ငါက မန်ဟို ဒီနေရာမှာ ငါ တန်ခိုးရှင်အဆင့်တက်တယ်
Vol. 110 Ch. 1535
မျက်စိတစ်မှိတ်အတွင်း သင်္ချိုင်း၏မြေထုများအပေါ်ရှိ ကျင့်ကြံသူများနှင့် သက်ရှိများသည် တင်ပျဉ်ခွေထိုင်လျက် သူတို့၏နတ်ဘုရားအာရုံများအား ဧရာမလှိုင်းလုံးကြီးအဖြစ် ပေါင်းစည်းနေကြ၏။ ထိုလှိုင်းလုံးကြီးသည် လက်ရှစ်ဖက်၊ ခေါင်းလေးလုံးရှိသော လောကပါလနတ်မင်း၏စိတ်ဆန္ဒကိုယ်ထည်ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သည်။
မင်းက အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်တစ်ခုလုံးရဲ့ အသက်စွမ်းအားကို အသုံးပြုတယ်ပေါ့လေ။ အေး ငါကတော့ မှော်အစွမ်းနဲ့ အတိတ်ကို ပြန်သွားပြီး ငါ့လူတွေရဲ့အင်အားနဲ့ ပြန်တိုက်မယ်
ဤသည်မှာ ကျင့်ကြံသူအများစု၏စိတ်ကူးနယ်ပယ်ထက် ကျော်လွန်မည့် မှော်အတတ်တစ်ခုဖြစ်သည်။ သို့သော် အာကာပြင်ကျယ်ဂိုဏ်းချုပ်သည် အချိန်နှင့်အာကာသကို နတ်ဘုရားစွမ်းရည်များနှင့် မဟာတာအိုများအဖြစ် ပုံသွင်းနိုင်သော နယ်ပယ်သို့ ရောက်ရှိနေပြီမဟုတ်ပါလော။
လောကပါလနတ်မင်းစိတ်ဆန္ဒ၏ ခေါင်းလေးလုံး လက်ရှစ်ဖက်ကိုယ်ထည်ကြီးက နီရဲတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် သူသည် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းကာ လှိုင်းလုံးကြီးအား တိုက်ခိုက်ဖို့ တဖျစ်ဖျစ်မြည်နေသော လျှပ်စီးလှိုင်းများအား ထုတ်လွှတ်လိုက်၏။
မိုးထစ်ချုန်းသံများ လေထဲတွင် ပြည့်နှက်သွားပြီး တစ်ချိန်တည်းမှာပင် မန္တန်ကိုးခုပေါင်းစည်းခြင်း၏ရလဒ်အနေဖြင့် မန်ဟို၏စွမ်းအားသည် ဝုန်းခနဲ ထိုးတက်သွားလေသည်။
“ပထမမန္တန်” သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ အစ-အဆုံးမန္တန် ပေါ်လာသည်။ ယင်းက ချုပ်နှောင်ခြင်းမန္တန်များ၏အစဖြစ်သလို၊ မန်ဟို ရှာတွေ့ခဲ့သော နောက်ဆုံးအပိုင်းအစလည်း ဖြစ်သည်။ ဖန်တီးခဲ့သူက သူမဟုတ်ပေ။ ပါရာဂွန်ကိုးတံဆိပ်၏စိတ်ဆန္ဒအစိတ်အပိုင်းလေးတစ်ခုမှတစ်ဆင့် ဖြစ်တည်လာခဲ့သော ရွှေတုန်းလျှို၏အမွေမှ ရရှိခဲ့ခြင်းပင်။
အမွေကို စုပ်ယူပြီးနောက် ရွှေတုန်းလျှို၏မန္တန်သည် မန်ဟို၏ပထမမန္တန်ဖြစ်လာခဲ့သည်။
မန္တန်ပေါ်လာသည့်အခါ သူ၏မျက်လုံးများ လင်းလက်လာပြီး တစ်ချိန်တည်းမှာပင် သူ့နဖူးထက်၌ အလင်းစက်လေးတစ်စက် ပေါ်လာသည်။ ၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် လောကပါလနတ်မင်း၏မျက်လုံးများက ပို၍ပင် နီရဲလာ၏။
ထို့နောက် မန်ဟိုသည် မုဒြာလက်ကွက်တစ်ကွက် ဖော်၏။ သူ ထုတ်လွှတ်နေသည်ကား ....
