← Chapters

တာအိုအရင်းအမြစ်နယ်ပယ်သို့ ရောက်ရှိခြင်း

Vol. 110 Ch. 1537

တာအိုအရင်းအမြစ်နယ်ပယ်သို့ ရောက်ရှိခြင်း

Vol. 110 Ch. 1537

မန်ဟို၏ဟိန်းဟောက်သံက အရပ်မျက်နှာတစ်ခွင်တွင် ပဲ့တင်ထပ်ရိုက်ခတ်လျက် ကြယ်တာရာကောင်းကင်အား ထက်ခြမ်းပိုင်းသွားသည်။

တဟူးဟူးတိုက်ခတ်နေသော လေအဟုန်ကြောင့် မန်ဟို့ဆံပင်ရှည်များ လှုပ်ခတ်ပျံဝဲနေစဉ် နီရဲစူးရှသည့်အရောင်အဝါသည် မန်ဟို့ထံမှ ဖြာထွက်လာ၏။ လက်ချောင်းကြီးမှာ ထိုအရောင်အဝါကြောင့် တုန်ရီစပြုလာသည်။

မန်ဟို၏ နီရဲသောအရောင်အဝါကား သူ၏ဝိညာဉ်နှင့် သူ၏မျက်ဝန်းများ၏အရောင်ဖြင့် ထပ်တူကျနေသည်။

အရောင်အဝါပေါ်ထွက်လာလျှင်ချင်း မန်ဟို့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီလာကာ သူ၏အပြင်အားကိုယ်သည် မိုးနှင့်မြေကို စိုးမိုးနိုင်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိသွား၏။ ထိုအဆင့်ကား ... တန်ခိုးရှင်အဆင့်ဖြစ်ချေသည်။

သူ၏အပြင်အားကိုယ် တန်ခိုးရှင်အဆင့်တက်သောအခါ အချိန်စွမ်းအားလှိုင်းတို့ အသက်ဝင်နေသည့် မိုးနှင့်မြေ၏ဂိတ်ပေါက်တစ်ခု ပွင့်သွားသည့်အလားပင်။ တစ်ချိန်တည်းမှာပင် မန်ဟို၏အပြင်အားကိုယ်က ကြယ်တာရာကောင်းကင်အသစ်တစ်ခုအား ဖန်ဆင်းလိုက်သည်။

ထိုကြယ်တာရာကောင်းကင်သည် သူ၏ခန္ဓာကိုယ်ထဲ၌ တည်ရှိပြီး လည်နေသော ဝဲသဖွယ် ဖြစ်လာ၏။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသည်။ ယခုတွင် သူ၏အပြင်အားကိုယ်သည် အဆင့်တက်သွားပြီဖြစ်သည့်အတွက် မိုးနှင့်မြေ ပျက်စီးဆွေးမြည့်သွားလျှင်တောင်မှ သူကတော့ ပျက်စီးဆွေးမြည်တော့မည်မဟုတ်ပေ။

“ထွက်သွားစမ်း” မန်ဟိုက ဟစ်ကြွေးသည်။ သူ၏တန်ခိုးသည် တဟုန်ထိုးမြင့်တက်သွားပြီး သူ၏လက်ဝှေ့ယမ်းမှုက မိုးထစ်ချုန်းသံများ ရိုက်ညောင်းသွားစေ၏။ ဧရာမလက်ချောင်းကြီးမှာ နောက်သို့တွန်းထုတ်ခံလိုက်ရသည့်အပြင် မကြာမီ ပြိုကွဲတော့မည့်လက္ခဏာများပင် ပြစပြုလာသည်။

ဤအခိုက်အတန့်၌ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားပင် မန်ဟို့အား မယှဉ်နိုင်‌တော့ပေ။ သူက ကိုယ်ပွားသာဖြစ်နေစဉ် မန်ဟိုက ကိုယ်အစစ်မဟုတ်ပါလော။

