← Chapters

စျာန်ဝင်သွားမှု

Vol. 111 Ch. 1541

စျာန်ဝင်သွားမှု

Vol. 111 Ch. 1541

အသားဂျယ်လီသည် ချောင်းဟန့်ပြီးနောက် အရှက်တစ်စက်မှ မရှိဘဲ အသံကျယ်ကြီးဖြင့် ဆက်‌ပြော၏။ “ပြီးတော့ မင်းစကားမှာ ထောက်စရာနောက်တစ်ချက် ရှိတယ်။ မိုးကောင်းကင်က မင်းကို ကြည့်တယ်ဟုတ်စ။ မင်းကွာ တကယ် စကားမပြောတတ်တာပဲ။ အဲဒီအဓိပ္ပါယ်က ဘာတုန်းဟ။ မိုးကောင်ကင်မှာ မျက်လုံးတွေရှိလို့လား။ ‘အို မိုးကောင်းကင် ကျွန်တော်မျိုးရဲ့ မျက်လုံးတွေကို ဖောက်ထုတ်သွားပါတော့။ ဒီလိုရွေးချယ်ခံတစ်ယောက်ကို တွေ့ခဲ့ရပြီဖြစ်လို့ ကျွန်တော်မျိုးအတွက် မျက်လုံးတွေမလိုအပ်တော့ပါဘူးဗျာ’ မင်း ဒီလိုပြောသင့်တာ”

ကြက်တူရွေးကလည်း ဘေးမှနေ၍ စိတ်ဆိုးမာန်ဆိုး ပွစိပွစိပြောနေသည်။

မန်ဟိုမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ချောင်းမဟန့်မိဘဲ မနေတော့ပေ။

ပုတ်သင်အိုကြီးမှာတော့ အသားဂျယ်လီကို စိုက်ကြည့်ရင်း မျက်လုံးများ လက်ဖက်ရည်ပန်းကန်ပြားလောက် ပြူးကျယ်နေသည်။ ၎င်းမှာ ... အဖားဆရာသခင်နှင့် ပက်ပင်းတိုးလိုက်ရပြီဟု ခံစားနေရ‌တော့သည်။

“မှတ်ထား ဖားတဲ့အခါ မင်း ဖားနေတဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာ အကဲခတ်တတ်ရမယ်။ တချို့တွေက အမှန်ကို နည်းနည်း‌လေးချဲ့ကားပြောခံရတာကို ကြိုက်တယ်ကွာ။ တချို့ကတော့ လုံးဝအဖားခံရတာကို ကြိုက်တာ။ ဒါကြောင့် မင်း မဖားခင် အဖားခံရမယ့်လူရဲ့စိတ်ကို ခွဲခြားတတ်ရမယ်။ တစ်ချက်လေးကြည့်လိုက်တာနဲ့ ဟိုဟိုလေးက ကလိမ်ကကျစ်ဆိုတာ အသိသာကြီးလေ မဟုတ်လား။ အဲဒီလိုလူမျိုးဆို သာမန်နည်းလမ်းတွေကိုတင် အားကိုးလို့မရဘူး။ မဟားတရား ချဲ့ကားပြောရမယ်။ မင်း အရှက်မရှိလေလေ၊ ကောင်းလေလေပဲ။ အဖားဆရာသခင်အဆင့်မှာ အမြင့်ဆုံးက ... မင်းကိုယ်မင်း မရွံတော့တဲ့အဆင့်ပဲကွ။ နေဦး မဟုတ်သေးဘူး အမြင့်ဆုံးအဆင့်က ... မင်း ပြောနေတာက အမှန်လို့ မင်း တကယ်ယုံသွားတဲ့အဆင့်။ အဲဒီအဆင့်ကို‌တော့ သွားရှုပ်လို့မရဘူး” အသားဂျယ်လီ အလွန်အမြော်အမြင်ရှိသော ဟန်ပန်ဖြင့် ဆရာလုပ်နေစဉ် ၎င်း၏အမူအရာသည် လွန်စွာတည်ကြည်လေးနက်နေ၏။ ၎င်းကြည့်ရသည်မှာ ပုတ်သင်အိုကြီး၏ အတွေးတိမ်မှုကို အမှန်တကယ် စိတ်တိုနေပုံရသည်။