“ဒုတိယမန္တန်”
အစစ်အမှန်-အတုအယောင်မန္တန်။ မစစ်မှန်ခြင်း၌ စစ်မှန်ခြင်းကို ရှာဖွေခြင်း၊ မစစ်မှန်ခြင်းကို ယူ၍ စစ်မှန်အောင် ပြုလုပ်ခြင်း။
မန်ဟို့နဖူးပေါ်တွင် ဒုတိယအလင်းစက်တစ်စက် ပေါ်လာသည်။ စစချင်းကြည့်လျှင် အလင်းစက်သည် ပုံရိပ်ယောင်သာ ထင်ရသော်လည်း အနီးကပ်ကြည့်ပါက အကောင်အထည်ရှိကြောင်း မြင်ရလိမ့်မည်။ ၎င်းသည် စိတ်များကိုပင် စုပ်ယူနိုင်သယောင် ထင်ရ၏။
ယင်းက ဒုတိယမန္တန်ပင်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသည်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်ကိုယ်ပွား၏ မှော်အစွမ်းကျေးဇူးကြောင့် မန်ဟိုသည် ရှေးခေတ်တစ်ခေတ်ထဲ၌ ရပ်နေချေပြီ။ မိုးကောင်းကင်သည် ပြာလဲ့ကြည်လင်နေပြီး မြေပြင်မှာလည်း အစိမ်းရောင်ကတ္တီပါစအား ဖြန့်ခင်းထားသကဲ့သို့ ရှိနေသည်။ စိတ်ဝိညာဉ်စွမ်းအင်တို့လည်း လေထဲတွင် သိပ်သည်းနေ၏။
အဝေးမှကြည့်လျှင် မိုးကုပ်စက်ဝိုင်းသို့ ထိုးဆင်းသွားသော သက်တံ့များအား မြင်ရနိုင်သည်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားမှာမူ သူ့မြေပြင်များမှ ကျင့်ကြံသူအားလုံး၏နတ်ဘုရားအာရုံတို့ကို စုစည်း၍ လောကပါလနတ်မင်း၏စိတ်ဆန္ဒအား တိုက်ခိုက်နေသည်။
တတိယမန္တန်သည် ပစ္စုပ္ပန်-ရှေးခေတ်မန္တန်ဖြစ်၍ ပေါ်ထွက်လာလျှင်ချင်း ဤကမ္ဘာ၏လက်ရှိအခြေအနေနှင့် သဟဇာတဖြစ်သွား၏။ မန်ဟို လက်ရှိရောက်နေသည်မှာ အတိတ်ခေတ်ဖြစ်ပြီး သူကိုယ်တိုင်ကမူ ပစ္စုပ္ပန်မှလာခဲ့သည့်အတွက် ပဲ့တင်ရိုက်ခတ်မှုဖြစ်ပေါ်လာသည်။ ပစ္စုပ္ပန်နှင့် အတိတ်က တစ်ပြိုင်တည်းတည်ရှိနေရာ .... အချိန်စွမ်းအား,အား ပစ္စုပ္ပန်-အတိတ်မန္တန်နှင့်အတူ ဖြာထွက်သွားစေသည်။
အလင်းစက်သုံးစက်သည် တလက်လက် တောက်ပနေပြီး မန်ဟို၏တန်ခိုးသည် ဆက်လက်မြင့်တက်နေ၏။ သူက တခဏလေးပင် ရပ်တန့်မနေဘဲ လက်နှစ်ဖက်လုံးအား အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။
“စတုတ္ထမန္တန်”
စတုတ္ထမန္တန်သည် ပထမမန္တန်ရှစ်ခုအနက် အစွမ်းထက်ဆုံးဖြစ်၏။ ၎င်းအား ကိုယ်မန္တန်ဟု ခေါ်ပြီး ကိုယ်ပွားများကို တစ်ကမ္ဘာလုံးအပြည့် ဖန်ဆင်းနိုင်သည်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ မရေမတွက်နိုင်သောမန်ဟိုများဖြင့် ဝန်းရံခံလိုက်ရသည်။
ထိုကိုယ်ပွားများထဲမှတစ်ယောက်သည် မန်ဟို့ကို စိတ်နှလုံးတုန်လှုပ်သွားစေ၏။ သူကား ... ရတနာလေးပင်။