မန်ဟိုသည် အတုမရှိသော တစ္ဆေ၊ နတ်ဘုရားနှင့် နတ်ဆိုးတို့ကဲ့သို့ ဖြစ်တည်မှုတစ်ခု ဖြစ်၏။ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်သာ အနန္တတန်ခိုးရှင်အဆင့်တက်ရောက်ရသေးပြီး တန်ခိုးရှင်အဆင့်ဝိညာဉ်ကင်းမဲ့နေသေးသော်လည်း သူ၏တန်ခိုးသည် သူ့အား လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဖြစ်‌ပေါ်လာသောလက်ချောင်းကို ပြန်တိုက်ခိုက်နိုင်မည့် အဆင့်တစ်ဆင့်သို့ ပို့ပေးခဲ့လေပြီ။ ယခုတွင် မန်ဟိုသည် အသာစီးရရှိသွားပြီဖြစ်၏။

လောကပါလနတ်မင်း၏လက်ချောင်းမှာ ဆက်တိုက်တွန်းထုတ်ခံနေရပြီး မန်ဟိုသည် အဆုံးမဲ့အနီရောင်အလင်းကို ဖြန့်ကျက်လျက် ဟင်းလင်းပြင်၌ ပျံဝဲနေ၏။ သူ မော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက စူးရှတောက်ပနေလေသည်။

“နောက်ထပ်အဆင့်တက်မှာက ငါ့ဝိညာဉ်ပဲ” သူက အင်္ကျီလက်စခါလိုက်ရာ သူ၏ကျင့်ကြံခြင်းအခြေခံသည် ကြောက်ခမန်းလိလိတန်ခိုးရှင်စွမ်းအားဖြင့် ပေါက်ကွဲထွက်လာ၏။ မည်သူမှ ထိုစွမ်းအားကို ရင်ဆိုင်နိုင်မည်မဟုတ်သလို၊ မကြောက်လန့်မိဘဲ နေမည်လည်းမဟုတ်ပေ။ အဆိုပါစွမ်းအားသည် သဘာဝနိယာမနှင့် မှော်ဥပဒေအားလုံး၏အထက်၌ ရပ်တည်သော ....တာအိုအရင်းအမြစ်ပင် ဖြစ်ချေ၏။

မန်ဟို့ပတ်ပတ်လည်ရှိ အရာအားလုံး တွန့်လိမ်ရှုံ့တွနေသည်။ မိုးနှင့်မြေကား သူ့ကို သစ္စာခံခဲ့လေပြီ။

သူ၏ကျင့်ကြံခြင်းအခြေခံ မြင့်တက်နေစဉ် မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ သူ့ပတ်ဝန်းကျင်၏အသက်ဓာတ်များကို စုပ်ယူလိုက်သကဲ့သို့ လေထုအား ကြေမွသွားစေပြီး အရာခပ်သိမ်းအား ခြောက်ကပ်ညှိုးနွမ်းသွားစေ၏။

တစ်ဆက်တည်းမှာပင် သူ၏တန်ခိုးရှင်အဆင့်အပြင်အားကိုယ်က သူ၏ကျင့်ကြံခြင်းအခြေခံနှင့် တစ်သားတည်း သဟဇာတဖြစ်သွားသော ကြောက်ခမန်းလိလိခွန်အားကို ထုတ်လွှတ်လိုက်သည်။ သဟဇာတဖြစ်ခြင်းမှတစ်ဆင့် ပဲ့တင်ရိုက်ခတ်မှုဖြစ်ပေါ်လာသည်။