ပုတ်သင်ကြီးခမျာ ချွေးပြန်လာတော့သည်။

“ပြီးတော့ မင်းပြောသွားတဲ့ နောက်ဆုံးစကား။ အဲဒါ တကယ် ပေရှည်လွန်းတယ်ကွ။ ဒီလိုဆိုဘယ်လိုလဲ။ ငါ့ကို ကြည့်ထား။ အမြင့်ဆုံးအဆင့်က ဘာလဲ မင်းကို ပြပေးမယ်” အသားဂျယ်လီသည် ဖောက်ခနဲ ပုတ်သင်သေးသေးလေးအသွင် ပြောင်းသွား၏။ ၎င်း၏လျှာက ပြူတစ်ပြူတစ်ထွက်နေပြီး ၎င်း၏မျက်လုံးများက တဝင်းဝင်းတောက်ပလာသည်။ ပုတ်သင်သေးသေးလေးသည် တုန်ပင်တုန်ရီနေသည့်အပြင် ၎င်း၏အရေပြားမှ အခိုးအငွေ့များပင် ထလာသည်။

၎င်း၏တဝင်းဝင်းတောက်နေသောမျက်လုံးများက ရေခဲ‌တောင်များကို အရည်ဖျော်နိုင်သယောင်ပင်။ ပုတ်သင်သေးသေးလေးသည် ဖြစ်တည်မှုအားလုံးအနက်မှ အပြီးပြည့်စုံသောတန်ခိုးရှင်ကို ကြည့်နေသကဲ့သို့ မန်ဟို့အရှေ့၌ ဒူးထောက်ဝပ်တွားလိုက်၏။ ထို့နောက် အင်မတန်စိတ်နှလုံးလှုပ်ခတ်နေသောအသံဖြင့် အော်တော့သည်။ “အို ကြီးမြတ်လှပါသောအရှင်၊ ကျွန်တော်မျိုး အရှင့်ရဲ့အလျှံတညီးညီး ထွန်းလင်းတောက်ပ‌နေတဲ့ အ‌ရောင်အဝါအောက်မှာ ခိုလှုံပြီး အရှင့်ရဲ့လက်အောက်ငယ်သားဖြစ်လာဖို့ အသည်းနှလုံးကလီစာကနေ တောင့်တနေခဲ့တာပါ။ အရှင် ကျွန်တော်မျိုးကို လက်မခံရင်တော့ .... အရှင့်ရှေ့မှောက်မှာတင် ကျွန်တော်မျိုး ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်။ အရှင် ကျွန်တော်မျိုးကို တားဖို့ ကြိုးစားမယ်ဆိုရင်တော့ ... ကျွန်တော်မျိုး ဒီစက္ကန့်လေးမှာတင် အဆုံးစီရင်လိုက်မယ်” အသားဂျယ်လီမှာ စျာန်ဝင်သွားပုံရသည်။ ၎င်းက မန်ဟို သဘောမတူလျှင် လျှာကို ကိုက်ဖို့ အသင့်အပြင်ထုတ်ထားလိုက်သည်။

အသားဂျယ်လီသည် ခန္ဓာဖောက်ခွဲခြင်းအငွေ့အသက်များကိုပင် ထုတ်လွှတ်စပြုလာ၏။ ကြက်တူရွေးမှာ တခဏမှင်သက်သွားပြီးနောက် အသားဂျယ်လီကို သရုပ်ဆောင်နေကြောင်း သတိပေးဖို့ ဖြန်းခနဲ ချလိုက်သည်....