ကံဆိုးစွာနှင့် ယခုအချိန်မှာ စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ မန်ဟိုသည် ချက်ချင်းအကြည့်လွှဲ၍ ပဉ္စမမန္တန်ကို ထုတ်လွှတ်ဖို့ မုဒြာလက်ကွက်ဖော်၏။ သို့သော် ထိုအချိန်မှာပဲ အားလှိုင်းကြီးတစ်လှိုင်းက သူ့ကို ဝုန်းခနဲ ဝင်တိုက်သည်။ သူ့မှာ နောက်သို့တွန်းထုတ်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးများသူ့ပါးစပ်မှ ပန်းထွက်သွားသည်။
တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွား ပေါက်ကွဲသွားသည်။ သူ ပြန်ဖြစ်ပေါ်လာတော့မည့်အချိန်တွင် လက်ရှစ်ဖက်၊ ခေါင်းလေးလုံး လောကပါလနတ်မင်းက အင်္ကျီလက်စခါကာ ထိုဖြစ်စဉ်အား နှေးကွေးသွားစေ၏။ လောကပါနတ်မင်း၏ကိုယ်ထည်မှာ ဒဏ်ရာဒဏ်ချက်များလွန်းသဖြင့် အသွေးအသားတုံးကြီးလို ဖြစ်နေသည့်တိုင် မန်ဟို့ဆီ ချက်ချင်း ပြေးတက်လာသည်။
သူ လှုပ်ရှားလျှင်ချင်း မြေထုအပေါ်ရှိ မရေမတွက်နိုင်သော သက်ရှိများသည် အတားအဆီးတစ်ခုကို ဖော်ဆောင်လိုက်ကြသည့်တိုင် လောကပါလနတ်မင်းအား မန်ဟို့ဆီ မရောက်အောင် မတားနိုင်ကြပေ။
“ဖယ်စမ်း” သူ၏လက်ရှစ်ဖက်က အတားအဆီးကို ထုရိုက်နေကာ တစ်လွှာပြီးတစ်လွှာ ပြိုကျလာစေသည်။
မန်ဟိုသည် မျက်ထောင့်နီကြီးဖြင့် နောက်ဆုတ်လိုက်သော်လည်း မုဒြာလက်ကွက်တစ်ကွက် ထပ်ဖော်လိုက်၏။
“ပဉ္စမမန္တန်”
ပဉ္စမမန္တန်က အတွင်း-အပြင်မန္တန်ဖြစ်သည်။ ၎င်းပေါ်လာလျှင်ချင်း နှင်ထုတ်ခြင်းအားတစ်ရပ်သည် မန်ဟို့အရှေ့၌ တွင်းနက်ကြီးတစ်တွင်းအား ဖန်ဆင်းလျက် ထွက်ပေါ်လာ၏။ ထိုတွင်းနက်ကြီးက လျင်မြန်စွာလည်ရင်း ကျုံ့လာကာ နောက်ဆုံးတော့ မန်ဟို့နဖူးပေါ်၌ ငါးစက်မြောက်အလင်းစက်ဖြစ်လာသည်။
ထိုအခိုက်၌ လောကပါလနတ်မင်းကား အတားအဆီးကို ဖြိုခွင်းလျက် ထွက်လာပေတော့မည်။ မရေမတွက်နိုင်သော နတ်ဘုရားအာရုံစီးကြောင်းများ ပြိုကွဲနေကြသည်။
မန်ဟိုလည်း နောက်ဆက်ဆုတ်သွားသည်။
“ဆဋ္ဌမမန္တန်”
ရှင်ခြင်း-သေခြင်းမန္တန်
“သတ္တမမန္တန်”
ကံကြွေးမန္တန်
“အဋ္ဌမမန္တန်”
ခန္ဓာ-စိတ်မန္တန်
ထိုမန္တန်သုံးခု မန်ဟို၏လက်များမှ ထွက်လာသောအခါ မိုးနှင့်မြေတွင် တောက်ပလင်းထိန်သောအရောင်အဝါများ ပြိုးပြက်နေပြီး လေပြင်းများ ခပ်ကြမ်းကြမ်း တိုက်ခတ်လာသည်။ ၎င်းက လောကပါလနတ်မင်း ဤကမ္ဘာရှိ သက်ရှိများ၏နတ်ဘုရားအာရုံအလုံးစုံကို ဖြိုခွင်းလိုက်သော အခိုက်အတန့်လည်း ဖြစ်သည်။ ထို့နောက် လောကပါလနတ်မင်းသည် မန်ဟို၏အရှေ့တည့်တည့်၌ ပေါ်လာ၏။
