← Chapters

ကြေးမီးအိမ်ကို ငြှိမ်းခြင်း

Vol. 110 Ch. 1536

ကြေးမီးအိမ်ကို ငြှိမ်းခြင်း

Vol. 110 Ch. 1536

မရေမတွက်နိုင်သော လူသားများ၊ သက်ရှိဖြစ်တည်မှုများအားလုံး မန်ဟို့စကားသံကို ကြားလိုက်ကြရသည်။ အသံသည် အင်မော်တယ်နတ်ဘုရားကမ္ဘာ၊ နတ်ဆိုးလောက၊ တောင်ပင်လယ်လိပ်ပြာတွင်သာမက ကျန်ကမ္ဘာ‌လောကများထဲ၌ ပဲ့တင်ထပ်နေသည်။ လုံးစံများစွာသတ္တဝါခပ်သိမ်း ကြားလိုက်ကြရ၏။

တောင်ပင်လယ်လိပ်ပြာအတွင်း၌ .... မန်ဟို့ကို သိသောလူပေါင်းများစွာမှာ သူ့အသံကြောင့် စိတ်လှုပ်ရှားခြင်း၊ ရင်ခုန်ခြင်းတို့ ဖြစ်လာကြသည်။

ဝုန်း

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူရပ်နေသော ကမ္ဘာမှာ အပ်ကျသံမကြားရ‌အောင် တိတ်ဆိတ်သွားသည်။ တစ်သားတည်းပေါင်းစည်းသွားသည့် အနှစ်သာရများဖြင့် ... အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်နှင့် မသက်ဆိုင်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏။ အရှိန်အဝါသည် အားကောင်းသထက် အားကောင်းလာပြီး ထိုသို့အားကောင်းလာသည်နှင့်အမျှ မန်ဟို၏ပတ်ပတ်လည်တွင် ပုံရိပ်ယောင်သံကြိုးများစွာ ပေါ်ပေါက်လာသည်။ ထို့နောက် ထိုသံကြိုးတစ်ချောင်းပြီးတစ်ချောင်း ပေါက်ကွဲကုန်၏။

ထိုသံကြိုးများ ပျက်စီးသွားလေလေ၊ သူ၏အရှိန်အဝါက မယုံနိုင်စရာကောင်းလာလေလေဖြစ်သည်။ ဤကျင့်ကြံခြင်းအခြေခံသည် သူအား .... လောကပါလနတ်မင်း၏စိတ်ဆန္ဒကို တိုက်ရိုက်ပြန်တိုက်ခိုက်နိုင်သောအဆင့်တစ်ဆင့်သို့ တွန်းတင်ပေးလိုက်ချေပြီ။

သူ၏ချီစီးဆင်းမှုလမ်းကြောင်းများအတွင်းရှိ .... အာကာပြင်ကျယ်စကြဝဠာ၏ သဘာဝနိယာမများနှင့် သက်ဆိုင်သော စွမ်းအင်ဟူသမျှ၊ စွမ်းအားဟူသမျှ ပျောက်ကွယ်သွားသည်။ ၎င်းတို့၏နေရာ၌ မိုးကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်သော၊ ကမ္ဘာလောကကြီးကို သွေးရောင်ခြယ်မှုန်းနိုင်သော မိစ္ဆာချီ အစားထိုးဝင်ရောက်လာ၏။ မန်ဟို့ဆံပင်သည် ကြက်သွေးရောင်ပြောင်းသွားခဲ့ကာ အဆုံးမဲ့သွေးသမုဒ္ဒရာတစ်စင်းက သူ့ကို ခြံရံလျက် ဘွားခနဲ ပေါ်လာလေသည်။

ဤကမ္ဘာ၊ ဤကြယ်တာရာကောင်းကင်ကို သူ၏အတွေးလေးတစ်ချက်ဖြင့် ပြောင်းလဲနိုင်သည့်အလား မန်ဟို ခံစားနေရသည်။ ၎င်းကို သူ ခြယ်လှယ်နိုင်သည်သာမက စိတ်ရှိလျှင် ဖျက်ပင်ဖျက်စီးပစ်နိုင်ဟန်တူ၏။ တစ်ချိန်တည်းမှာပင် သူ့ကို မောင်းထုတ်ချင်နေသည့် နှင်ထုတ်ခြင်းအားတစ်ရပ် ပေါ်လာသည်။