“မြေနိုးငှက်” အသားဂျယ်လီက ဆဲသည်။ “ငါ့ရှေ့က ဖယ်စမ်း။ ငါက အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်တစ်ခုလုံးမှာ အလေးစားအခံရဆုံး ပုတ်သင်ဘုရင်ကွ။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်မျိုးဘဝရဲ့တာဝန်က အရှင်ပေါ်ထွက်လာမှာကို စောင့်နေဖို့ ဖြစ်နေခဲ့မှန်း ကျွန်တော်မျိုး သဘောပေါက်လိုက်ပြီ

“အရှင် ‘လက်မခံဘူး’ လို့များ ပြောလိုက်တာနဲ့ ကျွန်‌တော်မျိုး ကိုယ့်ကိုယ်ကို အခုချက်ချင်း အဆုံးစီရင်လိုက်မှာနော်” ခန္ဓာဖောက်ခွဲခြင်းအငွေ့အသက်များသည် ပို၍ပြင်းထန်အားကောင်းလာ၏။ မကြာမီ ဧရိယာတစ်ခုလုံးမှာ ပျက်စီးတော့မည့်အလား ဖြစ်လာသည်။ အက်ကွဲသံများ ပဲ့တင်ထပ်လာပြီး အနီရောင်အလင်းများ ထုတ်လွှတ်နေသော အက်ကွဲကြောင်းများ ပွင့်ထွက်လာ၏။

မန်ဟိုမှာ မျက်လုံးပြူးသွားပြီး ကြက်တူရွေးလည်း စိတ်တိုနေပုံပေါ်သည်။ အသားဂျယ်လီက အမှန်တကယ် အဆုံးစီရင်တော့မည့်ပုံ‌ပေါ်နေ၍ မန်ဟိုမှာ ကပျာကယာ ပြောလိုက်ရတော့သည်။ “အေး လက်ခံတယ် လက်ခံတယ်”

နောက်ဆုံးတော့ အသားဂျယ်လီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ခန္ဓာဖောက်ခွဲခြင်းအရိပ်အယောင်များ မှေးမှိန်သွားပြီး အသားဂျယ်လီသည် ဖောက်ခနဲ ပုတ်သင်အသွင်မှ မူလပုံစံပြန်ပြောင်းသွား၏။ ၎င်းမှာ စျာန်ဝင်သွားခဲ့သဖြင့် ခြေကုန်လက်ပန်းကျနေလေသည်။ ထိုမျှသာမက ခန္ဓာဖောက်ခွဲခြင်းကို အတင်းအဓမ္မရပ်တန့်လိုက်ခြင်းက ဒဏ်ရာတချို့လည်း ရစေခဲ့သည်။ သို့သော် အသားဂျယ်လီသည် ဂရုစိုက်ပုံမရဘဲ မာန်တက်နေသောအသွင်ဖြင့် ပုတ်သင်အိုကြီးကို လှမ်းကြည့်သည်။ “အခု မင်း ဘာမှားလဲ မြင်ပြီးလား”

ပုတ်သင်ကြီးမှာ အသားဂျယ်လီကို ကြည့်ရင်း ဟောဟဲဟောဟဲလှိုက်ကာ တုန်ရီနေသည်။ ရုတ်တရက် ၎င်း၏အသိအမြင်မှာ ပွင့်သွားခဲ့ပုံရသည်။ မရေမတွက်နိုင်သော မိုးကြိုးများသည် ၎င်း၏စိတ်ထဲတွင် တဂျုန်းဂျုန်းမြည်ဟည်းလျက် ဉာဏ်အလင်းကို ပိတ်ဆို့ထားခဲ့သည့် မြူများအား ဖယ်ရှားပေးလိုက်၏။

