ငါနဲ့ ပေါင်းစည်းစမ်း
Vol. 110 Ch. 1534
ဂျလိန်း ဂျလိန်း
အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားက ရယ်သည်။ သူသည် တခဏလေးပင် နောက်မဆုတ်ပေ။
အနက်ရောင်မြူငွေ့တထောင်းထောင်း ထနေလျက် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားကား လောကပါလနတ်မင်း၏လမ်းကြောင်းကို ပိတ်ဖို့ တဖန်ပြေးတက်သွားတော့သည်။
သူ့အနောက်တွင် မန်ဟိုသည် ခန္ဓာကိုယ်ထဲ၌ အုံကြွနေသော နဝမမန္တန်၏အရှိန်အဝါကြောင့် တုန်ရီနေ၏။ သူ တုန်ရီနေသည့်အချိန်မှာပင် သင်္ချိုင်းလည်း တုန်ခါလာကာ အပြင်ရှိ လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်ထဲသို့ လှိုင်းဂယက်များ ဖြန့်ကျက်နေသည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏အသိစိတ်ပင်လယ်အတွင်း၌ အနက်ရောင်အရည် အစက်တစ်ရာသည် လျင်မြန်စွာ ပုံပေါ်နေ၏။
ဆယ်ရာခိုင်နှုန်း။ နှစ်ဆယ်ရာခိုင်နှုန်း။ သုံးဆယ်ရာခိုင်နှုန်း။ လေးဆယ်ရာခိုင်နှုန်း....
မျက်စိတစ်မှိတ်အတွင်း ခုနစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွား၏။ ထိုအခါ နဝမမန္တန်၏ ကောက်ကြောင်းအပြည့်အစုံ ပေါ်စပြုလာသည်။
ရှစ်ဆယ်ရာခိုင်နှုန်း၊ ကိုးဆယ်ရာခိုင်နှုန်း။ လောကပါလနတ်မင်း၏စိတ်ဆန္ဒ သူ့ကို မတားနိုင်ခင် မန်ဟိုသည် မျက်လုံးများပိတ်လိုက်ပြန်၏။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ မိုးနှင့်မြေကို တုန်ခါသွားစေလိုက်အောင် တုန်လှုပ်ဖွယ်ကောင်းသည့် ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသွားသည်။
အပြင်လောက၌လည်း မိုးကြိုးလျှပ်စီးများ ထစ်ချုန်းပေါက်ကွဲနေပြီး လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်အတွင်းတွင် ဖြစ်ပေါ်နေသော်လည်း ... အာကာပြင်ကျယ်စကြဝဠာကြောင့် မဟုတ်ပေ။ နဝမမန္တန်ကြောင့်ဖြစ်သည်။ အဆိုပါမိုးကြိုးလျှပ်စီးတို့ကား .... ကောင်းကင်ချုပ်နှောင်ခြင်းမိုးကြိုးဖြစ်၏။
မန်ဟို၏အသိစိတ်ပင်လယ်ထဲတွင် အနက်ရောင်အရည်များသည် .... လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်ကို တုန်ရီသွားစေသော ....