မိုးအထက်ရှိ ဧရာမလက်ချောင်းကြီးမှာ တုန်ရီစပြုလာပြီး ခေါင်းသုံးခေါင်း၊ လက်ခြောက်ဖက်သတ္တဝါများသည် မန်ဟို့အနား မကပ်ရဲတော့သကဲ့သို့ ကြောက်လန့်စွာ ကြည့်နေကြ၏။

မန်ဟိုက ဘေးဘီဝဲယာကို ကြည့်သည်။ အရာအားလုံး ပြောင်းလဲသွားသယောင်ပင်။

လောကကြီး၏ သဘာဝနိယာမများနှင့် မှော်ဥပဒေများကို သူ မြင်နေရသည်။ ဟိုဟိုသည်သည် ကူးလူးပြေးလွှားနေသော အမျှင်များကို တွေ့ရသည်။ ယခင်တုန်းက တစ်ခါမှမမြင်ခဲ့ဖူးသည့် အရာများကို မြင်နေရလေပြီ။ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားမှာ တကယ်တမ်း ဝိညာဉ်အရိပ်တစ်ခုဖြစ်ကြောင်း မန်ဟို မြင်လိုက်သည်။ အပေါ်ရှိ လက်ချောင်းကြီးမှာလည်း မရေမတွက်နိုင်သော မှော်သင်္ကေတများ၊ ချုပ်စည်းများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရ၏။

“ဆိုတော့ တန်ခိုးရှင်အဆင့်တက်တယ်ဆိုတာ ဒါပါလား” သူက တွေးသည်။ “အပြည့်အဝမတက်နိုင်သေးတာ ... ဆိုးလွန်းတာပဲ။ ကျင့်ကြံခြင်းအခြေခံ၊ ခန္ဓာကိုယ်နဲ့ ဝိညာဉ်.... အဲဒီသုံးနေရာလုံးမှာ အဆင့်တက်မှ ... တန်ခိုးရှင်အစစ် ဖြစ်တာ

“ဥပမာ ပါရာဂွန်ကိုးတံဆိပ်ဆို အပြင်အားကိုယ်တန်ခိုးရှင်အဆင့်ပဲ ရောက်ခဲ့တယ်

“ငါကတော့ ငါ့ကျင့်ကြံခြင်းအခြေခံက အဆင့်တက်ပြီးသွားပြီ။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်နဲ့ ငါ့ဝိညာဉ်ကျန်သေးတယ်...

“ဒီတန်ခိုးရှင်အဆင့်ကျင့်ကြံခြင်းအခြေခံနဲ့ ကြေးမီးအိမ်ကို ငြှိမ်းမှနဲ့တူတယ်။ အဲဒီကံကြမ္မာကောင်းနဲ့ဆို ငါ့အပြင်အားကိုယ်ကိုလည်း တန်ခိုးရှင်အဆင့်အထိ တွန်းပို့နိုင်မယ်

“ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ ငါ့အပြင်အားကိုယ်နှစ်မျိုးသာ တန်ခိုးရှင်အဆင့်တက်ရောက်သွားရင် ... ရလဒ်အနေနဲ့ ဖြစ်ပေါ်လာမယ့် ပဲ့တင်ရိုက်ခတ်မှုက ငါ့ဝိညာဉ်ကိုလည်း ပြောင်းလဲပြီး တန်ခိုးရှင်အဆင့်တက်သွားစေနိုင်မယ်

