← Chapters

အသားဂျယ်လီကို အသက်ပြန်သွင်းမယ်

Vol. 110 Ch. 1539

အသားဂျယ်လီကို အသက်ပြန်သွင်းမယ်

Vol. 110 Ch. 1539

နဝမပါရာဂွန်အစစ်နှင့် တိုက်ခိုက်ခဲ့တုန်းက မန်ဟိုသည် သူ့အား နောင်ကျအလွှတ်ပေးမည်ဟု ကတိ‌ပေးခဲ့၏။ ယခုတွင် ထိုကတိအတိုင်း လုပ်ဆောင်နေလေပြီ။ လက်ချောင်းကို ဝှေ့ယမ်းလိုက်ခြင်းဖြင့် ဗလနတ္ထိမှ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းကား ... နဝမပါရာဂွန်အစစ်၏ဝိညာဉ်အတွက် အပြင်အားကိုယ်အသစ်ပင်။

ကျန်ရှိသူများမှာ မြင်လိုက်ရသောအရာကြောင့် တုန်လှုပ်သွားကြပြီး တန်ခိုးရှင်ဖြစ်လိုစိတ်တို့ ပို၍ပင်ပြင်းပြလာကြတော့သည်။

“ကျေးဇူးအများကြီးတင်ကြောင်းပါ အရှင်” နဝမပါရာဂွန်က စိတ်လည်းလှုပ်ရှား၊ အောင့်သက်သက်လည်း ဖြစ်လျက် ဟစ်ကြွေးလိုက်သည်။ သူသည် မိုးကောင်းကင်မှ သက်ဆင်းပြီးနောက် ထင်ရှားကျော်ကြားလာလိမ့်မည်ဟု အပိုင်တွက်ခဲ့၏။ သူ့ဝိညာဉ်မှာ မန်ဟို၏ချိတ်ပိတ်ခြင်းခံခဲ့ရသည့်အပြင် မန်ဟိုက သူ့နာမည်ဖြင့် အင်အားကြီးမားလာလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်ခဲ့မည်နည်း။

နှစ်နှစ်ထောင်အတွင်း မန်ဟိုက တန်ခိုးရှင်အဆင့်တက်ခဲ့သည့်တိုင် သူကတော့ အနှစ်သာရ ၉ ခုအဆင့်တွင်သာ ကျန်ရစ်သေးသည်။

သို့သော် နဝမပါရာဂွန်သည် မကျေမနပ်မဖြစ်ဘဲ ဒူးထောက်ကာ ထပ်ခါတလဲလဲ ဂါဝရပြုနေ၏။

မန်ဟိုက ပါရာဂွန်များကို ကြည့်ကာ ပြောသည်။ “ငါနဲ့အတူ လိုက်လိုတဲ့ ဘယ်သူမဆို နောက်လဝက်နေရင် အာကာပြင်ကျယ်ဂြိုဟ်ရဲ့အပြင်မှာ လာတွေ့နိုင်တယ်”

ထို့နောက် မန်ဟိုသည် အင်္ကျီလက်စခါ၍ ရှေ့တစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။

အကုန်လုံး ထရပ်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အားလုံးမှာ စောစောက အဖြစ်အပျက်ကြောင့် သိသိသာသာ တုန်လှုပ်နေကြလေသည်။ တခဏကြာသော် သူတို့သည် အာကာပြင်ကျယ်ဲဂြိုဟ်ရှိရာသို့ ထွက်သွားသော အလင်းတန်းများအသွင် ပြောင်းသွား၏။

မန်ဟိုက အာကာပြင်ကျယ်စကြဝဠာထဲသို့ တစ်ယောက်တည်းထွက်လာသည်။ သူသည် မှတ်ဉာဏ်များနောက်လိုက်ရင်း အသားဂျယ်လီကြောင့် နေရာရွှေ့ပြောင်းလာနိုင်ခဲ့သည့် တောင်ပင်လယ်လိပ်ပြာအနားရှိ နေရာသို့ ပြန်ရောက်သွားသည်။

ထို့နောက် ကြက်တူရွေး၏မှတ်ဉာဏ်များအပေါ် အခြေခံ၍ ကြေးမီးအိမ်နှင့် သူ ပေါင်းစည်းခဲ့သောနေရာကို စတင်လိုက်ရှာသည်။ သူ ရှာလိုသည့်နေရာမှာတော့ ... အသားဂျယ်လီ၏အရှိန်အဝါ နောက်ဆုံးပျောက်ကွယ်သွားခဲ့သည့်နေရာပင်။