အဆိုပါပဲ့တင်ရိုက်ခတ်မှုကြောင့် သူ့ဝိညာဉ်က စတင်ပြောင်းလဲလာသည်။ သူ၏အရှိန်အဝါသည် လုံးဝကြက်သေသေဖွယ်အထိ ကြီးထွားလာကာ အရပ်မျက်နှာတစ်ခွင်၌ ကြီးစိုးမင်းမူနေ၏။ အဆုံးသတ်တွင် မန်ဟို၏ဝိညာဉ်သည် အသစ်ဖြစ်ပေါ်လာသကဲ့သို့ ပြောင်းလဲသွားရာ မန်ဟို့အား ရာနှုန်းပြည့်အဆင့်တက်သွားစေတော့သည်။ ထိုအခိုက်တွင် သူ၏အရှိန်အဝါနှင့် သူ့ထံမှ ဖြာထွက်နေသော ကြောက်ခမန်းလိလိလှိုင်းဂယက်များ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ သူကား ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တန်ခိုးအရှိန်အဝါကြီးမားပုံမပေါ်တော့ပေ။ သေမျိုးတစ်ယောက်နှင့်ပင် တူသွားသည်။

သို့ထိတိုင် သူ၏လက်ရှိအခြေအနေကြောင့် သူ၏ရှေးအငွေ့အသက်တို့ မှေးမှိန်သွားပြီး သင်္ချိုင်းကမ္ဘာသည် မူလအတိုင်း ပြန်ဖြစ်သွား၏။ သင်္ချိုင်း၏မြေထုကိုးခု ပြန်ပေါ်လာကာ မိုးကောင်းကင်လည်း ဖြစ်တည်လာသည်။

တဂျုန်းဂျုန်းမြည်သံများ ရိုက်ညောင်းနေသည်။ နဝမမြောက်မြေထုအပေါ်တွင် ဂိုဏ်းချုပ်နှင့် အခြားသူများမှာ လေးစားကြည်ညိုခြင်းတို့ ပြင်းထန်စွာ ဖြစ်ပေါ်လျက် တုန်ရီနေကြသည်။ သူတို့သည် မန်ဟို့ကို မြင်သောအခါ ပါးစပ်အဟောင်းသားနှင့် ဒူးထောက်လိုက်ကြ၏။

“ဂါဝရပြုပါတယ် အနန္တတန်ခိုးရှင်”

“ဂါဝရပြုတော်မူပါတယ် အနန္တတန်ခိုးရှင်” ကျင်ယွင်ရှန်း၏မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်ပြားတမျှ ပြူးကျယ်နေပြီး ရှကျုံတုံးမှာတော့ ချာချာလည်နေသည်။ ပိုင်ဝူချိန်သည် ငေးငိုင်နေ၏။ သုံးယောက်လုံး တုန်လှုပ်နေလေသည်။ မန်ဟို့ထံမှ ဖိအားသည် သူတို့ကို လုံးလုံးလျားလျား လွမ်းခြုံသွားပြီး ဖိအား၏ပြင်းထန်မှုက ကောင်းကင်ဘုံလာအင်အားထက်ပင် ကြီးမား၏။ သူ၏အကြည့်လေးတစ်ချက်က သူတို့ကို ရပ်နေရာမှာတင် ပွဲချင်းပြီးသွားစေနိုင်သယောင်ပင်။

“ဂါဝရပြုပါတယ် တန်ခိုးရှင်” သုံးယောက်လုံး ဒူးထောက်ဂါဝရပြုလိုက်ကြသည်။

“ဂါဝရပြုပါတယ် တန်ခိုးရှင်” ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များလည်း လေးစားကြည်ညိုမှုတို့ တောက်ပနေသော မျက်လုံးများဖြင့် အသက်ပြင်းပြင်းရှူ၍ ဒူးထောက်ကြသည်။

