ပစ်မှတ် : ကောင်းကင်ဘုံ ၃၃ ဘုံ
Vol. 111 Ch. 1543
မန်ဟို၏အသံသည် ကျင့်ကြံသူအားလုံး၏ နားထဲ၌ ထစ်ချုန်းပဲ့တင်ထပ်သွားကာ သူတို့၏မျက်လုံးအား စစ်သွေးစစ်မာန်နှင့် လေးစားကြည်ညိုမှုတို့ဖြင့် နီရဲတောက်လာစေ၏။
“မိစ္ဘာဘုရင်၏ အမိန့်တော်မြတ်အတိုင်းပါ”
ဂျုန်းးးးးးးးးးးးးးး။ ကြယ်တာရာကောင်းကင်သည် ကွဲထွက်သွားပြီး အာကာပြင်ကျယ်စကြဝဠာ၏မြူများ တွန်းထုတ်ခံလိုက်ရသည်။ မြူအတွင်း၌ တည်ရှိသည့် မရေမတွက်နိုင်သောသက်ရှိများ တုန်ရီလာကြကာ သူတို့၏အရှိန်အဝါအငွေ့လေးကိုပင် မထုတ်ဖော်ရဲကြတော့ပေ။
မန်ဟိုက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ပြည့်ကြပ်နေသော စစ်တပ်ကြီးကား တောင်ပင်လယ်လိပ်ပြာရှိရာ အရပ်မျက်နှာသို့ စတင်ချီတက်သွားတော့သည်။
မြူများ လွင့်စင်ကုန်သည်။ ကမ္ဘာပေါင်းများစွာ အဝင်အထွက်ပိတ်ထားကြပြီး မြောက်မြားစွာသောဝဲများ မှေးမှိန်နေကြသည်။ ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒပင်လျှင် ချဉ်းကပ်မလာဝံ့ပေ။ ကျင့်ကြံသူအတန်းလိုက်ကြီးသည် မြစ်ကြီးတစ်စင်းသဖွယ် အာကာပြင်ကျယ်ကို ထိုးခွင်းလျက် ချီတက်နေသဖြင့် တဒုန်းဒုန်းမြည်ဟည်းသံများက အရပ်လေးမျက်နှာ၌ ပဲ့တင်ရိုက်ခတ်နေတော့၏။
ပထမဂိုဏ်းက ဒုတိယဂိုဏ်းနှင့် တတိယဂိုဏ်းတို့ဖြင့် တစ်ဖက်တစ်ချက်တွင် ခြံရံလျက် ရှေ့ဆုံးမှ ချီတက်နေသည်။ သူတို့ကား ဓားဦးချွန်များသဖွယ် လမ်းရှိ အရာခပ်သိမ်းကို ထိုးခွင်းလျက် ကြယ်တာရာကောင်းကင်ကို ဖြတ်သွားနေကြသည်။
စစ်တပ်ကြီး၏အလယ်တွင်တော့ နဝမဂိုဏ်းရှိသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများသည် မန်ဟို တက်တင်ပျဉ်ခွေထိုင်နေသော ပုတ်သင်ဘုရင်ကြီးကို ဝန်းရံထားကြ၏။
ခြကြီးနှင့် ဧရာမခေါင်းကြီးကတော့ ဘေးတစ်ဖက်စီမှ ခြံရံရင်း အနှစ်သာရ ၉ ခုအဆင့်စွမ်းအင်ကို ထုတ်လွှတ်လျက် ကြယ်တာရာကောင်းကင်အား မှေးမှိန်သွားစေသည်။
စတုတ္ထဂိုဏ်း၊ ပဉ္စမဂိုဏ်းနှင့် ဆဋ္ဌမဂိုဏ်းတို့သည် တောင်ပံများသဖွယ် နဝမဂိုဏ်းကို ဝန်းရံထားသည်။
နောက်ဆုံးတပ်ဖွဲ့နေရာတွင်တော့ သတ္တမဂိုဏ်းနှင့် အဋ္ဌမဂိုဏ်းက အသတ်အဖြတ်ငွေ့များကို ဖြန့်ကျက်နေသော အမြီးကြီးသဖွယ် နေရာယူထားကြသည်။
ဤမျှကြီးမားသော စစ်တပ်ကြီးသည် မည်သည့်နတ်ဘုရားကိုမဆို ချေမှုန်းနိုင်သလို၊ မည်သည့်အင်မော်တယ်ကိုမဆို သတ်ဖြတ်နိုင်ပုံရ၏။ ၎င်းကား တောင်ပင်လယ်လိပ်ပြာဆီသို့ ဦးတည်လျက် အာကာပြင်ကျယ်ဂြိုဟ်မှ အမြန်ဆုံးအရှိန်ဖြင့် ချီတက်လာနေလေသည်။
