စိတ်လှုပ်ရှားခြင်းနှင့် ထိတ်လန့်ခြင်း
Vol. 111 Ch. 1544
တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာအတွင်းရှိ ကန္တာရတစ်ခုထဲ၌ ဝမ်ယိုချိုင်သည် တရားထိုင်နေ၏။ ယခုလို သူ့ကိုယ်သူ ညှင်းဆဲနေခဲ့သည်မှာ နှစ်ပေါင်းနှစ်ထောင်တိုင်ခဲ့လေပြီ။ သူ၏အပြင်အားကိုယ်၊ နတ်ဘုရားအာရုံနှင့် စိတ်ကို ညှင်းပန်းနှိပ်စက်ခြင်းဖြင့် သူ၏အတိုက်အခိုက်စွမ်းရည်ကို အဆက်မပြတ် မြှင့်တင်နိုင်ခဲ့သည်။
သူသည် တောင်ပင်လယ်လိပ်ပြာထဲရှိ လူပေါင်းများစွာအတွက် စံနမူနာယူစရာ ဖြစ်လာခဲ့၏။ ပုံမှန်အတိုင်းဆိုလျှင် သူ့အနေဖြင့် ဤမျှအသက်မရှည်သင့်ပေ။ တကယ်တမ်း လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သက်တမ်းကုန်ဆုံးသွားသင့်သော အစွမ်းထက်ကျင့်ကြံသူပေါင်းများစွာ တောင်ပင်လယ်လိပ်ပြာထဲတွင် ရှိကြသည်။
သို့သော် လိပ်ပြာနားနေသော အစိမ်းရောင်ကြေးခေါင်းတလားက ကောင်းကင်ဘုံ ၃၃ ဘုံ ကျူးကျော်မလာအောင် ဟန့်တားပေးသော အချိန်စွမ်းအားကို ထုတ်လွှတ်ပေးထားသည်။ ထိုစွမ်းအားသည် သေဆုံးသွားသင့်သော အစွမ်းထက်ပညာရှင်များပင် အပါအဝင် တောင်ပင်လယ်ကမ္ဘာသူကမ္ဘာသားများအား အားဖြည့်၍ ကာကွယ်စောင့်ရှောက်ပေးခဲ့၏။
ဝမ်ယိုချိုင်၏မျက်ခွံများက ဖုံးကွယ်ထားသော မျက်တွင်းနက်များကို မပြသခဲ့သည်မှာ ကြာခဲ့လေပြီ။ လောလောဆယ်တွင် သူသည် သဲကန္တာရထဲ၌ တရွတ်တိုက်ဆွဲလျှောက်နေရင်းတန်းလန်း တုံ့ခနဲ့ ရပ်ကာ ခေါင်းမော့လိုက်၏။ ထို့နောက် အားရဝမ်းသာစွာ ရယ်တော့သည်။ အဆုံးမဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် လေမုန်တိုင်းကြီးတစ်လုံးကို ဖန်တီးလျက် သူ့ထံမှ ဖြာထွက်လာ၏။
“အဲဒီအရှိန်အဝါ၊ အဲဒီအသံ.... မန်ဟို .... မန်ဟိုပဲ” ဝမ်ယိုချိုင်က နောက်တစ်ဖန် အားရဝမ်းသာစွာ အော်ရယ်ပြန်သည်။
တောင်ပင်လယ်လိပ်ပြာကမ္ဘာ၏ နောက်တစ်နေရာတွင် .... စည်ကားသိုက်မြိုက်နေသော ဂိုဏ်းတစ်ဂိုဏ်းရှိသည်။ ဖက်တီးသည် ထိုနေရာတွင် ရှိ၏။ ယခုတွင် ဖက်တီးမှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး တောင်ကြီးတစ်လုံးသဖွယ် အဝလွန်နေသည်။ သို့သော် သူ့ထံမှ အစွမ်းထက်သော