ထိုနေရာမှာ အာကာပြင်ကျယ်၏ ကြယ်တာရာကောင်းကင်ထဲ၌ ဖြစ်ပွားခဲ့သောအဖြစ်အပျက်ဆီ ပြန်သွား၍ အသားဂျယ်လီကို အသက်ပြန်သွင်းနိုင်မည်ဟု သူ ယုံကြည်ချက်အရှိဆုံးသောနေရာ ဖြစ်သည်။

အရှိန်အဝါကို ရှာတွေ့လျှင် လောကပါလနတ်မင်း၏စိတ်ဆန္ဒလက်တွင်းမှ အသားဂျယ်လီ၏ဝိညာဉ်ကို လုယူရလိမ့်မည်။

နာရီအနည်းငယ်ကြာသော် မန်ဟိုသည် ရှာနေသောနေရာသို့ ရောက်ရှိသွားပြီး သူ့မျက်လုံးများမှာ ဝမ်းနည်းနေသလို၊ မျှော်လင့်ချက်တို့လည်း ပြည့်နှက်နေသည်။

ဤနေရာက ချပ်ဝတ်တန်ဆာအသွင်ဖြင့် အသားဂျယ်လီ သူ့ကို ကာကွယ်ပေးရင်း သေဆုံးသွားခဲ့သော နေရာဖြစ်ကြောင်း မန်ဟို ပြောနိုင်၏။

မန်ဟိုသည် ညာလက်ဖြင့် ဖမ်းဆုပ်ဟန်လုပ်လိုက်ရာ ချပ်ဝတ်ရုပ်ကြွင်း ပေါ်လာ၏။ ကြက်တူရွေးလည်း မန်ဟိုနည်းတူ ဝမ်းနည်းပြီး မျှော်လင့်နေသော အမူအရာဖြင့် ပျံထွက်လာသည်။

မန်ဟိုက အသားဂျယ်လီ သေဆုံးခဲ့သောနေရာအရှေ့၌ ချပ်ဝတ်ရုပ်ကြွင်းကို အသာအယာချလိုက်သည်။ ထို့နောက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ လက်နှစ်ဖက်လုံးအား ချပ်ဝတ်တန်ဆာအပေါ် တင်လိုက်လေသည်။

လှိုင်းဂယက်များ အရပ်လေးမျက်နှာတွင် ဖြာထွက်သွားသဖြင့် ထစ်ချုန်းသံများ ကြယ်တာရာကောင်းကင်တစ်လျှောက် ဆူညံသွားသည်။

မန်ဟို၏မျက်လုံးများက ဆန်းကြယ်စွာ တောက်ပနေပြီး သူသည် ချုပ်နှောင်ခြင်းမန္တန်များအား တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်၏။ နောက်ဆုံးတော့ နဝမမန္တန်ပေါ်လာသည့်အခါ သူက ညာခြေကို မြှောက်၍ နင်းချလိုက်လေသည်။

“ငါ မန်ဟိုရဲ့ တန်ခိုးအာဏာကြောင့် ဤနေရာ၏ သဘာဝနိယာမပြောင်းလဲသွားစေသား၊ အချိန်လည်း နောက်ပြန်စီးစေသား။ ကြယ်တာရာကောင်းကင်လည်း ပြောင်းပြန်ဖြစ်သွားစေသား။ အသားဂျယ်လီ ၊ အချိန်စီးကြောင်းကနေ ပြန်လာဖို့ မင်းရဲ့ဝိညာဉ်ကို ငါ ဆင့်ခေါ်တယ်” သူ့အသံသည် ထူးဆန်းသောမှော်စွမ်းအားဖြင့် ပြည့်နှက်နေသယောင် ထင်ရ၏။ ချက်ချင်းပင် ဘဘာဝနိယာမများနှင့် မှော်ဥပဒေများ တွန့်လိမ်ပုံပျက်လာသည်။ မန်ဟို၏အရှေ့ရှိ ဧရိယာမှာ လောကပါလနတ်မင်း၏အာဏာစက်အောက်မှ ခွဲထုတ်ခံလိုက်ရပြီး မန်ဟို၏ တာအိုပိုင်နက်အဖြစ် ဖန်တီးခံလိုက်ရသယောင်ပင်။

