတန့်၌ စူးနေသောအော်သံတစ်သံ ဟိန်းထွက်လာသည်။ ကြက်တူရွေးသည် လောကပါလနတ်မင်း၏ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်လျက် ပျံသန်းသွား၏။
လောကပါလနတ်မင်းက တခဏရပ်သွားသော်လည်း သူ့လက်ချောင်းကို မန်ဟို့ဆီ ဆက်လက်ရွေ့လျားဖို့ ပြင်သည်။ သို့ရာတွင် အသံတစ်သံထွက်လာသည်။ စကားလေးတစ်ခွန်းတည်းက အရာအားလုံးကို ပြင်းပြင်းထန်ထန် တုန်ခါလာစေတော့၏။
“ထွက်သွားစမ်း”
စကားက ရုပ်တုကြီး၏နှုတ်မှ လာခြင်းဖြစ်သည်။ ၎င်းတို့သည် တစ်ကမ္ဘာလုံးအပြည့် ပဲ့တင်ထပ်သွားကာ သင်္ချိုင်းတစ်ခုလုံးအား ရိုက်ခတ်လိုက်သော လေဆင်နှာမောင်းတစ်လုံးကို ဖန်တီးလိုက်၏။
လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ တုန်ရီလာပြီးနောက် သူ၏ခန္ဓာကိုယ်ကို မထိန်းနိုင်တော့သည့်အလား နောက်ယိုင်သွားသည်။ မန်ဟို့ထံမှ မီတာသုံးဆယ်ခန့် ဝေးသွားသောအခါ သူ၏အသားများ ဖောင်းခနဲ ပေါက်ကွဲကာ အသားစများ၊သွေးစများအား ပြန့်ကြဲသွားစေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့်ကြွက်သားအားလုံး စုတ်ပြတ်သပ်သွား၍ အရိုးများ ပေါ်လာသည်။ သူ့ခေါင်းမှာလည်း တစ်ဝက်သာ ကျန်ခဲ့၏။
စောစောက အသံ တိုးဝင်ပျောက်ကွယ်နေစဉ် လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် တဖြည်းဖြည်း ခေါင်းမော့လိုက်၏။ သူ၏ဒဏ်ရာများကား လျင်မြန်စွာ ကျက်သွားပြီး မျက်စိတစ်မှိတ်အတွင်း အကောင်းအတိုင်းပြန်ဖြစ်သွားလေပြီ။
ထိုအခိုက်အတန့်၌ .... အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲရှိ ကမ္ဘာတစ်ကမ္ဘာတွင် ... သက်ရှိသတ္တဝါအားလုံး ကောက်ကာငင်ကာ ခြောက်သွေ့ကုန်ကြသည်။ သူတို့၏သွေး၊ သူတို့၏အသက်ဓာတ်အားလုံး စုပ်ယူခံလိုက်ရသဖြင့် တစ်ကမ္ဘာလုံး သုဿန်ပမာ ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွား၏။
လောကပါလနတ်မင်းကို အကောင်းအတိုင်း ပြန်ဖြစ်သွားစေသော သွေးနှင့်အသက်ဓာတ်မှာ ... ယင်းကမ္ဘာမှ လာလေသည်။ ရုပ်တုကြီးကို မော့ကြည့်နေစဉ် သူ၏အမူအရာသည် ထပ်မံပြောင်းလဲသွားပြန်သည်။ တွေဝေနေသည်သာမက ငေးကြောင်နေပုံလည်း ပေါ်’၏။
“ငါ့ သားအကြီးဆုံးပါလား” သူက အေးစက်စက် ပြောသည်။
ပလ္လင်အပေါ်ရှိ ရုပ်တုကြီး၏မျက်ဝန်းများက အသက်ဝင်လာသကဲ့သို့ လင်းလက်လာသည်။ ထို့နောက် ရုပ်တုကြီးသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သဖြင့် ကျောက်တုံးကျောက်ခဲများက ၎င်း၏ခန္ဓာကိုယ်မှ တဝေါဝေါကျသွားကြ၏။ မကြာမီ ကျသွားသောကျောက်တုံးကျောက်ခဲများမှာ တောင်လို ပုံလာတော့သည်။ ထိုတောင်အတွင်းမှ လူငယ်တစ်ယောက် ထွက်လာသည်။