နဝမမန္တန်
ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်အဖြစ် ပုံပေါ်လာခဲ့ချေပြီ။
၎င်းပေါ်လာသောအခိုက်အတန့်တွင် သင်္ချိုင်းကမ္ဘာတစ်ခုလုံး ပြင်းပြင်းထန်ထန် ယိမ်းထိုးလှုပ်ခတ်သွားကာ အပြင်ကြယ်တာရာကောင်းကင်ထဲသို့ တုန်ခါလှိုင်းများ ပျံ့နှံ့သွားစေသည်။ တည်ရှိသမျှအရာအားလုံး ၊ သက်ရှိအားလုံး သူတို့ခန္ဓာကိုယ်များ တုန်ရီလာသည်ကို ခံစားလိုက်ကြရ၍ အံ့ဩတုန်လှုပ်ကုန်ကြ၏။
အပေါ်ရှိ မိုးကောင်းကင်များအတွင်း၌ .... ကောင်းကင်၏ရန်သူဖြစ်သော .... အသစ်တစ်ခု တည်ရှိလာခဲ့သည့်အလားပင်။
ထိုအရာသည် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲ၌ ဖြစ်တည်လာမည့် စိတ်ဆန္ဒအသစ် ဖြစ်ဟန်တူ၏။
လက်ရှိကမ္ဘာလောကများ၏အတွင်း၌ သဘာဝနိယာမအသစ် ဖြစ်ပေါ်လာပုံလည်း ပေါ်သည်။
၎င်းသည် ... ကောင်းကင်ချုပ်နှောင်ခြင်းမန္တန်.... သဘာဝနိယာမအားလုံး၏ အထက်၌ တည်ရှိသော တာအိုတစ်ရပ် ဖြစ်ချေ၏။
ဂျိန်းးးးးးးးးးးးးးးးးးး
မိုးထစ်ချုန်းကြီး ရိုက်ညောင်းမြည်ဟည်းသွားစဉ် မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူသည် တန်ခိုးရှင်အဆင့်သို့ သွားရာလမ်း၌ ပထမအဆင့် ပြီးမြောက်ခဲ့လေပြီ။ ကိုယ်ပွား၏လူဝင်စားကိုးယောက်မှတစ်ဆင့် ဖြစ်ပေါ်လာခဲ့သော နဝမမန္တန်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြီးပြီဖြစ်၏။ လူဝင်စားကိုးယောက်ကား မန်ဟိုနှင့် ခွဲမရသောအစိတ်အပိုင်းတစ်ခု၊ မန်ဟိုနှင့် တစ်သားတည်း ဖြစ်သွားခဲ့၏။
သို့ရာတွင် ယင်းကား ပထမအဆင့်သာ ရှိသေးသည်။ အချိန်က ရွှေဖြစ်၍ သူ့အနေဖြင့် ဒုတိယအဆင့်သို့ တက်နိုင်သမျှမြန်မြန် သွားဖို့ လိုအပ်ကြောင်း မန်ဟို သိသည်။
ထိုဒုတိယအဆင့်ကတော့ ...
“မန္တန်ကိုးခု ပေါင်းစည်းလော့” မန်ဟိုက အမိန့်ပေးသည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ပတ်ဝန်းကျင်ရှိ သဘာဝနိယာမများနှင့် မှော်ဥပဒေအားလုံးမှာ မန္တန်ကိုးခု၏ ဩဇာကြီးမားသောဖြစ်တည်မှုကို တောင့်မခံနိုင်သည့်အလား ကွဲကြေကုန်ကြသည်။
မန်ဟို မန္တန်ကိုးခုအား ပေါင်းစည်းရန် ပြင်လိုက်သောအခိုက်အတန့်တွင် လောကပါလနတ်မင်း၏စိတ်ဆန္ဒကိုယ်ထည်သည် မျက်လုံးပြူးလျက် ကြည့်နေ၏။ ထိုမျက်လုံးများက လင်းလက်စွာ တောက်ပလာပြီး တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်စကြဝဠာ၏အပြင်၌ ... မျက်လုံးကြီးတစ်လုံး ပေါ်လာသဖြင့် ထိုနေရာရှိ ဟင်းလင်းပြင်မှာ ပုံပျက်ရှုံ့တွလာတော့သည်။