ဤလူတို့သည် နှစ်ပေါင်းအသင်္ချေအတွင်း မည်သူ့ကိုမှ ဒူးမထောက်ခဲ့ဖူးသော အနှစ်သာရ ၉ ခုအဆင့် ကျင့်ကြံသူများဖြစ်ကြ၏။ သို့သော် ယခုတွင် မြေကြီးကို နဖူးဖြင့် တိုက်နေကြလေပြီ။ သူတို့ကား မန်ဟို့ကို အရိုသေဆုံးအပြုအမူဖြင့် ဂါဝရရှိခိုးရန် တွန့်ဆုတ်မနေကြပေ။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်း၌ တန်ခိုးရှင်အဆင့်ကျင့်ကြံသူများသည် ဒဏ္ဍာရီလာအ‌ကျော်အမော်များ ဖြစ်ကြ၏။ သူတို့က မသန့်ရှင်း‌သောကမ္ဘာလောကများကို လက်တစ်ဖက်တည်းဖြင့် ဖျက်စီးနိုင်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။ တန်ခိုးရှင်များသည် အာကာပြင်ကျယ်စကြဝဠာ၏စိတ်ဆန္ဒပင် ဝင်ရောက်မစွက်ဖက်နိုင်သော အနှစ်သာရများဖြစ်ကြပေ၏။

တန်ခိုးရှင်၊ တာအိုအရင်းအမြစ်နယ်ပယ်ဟူသည် သဘာဝနိယာမများနှင့် မှော်ဥပဒေကို လုံးဝမမှီခိုပေ။ ထိုကဲ့သို့ကျင့်ကြံသူများကိုယ်တိုင်ကိုက သဘာဝနိယာမများဖြစ်သည့်အပြင် အနှစ်သာရကိုလည်း မွေးဖွားပေးနိုင်သည်။

သူတို့ကား လုံးလုံးလျားလျား အနှောင်အဖွဲ့ကင်းမဲ့၏။

ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခုပညာရှင်များသာ ဒူးထောက်ဝပ်တွားနေကြခြင်းမဟုတ်ပေ။ အဝေး၌ စောင့်နေသော တစ္ဆေများလည်း မည်သူမှမယှဉ်နိုင်‌သော လေးစားကြည်ညိုမှုတို့ဖြင့် မန်ဟို့အား ကြည့်ပြီးနောက် ဒူးထောက်ဂါဝရပြုကြသည်။

“ဂါဝရပြုတော်မူပါတယ် တန်ခိုးရှင်”

အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်အတွင်းရှိ မရေမတွက်နိုင်သောဖြစ်တည်မှုများ၊ သက်ရှိများ၊ ကမ္ဘာလောကများအားလုံး တုန်ရီနေကြသည်။ သက်ရှိသတ္တဝါတိုင်းသည် သင်္ချိုင်းရှိရာသို့ ကြည့်၍ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

သူတို့ဝိညာဉ်များထဲမှ စေ့ဆော်မှုကြောင့် ထိုသို့အရိုအသေပေးကြခြင်းဖြစ်သည်။ မည်သူ တန်ခိုးရှင်အဆင့်တက်သွားမှန်း သူတို့ မသိသော်လည်း ... ခေါင်းအထက်၌ ကောင်းကင်အသစ် ပေါ်လာသည့်အလား ခံစားလိုက်ကြရ၏။

ရှေးခေတ်မှ မျက်မှောက်ခေတ်တိုင်အောင် ကုန်လွန်သွားခဲ့သောနှစ်ပေါင်းများစွာတစ်လျှောက်လုံး အစစ်အမှန်တန်ခိုးရှင်သုံးယောက်သာ ရှိခဲ့ဖူးသည်။

တစ္ဆေ၊ နတ်ဆိုး၊ နတ်ဘုရား။

သို့သော် ယခုတော့ လေးယောက်‌မြောက် ပေါ်ထွန်းလာခဲ့ချေပြီ။

သူသည် မှော်အစွမ်းများကို ထိန်းချုပ်နိုင်၏။ သူကိုယ်တိုင်က အဆုံးမဲ့နက်ရှိုင်းသော တာအိုဖြစ်ပြီး မိုးနင်းခြေခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထို ‘သူ’ ဆိုသည်ကား .... မန်ဟိုပင်။