လူငယ်သည် ယခုလောကပါလနတ်မင်း၏အသွင်အပြင်နှင့် ခွဲမရအောင် တစ်ထေရာတည်း တူ၏။
သို့သော် သူ၏ခန္ဓာကိုယ်မှာ အသွေးအသားဖြင့် တည်ဆောက်ထားခြင်းမဟုတ်ပေ။ အာကာပြင်ကျယ်ဂိုဏ်းချုပ်အစစ်လည်းမဟုတ်။ သူသည် ဤနေရာကို အောက်မေ့၍ စောင့်ရှောက်ဖို့ သင်္ချိုင်းအတွင်း၌ အာကာပြင်ကျယ်ဂိုဏ်းချုပ် ထားခဲ့သော ကိုယ်ပွားဖြစ်၏။
သူ ထွက်လာသောအခါ မိုးကောင်းကင်သည် တုန်ခါသွားပြီး မြေငလျင်များ လှုပ်ခတ်လာကာ နဝမမြေထုတစ်ခုလုံး ပြိုကျတော့မည့်အလား ဖြစ်လာသည်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားက ခြေတစ်လှမ်းလှမ်းကာ မန်ဟို့အရှေ့တည့်တည့်သို့ သွား၍ သူ့အား လောကပါလနတ်မင်းထံမှ ကာပေးလိုက်သည်။
အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားသည် စကားမပြောသလို၊ မျက်နှာအမူအရာလည်း ပြောင်းလဲခြင်းမရှိ။ သူက ညာဘက်အင်္ကျီလက်စအား အရှေ့သို့ ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်လိုလို၊ တစ္ဆေလိုလို ထင်ရသော်လည်း တစ်ခုမှလည်းမဟုတ်ပြန်သည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ မကျွတ်လွတ်သောအစိမ်းဝိညာဉ်များ ပြည့်နေသော အနက်ရောင်မြူများလည်း တငွေ့ငွေ့ထလာ၏။ ၎င်းက လောကပါလနတ်မင်း၏ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားလေသည်။
လောကပါလနတ်မင်းသည် ညာလက်ချောင်းကို ဝှေ့ယမ်းလျက် ဤကမ္ဘာ၏ သဘာဝနိယာမများနှင့် မှော်ဥပဒေများအား အတူတကွပေါင်းစည်းသွားစေ၏။ အဆုံးမဲ့သောစိတ်ဆန္ဒတစ်ခု ပေါ်ထွက်လာသည်။
ဤအခိုက်အတန့်တွင် လောကပါလနတ်မင်းက ပြောသည်။ “ငါအရှင်ရဲ့ ရှေ့မှောက်မှာ အာကာပြင်ကျယ်အတွင်းမှာ ရှိတဲ့ စွမ်းအားအားလုံး ဖယ်ရှားခြင်းခံရရင်ခံရ၊ မခံရရင် စုပ်ယူခံရလိမ့်မယ်” အနက်ရောင်မြူများအတွင်းရှိ အစိမ်းတစ္ဆေများ တုန်ရီစပြုလာပြီးနောက် တည်ရှိမှုမှ ဖယ်ရှားခံလိုက်ရသည့်အလား မှေးမှိန်ကုန်ကြသည်။
သို့သော် ၎င်းတို့ အရှင်းဖယ်ရှားမခံရခင် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားသည် အေးစက်စက် နှာမှုတ်လိုက်၏။ ချက်ချင်းပင် အနက်ရောင်မြူများကား ကျုံ့စပြုလာပြီး တစ္ဆေများသည် တစ်ကောင်နှင့်တစ်ကောင်ထပ်ကာ.... အင်မတန်ကြောက်စရာကောင်းသော အစိမ်းတစ္ဆေတစ်ကောင်ဖြစ်လာ၏။
အနက်ရောင်မြူများက ၎င်း၏အရေပြားသဖွယ် ပြုမူနေရာ တစ္ဆေကြီးသည် မကျွတ်လွတ်သောနာနာဘာဝများအနက် အကြမ်းတမ်းဆုံးဖြစ်ပုံပေါ်၏။ ထို့အပြင် ၎င်းကား ခါးကုန်းလို ခါးကြီးကိုင်းနေလေသည်။ ထို့အတွက် အကြောင်းရင်းမှာ ကမ္ဘာတစ်ကမ္ဘာအား ပခုံးအပေါ်၌ ထမ်းထားရခြင်းကြောင့်ပင်။
