အနန္တစကြဝဠာ
Vol. 110 Ch. 1538
စိစိညက်ညက် ကြေမွပြာကျသွားခဲ့သော ပထမမြေထုမှ အဋ္ဌမမြေထုအထိ မြေပြင်အားလုံး နဂိုအတိုင်း ပြန်လည်ဖြစ်ပေါ်လာကြသည်။ သင်္ချိုင်းထဲရှိ အရာအားလုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြ၏။
မန်ဟိုက နောက်တစ်ကြိမ် လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးသည်။ ယခုတွင် သူသည် တစ္ဆေများအား သူ့အတွက် တိုက်ခိုက်ခိုင်းလိုစိတ် မရှိတော့ပေ။ ထိုသို့မလုပ်နိုင်ခြင်းမဟုတ်၊ ထိုလုပ်ရပ်က မမှန်ကန်သည့်အတွက်ကြောင့်ပင်။
ဤနေရာသည် တစ္ဆေများ၏အိမ် ဖြစ်သည်။ ဤနေရာတွင် သူတို့ မွေးသည်။ ဤနေရာတွင် သေခဲ့ကြသည်။ ၎င်းက သူတို့မခွဲခွာသင့်သော နေရာတစ်နေရာပင်။
မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် နောက်ပြန်လှည့်၍ အင်္ကျီလက်စခါကာ ဂိုဏ်းချုပ်နှင့်အခြားသူများကို သယ်လိုက်သည်။ ထို့နောက် ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး နေရာရွှေ့ပြောင်းခြင်းမုခ်ဝမလိုဘဲ သင်္ချိုင်းအပြင်သို့ ချက်ချင်း ရောက်သွား၏။
အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲတွင် ပြန်ပေါ်လာလျှင်ချင်း သူ့ကို တွန်းနေသော ကြောက်ခမန်းလိလိနှင်ထုတ်ခြင်းစွမ်းအားကို မန်ဟို ခံစားလိုက်ရသည်သာမက လောကပါလနတ်မင်း၏အသံကိုပင် ကြားလိုက်ရသည်။
“ထွက်သွား ထွက်သွား ထွက်သွား.... ဒီနေရာက ထွက်သွားစမ်း”
မန်ဟိုက ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်သည်။ နှင်ထုတ်နေသောအတွေ့အထိသည် ပြင်းထန်၏။ အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်အတွင်းရှိ သဘာဝနိယာမအားလုံး၊ မှော်ဥပဒေအားလုံး သူ့ကို နှင်ထုတ်ဖို့ ကြိုးစားနေကြလေသည်။
တန်ခိုးရှင်ဖြစ်သောသူသည် အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင် လက်မခံနိုင်သည့်အရာ ဖြစ်၏။ သူက သူ,ရပ်လိုက်သောနေရာတိုင်းရှိ အနှစ်သာရအားလုံး၊ သဘာဝနိယာမအားလုံးနှင့် မှော်ဥပဒေအားလုံးကို အစားထိုးနေရာယူလိုက်သည်မဟုတ်ပါလော။
မှန်သည်၊ ယင်းက ပဋိပက္ခတစ်ခု ဖြစ်ပေါ်စေသည်။
မန်ဟိုသည် ကြယ်တာရာကောင်းကင်မှအကြည့်လွဲ၍ ဂိုဏ်းချုပ်နှင့်ကျန်ရှိသူများကို လှည့်ကြည့်၏။ သူတို့အားလုံး အသက်ရှူမှားနေကြပြီး သူ သူတို့ကို ကြည့်လိုက်သည်နှင့် ကပျာကယာ ဦးညွတ်လိုက်ကြသည်။
“ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ ကြီးမြတ်သောအရှင်”
ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေစဉ် ဖြစ်တည်မှုအားလုံးသာမက ကြယ်တာရာကောင်းကင်ပင် သူ့အတွေးထဲ၌ ရှိနေကြောင်း မန်ဟို သတိထားမိသွားသည်။
ယခင်က အာကာပြင်ကျယ်စကြဝဠာသည် အတိုင်းအဆမဲ့၍ အဆုံးမရှိသယောင် ထင်ခဲ့ရသော်လည်း ယခုမူ ၎င်း၏ဘောင်အကန့်အသတ်များအထိ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်နိုင်လိုက်ချေပြီ။
မှန်သည် ၊ ဘောင်များသည် အလွန်ဝေးကွာလွန်းသဖြင့် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပင် တစ်ဘဝအတွင်း ရောက်အောင်သွားနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ အာကာပြင်ကျယ်စကြဝဠာ၏ကြယ်တာရာကောင်းကင်မှာ အဆုံးမဲ့၏ ဟုပြောလျှင် မမှားပေ။
ယခင်တုန်းက မန်ဟို သတိပြုနိုင်စွမ်းမရှိခဲ့သော တစ်စုံတစ်ခုရှိသည်.... ယင်းကား မရေမတွက်နိုင်သော အက်ကွဲကြောင်းများပင်။
တချို့က ကြီးသည်၊ တချို့က သေးသည်။ အားလုံးသည် ကြယ်တာရာကောင်းကင်၌ ပြည့်နေပြီး ပျက်စီးဆွေးမြည့်ခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေ၏။ အဆိုပါအငွေ့အသက်များက အာကာပြင်ကျယ်စကြဝဠာကို ဖုံးလွှမ်းနေသော မြူများ၏ဇစ်မြစ်ဖြစ်ပေသည်။
ထိုပျက်စီးဆွေးမြည့်မှုသည် အို၊နာ၊သေဘေး၏ ရှေ့ပြေးနိမိတ်ဖြစ်သည်။
ဤကြယ်တာရာကောင်းကင်ကား အိပ်ရာထဲလဲနေသော သေခါနီးအဘိုးအိုတစ်ယောက်သဖွယ် သေဆုံးခါနီးလေပြီ။ သို့သော် ကြယ်တာရာကောင်းကင်သည် မသေချင်သေး၍ ယခုလိုဖြစ်ပျက်နေခြင်း ဖြစ်၏။ ဤအခိုက်အတန့်၌ မန်ဟို အားလုံးနားလည်သွားသည်။
သူသာ စိတ်ရှိလျှင် ... စကြဝဠာအစစ်ထဲ ဝင်ရောက်ဖို့ အာကာပြင်ကျယ်မှ ထွက်သွားနိုင်သည်။
အမှန်တွင် မန်ဟိုသည် အတိတ်တုန်းက အပြင်ရောက်ခဲ့ဖူး၏။ သူက ရုတ်တရက် သူ၏နတ်ဘုရားအာရုံကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်ပြီးနောက် နှင်ထုတ်ခြင်းစွမ်းအားကို ဖိနှိပ်လိုက်သည်။ ထို့နောက် နတ်ဘုရားအာရုံအား တန်ခိုးရှင်များသာ မြင်နိုင်သော အက်ကွဲကြောင်းများထဲ ဝင်ရောက်သွားစေသည်။ ထိုအခါ အာကာပြင်စကြဝဠာ၏အပြင်ကို သူ မြင်လိုက်ရ၏။
တိတ်ဆိတ်ခြောက်ကပ်နေသော ဟင်းလင်းပြင်တစ်ခု.....