ပုတ်သင်ဘုရင်သည် အသားဂျယ်လီလို သတ္တဝါမျိုးအား တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ စောစောက အသားဂျယ်လီသည် အမှန်တကယ် ခန္ဓာ‌ဖောက်ခွဲဖို့ ပြင်ဆင်ခဲ့‌ကြောင်း သိသာသည်ထက်ပို၏။ မန်ဟိုသာ အချိန်မှီ မတုံ့ပြန်လျှင် အသားဂျယ်လီကား ၎င်းကို၎င်း အမှန်တကယ် ‌ဖောက်ခွဲခဲ့လောက်၏။

ပုတ်သင်အိုကြီးမှာ အသက်ပြင်းပြင်းရှူပြီးနောက် အလွန်လေးစားနေသောအမူအရာဖြင့် ကြက်တူရွေးအား လက်ယှက်အရိုအသေပေးလိုက်သည်။ ပုတ်သင်ကြီးသည် ကြောင်တောင်တောင်ဖြစ်နေပြီး အသားဂျယ်လီကို ဆက်သင်ခိုင်းလျှင် ကောင်းမည်လား စဉ်းစားနေချိန် မန်ဟိုက ချောင်းဟန့်လိုက်သည်။

“ကဲကဲ တော်ကြတော့” သူက ပြောသည်။ “နားထောင် ပုတ်သင်အိုကြီး ခင်ဗျားလိုက်ချင်ရင် ကျုပ်နောက် နှစ်တစ်ထောင် လိုက်နိုင်တယ်။ မလိုက်ချင်ရင်တော့ ကျုပ် ခင်ဗျားကို ဖိအားပေးမှာမဟုတ်ဘူး” ထို့သို့ပြောပြီး သူသည် အင်္ကျီလက်စခါကာ အဝေးသို့ ထွက်သွား၏။

ကြက်တူရွေးနှင့် အသားဂျယ်လီက သူ့နောက် ချက်ချင်း လိုက်သွားသည်။ အတန်ကြာသော် အသားဂျယ်လီသည် ပုတ်သင်ကြီးအား သနားနေသလို လှည့်ကြည့်၏။

ပုတ်သင်ကြီးမှာ တခဏတွန့်ဆုတ်နေပြီးနောက် အံတင်းတင်းကြိတ်၍ သူတို့နောက် လိုက်ပါပျံသန်းသွားတော့သည်။

ပုတ်သင်ကြီးမှာ ရင်ထဲမတင်မကျဖြစ်နေသည့်အပြင် ကြက်တူရွေးနှင့် အသားဂျယ်လီတို့နှစ်ယောက် တစ်ကောင်နှင့်တစ်ကောင် စိတ်ချင်းဆက်သွယ်နေသည်ကို သတိမထားမပေ။

“ဟေ့ကောင် ဘယ်လိုထင်လဲ” အသားဂျယ်လီက ဂုဏ်ယူစွာ ပြောသည်။ “အခုကစပြီး သခင်သုံးတော့ အကောင်ကြီးကြီး ရသွားပြီ။ အဲဒီပုတ်သင်အိုကြီးရဲ့ ကျင့်ကြံအဆင့်က အနှစ်သာရ ၉ ခု အဆင့်ပဲ။ နောက်နောင် ငါတို့ ဘယ်နေရာသွားသွား ဘယ်သူ့ကိုမဆို နှစ်ခါစဉ်းစားစရာမလိုဘဲ ဓားပြတိုက်လို့ရပြီကွ ဟဲဟဲ”

ကြက်တူရွေးက မျက်လုံးကစားလိုက်သည်။ “သုံးအထိပဲ ရေတတ်တဲ့ ငအကောင်၊ မင်း ဘာလို့ဒီလောက်တောင် တုံးနိုင်ရတာလဲကွာ။ ဟိုဟိုလေးက တန်ခိုးရှင်အဆင့်တက်ပြီးသားလေ။ အဲဒီလိုလူတစ်ယောက်က အကောင်ကြီးကြီးတစ်ကောင်ကို အားကိုးစရာလိုပါ့မလားကွ။ ကျားခွန်အားကို ငှားသုံးတဲ့ မြေခွေးဇာတ်လမ်းကို မင်း မသိဘူးလား။ အေး မသိဘူးမလား”