၎င်းကျောပေါ်၌ ယမမင်း၏နန်းတော်များသဖွယ် မရေမတွက်နိုင်သော အဆောက်အဦများအား မြင်ရနိုင်သည်။ တစ္ဆေကြီး၏ ခြေလက်များမှာမူ အနက်ရောင်သံကြိုးများဖြင့် ရစ်ပတ်တုပ်နှောင်ခံထားရသည်။ တစ္ဆေကြီး ဟိန်းလိုက်သည့်အခါ သဘာဝနိယာမစွမ်းအားသည် ၎င်းကျောပေါ်ရှိ ကမ္ဘာမှ ပေါ်ထွက်လာ၏။
ထိုစွမ်းအားကား လောကပါလနတ်မင်းပင် မဖယ်ရှားနိုင်သော အရာဖြစ်ချေသည်။ ယင်းသည် .... အာကာပြင်ကျယ်ဂိုဏ်းချုပ်၏စွမ်းအား.... အတုမရှိတစ္ဆေ၏စွမ်းအား ဖြစ်၏။
လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ ၎င်းဖန်ဆင်းထားသော ခန္ဓာကိုယ် သွေးအမှုန်အမွှားအဖြစ် ပေါက်ကွဲသွားသဖြင့် သက်ပြင်းချသည်။ သို့သော် ဂရုစိုက်ဟန်မတူပေ။ သူသည် ညာလက်ကို မြှောက်၍ လက်ညှိုးထိုးလိုက်ရာ စူးရှတောက်ပသော မီးခိုးရောင်အလင်းသည် အရပ်မျက်နှာတစ်ခွင်၌ ထိန်လင်းသွား၏။ တစ်ချိန်တည်းမှာပင် သူ့အနောက်ရှိ လေထုမှာ ကွဲအက်သွားကာ လက်ချောင်းတစ်ချောင်းအား ဖော်ပြလိုက်သည်။
အဆိုပါလက်ချောင်းသည် မိုးကောင်းကင်များကို စိုးမိုးနိုင်သော၊ ကမ္ဘာလောကတစ်ခုကို မင်းမူဖျက်စီးနိုင်သော လက်ချောင်းဖြစ်၏။ ပေါ်လာလျှင်ချင်း လက်ချောင်းက အစိမ်းတစ္ဆေကြီးအား ဝင်တိုက်လိုက်သည်။
ဒုန်းးးးးးးးးးးးးးးးးးးး
လက်ချောင်းကြီး၏စွမ်းအားအောက်ဝယ် တစ္ဆေမှာ တုန်ရီသွားပြီးနောက် ပြိုကွဲစပြုလာသည်။ ၎င်းကျောပေါ်ရှိ အဆောက်အအုံများမှာ သစ်ကိုင်းခြောက်များ ချိုးခြေခံလိုက်သည့်နှယ် အငွေ့ပျံသွားကြသည်။ သို့သော် ထိုအချိန်မှာပဲ ၎င်းခြေလက်များကို ဖုံးလွှမ်းထားသော သံကြိုးများသည် လက်ချောင်းကို ရစ်ပတ်၍ ပေါက်ကွဲသွားသည့်တိုင်အောင် တင်းကြပ်စွာ တုပ်နှောင်လိုက်၏။
ကြည့်ရခြင်းအားဖြင့် သူတို့နှစ်ယောက်မှာ လက်ရည်တူနေသယောင်ပင်။
ပေါက်ကွဲသံပဲ့တင်ထပ်သွားစဉ် လောကပါလနတ်မင်းနှင့် ကိုယ်ပွားလည်း လူချင်းကွာသွားကြသည်။
အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားက ဖြည်းဖြည်းချင်း ခေါင်းမော့၍ ရှေးဆန်ပြီးအက်ကွဲနေသောအသံဖြင့် စကားပြောသည်။ “ဒီကလေးကို မင်း ခေါ်မသွားရဘူး”
အင်အားကြီးမားသောဖိအားသည် သူ့ထံမှ လိမ့်ထွက်လာကာ လောကပါလနတ်မင်း၏စိတ်ဆန္ဒအပေါ် ဖိနှိပ်လိုက်၏။
လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ကိုယ်စားပြုစေကာမူ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားကား ၎င်းအား ကြောက်လန့်ပုံမရပေ။
လောကပါလနတ်မင်းက အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားကို ခံစားချက်မဲ့စွာ ကြည့်လျက် ပြောသည်။ “အို ငါအရှင်ရဲ့ အကြီးဆုံးသား... မင်းဟာ ထွက်သွားခဲ့ပြီမဟုတ်လား။ ဒီလောက်အစွဲကြီးစွာနဲ့ ရှိနေစရာလိုပါရဲ့လား”