ဤပတ်ဝန်းကျင်ရှိ သဘာဝနိယာမများနှင့် မှော်ဥပဒေများအားလုံး နွယ်ရစ်နွယ်ခွေများကဲ့သို့ ကွေးလိမ်ကောက်လျက် ... တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ မြစ်တစ်စင်းဖြစ်လာသည်။ မြစ်သည် ရေများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်၊ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်၌ တည်ရှိသော အချိန်အပိုင်းအစများ ဖြစ်၏။ စီးဆင်းနေသော ထိုအချိန်မြစ်ထဲတွင် ရိုင်းစိုင်းကြမ်းကြုတ်သောသားရဲများစွာ ရှိသည်။ ၎င်းတို့အနက်မှ မီတာသုံးသောင်းတိတိရှည်လျားသော မိကျောင်းသတ္တဝါကြီးတစ်ကောင်က မြစ်ထဲမှ ထွက်လာသည်။

“ဘယ်သကောင့်သားက ရာရာစစ အချိန်စီးကြောင်းကို နှောင့်ယှက်ရဲတာလဲ” ၎င်း၏အသံသည် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွား၏။ “အချိန်ကို ပြောင်းလဲရဲတဲ့ အပြစ်သားတိုင်း ထာဝရအကျဉ်းချခံရမယ်” မိကျောင်းကြီးသည် ဖိအားလှိုင်းများကို ထုတ်လွှတ်လျက် နတ်မင်းကြီးသဖွယ် ထင်ရ၏။ သို့သော် ၎င်းမှာ မန်ဟို့ကို မြင်လျှင် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ကြောက်လန့်တုန်ရီသွားတော့သည်။

ဤသတ္တဝါကြီးသည် မရေမတွက်နိုင်သောဝိညာဉ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အချိန်မြစ်ကို ထိန်းချုပ်နိုင်၏။ မန်ဟို့ကို တစ်ခါမှမမြင်ဖူးသော်လည်း အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် တန်ခိုးရှင်အဆင့်တက်၍ လောကပါလနတ်မင်း၏စိတ်ဆန္ဒကို တိုက်ခိုက်နိုင်သော လူလေးယောက်ရှိကြောင်း မိကျောင်းကြီး သိလေသည်။

မန်ဟို့ကို မြင်လျှင်ချင်း မိကျောင်းကြီးသည် သူ မည်သူမှန်း သဘောပေါက်သွားသဖြင့် ချက်ချင်း လေသံပြောင်းသွား၏။

“အို အရှင် ... တန်ခိုးရှင်ပါလား.... ကျွန်တော်မျိုး အရှင့်ကို မမြင်လိုက်လို့ပါ ... ဟို ... အရှင် ဘာများမိန့်တော်မူချင်ပါသလဲခင်ဗျာ။ အရှင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်မျိုး ဓားတောင်ကို ကျော်ရကျော်ရ၊ မီးပင်လယ်ကို ဖြတ်ရဖြတ်ရပါ”

မန်ဟိုသည် မိကျောင်းသတ္တဝါကြီးကို အေးအေးဆေးဆေး ကြည့်ပြီးနောက် လက်ချောင်းအား‌ အချိန်မြစ်ဆီ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် မြစ်တစ်စင်းလုံး အရှိန်လျော့သွားပြီး ရပ်တန့်သွားသည်။

ယင်းက အာကာပြင်ကျယ်ကြယ်တာရာကောင်းကင်၏ မည်သည့်နေရာတွင်မဆို စီးဆင်းနေသော အချိန်စီးကြောင်းအပေါ် သက်ရောက်မှုရှိလေသည်။ ဖြစ်တည်မှုအားလုံး၊ သက်ရှိအားလုံး ရုတ်တရက် မလှုပ်ရှားနိုင်တော့ပေ။

မိကျောင်းကြီးမှာ တဆတ်ဆတ် တုန်သွားသည်။ အချိန်စီးကြောင်းကို ယခုလို ရပ်တန့်နိုင်သော နတ်ဘုရားစွမ်းရည်သည် သဘာဝနိယာမတိုင်းထက် အဆင့်မြင့်မား၏။ ဤသတ္တဝါကြီးပင် မလှုပ်နိုင်‌‌တော့ရာ မန်ဟို အချိန်စီးကြောင်းထံ လက်လှမ်းလိုက်သည်ကိုသာ ကြည့်နေနိုင်သည်။