စစ်သည်တော်များ ချီတက်လာစဉ် ကမ္ဘာလောကများသည် လမ်းဖယ်ပေးကြ၏။ ဝဲများလည်း ပုန်းအောင်းနေကြသည်။ ထိုကဲ့သို့နေရာများမှာ ဤစစ်တပ်ကြီး၏လမ်း၌ မနေဝံ့ကြပေ။ ဆက်သာနေလျှင် သစ်ကိုင်းခြောက်များလို မျက်စိတစ်မှိတ်အတွင်း စိစိညက်ညက် ကြေမွသွားလိမ့်မည်။
မန်ဟိုသည် သူ၏အရှိန်အဝါကို အနည်းအကျဉ်းမှ မလျှော့ချထားပေ။ အစမှအဆုံးအထိ ၎င်းက ခံ့ညားထည်ဝါစွာ တဟုန်းဟုန်းတောက်လျက် ....ဝဲများ၊ သက်ရှိများ၊ ဖြစ်တည်မှုများအား သူ ပြန်လာနေပြီဖြစ်ကြောင်း ကြေညာနေ၏။
မိစ္ဆာဘုရင် ပြန်လာနေပြီ
တစ်ချိန်တည်းမှာပင် စစ်တပ်ကြီး ချီတက်လာသည်နှင့်အမျှ ဖြစ်ပျက်နေသောအရာကို ခံစားလိုက်ရသည့် ဖြစ်တည်မှုများ တစတစများပြားလာ၏။ သူတို့သည် မယုံကြည်နိုင်စွာ တုန်ရီလျက် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အနှံ့အပြားသို့ လျင်မြန်စွာ သတင်းဖြန့်လိုက်ကြသည်။
“တန်ခိုးရှင်ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီ”
“လေးယောက်မြောက်တန်ခိုးရှင် အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်ထဲမှာ ပေါ်လာခဲ့ပြီ”
“စောစောက ငါတို့အပေါ်မှ ကောင်းကင်နောက်တစ်ခု ရှိလာသလို ရုတ်တရက် ခံစားလိုက်ရတာ။ တကယ်က ... လေးယောက်မြောက်တန်ခိုးရှင် ပေါ်ထွန်းလာတာကိုး”
ကြယ်တာရာကောင်းကင်သည် လုံးလုံးလျားလျား လှုပ်ခတ်နေ၏။ ဖုန်များပင် မန်ဟို့လမ်း၌ ရှိမနေဝံ့ပေ။ အဝေးရှိ ဖြစ်တည်မှုများမှာလည်း ဒူးထောက်ဂါဝရပြုလိုစိတ်များအား မချုပ်တည်းနိုင်ကြပေ။
စစ်တပ်ကြီးထဲရှိ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် တိုက်ခိုက်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေသည့်အတွက် စစ်တပ်ကြီး၏သေခြင်းအငွေ့အသက်များအား အချိန်နှင့်အမျှ ပိုမိုမြင့်မားလာစေတော့သည်။
စစ်တပ်ကြီးသည် တောင်ပင်လယ်လိပ်ပြာနှင့် တဖြည်းဖြည်း နီးကပ်လာနေချေပြီ။
မန်ဟိုက ပုတ်သင်အိုကြီး၏ခေါင်းပေါ်တွင် ထိုင်လျက် လိပ်ပြာကြီးအား ငေးကြည့်နေပြီး စိတ်မလှုပ်ရှားမိဘဲ မနေပေ။ သူသည် တန်ခိုးရှင်အဆင့်သို့ တက်ခဲ့ပြီဖြစ်၍ ကျင့်ကြံသူတိုင်းထက် အဆင့်မြင့်မား၏။ ဒဏ္ဍာရီလာနယ်ပယ်တစ်ခုသို့ ရောက်ရှိခဲ့သည့်အတွက် အခြားသူများ ဒူးထောက်ခစားရသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေခဲ့လေပြီ။ သို့သော် မန်ဟိုမှာ စိတ်အေးအေးမထားနိုင်သေးပေ။
“ငါ အိမ်ပြန်လာနေပြီ” သူက တွေးသည်။
“အဖေ အမေ သား အဖေတို့ကို တွေ့ဖို့ အိမ်ပြန်လာနေပါပြီ... အမေတို့သား ပြန်လာနေပြီ.....