မျက်လုံးကြီးသည် ဖြည်းဖြည်းချင်းပွင့်လာပြီး တစ်ဝက်ဖွင့်ပြီးသောအခါ ၎င်းဆီမှ ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားသောစိတ်ဆန္ဒတစ်ခု လိမ့်ထွက်လာ၏။ ပစ်မှတ်ကတော့ မန်ဟိုပင်။ ၎င်းကား မန်ဟို အနန္တတန်ခိုးရှင်ဖြစ်မလာအောင် တားချင်နေသည်။
သို့သော် ဤအခိုက်အတန့်၌ မျက်လုံးကြီး၏အရှေ့တွင် လူတစ်ယောက် ဘွားခနဲ ပေါ်လာသည်။ ထိုလူသည် သွေးအေးသောအမူအရာရှိသည့် အဖြူရောင်ဆံပင်ရှည်များဖြင့် လူငယ်တစ်ယောက်ဖြစ်၏။ ထိုမျှသာမက ဤလူငယ်သည် ကိုယ်အစစ်မဟုတ်၊ ကိုယ်ပွားဖြစ်ကြောင်း ထင်ရှားသည်။
ကိုယ်ပွားကား ... သတ်ဖြတ်သူနှင့် တူသလို၊ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏အပြင်၌ ပေါ်လာခဲ့ဖူးသော အနန္တတန်ခိုးရှင်လူငယ်နှင့်လည်း ခွဲမရပေ။
ကိုယ်ပွားသည် မျက်လုံးအပေါ် လက်တင်ကာ ၎င်း ဆက်ပွင့်မလာနိုင်အောင် တားလိုက်၏။
မျက်လုံးများမှာ တဆတ်ဆတ် တုန်ရီသွားပြီး ဒေါကြီးမောကြီး ဟိန်းသည်။ ထိုအချိန်မှာပင် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ဒုတိယလူရိပ် ပေါ်လာသည်။ သူလည်း လူငယ်တစ်ဦးဖြစ်ပြီး သေခြင်းအခိုးအငွေ့များကို ထုတ်လွှတ်နေ၏။ သူ့တွင် ရှည်လျားသော ခရမ်းရောင်ဆံပင်များ ရှိသည်သာမက သူ့မျက်ဝန်းများကား ကြယ်အရောင်အဝါတို့ဖြင့် တောက်ပနေသယောင် ထင်ရလေသည်။ သူသည် မျက်လုံးကြီးကို စိုက်ကြည့်လျက် အေးအေးဆေးဆေး ရပ်နေ၏။
မျက်လုံးများက ဖွင့်ဖို့ အသည်းအသန် ကြိုးပမ်းရင်း ဒေါသတကြီး အော်သည်။ “မင်းတို့တွေ အဲဒီတုန်းက မအောင်မြင်ခဲ့ဘူး။ မင်းတို့အနေနဲ့ ငါ့ကို သတ်ဖို့ အရည်အချင်းမပြည့်မှီတဲ့အပြင် အစွမ်းပိုထက်လာနိုင်ကောင်း ပိုထက်လာနိုင်ပေမယ့်... ငါ့လမ်းကို တားပိုင်ခွင့်မရှိသေးဘူး”
ပတ်ဝန်းကျင်ရှိ အရာအားလုံး တဝုန်းဝုန်းတုန်ရီကာ ပြိုကွဲစပြုလာသည်။
သို့သော် လူငယ်နှစ်ယောက်သည် ဟန်မပျက်ပေ။
“မင်းကို ရှင်းပစ်နိုင်တဲ့ တာအိုရောင်ရင်းက လောလောဆယ် တန်ခိုးရှင်အဆင့်တက်နေတယ်။ ငါတို့အနေနဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရပေမယ့် မင်း ဝင်မနှောင့်ယှက်နိုင်အောင်တော့ တားနိုင်တုန်းပဲ”
တစ်ဝက်ပွင့်နေသော မျက်လုံးကြီးသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေ၏။
ထိုစဉ် လောကပါလနတ်မင်း၏စိတ်ဆန္ဒကိုယ်ထည်က အံတင်းတင်းကြိတ်သည်။ သူသည် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် အာကာပြင်ကျယ်စကြဝဠာအပြင်မှ စွမ်းအားကို ဆင့်ခေါ်ဖို့ အားမထုတ်တော့ဘဲ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်းမှ စွမ်းအားကို ဆင့်ခေါ်လိုက်၏။