တာအိုနယ်ပယ်အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ဝမ်ယိုချိုင်နှင့်တော့ မယှဉ်နိုင်သော်လည်း ဖက်တီးသည် တောင်ပင်လယ်လိပ်ပြာကမ္ဘာ၏ အကျော်ကြားဆုံးပညာရှင်များအနက် တစ်ဦးအပါအဝင်ဖြစ်၏။ အတိတ်တုန်းက အတွေ့အကြုံများအရ သူ့စကားသည် ဂိုဏ်းအတွင်း၌ မိုးကောင်းကင်မှ အမိန့်များပမာ ဩဇာညောင်းနေလေ၏။
လောလောဆယ်တွင် ဖက်တီးသည် တခြားသူများနှင့်မတူညီသော သူ၏ကျင့်စဉ်ဖြစ်သည့် ဝိညာဉ်ကျောက်တုံးတစ်တုံးအား တဂျွတ်ဂျွတ်ဝါးခြင်းအမှုကို ပြုနေ၏။ ဝိညာဉ်ကျောက်တုံးကို စုပ်ယူလိုက်သည့်အချိန်မှာပင် အတိတ်တုန်းက ကြုံတွေ့ခဲ့ဖူးသော ခံစားချက်ကြောင့် သူ့မှာ တဆတ်ဆတ် တုန်သွားတော့သည်။ သို့သော် ဤတစ်ခေါက်တွင် အဆိုပါခံစားချက်သည် ပိုမိုပြင်းထန်၏။ သူက လေပေါ် ပျံတက်သွားသော ခပ်ဝါးဝါးအတန်းတစ်တန်း ဖြစ်သွားသည်။
ဖက်တီးသည် တဆတ်ဆတ် တုန်ရီလျက် မော့ကြည့်နေပြီးနောက် စိတ်လှုပ်တရှားဟိန်းဟောက်လိုက်၏။ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရပြီးနောက်တွင်တော့ ... သူ၏အမျက်ဒေါသတို့အား ချေဖျက်နိုင်ပေတော့မည်။
ဂိုဏ်းထဲရှိ ဂိုဏ်းသားများမှာ မှင်သက်သွားကြ၏။ ဂိုဏ်းအကြီးအကဲများက ပျံတက်လာကြကာ သူတို့၏ဂိုဏ်းချုပ်ဖက်တီးကို တအံ့တဩကြည့်လိုက်ကြသည်။
“ဟားဟားဟား မန်ဟို၊ မင်းကွာ နောက်ဆုံးတော့ ပြန်လာပြီပေါ့
“ငါ မင်းအသံကို ကြားတယ် မန်ဟိုရေ” ဖက်တီးသည် ဝမ်းသာစွာ အော်ဟစ်ရင်း မျက်ရည်များကျနေ၏။
“နှစ်နှစ်ထောင်ကျော်၊ ငါတို့ မင်းကို နှစ်နှစ်ထောင်ကျော် စောင့်နေခဲ့တာ။ နောက်ဆုံးတော့ ... မင်း ပြန်ရောက်လာပြီပေါ့”
အောက်ရှိလူများသည် ရယ်လိုက်ငိုလိုက်ဖြစ်နေသော သူတို့၏ဂိုဏ်းချုပ်ကို မော့ကြည့်ရင်း ဘာဖြစ်နေမှန်း မသိကြပေ။ အများစုမှာ မကြာသေးသော ရာစုနှစ်အတွင်းမှ မွေးဖွားလာခဲ့ကြ၍ မန်ဟို့မိတ်ဆွေများလို မခံစားရသလို၊ ကြားလည်းမကြားရပေ။
တခဏကြာသော် ဂိုဏ်း၏ သက်တော်ရှည်ကျင့်ကြံသူများ ပျံထွက်လာကြသည်။ သူတို့သည် စောစောက ခံစားလိုက်ရသည့် အရာက ထင်ယောင်ထင်မှားလား၊ အမှန်တကယ်လား မသိ၍ တုန်ရီနေကြ၏။ သို့သော် ဖက်တီး ထိုသို့တုံ့ပြန်နေသည်ကို မြင်လျှင် စိတ်လှုပ်ရှားလာကြတော့သည်။
“မန်ဟိုလား....”