“ချင်အာ ကိုယ် မင်းအတွက် ပြန်လာနေပြီ...
“ငါ့မိတ်ဆွေ ငါ့မိသားစုတွေ ဘယ်လိုရှိနေပါလိမ့်။ ငါ့ကို မှတ်မိကြရဲ့လား။ ငါက မန်ဟိုလေ... ငါ ပြန်လာနေပြီ
“အို တောင်ပင်လယ်လောက၊ အတိတ်တုန်းက မင်းဟာ ဖျက်စီးခံခဲ့ရသလို၊ ငါ မင်းကို ပြန်တည်ဆောက်ပေးမယ်လို့ ကတိပေးခဲ့တယ်။ အခု အဲဒီကတိတည်ဖို့ ငါ ပြန်လာနေပြီ
“ကောင်းကင်ဘုံ ၃၃ ဘုံ မင်းတို့ကတော့ .... ဝဋ်ပြန်ခံရဖို့ အဆင်သင့်ပြင်ထား
“အင်မော်တယ်နတ်ဘုရားကုန်းမြေ၊ နတ်ဆိုးကုန်းမြေ ၊ ငါ အခု မင်းတို့အကြောင်း ပိုနားလည်နေပြီ။ ငါထင်ထားတဲ့အတိုင်း ကိုးဆယ်ရာခိုင်နှုန်း မှန်ခဲ့ပြီ။ ဒါပေမဲ့ ... ငါ မင်းတို့ကို ဖျက်စီးဦးမှာပဲ
“မင်းတို့ကို မဖျက်စီးရင် တန်ခိုးရှင်အဆင့်တက်ခဲ့တာ ဘာအဓိပ္ပါယ်ရှိတော့မလဲ။ မင်းတို့ အသုတ်သင်ခံရမယ်။ နှစ်နှစ်ထောင်တိုင်တိုင် အသည်းနှလုံးကို လှိုက်စားနေခဲ့တဲ့ ရန်ကြွေးကို .... ဘယ်သူက ဒီအတိုင်းမေ့ဖျောက်ပေးနိုင်မှာလဲ
“အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင် မင်းလည်း ပြောင်းပြန်လှန်ခံရမယ်” မန်ဟို၏မျက်လုံးများသည် အနီရောင်တောက်နေ၏။ ၎င်းက မိစ္ဆာအရောင်အဝါဖြစ်ပြီး သူ့ထံမှ ထုတ်လွှတ်နေသော မိစ္ဆာချီကား သာမန်ထက် ထူးခြားလေသည်။
မန်ဟို့စိတ်ထဲ၌ ပုံရိပ်ပေါင်းများစွာ ဖြတ်ပြေးသွားသည်။ စစ်ပွဲအတွင်း တောင်ပင်လယ်လောက ဖျက်စီးခံခဲ့ရသည်ကို သူ မြင်ယောင်နေသည်။ အင်မော်တယ်နတ်ဘုရားကုန်းမြေ သူ့တို့အား အသေရရအရှင်ရရ လိုက်ဖမ်းခဲ့သည်ကို သူ မြင်ယောင်နေသည်။ ရွှေတုန်းလျှိုနှင့် ပင်လယ်အိပ်မက်၏သေဆုံးမှုကို သူ မြင်ရသည်။ တောင်ပင်လယ်လိပ်ပြာ အန္တရာယ်ဘေးမှ လွတ်လာခဲ့ပြီးနောက် နတ်ဆိုးကုန်းမြေရောက်လာပြီး အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် ပူးပေါင်းကာ တောင်ပင်လယ်လောကအား ဖျက်စီးခဲ့သည်ကို မန်ဟို ပြန်မြင်နေ၏။
သူ ထွက်ပြေးနိုင်အောင် ကူညီပေးဖို့လေးအတွက် အသားဂျယ်လီ အသက်ပေးခဲ့ရပြီး ကြက်တူရွေးလည်း ကံဆိုးမိုးမှောင်ကျခဲ့သည်။