ထို့နောက် သူသည် ညာလက်ကို ဆန့်ထုတ်၍ သူ့လက်ချောင်းဖြင့် လက်ညှိုးထိုးလိုက်၏။
“စွမ်းအား” သူက ပြောသည်။ ချက်ချင်းပင် သူ့ဆီ ပေါက်ကွဲခြင်းအား ဖြာထွက်လာကာ .... မှော်သင်္ကေတပေါင်းများစွာဖြင့် လွှမ်းခြုံနေသော ဧရာမမှော်သင်္ကေတကြီးတစ်ခုအသွင် ပြောင်းသွားသည်။ ဤသင်္ကေတသည် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်းရှိ စွမ်းအားတာအို၏ သဘာဝနိယာမကို ကိုယ်စားပြုလေသည်။
ဤသည်မှာ အနှစ်သာရ ၉ ခုကျင့်ကြံသူများပင် မလုပ်နိုင်သည့်အရာပင်။
၎င်းက မှော်သင်္ကေတများမှ ဖြစ်ပေါ်လာသော မှော်သင်္ကေတကြီးတစ်ခုဖြစ်ပြီး ပေါ်လာလျှင်ချင်း မန်ဟိုနှင့် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားအပေါ် ထိုးကျလာသည်။
ဤအခိုက်အတန့်၌ လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်အတွင်းရှိ စွမ်းအားနှင့်ပတ်သက်သမျှ သဘာဝနိယာမအားလုံးသည် ရုတ်တရက် အားနည်းသွားကြ၏။ လောလောဆယ် မန်ဟို့အပေါ် ကျနေသော မှော်သင်္ကေတကြီးကို ဖော်ဆောင်ဖို့ ၎င်းတို့အားလုံး အားနည်းသွားရခြင်း ဖြစ်၏။
အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ ကိုယ်ပွားသည် မှော်သင်္ကေတကြီးကို ကြည့်ရင်း မျက်လုံးများ တောက်ပလာ၏။ သူက ရုတ်တရက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ သူ့လက်တစ်ဖက်လုံးအား မှေးမှိန်သွားစေသည်။ အသွေးအသားသော်လည်းကောင်း၊ အရိုးသော်လည်းကောင်းမမြင်ရတော့...... တစ္ဆေလက်ကြီးတစ်ဖက်သာ ရှိနေသည်။
တစ္ဆေလက်သည်း မည်းနက်မနေ။ ရောင်စုံဖြစ်ပြီး လူတစ်ယောက် အနှစ်သာရတစ်ခုဖြစ်လာသည့်အခါ ဖြစ်ပေါ်လာသော ကိုယ်ပိုင်တာအိုတစ်ပါးကို ထုတ်လွှတ်လိုက်၏။
၎င်းကား .... အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ တစ္ဆေတာအိုဖြစ်ပေသည်။
သူ့လက် မှော်သင်္ကေတနှင့် ထိသွားသောအခါ မိုးနှင့်မြေသည် သိမ့်ခါတုန်သွား၏။ တုန်ခါလှိုင်းကြီးတစ်လုံးက သင်္ချိုင်းတစ်ခုလုံးကို လှုပ်ခတ်လျက် ဖြာထွက်လာသဖြင့် မြေပြင်များ ပက်ကြားအက်ကျွံကျကုန်သည်။
ဤအခိုက်အတန့်တွင် မန်ဟို့အရှေ့ရှိ သစ်သားရုပ်မှာ ကိုးဆယ်ရာခိုင်နှုန်း အရည်ပျော်ကျသွားလေပြီ။ နောက်ဆုံးဆယ်ရာခိုင်နှုန်းသည် လျင်မြန်စွာ ဆက်လက်အရည်ပျော်နေ၏။ မကြာမီ ကိုးဆယ့်လေးရာခိုင်နှုန်း အရည်ပျော်သွားသည်။ ထို့နောက် ကိုးဆယ့်ခုနစ်ရာခိုင်နှုန်း၊ ကိုးဆယ့်ရှစ်ရာခိုင်နှုန်း၊ နောက်ဆုံး တစ်ရာရာခိုင်နှုန်း....