ကြယ်တာရာကောင်းကင်၏အတွင်းထဲ၌ ကမ္ဘာလောကပေါင်းများစွာ ဖြစ်တည်နေသော ဝဲအမြောက်အမြား ရှိကြသည်။ ထိုနေရာများအတွင်းရှိ သက်ရှိသတ္တဝါများ ခြောက်ကပ်ကုန်သဖြင့် သွေးပျက်စွာ အော်ဟစ်သံများ ကမ္ဘာပျက်နေသည်။ သူတို့၏အသွေးအသားများ၊ အသက်ဓာတ်များ စုပ်ယူခံနေရလေသည်။
သက်ရှိများသာမဟုတ်။ ကမ္ဘာများပင်လျှင် ကမ္ဘာအနှစ်သာရများ စုပ်ယူခံလိုက်ရသဖြင့် ပြာကျကုန်သည်။
ကမ္ဘာပေါင်းထောင်ချီကား မျက်စိတစ်မှိတ်လေးအတွင်း ပျောက်ကွယ်သွားခဲ့ချေပြီ။ လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်အစပ်နားရှိ ဒေသများပင်လျှင် သေဆုံးသွားသကဲ့သို့ ခြောက်ကပ်ကုန်ကြသည်။
တုန်လှုပ်စရာအကောင်းဆုံးမှာတော့ ကြယ်တာရာကောင်းကင်ထဲရှိ မိုးနှင့်မြေစွမ်းအင်ပမာဏမှာ သုံးဆယ်ရာခိုင်နှုန်းအထိ ဗြန်းခနဲ ကျဆင်းသွားခြင်းပင်။ ထို့ထက်သာ လျော့နည်းသွားပါက အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံး ပြိုကျသွားလိမ့်မည်။ ၎င်းသည် ကျော်မရတော့သော နောက်ဆုံးအတိုင်းအတာဖြစ်၏။
အဆိုပါစွမ်းအားအလုံးစုံသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒအတွက် အစာပမာ ဖြစ်သွား၏။ လောကပါလနတ်မင်းအတွက် တစ်ချက်လေးတွေးလိုက်ရုံသာ လိုလိုက်လေသည်။ ထို့နောက် ကြောက်ခမန်းလိလိစွမ်းအားသည် သင်္ချိုင်း၏အပြင်၌ ပေါ်လာကာ သင်္ချိုင်းအား ထိုးဖောက်တော့သည်။
သင်္ချိုင်း၏ကောင်းကင်မှာ လုံးလုံးလျားလျား စုတ်ပြတ်သွားသဖြင့် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ပေါ်လာသည်။ လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် အင်အားအလုံးအရင်းဖြင့် သက်ဆင်းလာရင်း ပထမမြေထုအား ဖြိုခွင်း၏။ ထို့နောက် ဒုတိယမြေထု၊ တတိယမြေထု၊ စတုတ္ထမြေထု.... နဝမမြေထုမှလွဲ၍ အကုန်လုံး လောကပါလနတ်မင်း၏စိတ်ဆန္ဒကြောင့် မွစာကြဲကုန်သည်။
ကျဆင်းလာနေသော လောကပါလနတ်မင်း၏စိတ်ဆန္ဒကား ဆူနာမီလှိုင်းလုံးကြီးပမာပင်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် စိတ်ဆန္ဒကိုယ်ထည်နှင့် တစ်သားတည်းပေါင်းသွား၏။ ချက်ချင်းပင် ကိုယ်ထည်၏ ပုံပန်းသွင်ပြင်က တွန့်လိမ်ပြောင်းလဲလာသည်။
၎င်း၏ခန္ဓာကိုယ်မှ နောက်ထပ်လက်ခြောက်ဖက် ထွက်လာရာ စုစုပေါင်း လက်ရှစ်ဖက်ဖြစ်သွားသည်။ ထိုမျှသာမက ခေါင်းသုံးလုံးလည်း ထွက်လာသည်။
ယခုတွင် ခေါင်းလေးလုံး၊ လက်ရှစ်ဖက် ရှိသွားလေပြီ။