“တကယ်ပဲ မန်ဟိုလား။ ဟားဟားဟား။ သူ ပြန်လာနေပြီပေါ့”
“မန်ဟိုဟ သူပဲ။ မိစ္ဆာဘုရင်” သက်တော်ရှည်အားလုံး စိတ်လှုပ်တရှား အော်ဟစ်နေကြသည်။ ကျန်ရှိသူများမှာတော့ တွေဝေနေရာမှသည် အံ့ဩတုန်လှုပ်လာကြ၏။
“မိစ္ဆာဘုရင်၊ မိစ္ဆာဘုရင်မင်းမြတ်လား။ ဒဏ္ဍာရီတွေအရ သူက လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက တောင်ပင်လယ်လောကကို ကယ်တင်ခဲ့တဲ့ နံပါတ်တစ်အစွမ်းထက်ဆုံးပညာရှင်တဲ့လေ”
“မိစ္ဆာဘုရင်မင်းမြတ် ပြန်လာပြီလား။ တ..တကယ်လားဟင်” ဂိုဏ်းသားတစ်ယောက်ပြီး တစ်ယောက် တုန်ရီလာကြပြီး စိတ်လှုပ်ရှားစွာ ကြွေးကြော်နေကြ၏။
နောက်တစ်နေရာတွင် လင်မယားနှစ်ယောက်ရှိသည်။ သူတို့ကား မန်ဟို၏အစ်မ ဖန်ယုနှင့် စွန်းဟိုက်မှတစ်ပါး အခြားမဟုတ်ပေ။ ဖန်ယုနှင့် စွန်းဟိုက်သည် သူတို့၏အိမ်ထဲမှ လေပေါ်ပျံတက်လာကြကာ မိုးကောင်းကင်အား စိတ်လှုပ်တရှား မော့ကြည့်လိုက်ကြ၏။
ဖန်ယုမှာ မျက်ရည်များကြောင့် အမြင်များဝေဝါးနေရာမှ ရေရွတ်လိုက်သည်။ “မောင်လေး..”
စွန်းဟိုက်လည်း အလွန်စိတ်လှုပ်ရှားနေပုံရပြီး တဟားဟား အော်ရယ်တော့သည်။ သူတို့၏တုံ့ပြန်မှုက အလင်းတန်းသုံးတန်းအား သူတို့နောက်မှ လေပေါ်ပျံတက်လာစေသည်။ ကောင်လေးနှစ်ယောက်၊ ကောင်မလေးတစ်ယောက်ဖြစ်ပြီး ဖန်ယုနှင့် စွန်းဟိုက်၏ သားသမီးများမှတစ်ပါး အခြားမဟုတ်ပေ။
ဤလူငယ်သုံးယောက်မှာ သူတို့မိဘနှစ်ပါး ဤမျှခံစားချက်များပြင်းထန်နေသည်ကို မြင်ရခဲသည့်အတွက် မမေးမိဘဲ မနေတော့ပေ။
“အဖေ အမေ ဘာဖြစ်လို့လဲဟင်”
“ဘာဖြစ်လို့လဲ”
“မင်းတို့ဦးလေးလေ” ဖန်ယုက ငိုသည်။ “သူ ပြန်လာပြီ” သူမမျက်ဝန်းများသည် လွန်ခဲ့သောရာစုနှစ်များထက် များစွာရွှန်းလဲ့တောက်ပနေ၏။
“သားတို့ဦးလေးမန်ဟိုလား”
“မိစ္ဘာဘုရင်ကြီးလေ”
မန်ဟို၏တူ၊ တူမများမှာ ဖြစ်ပျက်နေသောအရာကို မယုံနိုင်ကြတော့ပေ။ မန်ဟိုက ဒဏ္ဍာရီတစ်ပုဒ်ဖြစ်နေသည့် ခေတ်တွင် သူတို့မွေးဖွားလာခဲ့ကြခြင်းဖြစ်သည်။ အမှန်တွင် လွန်ခဲ့သောရာစုနှစ်များအတွင်း မွေးဖွားလာခဲ့သူတိုင်းအတွက် မန်ဟိုက ကျင့်ကြံသူတစ်ယောက်ပင်မဟုတ်ပေ။ သူသည် ဒဏ္ဍာရီ၊ သူသည် ရာဇဝင်ဖြစ်၏။