ရုတ်တရက် အာကာပြင်ကျယ်စကြဠာ၏ကြယ်တာရာကောင်းကင်၏ စိတ်ဆန္ဒမှ ဖြစ်ပေါ်လာခဲ့သော လက်ချောင်း၊ ယခုလေးတင် ပြိုကွဲသွားခဲ့သောလက်ချောင်းသည် ပြန်လည်ဖြစ်ပေါ်လာ၏။ တစ်ဆက်ဆည်းမှာပင် ကမ္ဘာပေါင်းထောင်ချီ ခြောက်ကပ်ညှိုးနွမ်းသွားသည်။ ၎င်းတို့အတွင်းရှိ သက်ရှိအားလုံး ချက်ချင်း သေဆုံးသွားကြပြီး သူတို့၏အသက်ဓာတ်များမှာ လက်ချောင်းအသစ်အတွက် အစာဖြစ်သွားခဲ့သည်။

လက်ချောင်းကြီးသည် မန်ဟို့အပေါ် ဝုန်းဒိုင်းကြဲထိုးဆင်းလာသဖြင့် ထစ်ချုန်းသံများ ကြားရနိုင်၏။

မန်ဟိုက တည်ငြိမ်အေးဆေးစွာ မော့ကြည့်သည်။ ထို့နောက် ညာလက်ကို မြှောက်၍ လက်ခလယ်ဖြင့် ညွှန်လိုက်သည်။

ထိုအခါ သူ့ကို ဝန်းရံနေသော အနီရောင်အလင်းသည် မိုးပေါ်မြောက်တက်သွားပြီး စက်ဝိုင်းများကဲ့သို့ တဝေါဝေါလည်ကာ .... လောကပါလနတ်မင်း၏လက်ချောင်းကို ယှဉ်နိုင်သော လက်ချောင်းတစ်ချောင်းဖြစ်လာ၏။

လက်ချောင်းကြီးနှစ်ချောင်း ဝင်တိုက်သွားသောအခါ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်ခုလုံး ပြိုကွဲသွားတော့မည့်အလား ထင်ရသည်။ စကားလုံးများဖြင့်ပင် ရေးသားမဖော်ပြနိုင်လောက်အောင် ကြောက်စရာကောင်းသည့် လှိုင်းကြီးတစ်လှုံးက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားသည်။

လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဖြစ်ပေါ်လာသော လက်ချောင်းသည် ပြင်းပြင်းထန်ထန် တုန်ရီပြီးနောက် အလင်းစက်များအဖြစ် ပေါက်ကွဲ၏။ မန်ဟို့အနှစ်သာရလက်ချောင်းလည်း အနီရောင်အလင်းစက်များဖြစ် ပေါက်ကွဲသွားသည်။

လောကပါလနတ်မင်း၏လက်ချောင်း ပြိုကွဲသွားလျှင်ချင်း ပေါ်ပေါက်လာသည့် အလင်းစက်များသည် ရုတ်တရက် မိုးကြိုးတန်းများ ဖြစ်လာ၏။ အဆုံးမဲ့မိုးကြိုးတန်းများက မန်ဟို့အပေါ် ပစ်ချလိုက်သဖြင့် မိုးခြိမ်းသံများ ဆူညံသွားသည်။

ဤသည်မှာ တန်ခိုးရှင်အဆင့်ပြစ်ဒဏ်အဖြစ် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်မှ ပစ်လွှတ်လိုက်သော ပြစ်ဒဏ်မိုးကြိုးပင်။

ထိုမိုးကြိုးများအနက်မှ တစ်တန်းလေးကတင် အနှစ်သာရ ၉ ခုအထွတ်အထိပ်ပညာရှင်တစ်ယောက်ကို အပြတ်ရှင်းပစ်နိုင်၏။ ၎င်းတို့ အစုလိုက်အပြုံလိုက် ကျဆင်းလာနေစဉ် မန်ဟိုက သက်ပြင်းဖွဖွချသည်။

ထို့နောက် သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ‌လက်ချောင်းမှပြိုကွဲသွားခဲ့သည့် အနီရောင်အလင်းစက်များက ဧရာမခေါင်းကြီးတစ်ခေါင်းအဖြစ် စုစည်းသွား၏။