ဒေါသတကြီးဟစ်ကြွေးသံကြီးသည် နဝမမြေထုအား ရိုက်ခတ်ကာ ပြင်းပြင်းထန်ထန် ကိုင်လှုပ်လိုက်၏။ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားမှာ မျက်လုံးများပြူးကျယ်သွားသည်။
“ငါက လောကပါလနတ်မင်းပဲ” ခေါင်းလေးလုံးလက်ခြောက်ဖက်ပုဂ္ဂိုလ်၏အသံက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်နေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်သည် ဝေဝါးလာကာ အထဲရှိ တစ်စုံတစ်ခုကို ဖော်ပြလိုက်၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် .... ကြယ်တာရာများ၊ ဂြိုဟ်များ၊ ဝဲများနှင့် ကမ္ဘာများ ရှိနေသည်။
အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်ခုလုံး ၎င်း၏ခန္ဓာကိုယ် ဖြစ်လာခဲ့သည့်အလားပင်။ လောကပါလနတ်မင်းသည် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားကို ဖယ်ရှားဖို့ ကြယ်တာရာကောင်းကင်၏စွမ်းအားကို ရာနှုန်းပြည့် အသုံးချနေ၏။
လောကပါလနတ်မင်းသည် ထိုကိုယ်ပွားကို ဖျက်စီး၍ မန်ဟို့အား တန်ခိုးရှင်အဆင့်မတက်နိုင်အောင် ဖယ်ရှားကာ အရာအားလုံးကို သူ၏ထိန်းချုပ်မှုအောက်သို့ ပြန်ခေါ်လိမ့်မည်။
အာကာပြင်ကျယ်ဂိုဏ်းချုပ်က ကိုယ်ပွားတစ်ကိုယ်ကိုသာ ဤနေရာတွင် ချန်ခဲ့၏။ သို့သော် မန်ဟို့ကိုယ်ထဲရှိ ကြေးမီးအိမ်ကြောင့် ထိုကိုယ်ပွားက မန်ဟို့ကို ကူညီရန် ရွေးချယ်လိုက်လေသည်။
ထိုကြေးမီးအိမ်ဖြင့် မန်ဟိုသည် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ အမွေဆက်ခံသူ ဖြစ်လာ၏။ ထိုအမွေက ကျင့်ကြံခြင်းအခြေခံ သို့မဟုတ် သွေးဆက်နှင့် သက်ဆိုင်သော အမွေမဟုတ်။ အတွေးဖြစ်သည်။
၎င်းသည် လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ဖျက်စီးလိုသော အတွေးဖြစ်၏။ နှစ်ယောက်လုံး အတွေးတူသည့်အတွက် ကိုယ်ပွားက မန်ဟို့ကို ကူညီရန် ရွေးချယ်လိုက်တော့သည်။
သို့သော် ....၎င်းမှာ ကိုယ်ပွားသာမဟုတ်ပါလော။ အာကာပြင်ကျယ်ဂိုဏ်းချုပ်အစစ်က လွန်ခဲ့သောနှစ်ပေါင်းထောင်ချီမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ယခု သူ မည်သည့်နေရာရောက်နေမှန်း မသိပေ။ သူ့ကိုယ်ပွားအနေဖြင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒကို အတန်ငယ်တောင့်ခံနိုင်သော်လည်း အနိုင်ရဖို့အတွက် ထိုစိတ်ဆန္ဒ မည်မျှကမူးရှူးထိုးတိုက်ခိုက်နေသလဲ ထည့်တွက်လျှင် .... ကိုယ်ပွားအတွက် နောက်ဆုံးအတိုင်းအတာရောက်နေပြီဟု ဆိုလိုသည်။