“တစ်နေ့ ငါ ပြန်လာမယ်”
ဂျိန်း
စစ်တပ်ကြီး ချီတက်လာသဖြင့် ကြယ်တာရာကောင်းကင်မှာ လှုပ်ခတ်သွားသည်။ မြူများ ဆုတ်ခွာကုန်ကြသည်။ နောက်ဆုံးတော့ သူတို့၏အရှေ့၌ တစ်စုံတစ်ခုပေါ်လာသည်။ ထိုအရာသည် ကြီးကျယ်ခမ်းနားသော မန္တန်ဝင်္ကပါ ... ကမ္ဘာပေါင်းမိုးပင်။
ကမ္ဘာပေါင်းမိုးအတွင်းတွင် တောင်ပင်လယ်လိပ်ပြာကို ဖမ်းချုပ်ထားသော ကောင်းကင်ဘုံ ၃၃ ဘုံဖြစ်သည့် မြေထု ၃၃ ခု ရှိသည်။ မြေထု ၃၃၏အပြင်တွင်တော့ မျောက်တစ်ကောင် တင်ပျဉ်ခွေထိုင်နေ၏။ ရုတ်တရက် သူ့မျက်လုံးများ ပွင့်လာပြီး သူ့မှာ တဆတ်ဆတ် တုန်ရီသွားသည်။ သူ့ကိုယ်ပေါ်ရှိ အမွှေးအမျှင်အားလုံး ချက်ချင်း ထောင်ကုန်၏။
မျောက်နှင့် မြေထု ၃၃ ခု၏အောက်တွင်တော့ အစိမ်းရောင် ကြေးခေါင်းတလားတစ်ခု။
ခေါင်းတလားသည် မှိန်ပျပျတောက်ပနေပြီး အထဲ၌ လက်ဖျားခါလောက်အောင် လှပသော အမျိုးသမီးတစ်ဦး အိပ်စက်နေသယောင်ရှိ၏။ ခေါင်းအလား၏အပေါ်၌ အသက်သေဆုံးတော့မည့်ပုံရသော လိပ်ပြားတစ်ကောင် နားနေသည်။
အပေါ်မှ ဖိအားက ရက်ရက်စက်စက် ဖိနှိပ်နေသော်လည်း ခေါင်းတလားမှ အလင်းရောင်ကြောင့် လိပ်ပြာကို မထိနိုင်ပေ။ ကြယ်တာရာကောင်းကင်တစ်ခုလုံးက လိပ်ပြာကို မုန်းတီးနေသည့်အလား ဖြစ်နေရာ ခေါင်းတလားထံမှ အလင်းရောင်ကြောင့်သာမဟုတ်လျှင် လိပ်ပြာအဖျက်စီးခံခဲ့ရသည်မှာ ကြာလေပြီ။
လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ပါရာဂွန်ပင်လယ်အိပ်မက်သည် နားခိုနိုင်မည့်နေရာကို ရှာဖို့အတွက် သူမအသက်ကို ပေးဆပ်ခဲ့၏။ လိပ်ပြာ ယခုထက်ထိ အသက်ရှင်နေသေးသောအချက်က သူမ၏စတေးမှုက တောင်ပင်လယ်လောကအတွက် ဘေးကင်းလုံခြုံမှုကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ဟု ဆိုလိုလေသည်။
“ငါ ပြန်လာပြီ” မန်ဟိုက တောင်ပင်လယ်လိပ်ပြာကို ကြည့်ရင်း ပုတ်သင်အိုကြီးအပေါ်၌ ရပ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ့စကားသံက လွန်စွာတိုးညှင်းလှသဖြင့် သူတစ်ယောက်တည်းသာ ကြားရလေသည်။ တောင်ပင်လယ်လိပ်ပြာကို ကြည့်နေစဉ် သူ၏မျက်လုံးများသည် လွမ်းဆွေးမှုတို့ဖြင့် အရောင်လဲ့နေ၏။