တန်ခိုးရှင်အဆင့်မတက်ခင်တုန်းက သူသည် ဤမြင်ကွင်းက လှပပြီး စည်ကားသောနေရာတစ်နေရာဖြစ်ခဲ့ဖူးသည်ဆိုသော ခံစားချက်အပြင် တခြားထူးထူးခြားခြား မခံစားခဲ့ရပေ။
ယခုတွင် ထိုခံစားချက်သည် ပိုမိုအားကောင်းလာ၏။ တစ်ခါတုန်းက ဤနေရာ၌ တည်ရှိခဲ့ဖူးသော သက်ရှိတို့၏အရိပ်အယောင်များကိုပင် သူ သတိထားမိလိုက်သည်။ အာကာပြင်ကျယ်စကြဝဠာအပြင်ရှိ တိတ်ဆိတ်ခြောက်ကပ်မှုအပေါ် အခြေခံ၍ လောကပါလနတ်မင်း အိုမင်းမလာခင်တုန်းက .... ဤနေရာတွင် မရေမတွက်နိုင်သော ဂြိုဟ်များ၊ ကမ္ဘာလောကများ ရှိခဲ့လိမ့်မည်။
ဆထက်တိုး ပွားများလာသော သက်ရှိအသွင်ပေါင်းများစွာ ရှိခဲ့လိမ့်မည်။ သို့သော် လောကပါလနတ်မင်း၏စိတ်ဆန္ဒ အိုမင်းလာသည့်အခါ ကြယ်တာရာကောင်းကင်သည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ဧရိယာမှအစပြု၍ ခြောက်ကပ်လာခဲ့လိမ့်မည်။
ဂြိုဟ်များ ပြိုကွဲကြေမွခဲ့မည်။ အရာအားလုံး သေဆုံးသွားခဲ့ပြီး အပျက်အစီးများ၏အလယ်၌ ... တိုင်ငါးတိုင်သာ ကျန်ခဲ့လေသည်။
သေခြင်းအငွေ့အသက်များကို တခဏစူးစမ်းပြီးနောက် မန်ဟိုသည် သူ၏နတ်ဘုရားအာရုံကို ပို၍ဝေးဝေးသို့ ဖြန့်ကျက်လိုက်၏။ မကြာမီ ၎င်းက အာကာပြင်ကျယ်၏ အပြင်ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုအခါ အကွဲကြောင်းများထဲတွင် အတားအဆီးတစ်ခုကို သူ သတိထားမိလိုက်သည်။ တန်ခိုးရှင်မဟုတ်သော ကျင့်ကြံသူများသည် တစ်ဘဝလုံး ကြိုးစားလျှင်တောင်မှ ထိုအတားအဆီးကို ဖြတ်နိုင်မည်မဟုတ်သော်လည်း တန်ခိုးရှင်များအတွက်မူ အသက်ရှူသလို လွယ်ကူပေသည်။
တခဏကြာသော် မန်ဟို၏နတ်ဘုရားအာရုံသည် ကြယ်တာရာကောင်းကင်အသစ်တစ်ခုကို မြင်သွား၏။ ချက်ချင်း သူ့မှာ ရင်တဒိန်းဒိန်းခုန်စပြုလာတော့သည်။
သူ ကြည့်နေသောအရာကမှ .... အနန္တစကြဝဠာဟု အမှန်တကယ် ခေါ်ထိုက်ပေသည်။
သူ၏နတ်ဘုရားအာရုံဖြင့်ပင် ၎င်း၏ဘောင်အကန့်အသတ်များကို မမြင်ရပေ။ ထိုနေရာမှာ ဝဲများ၊ ဂြိုဟ်တာရာများ၊ ကြယ်အစုအဝေးများအပြည့်ဖြင့် ပြိုးပြုးပြက်ပြက် လင်းလက်တောက်ပနေသည်။
တချို့သည် မှေးမှိန်သည်၊ တချို့က လင်းလက်သည်။ တချို့က ခြောက်ကပ်သေဆုံးနေကြသည်။ တချို့ကတော့ လောလောလတ်လတ်ကမှ မွေးဖွားလာခဲ့ပုံရသည်။
မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာကို ပြန်လှည့်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများက ဉာဏ်အလင်းဖြင့် ကွန့်မြူးတောက်ပလာ၏။