မန်ဟို့ဟန်ပန်မှာ ပြီးစလွယ်လှမ်းလိုက်သယောင် ထင်ရသည်။ ချက်ချင်းပင် သူ့အရှေ့ ကြယ်တာရာကောင်းကင်ထဲ၌ အချိန်အလင်းမှုန်များစွာ ပေါ်လာသည်။ ၎င်းတို့သည် အနှစ်သာရ ၉ ခုပါရာဂွန်တစ်ယောက်၏စိတ်ကိုပင် ချာချာလည်သွားစေနိုင်သော အတိတ်ဘဝတစ်ဘဝ၏ ပုံရိပ်များ ဖြစ်၏။ အနန္တတန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်သာလျှင် ကံတရားကို ပြောင်းပြန်လှန်၍ အရှိတရားကို ပြောင်းလဲနိုင်လိမ့်မည်။

မန်ဟိုက တခဏလေးပင် မရပ်တန့်ပေ။ အချိန်မြစ်အတွင်း၌ လွန်ခဲ့သောနှစ်နှစ်ထောင်က အသားဂျယ်လီ၏ဝိညာဉ်ကို လျင်လျင်မြန်မြန် ရှာလိုက်ရာ .... သူနှင့် ချပ်ဝတ်အသွင်ဖြင့် အသားဂျယ်လီကို မြင်လိုက်ရသည်။ အသားဂျယ်လီ သေသွားသည်ကို သူ တွေ့လိုက်ရသည်။

သူကြည့်နေစဉ် အသားဂျယ်လီ၏ဝိညာဉ်သည် ပျံထွက်သွား၏။ ၎င်း ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်တော့မည့်အချိန်မှာပင် မန်ဟိုက ဝိညာဉ်အား အသာအယာလေး ဆုပ်ကိုင်လိုက်လေသည်။

ဖြစ်စဉ်တစ်ခုလုံး အသက်ရှူချိန်အနည်းငယ်သာ ကြာလိုက်သည်။ တခဏကြာသော် မန်ဟိုက ဝိညာဉ်အမျှင်တစ်မျှင်ကို ကိုင်ထားလေပြီ။

ကြက်တူရွေးသည် အသားဂျယ်လီ၏ဝိညာဉ်ကို မြင်လျှင် မျှော်လင့်ချက်များဖြင့် မျက်လုံးများတောက်ပလာ၏။

မန်ဟို၏မျက်ဝန်းများကတော့ နွေးထွေးနေသည်။ သူသည် အသားဂျယ်လီ၏ဝိညာဉ်ကို ချပ်ဝတ်ရုပ်ကြွင်းအပေါ် တင်လိုက်၏။ ချက်ချင်းပင် လောကပါလနတ်မင်း၏စိတ်ဆန္ဒက ဝင်ရောက်နှောင့်ယှက်ဖို့ ကြိုးစားသဖြင့် ဟိန်းဟောက်သံကြီးတစ်သံ ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။

လောကပါလနတ်မင်း၏စိတ်ဆန္ဒအတွက် မန်ဟို၏အပြုအမူများသည် ပြောင်ပြောင်တင်းတင်း‌ ရန်စမှုဖြစ်၏။ သူက စိတ်ဆန္ဒ၏အပိုင်ဖြစ်သော အရာကို ဝင်ရောက်စွက်ဖက်နေသည်မဟုတ်ပါလော။

သေဆုံးသွားသော ဖြစ်တည်မှုများ၏ ဝိညာဉ်များသည် အာကာပြင်ကျယ်၏ကြယ်တာရာကောင်းကင်သို့ ပြန်သွားရမည်ဖြစ်သော်လည်း မန်ဟိုက ထိုဥပဒေကို ရဲရဲတင်းတင်း ချိုးဖောက်နေချေပြီ။

ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်နေစဉ် အာကာပြင်ကျယ်စကြဝဠာ၏ တည်ငြိမ်နေခဲ့သောကြယ်တာရာကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွား၏။ အချိန်မြစ်က ပြန်လည်စီးဆင်းသွားပြီး မိကျောင်းကြီးမှာတော့ မျက်နှာမပြရဲသဖြင့် မြစ်ထဲ ပြန်ငုပ်သွားသည်။

မိကျောင်းကြီးမှာ မန်ဟိုနှင့် ကြယ်တာရာကောင်းကင်၏တိုက်ပွဲ၌ ‌မြေစာပင် မဖြစ်လိုပေ။

All Chapters