သို့ထိတိုင် ၎င်းသည် တိုက်ခိုက်မှုကို ဆက်လက်တောင့်ခံနေသေး၏။ ကိုယ်ပွားမှာ ပျက်စီးပြိုကွဲနေသော်လည်း အပြီးတိုင်ပျက်စီးသွားလျှင် မန္တန်ကိုးခုကို ပေါင်းစည်းဖို့ အားထုတ်နေဆဲဖြစ်သည့် မန်ဟို့အတွက် အသက်အန္တရာယ်ရှိကြောင်း သိလေသည်။
အတိမ်းအစောင်းမခံသော ဤအခိုက်အတန့်တွင် ကိုယ်ပွား၏မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ သူ၏ညာလက်သည် မန်ဟို့ဆီ လှမ်း၍ ဖမ်းဆုပ်ဟန် လုပ်လိုက်၏။ သို့သော် ၎င်း ဖမ်းဆုပ်နေသည်ကား မန်ဟိုမဟုတ်၊ ကြက်တူရွေးပင်။
ကြက်တူရွေးသည် စစ်လက်နက်အသွင်ပြောင်းလျက် ကိုယ်ပွားဆီ ပြေးဝင်လာ၏။ ကိုယ်ပွားက စစ်လက်နက်ကို ဆုပ်ကိုင်ကာ လေထုအား ပိုင်းချလိုက်လေသည်။
မိုးနှင့်မြေ တုန်ဟည်းသွားသည်။ အချိန်ခရီးသွားစွမ်းအားတို့ ထုတ်လွှတ်နေသော အက်ကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာ၏။ ထိုစွမ်းအားက လေဆင်နှာမောင်းသဖွယ် တိုက်ခတ်လျက် နဝမမြေထုအပါအဝင် သင်္ချိုင်း၏ကျန်အပျက်အစီးများအားလုံးကို လွှမ်းခြံရန် ပျံ့နှံ့သွားသည်။
အချိန်ကား နောက်ပြန်သွားနေချေပြီ။
ချက်ချင်းပင် နှစ်တစ်သောင်း နောက်ရောက်သွားသည်။ ထို့နောက် နှစ်တစ်သိန်း။ နှစ်တစ်သန်း။ ... လေဆင်နှာမောင်းကြီးကြောင့် အဆုံးမရှိသောနှစ်ပေါင်းများစွာ ဝေဝါးသွားပြီး ပြန်လည်ကြည်လင်လာသည့်အခါ ကမ္ဘာကြီးကား မတူညီတော့ပေ။
ယခုတွင် မိုးကောင်းကင်သည် ပြာလဲ့နေပြီး အဖျက်စီးခံခဲ့ရသော မြေထုရှစ်ခုမှာ အကောင်းအတိုင်းပြန်ဖြစ်နေသည်။ ဟိုဟိုသည်သည် ပျံသန်းနေသည့် ကျင့်ကြံသူပေါင်းများစွာအား မြင်ရလေသည်။ တစ်နေရာလုံးသည် ပျားပန်းခတ် စည်းကားသိုက်မြိုက်နေ၏။
သင်္ချိုင်း၏မြေပြင်များ အတိတ်ခေတ်သို့ ပြန်ရောက်သွားစဉ် လေပြေလေးတစ်ချက် တိုက်ခတ်သွားသည်။
ဂိုဏ်းချုပ်နှင့် ကျန်ရှိသူတို့မှာ ပင့်သက်ရှိုက်မိလိုက်ကြသည်။ သို့သော် ယခင်တုန်းကလည်း တွေ့ကြုံခဲ့ဖူးသဖြင့် သိပ်အံ့ဩစရာတော့မဟုတ်ပေ။
သို့သော် ဤတစ်ကြိမ်တွင် အချိန်နောက်ပြန်သွားစေခဲ့သူက အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွား ဖြစ်သည်။ သူက သင်္ချိုင်းထဲ၌ တည်ရှိသော ပျက်သုဉ်းခြင်းမှတ်ံဉာဏ်အားလုံးကို ယူ၍ ဆောလျင်စွာ ထုတ်လွှတ်လိုက်ခြင်းပင်။
ထို့နောက် ကိုယ်ပွားသည် အသက်ဝဝရှူပြီးနောက် စစ်လက်နက်အား မြေကြီးထဲ စိုက်ချလိုက်သည်။ အတွေးလေးတစ်ချက်ဖြင့် ကိုယ်ပွား၏နတ်ဘုရားအာရုံကား မြေပြင်များတစ်လျှောက် ပြည့်နှက်စိုးမိုးသွားလေပြီ။
ထို့အပြင် ထိုအတွေးက .... အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ကို ဖျက်စီးဖို့ပင်။