“အာကာပြင်ကျယ်ဂိုဏ်းချုပ်ရဲ့ကိုယ်ပွား ပြောတဲ့ .... အနန္တစကြဝဠာဆိုတာ ဒါကိုး။ အာကာပြင်ကျယ်စကြဝဠာဟာ စကြဝဠာအစစ်မဟုတ်ဘူး။ ဒီအနန္တစကြဝဠာကြီးထဲက ကြယ်ဝဲဂယက်လေးတစ်ဝဲသက်သက်ပဲ”
အာကာပြင်ကျယ်လောကမှာ အနန္တစကြဝဠာ၏ သေးငယ်သောအစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ပေသည်။
အနန္တစကြဝဠာကို ပဲတောင့်တစ်တောင့်အဖြစ် ဥပမာပြုလျှင် အာကာပြင်ကျယ်လောကသည် ပဲ့တောင်၏အစေ့များအနက်မှ တစ်စေ့သာ ဖြစ်၏။
အပြင်ဘက်အနန္တစကြဝဠာထဲတွင် အရာအားလုံး တိတ်ဆိတ်နေသည်။ အာကာပြင်ကျယ်လောကကဲ့သို့ ကြယ်ဝဲဂယက်အမြောက်အမြာက်များကိုလည်း မြင်လိုက်ရပြီး ၎င်းတို့အထဲ၌ ကိုယ်ပိုင်ကမ္ဘာလောကများ ပြည့်နှက်နေကြောင်း ပြောနိုင်သည်။
“ငါ့အရှေ့က တန်ခိုးရှင်အဆင့်တက်သွားတဲ့သူတွေအကုန် အနန္တစကြဝဠာထဲကို ထွက်သွားကြပြီ” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ကြယ်ဝဲတစ်ဝဲစီသည် လောကတစ်ခုကို ကိုယ်စားပြုပြီး တန်ခိုးရှင်အဆင့်တက်မှသာ ထိုလောကမှ ထွက်သွားခွင့်ရှိလေသည်။
အနန္တစကြဝဠာထဲတွင် သက်ရှိဖြစ်တည်မှုပေါင်းမည်မျှ တည်ရှိနေသလဲ မပြောနိုင်သော်လည်း သေချာပေါက် တခြားတန်ခိုးရှင်များရှိကြောင်း စိတ်ကူးကြည့်နိုင်သည်။ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်မှ ထွက်သွားခဲ့သော အရေအတွက်ထက် များနိုင်သည်။ သို့သော် အနန္တစကြဝဠာတစ်ခုလုံးနှင့်ယှဉ်လျှင် ထိုကဲ့သို့လူများမှာ .... ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုများလို မယုံနိုင်လောက်အောင် ရှားပါးနေဦးမည်သာ။
မန်ဟိုသည် အနန္တစကြဝဠာကို ကြည့်နေစဉ် ထွက်သွား၍ စူးစမ်းလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာ၏။ ထိုနေရာတွင် သူ လျှောက်လှမ်းဖို့ ပိုရှည်လျားသော လမ်းတစ်လမ်း သေချာပေါက် ရှိလိမ့်မည်။
နှစ်ပေါင်းများစွာ ကြာလျှင်တော့ တစ္ဆေ၊ နတ်ဘုရားနှင့် နတ်ဆိုးတို့ကို သူ တွေ့နိုင်ကောင်းတွေ့နိုင်လိမ့်မည်.........
အဆုံးသတ်တွင် မန်ဟိုသည် သူ၏နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်း၍ စူးစမ်းလိုစိတ်များကို မြိုသိပ်လိုက်၏။ အာကာပြင်ကျယ်စကြ၀ဠာအတွင်း၌ လက်စမသတ်ရသေးသော အလုပ်များစွာ ရှိနေသေးသည်မဟုတ်ပါလော။
ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီးနောက် သူ၏မျက်လုံးများက လင်းလက်စွာ တောက်ပလာသည်။ သူ၏အသွင်အပြင်က လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တာချင်းတောင်ပေါ်တွင် ရပ်နေခဲ့သည့် စာပေသမားလုလင်လေးအလားပင်။ ယခုတွင် သူသည် တန်ခိုးရှင်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သဖြင့် သူ၏မျက်နှာပေါ်၌ ဇရာ၏အရိပ်အယောင်ဟူသမျှ မရှိတော့ပေ။ သို့သော် သူ၏ရှေးဆန်သောအကြည့်က ပို၍ပင် နက်နဲသိမ်မွေ့လာ၏။