သစ်သားရုပ်ကား လုံးဝအရည်ပျော်သွားလေပြီ။ ၎င်းသည် ယခုတွင် အနက်ရောင်အရည်အစက် ၁၀၀ အဖြစ် တည်ရှိနေ၏။ ၁၀၀ ထက်မပိုသလို၊ လျော့လည်းမလျော့။ ထိုအခိုက်အတန့်၌ ပိတ်နေခဲ့သော မန်ဟို၏အာရုံအားလုံး ရုတ်တရက် ပြန်ပွင့်သွားသည်။
လောကပါလနတ်မင်းဆီမှ ကြောက်ခမန်းလိလိအငွေ့အသက်များ ဖြာထွက်နေသည့်တိုင် မန်ဟို၏မျက်လုံးများသည် လင်းလက်စွာ တောက်ပနေ၏။ ထိုစိတ်ဆန္ဒက သူ့ကို မည်မျှသတ်ချင်စေကာမူ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားကြောင့် သတ်မရပေ။ ထို့ကြောင့် လောကပါလနတ်မင်းသည် မန်ဟို၏တည်ရှိမှုကြောင့် အမျက်တချောင်းချောင်းထွက်နေ၏။
မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုသို့ရှူလိုက်သည့်အခါ အနက်ရောင်အရည်အစက်တစ်ရာသည် သူ့နဖူးဆီ ပြေးဝင်လာသော အလင်းတန်းများဖြစ်လာသည်။
မိုးကြိုးပေါင်းတစ်ရာက သူ့ခေါင်းကို ပစ်ချနေကဲ့သို့ သူ့စိတ်ထဲ၌ မိုးထစ်ချုန်းသံများ ပြည့်နှက်သွားသည်။
နောက်ဆုံးတစ်တန်း သူ့နဖူးထဲ ဝင်လာ၍ နောက်ဆုံးမိုးခြိမ်းသံ ဟိန်းထွက်သွားသောအခါ သူ၏အသိစိတ်ပင်လယ်ထဲ၌ မိုးကောင်းကင်များကို နိဂုံးချုပ်၍ မြေပြင်များကို ချေမှုန်းနိုင်သော စွမ်းအားတစ်ရပ် ထကြွလာသည်။
မန်ဟိုမှာ ပြင်းပြင်းထန်ထန် တုန်ရီစပြုလာပြီး သူ့ပါးစပ်မှ သွေးအကျွဲအချွဲများ ပန်းထွက်သွား၏။ အနက်ရောင်အရည်အစက်တစ်ရာသည် သူ၏အသိစိတ်ပင်လယ်ထဲတွင် အတူတကွ လှည်ပတ်နေပြီး ထိုသို့လည်နေစဉ် နဝမမန္တန်၏အရှိန်အဝါ စတင်ထွက်ပေါ်လာချေပြီ။
မပြည့်ဝသေးသော်လည်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ တုန်ရီသွားသည်။ အမျက်တချောင်းချောင်းထွက်နေသော အမူအရာက သူ့မျက်နှာပေါ်၌ ပေါ်လာပြီး သူ၏မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။
“ဖယ်စမ်း” သူသည် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားကို ပြေးတိုက်ရင်း ဟစ်ကြွေးလိုက်၏။