မန်ဟို့ကို အပြတ်ရှင်းဖို့ သူ လက်လှမ်းလိုက်စဉ် ထွက်ပေါ်လာသော ဖိအားက မန်ဟို့အား ချာချာလည်မူးဝေသွားစေသည်။ သို့သော် ဖိအား သူ့အပေါ် သက်ရောက်နေစဉ်မှာပဲ မန်ဟို၏မျက်လုံးများသည် လင်းလက်တောက်ပလာပြီး သူက နဝမမန္တန်ကို ထုတ်လွှတ်လိုက်၏။
“နဝမမန္တန်”
ကောင်းကင်ချုပ်နှောင်မန္တန်
ဘုန်းတန်ခိုးအရှိန်အဝါသည် ဩဇာကြီးမားစွာဖြင့် သက်ဆင်းလာ၏။ ၎င်းက ဤသို့ပြောနေသော စွမ်းအားဖြစ်သည်။
ငါ မင်းတို့ရဲ့မျက်လုံးကို ဖွင့်စေချင်ရင် ဖွင့်ကိုဖွင့်ရမယ်။ ငါ ပိတ်စေချင်ရင်လည်း အာမခံနဲ့
ငါ တစ်ခုခုလိုအပ်တာနဲ့ မိုးကောင်းကင်မှာ ရှိနေတာ ကောင်းလိမ့်မယ်။ ငါ မလိုအပ်ရင်လည်း မိုးကောင်းကင်မှာ မရှိတာ ကောင်းလိမ့်မယ်
“ထွက်သွားစမ်း” မန်ဟိုက ဟိန်းဟောက်သည်။ လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်မှ မဟုတ်သော စွမ်းအားတစ်ရပ်သည် နဝမမန္တန်မှ ပေါ်ထွက်လာကာ ဒေါသူပုန်ထနေသော လေရူးသဖွယ် လောကပါလနတ်မင်းအား ဝင်တိုက်လိုက်၏။
ထိုစွမ်းအားသည် တိုက်အားဖြစ်လာသဖြင့် တစ်ကမ္ဘာလုံး လှုပ်ခတ်သွား၏။ မန်ဟိုမှာ နောက်သို့တွန်းထုတ်ခံလိုက်ရကာ လောကပါလနတ်မင်းမှာတော့ ထိတ်လန့်နေသောအမူအရာရှိသည်။ သို့သော် သူ၏မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်တို့လည်း ပြည့်နှက်နေသည်။ သူသည် အစွမ်းကုန်ထုတ်လျက် တိုက်အားကို ပြန်ခုခံလိုက်သဖြင့် ရပ်လိုက်နိုင်၏။ သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီနေပြီး ရုတ်တရက် ခေါင်းနှစ်လုံးနှင့်အတူ လက်များ ပေါက်ကွဲသွားသည်။ သို့ထိတိုင် သူသည် အံတင်းတင်းကြိတ်၍ ရှေ့တစ်လှမ်းလှမ်းလိုက်သေး၏။
သို့သော် ဤအခိုက်အတန့်တွင် စောစောက လောကပါလနတ်မင်း ဖျက်စီးခဲ့သည့် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားသည် ပြန်လည်ဖြစ်ပေါ်လာ၏။ သူက ကြောက်ခမန်းလိလိအရှိန်အဝါနှင့်အတူ မီးတောက်မီးလျှံများ တဟုန်းဟုန်းတောက်နေလျက် လောကပါလနတ်မင်း၏အရှေ့တည့်တည့်သို့ ချက်ချင်း နေရာရွှေ့ပြောင်းသွားသည်။
သူက ညာလက်ကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော လောကပါလနတ်မင်း၏လမ်းအား ပိတ်လိုက်ပြန်သည်။
လောကပါလနတ်မင်းက ဟိန်းဟောက်ပြီးနောက် အလင်းစက်များအသွင် ပြောင်းလိုက်သည်။ ထို့နောက် ၎င်းသည် မိုးကောင်းကင်ပေါ် ပျံတက်သွားကာ ဧရာမလက်ချောင်းကြီးတစ်ချောင်းအသွင် ပြောင်းသွား၏။