မန်ဟိုသည် ဂိုဏ်းချုပ်တို့ သူ့အား ရိုရိုကျိုးကျိုး ဂါ၀ရပြုလိုက်သည်ကို ကြားလိုက်ရ၏။ ကြည့်ရခြင်းအားဖြင့် ယခုတွင် သူ့အတွက် အချိန်စီးကြောင်း၏ စီးဆင်းမှုက ခြားနားသွားပုံပင်။ သူ၏နတ်ဘုရားအာရုံကို အနန္တစကြ၀ဠာထဲသို့ ဖြန့်ကျက်လိုက်သည့် အခိုက်အတန့်မှ ပြန်ရောက်လာသည့် အခိုက်အတန့်အထိ စကားလေးတစ်ခွန်းပြောရန် အချိန်သာကုန်သွားခဲ့သည်။
“ဂုဏ်ယူ၀မ်းမြောက်ကြောင်းပါ ကြီးမြတ်သောအရှင်” ဟူသော စကားလုံးများက ပဲ့တင်ထပ်နေဆဲ ရှိသေးစဉ် မန်ဟိုက တောင်ပင်လယ်လိပ်ပြာရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
“ငါ့ကို မိစ္ဆာဘုရင်လို့ ခေါ် ပါ“ မန်ဟိုက အေးစက်စက်ပြောသည်။
ဂိုဏ်းချုပ်နှင့် အခြားသူများ တုန်ရီသွားကြ၏။ သူတို့က ခေါင်းငုံ့ရင်း ဂါ၀ရပြုလိုက်ကြသည်။ “ဂါ၀ရပြုပါတယ် မိစ္ဆာဘုရင်”
လူတိုင်း ဂါဝရပြုနေကြစဉ် ကျင်ယွင်ရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူသည် တန်ခိုးရှင်အဆင့်မတက်နိုင်ခဲ့သော်လည်း မန်ဟိုကတော့ အောင်မြင်ခဲ့၏။ သို့ဖြစ်၍ သူ တန်ခိုးရှင်အဆင့်တက်နိုင်မည့် မျှော်လင့်ချက်သည် မန်ဟိုနှင့်သက်ဆိုင်နေကြောင်း ကျင်ယွင်ရှန်း ဒက်ခနဲ သဘောပေါက်လေသည်။
ထိုမျှသာမက သူနှင့်မန်ဟို၏တန်ခိုးမှာ မည်မျှကွာဟနေကြောင်း သူ ခံစားရသည်။ မန်ဟို၏စကားလေးတစ်ခွန်းက သဘာဝနိယာမကို ပြောင်းလဲနိုင်သည့်အလား။ မန်ဟို၏အတွေးလေးတစ်ချက်က အနှစ်သာရဖြစ်လာနိုင်သည့်အလား။ မန်ဟို၏အပြုအမူလေးတစ်ခုက ကြယ်တာရာကောင်းကင်တစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေနိုင်သည့်အလားပင်။
သူ့အမြင်အရ ယခုတွင် မန်ဟိုသည် ဒဏ္ဍာရီလာအာကာပြင်ကျယ်ဂိုဏ်းချုပ်နှင့် တန်းတူဖြစ်သွားခဲ့လေပြီ။ ကျင်ယွင်ရှန်းမှာ သူနှင့်မန်ဟို နှစ်ယောက်ကြား မိုးနှင့်မြေပမာ ကွာခြားနေမှုကြောင့် သူ့အနေဖြင့် အနှေးနှင့်အမြန် တန်ခိုးရှင်အဆင့်တက်နိုင်မည်မဟုတ်ဟုလည်း ခံစားနေရသည်။
“ကြီးမြတ်သော မိစ္ဆာဘုရင်ခင်ဗျား” သူက ပြောသည်။ “အရှင်မင်းမြတ်ရဲ့ တပ်မှူးအဖြစ် ကျွန်တော်မျိုး သစ္စာခံချင်ပါတယ်။ အာကာပြင်ကျယ်ကျောင်းတော်ကို ဦးဆောင်ပြီး အင်မော်တယ်နတ်ဘုရားကုန်းမြေနဲ့ နတ်ဆိုးကုန်းမြေကို ကျွန်တော်မျိုး သုတ်သင်ပေးပါ့မယ်”