စိတ်ထဲတွင် ကြက်တူရွေးသည် တစ်ကောင်တည်း ပက်ပက်စက်စက် ဉာဏ်ကောင်းနေရခြင်းက မည်မျှအထီးကျန်ကြောင်း တွေးရင်း သက်ပြင်းချနေ၏။

အသားဂျယ်လီမှာ အမှန်တရားဖြင့် အရှိုက်တည့်တည့်ကို ထိမှန်သွားသည့်အလား ပါးစပ်ကြီးဟသွားသည်။ ရုတ်တရက် ၎င်း စျာန်ဝင်သွားခဲ့ခြင်းမှာ အလကားဖြစ်ခဲ့ကြောင်း သဘောပေါက်လိုက်တော့သည်။ အသားဂျယ်လီခမျာ ၎င်းကိုယ်၎င်းပင် သတ်မိတော့မလို ဖြစ်ခဲ့ရသည်မဟုတ်တော့ ....

ရက်အနည်းငယ်ကြာသော် မန်ဟိုသည် သူ၏အဖွဲ့သေးသေးလေးကို အာကာပြင်ကျယ်စကြဝဠာအတွင်းရှိ ပျက်စီးခြောက်ကပ်နေသော မြေထုတစ်ခုသို့ ခေါ်သွား၏။ မည်သည့်သက်ရှိမှ မနေထိုင်သယောင် ထင်ရသော်လည်း မန်ဟို နတ်ဘုရားအာရုံဖြန့်ကျက်လိုက်လျှင်ချင်း ဖိအားက မြေထုအပေါ် သက်ရောက်သွားကာ ခြများ ပျံထွက်လာသည်။

မြေကြီး၏အနက်ပိုင်းထဲမှ တခြားအကောင်များထက် များစွာကြီးမားသော ခြကြီးတစ်ကောင် ထွက်လာသည်။ ၎င်းသည် မန်ဟို့ကို မြင်ပြီး သူ့ထံမှ ကြောက်ခမန်းလိလိအငွေ့အသက်များကို ခံစားရလျှင် တဆတ်ဆတ် တုန်ရီလာကာ ဦးညွှတ်သွား၏။ ဤခြကြီးသည် ပုတ်သင်အိုကြီးလို ကွေ့ဝိုက်မနေဘဲ ချက်ချင်း သစ္စာခံဖို့ ရွေးချယ်လိုက်လေပြီ။

အနှစ်သာရ ၉ ခုအဆင့် ခြကြီးကို သူနှင့်အတူ ‌ခေါ်လျက် မန်ဟိုက ဝဲကြီးတစ်ဝဲရှိသော ဧရိယာနောက်တစ်ခုသို့ ခရီးနှင်သည်။ ဝဲကြီးအနားရောက်သည့်အခါ သူ၏မျက်လုံးများသည် လင်းလက်စွာ တောက်ပလာ၏။ ချက်ချင်းပင် ဝဲကြီးသည် မလည်တော့ဘဲ ပြိုကျတော့မည့်အရိပ်အယောင်များပင် စတင်ပြသလာသည်။

ကြောက်လန့်တကြားအော်သံနှင့်အတူ ဝဲကြီးအတွင်းမှ ဧရာမခေါင်းကြီး ပျံထွက်လာသည်။ ယခင်က ၎င်း၏အမူအရာသည် ရက်စက်ကြမ်းကြုတ်ခဲ့သော်လည်း ယခုတွင် မန်ဟို့ကို တအံ့တဩ စိုက်ကြည့်နေ၏။

လွန်ခဲ့သော နှစ်ရာဂဏန်းလောက်တုန်းက ၎င်း၏အဖိုးထိုက်ရတနာကို ယူသွားခဲ့သော မန်ဟို့အား ဧရာမခေါင်းကြီး မှတ်မိလေသည်။ ၎င်းသည် သူ့ကို စားဖို့ လိုက်ဖမ်းခဲ့ပြီး ယခုတော့ သူကား ယခင်ထက် အဆပေါင်းများစွာ ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုဖြင့် ပြန်ရောက်လာခဲ့သည်။

“မ..မင်း....”