“အဲဒီအခါ ...ငါဟာ တာအိုအရင်းအမြစ်နယ်ပယ်ထဲ အမှန်တကယ် ဝင်ရောက်သွားပြီ

“ဘာကြောင့်လဲဆိုတော့ ငါက တာအိုရဲ့အရင်းအမြစ်၊ အနှစ်သာရတစ်ခု ဖြစ်လာမှာမလို့ပဲ။ ငါ ခွင့်ပြုတဲ့ သဘာဝနိယာမတွေ တည်ရှိမယ်။ ငါ ခွင့်မပြုတဲ့ မှော်ဥပဒေတွေ ပျောက်ကွယ်ရလိမ့်မယ်” ထို့နောက် မန်ဟိုသည် အင်္ကျီလက်စခါလိုက်ရာ .. ကြေးမီးအိမ် ပေါ်လာ၏။

ဤအခိုက်အတန့်တွင် မည်သူမှ မန်ဟို့လမ်းကို မပိတ်နိုင်တော့ပေ။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်သော်လည်းကောင်း၊ လောကပါလနတ်မင်း၏စိတ်ဆန္ဒသော်လည်းကောင်း မတားနိုင်သည်သာ။

သင်္ချိုင်း၏ကမ္ဘာထဲတွင် လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဖြစ်တည်လာသော ဧရာမလက်ချောင်းကြီးသည် တုန်ရီနေ၏။ ၎င်းဆီမှ ကြမ်းကြုတ်သောအရှိန်အဝါတစ်ခုသည် မိုးနှင့်မြေရှိ အရာခပ်သိမ်းကို ဝေဝါးသွားစေရင်း အရပ်လေးမျက်နှာသို့ သောင်းကျန်းဖြာထွက်သွားသည်။ လက်ချောင်းသာလျှင် ထင်ရှားကျန်ခဲ့သည်။

အဆင့်တက်နေမှုကြောင့် မန်ဟို့ထံမှ ထုတ်လွှတ်နေသော ဖိအား ကြေမွသွားသဖြင့် တဂျုန်းဂျုန်းမြည်သံများ ဆူညံနေသည်။ မန်ဟိုသည် ဤအဆင့်သို့ ရောက်ခဲ့ကောင်းရောက်ခဲ့လိမ့်မည်။ သို့သော် လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ သူ အောင်မြင်စွာ အဆင့်တက်သွားမည်ကို လက်မခံနိုင်ပေ။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်မှ နှင်ထုတ်ခြင်းစွမ်းအား ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ရှေးကမ္ဘာကြီးတစ်ခုအပေါ် သက်ရောက်လိုက်ရာ ပေါ်လာခဲ့သည့် ကျင့်ကြံသူအားလုံး တုန်ရီကုန်ကြ၏။

အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူသည် လှုပ်ရှားရန်ပြင်လိုက်သော်လည်း မန်ဟို့ကို လှမ်းကြည့်ပြီးနောက် မဆိုစလောက်ပြုံးကာ အဖြစ်အပျက်ကို အရေးမစိုက်သကဲ့သို့ အဝေးအား ကြည့်လိုက်၏။

လက်ချောင်းကြီးက ဆက်လက်ကျဆင်းလာပြီး မြေပြင်များ တုန်ခါနေသည်။ အက်ကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်သွားကာ လျင်မြန်စွာ ပြန့်ကားကြီးမားလာ၏။ မြေထုတစ်ခုလုံးကား ပြိုကျတော့မည့်အလားပင်။

လက်ချောင်းကြီးသည် မိုးကောင်းကင်ကို ပိတ်ကွယ်ဖုံး၍ မြေပြင်နှင့်နီးသထက်နီးကပ်လာသည်။ မကြာမီ မန်ဟို မော့ကြည့်နေသည်မှာ လက်ချောင်းမဟုတ်တော့ဘဲ တောင်များလွင်ပြင်များ ဖြစ်နေခဲ့လေပြီ။

ယင်းတို့သည် ... လက်ဗွေရာဖြစ်၏။ ထိုလက်ဗွေရာအတွင်း၌ မန်ဟို အဆင့်မတက်နိုင်အောင် တားဖို့တွင်သာ အာရုံစူးစိုက်ထားသော အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်၏စွမ်းအား ရှိနေသည်။

သို့သော် လက်ချောင်းကြီး ကျဆင်းလာသည့်အချိန်မှာပဲ မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ရာ ကြေးမီးအိမ်သည် ရှေးကျသောအသွင်အပြင်ဖြင့် လင်းထိန်စွာ တောက်ပနေလျက် သူ့အရှေ့၌ ပျံဝဲနေ၏။ မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်သည်။ မျှော်လင့်ချက်နှင့်အာရုံစိုက်မှုအပြည့်ဖြင့် သူသည် တန်ခိုးရှင်အဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားကို စုစည်းပြီးနောက် ...