ဂိုဏ်းချုပ် ရင်တုန်သွားသည်။ သူလည်း ထိုနည်းတူ ကပျာကယာ လျှောက်လှဲလိုက်ကြ၏။ ကျန်ရှိသူများလည်း အလားတူပင်။
အင်မော်တယ်ပိုင်ဝူချိန်သည် တုန်ရီစွာဖြင့် ရှေ့တက်ကာ ဝပ်တွားအရိုအသေပေး၏။ “အို ကြီးမြတ်လှသော အရှင် ကျွန်တော်မျိုးမ အရှင့်အတွက် ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ပါပဲ။ နောက်ဆုံးကျရင် ... အရှင် ကျွန်တော်မျိုးမကို အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်မှာရှိတဲ့ အိမ်ကို ပြန်ပို့ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်”
သူမက မန်ဟို့ကို မျှော်လင့်ချက်များဖြင့် ကြည့်လေသည်။
မန်ဟိုက ပြန်မဖြေခင် သူမအား ပြန်ကြည့်သည်။ “အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်ကို မင်း တကယ်ပြန်သွားချင်တာလား”
“အရှင်” သူမက ပြန်ဖြေသည်။ “ကျွန်တော်မျိုးမကို ကူညီပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်မျိုးမဟာ အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်က အာကာပြင်ကျယ်အဖွဲ့အစည်းမှာ မွေးဖွားခဲ့တာပါ။ ကျွန်တော်မျိုးမရဲ့ မိသားစု၊ မိတ်ဆွေတွေအားလုံးက .... အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်ဘက်မှာပါရှင်” မန်ဟို့ကို ကြည့်နေသော သူမ၏မျက်ဝန်းများသည် တောင်းပန်ခယနေသယောင် ရှိ၏။
မန်ဟိုက သက်ပြင်းဖွဖွချသည်။ ပိုင်ဝူချိန်၏မှတ်ဉာဏ်များမှာ အတုအယောင်များသာ ဖြစ်လေသည်။ အမှန်တွင် အာကာပြင်ကျယ်အဖွဲ့အစည်းမှ အာကာပြင်ကျယ်ဂြိုဟ်ပေါ် ဆင်းသက်လာခဲ့သူတိုင်း လောကပါလနတ်မင်း၏စိတ်ဆန္ဒကြောင့် မှတ်ဉာဏ်များပြောင်းလဲသွားခဲ့ရသည်။ ထိုစိတ်ဆန္ဒက ဤလူများကို အသုံးချခဲ့ခြင်းဖြစ်ပေသည်။
ဟန်ပေ့လည်း ပါဝင်၏။ ဘာကြောင့်လဲဆိုသည်ကိုတော့ မန်ဟို မသေချာ။ သို့သော် အာကာပြင်ကျယ်ဂြိုဟ်နှင့် တစ်ခုခုပတ်သက်နေသည်ကတော့ သေချာသည်။
“အကုန်လုံး ပြီးဆုံးသွားတာနဲ့” သူက အေးစက်စက် ပြောသည်။ “အာကာပြင်ကျယ်စကြဝဠာအပြင်ကို မင်းတို့ သွားချင်ကြသေးတယ်ဆိုရင် ငါ ကူညီပေးမယ်” ထို့နောက် သူက ဖမ်းဆုပ်ဟန်လုပ်လိုက်ရာ ဝိညာဉ်မျှင်တစ်မျှင် သူ့လက်ထဲ၌ ပေါ်လာသည်။
၎င်းက နဖူးပေါ်၌ တတိယမျက်လုံးရှိသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ ပေါ်လာသည့်အခါ သူသည် ကတုန်ကယင်ဖြင့် မန်ဟို့အား ချက်ချင်း ဒူးထောက်ဂါဝရပြုသည်။ သူ့မှာ စကားလေးတစ်ခွန်းပင် မပြောဝံ့သယောင်ပင်။
ထိုဝိညာဉ်ကား .... အာကာပြင်ကျောင်းတော်၏ နဝမပါရာဂွန်အစစ် ဖြစ်လေသည်။