“အထစ်ထစ်အငေါ့ငေါ့‌တွေ လုပ်မနေစမ်းနဲ့” ကြက်တူရွေးက ငေါက်သည်။ “မြန်မြန်ဆုံးဖြတ်စမ်း သစ္စာခံမှာလား မခံဘူးလား” ကြက်တူရွေးသည် တန်ခိုးရှင်အရှိန်အဝါကို ထုတ်လွှတ်နေသူက မန်ဟိုမဟုတ်ဘဲ ၎င်းအလား အတော်လေးမောက်မာဝင့်ကြွားနေ၏။

ဧရာမမျက်နှာကြီးမှာ ခပ်ယဲ့ယဲ့ပြုံး၍ မန်ဟို့ကို နောက်တစ်ကြိမ် ထပ်တွေ့လျှင် ဘာလုပ်မည်ဟု ကြိမ်းဝါးခဲ့သည်ကို ပြန်တွေးလိုက်သည်။ ၎င်းအနေဖြင့် အညံ့ခံရုံမှတစ်ပါး မတတ်နိုင်သည်သာ။

“သစ္စာခံပါတယ်...”

မန်ဟိုက ခေါင်းညိတ်သည်။ “ငါ မင်းနဲ့ မင်းလိုလူတွေကို လာရှာတာက အတင်းအဓမ္မသစ္စာခံခိုင်းဖို့ မဟုတ်ဘူး။ လွန်ခဲ့နှစ်တွေတုန်းက ကံကြွေးကို အဆုံးသတ်ပေးဖို့ပဲ။ မင်း ငါ့နောက်လိုက်ချင်ရင် နှစ်တစ်ထောင် လိုက်နိုင်တယ်”

မန်ဟို့စကားက မှန်သည်။ သူ့အတွက် သူတို့၏အင်အားကို မလိုအပ်ပေ။ သို့သော် တန်ခိုးရှင်အဆင့်သို့ တက်ရောက်ပြီးနောက် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲတွင် ရှိသော သူ၏ကံကြွေးများကို ချေဖျက်ရမည်ဟု ခံစားခဲ့ရသည်။ မဟုတ်ပါက ယင်းတို့ကား သူ့ကို တိုက်ခိုက်ဖို့ လက်နက်ဖြစ်လာနိုင်သည်။

နောက်ဆုံးနေရာကတော့ ... ဧရာမပန်းကြီးအတွင်း၌ တည်ရှိသော ကမ္ဘာပင်။

ပန်းသည် ပွင့်မနေတော့ပေ။ ခြောက်ကပ်ညှိုးနွမ်းနေသည်။ မန်ဟို ၎င်းဘေး၌ ပေါ်လာသောအခါ သူ့မှာ မမြင်ရလောက်သည်ထိ သေးငယ်လွန်းလေသည်။

သို့ရာတွင် သူ ပေါ်လာလျှင်ချင်း ပန်းသည် တုန်ရီသွား၏။ သိသိသာသာပင် ပန်းတွင် ကိုယ်ပိုင်အသက်ဓာတ်ရှိ၍ မန်ဟိုက တန်ခိုးရှင်အဆင့်ကျင့်ကြံသူဖြစ်ကြောင်း ခံစားရလေသည်။