ယခုတွင် တန်ခိုးရှင်အဆင့်တက်ပြီဖြစ်သည့်အတွက် သူ၏စကားလေးတစ်ခွန်း၊ အပြုအမူလေးတစ်ခုက အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သည်။ အမှန်တွင် သူ့အနေဖြင့် စကားပြောစရာပင်မလိုပေ။ သူ၏အတွေးလေးတစ်ချက်က သဘာဝနိယာမကို ပြောင်းလဲနိုင်၏။
လူတစ်ယောက်ယောက် သူ့နာမည်အကြောင်း တွေးလိုက်ရုံနှင့် မန်ဟိုဟု တန်းသိမည့်အတိုင်းအတာအထိပင် သူ့အဆင့်က မြင့်မားနေခဲ့လေပြီ။ ထိုနတ်ဘုရားစွမ်းရည်နှင့် အင်အားအဆင့်က တန်ခိုးရှင်အဆင့်ကျင့်ကြံသူများ၏ ကြောက်စရာကောင်းသောလက္ခဏာတစ်ရပ် ဖြစ်ပေသည်။
အဆုံးမဲ့တာအိုနှင့် မိုးနင်းချေခြင်းအဆင့်နှင့်ပတ်သက်သာလျှင် ထူးခြားသည့်အရာတော့ မဟုတ်ပေ။
သူ ထိုစကားလုံးများအား ရေရွတ်လိုက်သောအခိုက်အတန့်တွင် သူ့အသံသည် တောင်ပင်လယ်လိပ်ပြာထဲရှိ မိတ်ဆွေများ၏စိတ်ထဲ၌ ပဲ့တင်ထပ်လာ၏။
သူ့မိဘများလည်း ရှိနေသည်။ သူတို့သည် မန်ဟို့အငွေ့အသက်ကို ခံစားလိုက်ကြရ၍ မိုးကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားနေသောအမူအရာများ သူတို့မျက်နှာများထက်၌ ပေါ်လာကြ၏။ သူတို့သား၏အငွေ့အသက်မှန်း သိသာသော်လည်း မိုးနှင့်မြေကို လှုပ်ခတ်နိုင်သော တစ်စုံတစ်ရာပါရှိနေသည်။ ထို့အပြင် ၎င်းသည် တစတစ နီးကပ်လာနေ၏။
“ဟိုအာပဲ”
“ဟိုအာ ပြန်လာနေပြီ။ ငါ့သား မသေသေးဘူး။ ဖန်မျိုးနွယ်စုရဲ့ ချီလင်းသား ပြန်လာပြီဟေ့။ ငါ့သားက ကောင်းကင်ဘုံ ၃၃ ဘုံကို ဖွင့်ထုတ်ပြီး သူတို့သွေးနဲ့ အာကာပြင်ကျယ်စကြဝဠာကို ခြယ်မှုန်းတော့မယ်” မန်ဟို့အဖေ ဖန်ရှုံ့ဖုန်းသည် ခေါင်းနောက်လန်၍ အားပါးတရ အော်ရယ်နေ၏။ သူ ဤမျှပျော်ရွှင်၍ စိတ်မလှုပ်ရှားခဲ့ရသည်မှာ ကြာလေပြီ။ သူသည် မျက်ရည်များဝိုင်းနေသော မန်လီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။