တောင်ပင်လယ်လိပ်ပြာကမ္ဘာ၏ တခြားတစ်နေရာတွင် အနှစ်သာရ ၇ ခု ပါရာဂွန်တစ်ယောက်၏အရှိန်အဝါ ဝုန်းခနဲ ပေါ်ထွက်လာရာ လူပေါင်းများစွာ အံ့ဩတုန်လှုပ်သွားစေသည်။ ရုတ်တရက် အဘိုးအိုတစ်ယောက် လေလယ်တွင် ပေါ်လာသည်။
သူကား ... ဘိုးဘိုးမန်ပင်။
ဘိုးဘိုးမန်သည် ကျင့်ကြံအဆင့်အား အနှစ်သာရ ၇ ခုပါရာဂွန်အဆင့်အထိ မြှင့်တင်နိုင်ခဲ့၍ တောင်ပင်လယ်လိပ်ပြာ၏ မဟာစောင့်ရှောက်သူလေးပါးထဲမှတစ်ပါး ဖြစ်လာခဲ့သည်။
သူက ကောင်းကင်ကို မော့ကြည့်၍ ခေါင်းနောက်လှန်ကာ ဝမ်းသာမျက်ရည်များဝဲလျက် အားရပါးရ အော်ရယ်လိုက်သည်။
နောက်တစ်နေရာတွင်လည်း အနှစ်သာရ ၇ ခုအရှိန်အဝါရှိသည်။ မြို့တစ်မြို့၌ မားမားမတ်မတ် ရပ်တည်နေသော ရုပ်သေးရုပ်ကြီးတစ်ရုပ်ထံမှ တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်လာ၏။ ထိုရုပ်သေးရုပ်က တောင်ပင်လယ်စစ်ပွဲ၏အစောပိုင်းမှာတုန်းက မန်ဟို ချိတ်ပိတ်ခဲ့သော ကောင်းကင်ဘုံ (၁) မှ ပါရာဂွန်အောဂူပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အရှေ့စွန်းစွန်း၌ လူသေဝိညာဉ်များ ဟိုဟိုသည်သည် သွားလာနေသော ပရလောကကဲ့သို့ ဒေသတစ်ခုရှိသည်။ ဤနေရာသည် ဘဝပြန်ဝင်စားခြင်းသံသရာလည်ပတ်သော တောင်ပင်လယ်လိပ်ပြာ၏ မြေအောက်ကမ္ဘာဖြစ်၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤနေရာမှ အနှစ်သာရ ၈ ခုပါရာဂွန်တစ်ဦး၏အရှိန်အဝါ ပေါ်ထွက်လာသည်။ ၎င်းကား ... ခိတိဂဗ္ဗမှတစ်ပါး အခြားမဟုတ်ပေ။
အတိတ်တုန်းက ခိတိဂဗ္ဗသည် တောင်ပင်လယ်သခင်များအနက် တန်ခိုးအကြီးမားဆုံးဖြစ်ခဲ့၏။
အနောက်ယွန်းယွန်း၌ အဆုံးမဲ့ပင်လယ်တစ်စင်း ရှိသည်။ ရုတ်တရက် ဧရာမလှိုင်းကြီးတစ်လုံး မြောက်လာပြီး ၎င်းအပေါ်တွင် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့ရလိမ့်မည်။ တဖြေးဖြေး ဧရာမဝေလငါးကြီးတစ်ကောင်သည် သူ့ခြေထောက်အောက်၌ ပေါ်လာ၏။ ဝေလငါးကြီးမှာ ပုံစံအမြဲပြောင်းလဲနိုင်သော သတ္တဝါကြီးတစ်ကောင်အလားပင်။ ထိုသတ္တဝါသည် ... အစစ်အမှန်စိတ်ဝိညာဉ် ညပင် ဖြစ်ချေသည်။
ထိုလူငယ်ကတော့ ... နှစ်ယောက်မရှိသော ခဲကျုံစစ်ပင်။ သူကား အနှစ်သာရ ၈ ခု အရှိန်အဝါကို ထုတ်လွှတ်နေ၏။
လွန်ခဲ့သောနှစ်နှစ်ထောင်အတွင်း တောင်ပင်လယ်လိပ်ပြာထဲ၌ မော်ကွန်းတင်ဖွယ်တိုးတက်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် အားလုံးအထဲ အံ့ဩဖွယ်အကောင်းဆုံးကတော့ ရုပ်သေးရုပ်အပြင် နောက်ထပ်ပါရာဂွန်သုံးဦး ရှိလာခဲ့ခြင်းပင်။