အရှိန်အဝါကြီးမားသော လက်ချောင်းကြီးသည် ကြယ်တာရာကောင်းကင်ထံမှ မန်ဟိုနှင့် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားဆီ ထိုးဆင်းလာ၏။
ထိုးဆင်းလာနေစဉ် ၎င်း၏မျက်နှာပြင်အပေါ်၌ အနက်ရောင်ပန်းပွင့်ပေါ်လာသည်။ ၎င်းတို့ ပွင့်လာသည့်အခါ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိကြသော အရိုင်းသားရဲများသည် ပျံထွက်လာကြ၏။ ၎င်းတို့က စွမ်းအားတို့ကို ထုတ်ဖော်လျက် ပြေးတက်လာကြသည်။
ဤအခိုက်အတန့်အတွင် မန်ဟို၏နဝမမန္တန်ကား အပြည့်အဝပြီးမြောက်သွားလေပြီ။ သူန့ဖူးပေါ်၌ ကိုးခုမြောက်အလင်းစက်တစ်စက် ပေါ်လာသည့်အချိန်တွင် ကျန်အလင်းစက်အားလုံးသည် ၎င်းနှင့်ပေါင်းစည်းသွားကာ နေသဖွယ် ဖြစ်လာ၏။
မန္တန်ကိုးခု ပေါင်းစည်းသွားလေပြီ။
မန်ဟိုက ခေါင်းနောက်လှန်ကာ ဟစ်ကြွေးလိုက်သည်။ တန်ခိုးရှင်အရှိန်အဝါနှင့်အတူ ထစ်ချုန်းသံများ ပဲ့တင်ရိုက်ခတ်ဖြာထွက်သွားသည်။ ကြယ်တာရာကောင်းကင်မှာ တုန်ခါနေပြီး စကြဝဠာကြီးလည်း လှုပ်ခတ်နေ၏။ မန္တန်ကိုးခုသည် ပေါင်းစည်းပြီးနောက် အနှစ်သာရများအသွင်ပြောင်းသွားကာ မန်ဟို၏ကျင့်ကြံအဆင့်အား .... အနှစ်သာရ ၉ ခုအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားစေတော့သည်။
ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် အတားအဆီးအားလုံးကို တိုက်ဖျက်ရင်း ကြောက်စရာကောင်းလောက်အောင် ကြီးထွားမြင့်မားလာ၏။ လေဆင်နှာမောင်းကြီးတစ်လုံးက သူ့ကို ဝန်းရံလျက် တဝေါဝေါ တိုက်ခတ်နေသဖြင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဖြစ်ပေါ်လာသော လက်ချောင်းမှာ တုန်ခါစပြုလာတော့သည်။
သို့သော် ဤတင်မပြီးသေး။ မန်ဟိုသည် နီရဲနေသောမျက်လုံးများဖြင့် ခေါင်းမော့ကာ ဟိန်းဟောက်လိုက်၏။ “အနှစ်သာရ ကိုးခုပေါင်းစည်းပြီး ကျင့်ကြံအဆင့်တက်စမ်း”
ဂျိန်းးးးးးးးးးးးးးး
သူ၏အနှစ်သာရကိုးခု ပေါင်းစည်းသွားသည်။ ကိုးခုသည် တစ်ခုတည်းဖြစ်လာပြီး... မိုးနှင့်မြေ၏တံခါး ပွင့်လာ၏။ အာကာပြင်ကျယ်စကြဝဠာ၏အကန့်အသတ်များ ဖျက်စီးခံလိုက်ရသည်။ လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်တစ်လျှောက်ရှိ ကမ္ဘာလောကအားလုံး၊ ဖြစ်တည်မှုအားလုံး မိုးခြိမ်းသံကြီးအား ကြားလိုက်ကြလေသည်။
ထိုမိုးခြိမ်းသံထဲတွင် မန်ဟို၏အသံသည် အာကာပြင်ကျယ်စကြဝဠာတစ်ဝန်းသို့ ပဲ့တင်ထပ်သွား၏။
“ငါက မန်ဟို။ ဒီနေရာမှာ ငါ တန်ခိုးရှင်အဆင့် တက်တယ်”