မန်လီသည် ကြယ်တာရာကောင်းကင်ကို မော့ကြည့်နေ၏။ သူမသားက အထူးချွန်ဆုံးဖြစ်ကြောင်း သူမ သိသည်။ အချိန်မည်မျှကြာကြာ၊ မည်သည့်အရာတွေဖြစ်ပျက်ဖြစ်ပျက် သေချာပေါက် ကတိတည်ဖို့ ပြန်လာမည်ဖြစ်ကြောင်း သူမ သိသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ ပြန်လာမည်ဟု ကတိပေးခဲ့သည့်အတွက် မုချပြန်လာလိမ့်မည်။
တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာအနှံ့အပြားရှိ လူအတော်များများလည်း အလားတူခံစားလိုက်ကြရသည်။ ရှုချင်သည် တောင်ပေါ်ရှိ သူမအိမ်တံခါးဝ၌ တင်ပျဉ်ခွေထိုင်နေ၏။ သူမက ရုတ်တရက် အပြင်လမ်းလျှောက်ထွက်လာသည်။
လေပြေက ကျီစယ်တိုးဝှေ့မှုကြောင့် သူမအဝတ်စများ လှုပ်ခတ်သွားပြီး ဆံနွယ်စလေးများ ပျံ့လွင့်သွားသောအခါ .... အတန်ငယ်အရွယ်ရနေပြီဖြစ်သော သူမ၏လှပသောမျက်နှာလေး ပေါ်လွင်လာသည်။
သို့သော် အရေးအကြောင်းများမှာ စိတ်လှုပ်ရှားနေသော သူမ၏အမူအရာကို မဖုံးကွယ်နိုင်ပေ။
ရှုချင်သည် စောစောက တရားထိုင်နေခဲ့သော်လည်း မန်ဟို့အသံကို ကြားရသောအခါ သူ သူမဘေး၌ ရပ်နေသကဲ့သို့ ခံစားလိုက်ရ၏။ ... ကိုယ် ပြန်လာပြီ
နားကြားမမှားကြောင်း သေချာ၍ အပြင်သို့ အပြေးအလွှားထွက်ပြီးနောက် သူမမှာ တောင်ထိပ်ပေါ်၌ ရပ်ရင်း မိုးကောင်းကင်အား မော့ကြည့်လိုက်မိသည်။ သူမလက်နှစ်ဖက်က ဂါဝန်စကို အသာအယာဆုပ်လိုက်မိပြီး မျက်ရည်များသည်လည်း သူမပါးပြင်တစ်လျှောက် စီးကျလာ၏။ ထိုမျက်ရည်များတွင် ဝမ်းသာပျော်ရွှင်မှုနှင့် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် ကြီးထွားလာခဲ့သော အလွမ်းတို့ ပါရှိလေသည်။
“မန်ဟို....” သူမက ပြုံးရင် ခေါ်လိုက်သည်။ သူမအပြုံးလေးသည် ပန်းပွင့်လေးလို လှမြဲလှနေဆဲဖြစ်ပြီး သူမပတ်ဝန်းကျင်ကို မှေးမှိန်သွားစေ၏။
မန်ဟို ပြန်လာလေပြီ။ သူမယောက်ျားသည် အပြင်က ကြယ်တာရာကောင်းကင်ထဲသို့ ရောက်နေခဲ့လေပြီ။
ကတိပေးခဲ့သည့်တိုင်း သူ ပြန်ရောက်လာခဲ့ပြီဖြစ်၏။