ဘိုးဘိုးမန်နှင့် ခိတိဂဗ္ဗသည် နဂိုကတည်းက အင်အားကြီးမားခဲ့၏။ အထူးသဖြင့် အင်ပါယာသခင်သဖွယ်ဖြစ်ခဲ့သော ခိတိဂဗ္ဗပင်။ ထို့ကြောင့် သူတို့ပါရာဂွန်ဖြစ်လာခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ခဲကျုံစစ်မှာမူ တောင်ပင်လယ်လောက၏ကျဆုံးခန်းမတိုင်ခင်တုန်းက သူ မည်သူမှန်း သိခဲ့သူရှားသည်။
ရာစုနှစ်လေးအတွင်း သူက အနှစ်သာရ ၈ ခုအဆင့်သို့ တက်သွားလိမ့်မည်ဟု မည်သူ ထင်ထားခဲ့မည်နည်း။
ဤအခိုက်အတန့်တွင် ပါရာဂွန်လေးပါးသည် ကောင်းကင်ဘုံ ၃၃ ဘုံ၏အလွန်မှ ချီတက်လာနေသော မန်ဟို့ကို မြင်ရသည့်အလား မိုးကောင်းကင်ကို မော့ကြည့်နေကြ၏။
တောင်ပင်လယ်လိပ်ပြာကမ္ဘာ၏ ပင်လယ်ထဲရှိ နောက်တစ်နေရာတွင် ဧရာမကျွန်းကြီးတစ်ကျွန်းအား မြင်ရလိမ့်မည်။ တလက်လက်တောက်ပနေသော အကာအကွယ်တစ်ခုက ၎င်းကို ဖုံးလွှမ်းနေသော်လည်း ထိုကျွန်းပေါ်ရှိ နိုင်ငံတစ်နိုင်ငံလုံးမှာ သီးသန့်ကမ္ဘာတစ်ကမ္ဘာပမာ ဖြစ်နေကြောင်း တွေ့ရလိမ့်မည်။
အံ့ဩဖွယ်ကောင်းစွာနှင့် ထိုကျွန်းကြီး၏အောက်၌ လိပ်ကြီးတစ်ကောင် ရှိနေသည်။ လိပ်ကြီးက ..... မှီခိုရာဂိုဏ်းချုပ်ပင် ဖြစ်ချေ၏။ သူက ပျင်းရိပျင်းတွဲ သမ်းဝေရင်း မျက်လုံးမပွင့်တပွင့်ဖြင့် မိုးကောင်းကင်အား မော့ကြည့်လိုက်သည်။
“အဲဒီအရှိန်အဝါက ဘာကြောင့်ဒီလောက်ရင်းနှီးနေတာပါလိမ့်” သူက တစ်ယောက်တည်း ပွစိပွစိပြောနေသည်။ “လခွမ်း ၊ စဉ်းစားစမ်း ဂိုဏ်းချုပ်။ အဲဒီအရှိန်အဝါက ဘယ်သူ့အရှိန်အဝါပါလိမ့်။ ဘယ်လိုလုပ်ပြီး ငါ့ကို ငိုချင်အောင် လုပ်နိုင်တာတုန်းဟ” သူ့ခေါင်းပေါ်တွင် မိန်းကလေးတစ်ဦး ရပ်နေသည်ကို မြင်ရနိုင်သည်။ သူမသည် ဝမ်းသာလွန်း၍ ငိုနေ၏။
ထိုမိန်းကလေးက ဂူယွိတင်းစန်းယွီမှတစ်ပါး အခြားသူမဟုတ်ပေ။
သူမအနောက်၌ သက်လတ်ပိုင်းအရွယ်ဖြစ်သည့်တိုင် တစ်ခေါင်းလုံးဆံပင်ဖြူနေသော ယောက်ျားတစ်ယောက်ရှိသည်။ သူ၏အရှိန်အဝါသည် ဆွေးမြည့်ပျက်စီးခြင်းအရှိန်အဝါဖြစ်သော်လည်း ပုလဲတစ်လုံးက သူ့ကို လှည့်ပတ်ပျံဝဲနေလေသည်။
သူကတော့ ... တုန်းဟူပင်။