လေတစ်ချက် မှုတ်လိုက်သည်။

ထိုလေသည် မိုးနှင့်မြေကို ချိတ်ဆက်နေသော လေဆင်နှာမောင်းဆိုင်ကလုန်းကြီးပမာ လောကပါလနတ်မင်း၏လက်ချောင်းအား ဝင်တိုက်လိုက်၏။

အုန်းးးးးးးးးးးးးးးးးးးး

ကောင်းကင်မှာ ကြေမွသွားသလို၊ မြေပြင်လည်း ကျွံကျသွားသည်။ သို့သော် ဆိုင်ကလုန်းကြီးသည် လောကပါလနတ်မင်း၏လက်ချောင်းအား မတိုက်ခိုက်နိုင်၍ ပျောက်ကွယ်သွား၏။

သို့သော် ထိုအချိန်တွင် တန်ခိုးရှင်အဆင့်ကျင့်ကြံခြင်းအခြေခံမှ အားဖြည့်ထားသော မန်ဟို၏လေက ကြေးမီးအိမ်ကို ဖြတ်တိုက်ခဲ့ပြီးလေပြီ။ ထိုအခါ မီးတောက်သည် ဝုန်းခနဲ ထတောက်ပြီးနောက် ဘေးသို့ ကွေးညွတ်ကာ ... ငြိမ်းသွားတော့၏။

ယင်းက မန်ဟို၏နောက်ဆုံးဝိညာဉ်မီးအိမ်ပင်။

ယင်းက သူ့အသက်ကို ကယ်တင်ခဲ့သော ကြေးမီးအိမ်၊ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ ကြေးမီးအိမ်ဖြစ်သည်။

ဤအခိုက်အတန့်၌ မီးအိမ်ကား ငြိမ်းသေသွားခဲ့လေပြီ။

ချက်ချင်းပင် အစိမ်းရောင်အခိုးအငွေ့များက မန်ဟို၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

နောက်ဆုံးသောအငွေ့များ ကြေးမီးအိမ်မှ ထွက်သွားသောအခါ ကြေးမီးအိမ်သည် ပြာကျသွား၏။ တာဝန်ပြီးဆုံးသွား၍ မိုးနှင့်မြေထဲတွင် လွင့်စင်ပြိုကွဲသွားသည့်အလားပင်။

ထိုအချိန်သည် ကမ္ဘာလောကများကို ဖျက်စီးပစ်နိုင်စွမ်းတို့ဖြင့် မီးဟုန်းဟုန်းတောက်နေသော လောကပါလနတ်မင်း၏လက်ချောင်း မန်ဟို့ထံမှ မီတာသုံးထောင်သာ ဝေးတော့သည့်အချိန် ဖြစ်၏။

မန်ဟိုက တောင်များ၊လွင်ပြင်များသဏ္ဍာန်ရှိသော လက်ဗွေရာများကို မော့ကြည့်လိုက်သည်။ လေ၏တိုက်ခတ်မှုကြောင့် သူ့အဝတ်စများမှာ လှုပ်ခတ်နေပြီး သူ့ဆံပင်လည်း ရှုပ်ပွနေ၏။

လက်ချောင်းက အရှိန်တင်သည်။

“သေပေတော့” အော်ဟစ်သံက မည်သည့်နေရာကမသိ ထွက်လာ၏။ အသံသည် အာကာပြင်ကျယ်စကြဝဠာ၏အတွင်းရှိ သဘာဝနိယာမများကို ခြယ်လှယ်အမိန့်ပေးနိုင်သည့်အလား ကြယ်တာရာကောင်းကင်တစ်ခုလုံး၏စွမ်းအားများ စုစည်းနေသည့်အလားပင်။ ထိုအရာအားလုံးက တဂျုန်းဂျုန်းမြည်လျက် မန်ဟို့ဆီ ထိုးဆင်းလာသည်။