မန်ဟိုက ပန်းရှေ့၌ ပျံဝဲရင်း ယခင်တစ်ခေါက်တုန်းက ဘာမှမတတ်နိုင်ဘဲ ပန်းပွင့်လာမည့်အချိန်ကို စောင့်နေခဲ့ရသည့်အဖြစ်ကို ပြန်တွေးမိလိုက်သည်။ ယခုတွင် သူက တည်ငြိမ်‌အေးဆေးသောအမူအရာဖြင့် ပြောလိုက်၏။ “ပွင့်စမ်း”

ထိုစကားတစ်လုံး သူ့နှုတ်မှ ထွက်သွားလျှင်ချင်း ပန်းမှာ ပို၍ပင်ပြင်းပြင်းထန်ထန် တုန်ရီလာပြီး မဆိုင်းမတွ ပွင့်လာတော့သည်။

မန်ဟိုက ပန်းကမ္ဘာထဲ ဝင်သွားသည်။ ထိုစဉ်တုန်းက ကမ္ဘာမပျက်စီးအောင် ကာကွယ်ပေးဖို့ ရေခဲနှင့်မီးများကို ထိန်းပေးမည်ဟု သူ ကတိပေးခဲ့သည်မဟုတ်ပါလော။

သူသည် မြေပြင်များကို ဖြတ်သွားနေစဉ် အောက်ငုံ့ကြည့်လိုက်ရာ အခြေအနေများက ယခင်နှင့်သိပ်မတူတော့ကြောင်း တွေ့လိုက်ရ၏။ ရေခဲတောင်များ အရည်ပျော်နေပြီး မီးအတော်များများ ငြိမ်းသွားခဲ့သည်။ မျိုးနွယ်စုနှစ်စု နေထိုင်ခဲ့သော အလယ်နေရာမှာတော့ ... ယခုတွင် များစွာပျက်စီးနေခဲ့လေပြီ။

ကြည့်ရခြင်းအားဖြင့် ဤကမ္ဘာပျက်သုဉ်းဖို့ သိပ်မကြာတော့ဟန်ပင်။ ပန်းပြန်ပိတ်သွားသည်နှင့် တန်ခိုးရှင်မှအပ မည်သူမှ မဝင်နိုင်လေရာ ဤကမ္ဘာထဲ၌ နေထိုင်သူတိုင်း သေရလိမ့်မည်ဟု ဆိုလိုသည်။

ရေခဲတောင်ဂိုဏ်းချုပ်နှင့် မီးငှက်သည် မန်ဟို့အား သတိမထားမိပေ။ မန်ဟို ခွင့်မပြုသရွေ့ အာကာပြင်ကျယ်စကြဝဠာရှိ မည်သူမှ သူ့အား သတိထားမိမည်မဟုတ်။

မန်ဟိုက အောက်ရှိမြေပြင်များကို ငုံ့ကြည့်ရင်း လက်ဝှေ့ယမ်းလိုက်သည်။ ထိုသာမန်ကာလျှံကာလက်ဝှေ့ယမ်းမှုက သဘာဝနိယာမများနှင့် မှော်ဥပဒေများကို ပြောင်းလဲကာ ကံတရားကိုလည်း ပြောင်းလဲလိုက်၏။

မမြင်ရသောလှိုင်းတစ်လုံးက ကမ္ဘာ၏အစွန်းနှစ်ဖက်မှ ဖြာထွက်လာသဖြင့် မြေပြင်များ တဝုန်းဝုန်း တုန်ခါစပြုလာသည်။ လှိုင်းဖြစ်သွားသည့်နေရာတိုင်းတွင် တောင်များ အေးခဲသွားပြီး ဘယ်တော့မှ မပျောက်ကွယ်မည့် အအေးငွေ့များအား အရပ်မျက်နှာတစ်ခွင် ထုတ်လွှတ်လိုက်၏။ အရာအားလုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

အခြားတစ်ဖက်တွင် မီးများတဟုန်းဟုန်းထတောက်ကာ ခြစ်ခြစ်တောက်သောအပူဓာတ်အား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်သည်။

All Chapters