“ဒီပုလဲကို ငါ့ခန္ဓာနဲ့ အစာကျွေးနေခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ပုလဲက သူ့ပိုင်ရှင်ကို စောင့်နေတာ။ ပိုင်ရှင်က မန်ဟိုများ ဖြစ်နေမလား” သူ၏မျက်လုံးများသည် လင်းလက်တောက်ပလာ၏။
မရေမတွက်နိုင်သောလူပေါင်းများစွာ ဝမ်းသာနေကြသည်။ တောင်ပင်လယ်လိပ်ပြာကမ္ဘာသည် တစ်ခါမှမဖြစ်ခဲ့သောပုံစံမျိုးဖြင့် တုန်ရီနေ၏။ ရုတ်တရက် အသက်ဓာတ်များ ၎င်းထဲ စီးဆင်းဝင်ရောက်လာသည့်အလားပင်။
ပင်လယ်အိပ်မက်၏အမွေကို ဆက်ခံထားသော လီလင်းအာနှင့် ကျင်ရှန်းအပါအဝင် မန်ဟို၏မိတ်ဆွေအားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။ ကျန်ကျင့်ကြံသူများလည်း အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြ၏။
“သူ ပြန်လာနေပြီ....”
“မန်ဟိုပြန်လာပြီ”
“မိစ္ဘာဘုရင် ပြန်လာနေပြီ” လူတိုင်း စိတ်လှုပ်တရှား ကြွေးကြော်အော်ဟစ်နေကြသည်။ နောက်ဆုံးတော့ သူတို့စောင့်နေခဲ့သော အခိုက်အတန့်သို့ .... ရောက်ရှိလာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် ဧရာမစစ်တပ်ကြီးထံမှ ပြင်းထန်သောလှိုင်းဂယက်များ ဖြာထွက်လာသည်။ သူတို့၏အမြန်နှုန်းက မြင့်တက်လာရာ အာကာပြင်ကျယ်စကြဝဠာ၏မြူများအား ဖရိုဖရဲပြိုကွဲနေစေတော့သည်။
ကောင်းကင်ဘုံ ၃၃ ဘုံ၌ နေထိုင်သော အပြင်သူများမှာ သတိထားမိပုံမရပေ။ သူတို့သည် လာနေသည်အရာကို မသိသည့်အပြင် ဂရုစိုက်ပုံပင်မရ။
ကမ္ဘာပေါင်းမိုးအပြင် ကျန်အကာအကွယ်မန္တန်ဝင်္ကပါများကို အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေမှ စီရင်ထားရှိပေးခဲ့သည်။ ထိုအရာတို့သည် လွန်ခဲ့သောနှစ်နှစ်ထောင်အတွင်း ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားခဲ့သော ဖြစ်တည်မှုပေါင်းများစွာကို ချေမှုန်းခဲ့၏။
အကုန်လုံး တားမြစ်ခံရသည်သာမက အတော်များများမှာ တိုက်ရိုက်အသတ်ခံခဲ့ရလေသည်။
ကောင်းကင်ဘုံ ၃၃ ဘုံကို ပို၍ပင်စိတ်အေးစေသည်က ကမ္ဘာပေါင်းမိုးထဲ၌ ... တောက်ဖန် ရှိနေ၏။ တောက်ဖန်သည် သူတို့၏စောင့်ရှောက်သူဖြစ်ပြီး အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေ၏ကျေးဇူးကြောင့် သူ၏ကျင့်ကြံအဆင့်က အတိတ်တုန်းကထက်ပင် မြင့်မားလာခဲ့၏။
သို့ထိတိုင် သူတို့ ယုံကြည်အားကိုးထားသော တောက်ဖန်မှာ လောလောဆယ်တွင် တုန်ရီနေလေသည်။