မန်ဟိုအရှေ့တည့်တည့်ရောက်လာရန် တခဏသာ ကြာလိုက်၏။ မိုးကောင်းကင်များ သူ့အပေါ် ပြိုကျနေသည့်ပမာပင်။ သို့သော် မန်ဟိုက ထိုလက်ချောင်းကြီးအား အသာလေး လှမ်းတွန်းလိုက်သည်။

သူ့လက်ထိသွားသည်နှင့် တဝုန်းဝုန်းမြည်သံများ သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူ့ခြေထောက်အောက်၌ မြွေလိမ်မြွေကောက် အက်ကွဲကြောင်းများ ဖြာထွက်သွားကာ မြေထုတစ်ခုလုံးမှာ ပြိုကျသွားတော့သည်။ ယခုတွင် မန်ဟို့အောက်၌ ကြယ်တာရာကောင်းကင်ဗလာကြီးမှအပ တခြားမည်သည့်အရာမှ မရှိတော့ပေ။

သို့သော် မန်ဟိုကား တစ်လက်မလေးပင် ရွေ့မသွားခဲ့။ လောကပါလနတ်မင်း၏လက်ချောင်းကို အံတုလျက် ပျံဝဲနေသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသော်လည်း သူ၏မျက်လုံးများသည် ကြောက်စရာကောင်းလောက်အောင် တောက်ပနေ၏။

သူ၏မျက်ဆံများသည် နီရဲတောက်နေ၏။ မိစ္ဆာ၏သဘာဝဖြစ်သည့်အတွက် ထိုအခြင်းအရာအား မပြောင်းလဲနိုင်ပေ။ မိစ္ဆာဟု ခေါ်ကြသော်လည်း ဖရိုဖရဲဖြစ်နေသည်ဟုဆိုလျှင် ပိုသင့်တော်လိမ့်မည်။ ဆန့်ကျင်ဘက်သဘာဝနိယာမတစ်ခုကို မွေးဖွားပေးနိုင်သော ဖရိုဖရဲများအလားပင်။

ဤသည်မှာ မန်ဟို၏ မိစ္ဆာအသွင်ဖြစ်သည်။ သို့သော် သူ၏အနှစ်သာရမဟုတ်ပေ။ သူ၏အနှစ်သာရက ထို့ထက်ပိုသည်။ တစ်ခါတုန်းက အဖြူရောင်ဖြစ်ခဲ့သော သူ၏မျက်သားများ၌ အရောင်အသစ်ပေါ်လာ၏။ ခရမ်းရောင်။

သူ့တွင် ခရမ်းရောင်မျက်လုံးများနှင့် အနီရောင်မျက်ဆံများရှိပြီး သူ ထုတ်လွှတ်နေသော အရှိန်အဝါအား စကားလုံးများဖြင့် ဖော်မပြနိုင်ပေ။ သူသည် အဆင့်မြင့်ဆုံးဖရိုဖရဲအလား၊ မိုးနှင့်‌မြေ၊ တစ်လောကလုံးဖြင့် ဆန့်ကျင်နိုင်သည့်အလားပင်။

ညာလက်ဖြင့် လက်ချောင်းကြီးကို တွန်းလိုက်သည့်အချိန်မှာပင် မန်ဟိုက ပြုံးသည်။

“ဒီအချိန်မှာ ဘယ်သူမှ ငါ့ကို မဖျက်စီးနိုင်ဘူး။ ဘယ်သူမှ ငါ့ကံတရားကို မထိန်းချုပ်နိုင်ဘူး။ ဘယ်သူမှ ... ငါ့လမ်းကို ခြယ်လှယ်ပိုင်ခွင့်မရှိဘူး

“အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်ရဲ့ စိတ်ဆန္ဒတောင်မှ... အရည်အချင်းမပြည့်မှီဘူး