ခေါင်းကြီးသည် တစ်ချောင်းတည်းထိုးထွက်နေသော ချိုကြီးနှင့် တဖျတ်ဖျတ်လက်နေသော အနီရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ ထို့နောက် လာနေသောမိုးကြိုးတန်းများကို မျက်နှာမူလျက် ရက်စက်ကြမ်းကြုတ်စွာ ရယ်ပြီးနောက် ပါးစပ်ဟကာ လေကိုရှိုက်လိုက်၏။

ချက်ချင်းပင် မိုးကြိုးတန်းများမှာ တွန့်လိမ်ကွေးကောက်ကုန်ပြီး ဧရာမခေါင်းကြီး၏ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရတော့သည်။ ခေါင်းကြီးက ကြယ်တာရာကောင်းကင်ကို မော့ကြည့်ပြီးနောက် အရွယ်အစားချုံ့ကာ မန်ဟို့လက်ဝါးအပေါ် ပျံသန်းသွားပြီးနောက်ဆုံး၌ လည်နေသောဝဲတစ်ဝဲ ဖြစ်လာသည်။

ဝဲသည် လက်အရွယ်မျှသာရှိသော်လည်း ကိုယ်ပိုင်ကြယ်တာရာ‌ကောင်းကင်နှင့် ကြယ်တာရာများစွာကို ပိုင်ဆိုင်ထားသည့်အလား ၎င်း၏အနက်ကား အဆုံးမရှိသယောင်ပင်။

အရာအားလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားသည် မန်ဟို့လက်ထဲရှိ ဝဲကို လေးနက်စွာ ကြည့်နေ၏။ တစ်ချိန်တည်းမှာပင် သင်္ချိုင်း၏ကောင်းကင်ထဲ၌ အရိပ်တစ်ခု ပေါ်လာသည်။

အရိပ်သည် ကောက်ကြောင်းမျှသာဖြစ်ပြီး ၎င်းအတွင်း၌ သစ်သီး ၉၈ လုံးကို မြင်ရနိုင်သည်။ ၎င်းကား ... အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ မိစ္ဆာတိုင်ထဲတွင် မန်ဟို မြင်ခဲ့ရသော ဖြစ်တည်မှုပင် ဖြစ်သည်။

ထိုအရိပ်သည် အာကာပြင်ကျယ်စကြဝဠာ၏စိတ်ဆန္ဒမှ ပြန်လည်တည်ဆောက်ပေးနေ‌‌သော ကိုယ်အစစ်မှတစ်ပါး အခြားမဟုတ်ပေ။

သူ ဘယ်အချိန်တုန်းက ပေါ်လာခဲ့မှန်း မပြောတတ်သော်လည်း ထိုနေရာတွင် ပျံဝဲနေစဉ် မန်ဟို့ကို ငုံ့ကြည့်နေ၏။ အထူးသဖြင့် မန်ဟို့လက်ထဲရှိ ကြယ်တာရာကောင်းကင်ဝဲအား အာရုံစိုက်နေသယောင် ရှိသည်။

မန်ဟိုက အရိပ်ကို မော့ကြည့်သည်။

အတန်ကြာသော် အရိပ်ကောက်ကြောင်းက အေးစက်စက် ပြောသည်။ “ဘိုးဘေးတစ်ပိုင်း....”

မန်ဟို့ကို နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် ကောက်ကြောင်းသည် ပျောက်ကွယ်သွား၏။

“ဘိုးဘေးတစ်ပိုင်း....” မန်ဟိုက ပြုံးသည်။ သူ၏ကျင့်ကြံခြင်းအခြေခံ၊ အပြင်အားကိုယ်နှင့် ဝိညာဉ်တို့အားလုံး တန်ခိုးရှင်အဆင့်တက်သွားမှ .... အမှန်တရားကို သူ သဘော‌ပေါက်ခဲ့သည်။ တန်ခိုးရှင်အဆင့်ပတ်သက်လျှင် .... တာအိုအရင်းအမြစ်နယ်ပယ်သာလျှင် တစ်ခုတည်းသောနယ်ပယ်မဟုတ်ပေ။

ဘိုးဘေးဆိုသည့် နောက်နယ်ပယ်တစ်ခု ရှိသေးသည်။

ယင်းက တန်ခိုးရှင်အဆင့်၏အထွတ်အထိပ်ဖြစ်၏။ မန်ဟိုကမူ အဆင့်တက်တုန်းက တာအိုအရင်းအမြစ်နယ်ပယ်၏ မဟာစက်ဝန်းအထိ တောက်လျှောက်တက်သွားခဲ့လေသည်။ အမှန်တွင် ထို့ထက်ပင်ကျော်လွန်သွားသဖြင့် ဘိုးဘေးတစ်ပိုင်းဖြစ်သွားခဲ့သည်။

ဘိုးဘေးနယ်ပယ်သို့ ရောက်လျှင် ... ထိုလူ၏ကိုယ်ထဲ၌  ကြယ်တာရာကောင်းကင်တစ်ခု၊ ကမ္ဘာတစ်ခု ပေါ်လာလိမ့်မည်။

မြေထုကိုးခုလုံး တိတ်ဆိတ်နေသည်။ မန်ဟိုသည် အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားကို လှမ်းကြည့်ပြီးနောက် လက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်၏။

“ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်”

မန်ဟိုသည် ထို့ထက်ပိုမပြော။ သို့ရာတွင် အာကာပြင်ကျယ်ဂိုဏ်းချုပ်မှ ပေးခဲ့သော အကူအညီကို သူ ဘယ်‌တော့မှမေ့မည်မဟုတ်သလို၊ သူ၏ဂါဝရပြုမှုသည် ရိုးသားမှုနှင့် ကျေးဇူးတင်မှုကို ကိုယ်စားပြု၏။

အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားက မန်ဟို့ကို မျက်နှာသေဖြင့် ကြည့်သည်။

“မင်းအရှေ့က လူသုံးယောက်ဟာ ထွက်သွားခဲ့တာကြာပြီ” သူက အေးစက်စက် ပြောသည်။ “ပြန်လာတော့ပြန်လာကြပေမယ့် ထပ်ထွက်မသွားခင် နည်းနည်းပါးပါး အခြေအနေလာကြည့်တာလောက်ပဲ။ သူတို့နေထိုင်တဲ့ အနန္တစကြဝဠာနဲ့ယှဉ်ရင် ဒီနေရာဟာ သေးနုပ်လွန်းတယ်

“ငါက ကိုယ်ပွားသက်သက်ပဲ ။ ငါ့နေ့ရက်တွေဟာလည်း အကန့်အသတ်ရှိတယ်။ အလွန်ဆုံး နောက်နှစ်တစ်သောင်းပဲ ခံတော့မှာ။ ပြီးရင် ပျောက်ကွယ်သွားလိမ့်မယ်။ ဒါပေမဲ့ ငါ့ရဲ့မွေးရပ်မြေမှာ လေးယောက်မြောက်တာအိုရောင်ရင်း အဆင့်တက်သွားတာကို မျက်မြေတွေ့ခွင့်ရတာ အင်မတန်ကံထူးတာပဲ” အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ကိုယ်ပွားသည် ပြုံးပြီးနောက် ပလ္လင်အပေါ် ပြန်တက်သွား၏။ ကျောက်တုံးကျောက်ခဲများလည်း လေပေါ်မြောက်တက်သွားပြီး သူ့ကို လွှမ်းခြုံလျက် ဧရာမရုပ်တုကြီး ပြန်ဖြစ်သွားသည်။ မကြာမီ ရုပ်တုကြီးသည် သူ၏မွေးရပ်မြေကို ယခင်အတိုင်း ငေးကြည့်နေတော့၏။

All Chapters