“မင်း ထွက်သွားတော့” မန်ဟိုသည် သူ့လက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီး ပဲ့တင်ထပ်လာ၏။ သူ့အရေပြားအောက်၌ မြွေလိုလူးလွန့်နေသော အရာများကို မြင်ရနိုင်သည်။ သို့သော် ၎င်းတို့သည် မြွေများမဟုတ်။ ကြေးမီးအိမ်မှ စုပ်ယူခဲ့သော အစိမ်းရောင်အငွေ့မျှင်များ ဖြစ်၏။

အငွေ့မျှင်များသည် သူ၏ခန္ဓာကိုယ်တစ်လျှောက် အသည်းအသန်စီးဆင်းနေကြသည်။ ၎င်းတို့၌ သူ့ကို သန်မာလာစေသော အဆုံးမဲ့အသက်ဓာတ်များ ပါရှိရာ မန်ဟိုသည် စက္ကန့်နှင့်အမျှ အင်အားကြီးမားလာ၏။

ဝုန်းးးးးးးးးးးးးးးးးးးးးးးးး

မန်ဟို့လည်ပင်းနှင့် မျက်နှာအပေါ်၌ သွေးကြောများ ဖောင်းကြွနေသည်။ သူသည် ရှေ့တစ်လှမ်းတက်၍ လက်ချောင်းကြီးအား တွန်းထုတ်လိုက်ရာ လက်ချောင်းမှာ နောက်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

၎င်းအနေဖြင့် မဆုတ်ချင်သော်လည်း မန်ဟို၏အပြင်အားကိုယ်ခွန်အားက မိုးနှင့်မြေကို ကိုင်လှုပ်၍ ၎င်းအား တွန်းထုတ်နေသည်။

အချိန်အလင်းမှာ မှိန်ကျလာပြီး ကမ္ဘာကြီးသည် လုံးလုံးလျားလျား ပြိုကွဲတော့မည့်ပုံပေါ်လာ၏။ လက်ချောင်းကြီးက ဒေါသတကြီးဟိန်းဟောက်လျက် အားထပ်ထည့်ကာ မန်ဟို့ကို အပြတ်ရှင်းဖို့ ကြံစည်နေသေးလေသည်။

မန်ဟို၏မျက်လုံးများသည် အနီရောင်အလင်းဖြင့် စူးရဲတောက်ပနေ၏။ သူ၏ချီစီးဆင်းမှုလမ်းကြောင်းများမှာ လက်ခံနိုင်သော နောက်ဆုံးအတိုင်းအတာသို့ ရောက်သွား၍ ပေါက်ကွဲစပြုလာကြသည်။ တဖျပ်ဖျပ်လက်နေသည့် အလင်းစက်ပေါင်းများစွာ သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် သူ၏အသွေးအသားတို့ စတင်အသွင်ပြောင်းလာ၏။ သူ၏အရိုးများ၊ ခန္ဓာကိုယ်၊ ချီစီးဆင်းမှုလမ်းကြောင်းများနှင့် သွေးပင်လျှင် မတည်ရှိတော့ပေ။

သို့ရာတွင် အပြင်မှကြည့်ပါက သူသည် ယခင်အတိုင်းသာ။ အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်၌ သူ၏ခန္ဓာကိုယ်က လူလည်းမဟုတ်၊ ကျင့်ကြံသူလည်း မဟုတ်တော့၍ပင်။ မိုးနှင့်မြေကို သွက်သွက်ခါအောင် လှုပ်ခတ်သွားသော မိုးခြိမ်းသံတမျှ ပေါက်ကွဲသံအကျယ်ကြီး ဟိန်းထွက်လာသည်။ ကြယ်တာရာကောင်းကင်ကား မန်ဟိုအတွက် မျက်မြင်သက်သေတည်ပေးနေသည့်အလားထင်ရ၏။ ထိုအချိန်တွင် မန်ဟိုက ရှေ့တစ်လှမ်းတက်၍ ခေါင်းနောက်လှန်ကာ အသံရှည်ဆွဲဟိန်းဟောက်လိုက်သည်။

All Chapters