← Chapters

တောက်ဖန် ငါ့ကို မှတ်မိလား

Vol. 111 Ch. 1545

တောက်ဖန် ငါ့ကို မှတ်မိလား

Vol. 111 Ch. 1545

ခံစားချက်များ မကောင်းသဖြင့် တောက်ဖန်၏အမွှေးများ ထောင်နေသည်။ တောင်ပင်လယ်လောက နှစ်ကြိမ်ဖျက်စီးခံခဲ့ရပြီးနောက် ခံစားခဲ့ဖူးသမျှအနက် ထိုခံစားချက်က အပြင်းထန်ဆုံးအန္တရာယ်အာရုံဖြစ်လေသည်။

တောက်ဖန်မှာ အသက်ရှူပင်ကြပ်လာကာ ကျင့်ကြံခြင်းအခြေခံလည်း တုန်ရီနေသည်။ ကျင့်ကြံသူများ ကြောက်စရာကောင်းလောက်အောင် ပြွတ်သိပ်နေသော စစ်တပ်ကြီး ချီတက်လာသည်ကို သူ တွေ့လိုက်၏။ ထိုမျှသာမက ထိုစစ်တပ်ကြီး၏အင်အားထဲ၌ အင်မတန်ထိတ်လန့်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များရှိကြောင်း သူ ခံစားရလေသည်။

မန်ဟို့ကိုတော့ တောက်ဖန်မမြင်။ ပုတ်သင်ကြီးကိုသာ မြင်သည်။ သူသည် ပုတ်သင်ကြီး၏ခေါင်းပေါ်၌ ရပ်နေသော ပုဂ္ဂိုလ်ကိ မြင်ပိုင်ခွင့်ပင် မရှိသည့်အလားပင်။ ထိုအစား မန်ဟို ရပ်နေသောနေရာ၌ သူ မြင်ရသမျှမှာ တဝဲဝဲလည်လျက် ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ပုံပျက်ရှုံ့တွနေစေသော ဝဲတစ်ဝဲဖြစ်သည်။

တောက်ဖန်မှာ တခဏလေးပင် တွန့်ဆုတ်မနေ။ သူ့အတွက် အော်ရန်ပင် အချိန်မရှိ။ မုဒြာလက်ကွက်တစ်ကွက် ကပျာကယာဖော်ကာ ကမ္ဘာပေါင်းမိုးအား တဂျုန်းဂျုန်းမြည်လာစေသည်။ ကမ္ဘာပေါင်းမိုးသည် အာကာပြင်ကျယ်စကြဝဠာ၏မြူများကို ထိန်းချုပ်လျက် ချီတက်လာနေသော စစ်တပ်ကြီးမမြင်ရအောင် အတားအဆီးတစ်ခုအား ဖန်တီးလိုက်၏။ ထို့နောက် တောက်ဖန်သည် နောက်ထပ်မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ မန္တန်ဝင်္ကပါမှ အရှိန်အဝါနောက်နှစ်ခုထွက်လာ၏။

ထိုအရှိန်အဝါနှစ်ခုအနက် တစ်ခုသည် အင်မော်တယ်နတ်ဘုရားကုန်းမြေကို ကိုယ်စားပြုကာ ကျန်တစ်ခုက နတ်ဆိုးကုန်းမြေကို ကိုယ်စားပြုသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်ရှိ မြူများနှင့် တစ်သားတည်းဖြစ်ကာ သတိပေးချက်သဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။

၎င်းတို့သည် အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေ၏ သင်္ကေတဖြစ်ပြီး ဤနေရာမှာ ရန်စရမည့်နေရာမဟုတ်ကြောင်း ဖော်ပြသည့် သတိပေးချက်လည်း ဖြစ်၏။

ဤအရာများကို လုပ်ဆောင်ပြီးနောက် တောက်ဖန်မှာ အသက်ရှူချောင်သွားသည်။ အတန်ငယ်စိုးထိတ်နေသေးသော်လည်း သူ့တစ်ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့သည့် ကြောက်မက်ဖွယ်ဖြစ်တည်မှုအားလုံး ဤအရှိန်အဝါနှစ်ခုကြောင့် ကြောက်လန့်သွားခဲ့ရကြောင်း သူ့ကိုယ်သူ မပြတ်သတိပေးနေသည်။

ဤအခြေအနေတွင်လည်း အလားတူဖြစ်ပါစေဟုသာ သူ ဆုတောင်းနိုင်လေသည်။

“ဒီအတိုင်း ဖြစ်သွားတာပဲနေမှာပါ” သူက သူ့ကိုယ်သူ ပြောသည်။ “ဟုတ်တယ် .... သေချာပေါက် ဖြတ်သွားဖြတ်လာပဲ နေမှာ

“အဲဒီပဲ ဖြစ်နိုင်ခြေရှိတယ်။ ဒီလောက်အင်အားကြီးမားတဲ့ ကျင့်ကြံသူစစ်တပ်ကြီးကို ‌ကောင်းကင်ဘုံ ၃၃ ဘုံ တစ်ခါမှ ရန်မစခဲ့ဖူးဘူး။ ဒါ့အပြင် တောင်ပင်လယ်လောကရဲ့ ရှင်သန်သူတစ်ယောက်မှ ချုပ်ခံထားရတာကနေ မလွတ်မြောက်နိုင်တော့ အဲဒီလောက်ကြောက်စရာကောင်းတဲ့ စစ်တပ်ကြီးနဲ့ ဆက်သွယ်နိုင်မှာမဟုတ်ဘူး

“အဲဒီအတိုင်းပဲ ဖြစ်ရမယ် .... ဒါ့အပြင် အာကာပြင်ကျယ်ရဲ့ ကြယ်တာရာကောင်းကင်ထဲမှာ ဘယ်သူက အင်မော်တယ်နတ်ဘုရားကုန်းမြေနဲ့ နတ်ဆိုးကုန်းမြေကို ရန်စရဲလိမ့်မှာလဲ။ အဲဒီလိုလူတွေက ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချိုတွေ တအားရှားတာ။ ဘယ်သူမှ ဒီလိုနေရာမျိုးကို ဂရုစိုက်မှာမဟုတ်ဘူး....” တောက်ဖန်မှာ သူ့ကိုယ်သူ ယခုကဲ့သို့ နှစ်သိမ့်ရင်း တဖြည်းဖြည်း စိတ်ငြိမ်လာပြီး သူ့အထင်က မှန်သည်ဟု ယုံကြည်လာတော့သည်။

သို့ထိတိုင် ပုတ်သင်ကြီးအပေါ်ရှိ ဝဲထဲက လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်၊ သူမမြင်နိုင်သော ပုဂ္ဂိုလ်ကြောင့် သူ့နှလုံးသားကို ဖြစ်ညစ်နေသည့် အကြောက်တရားအား မဖယ်ရှားနိုင်သေးပေ။ ထိုဝဲက ပုဂ္ဂိုလ်သည် မည်သူဖြစ်ဖြစ် စစ်တပ်ကြီးတစ်တပ်လုံးတွင် ကြောက်စရာအကောင်းဆုံးဖြစ်ကြောင်း သူ ခံစားရသည်။

သူ့မှာ ရင်တမမဖြင့် ထိုင်စောင့်နေစဉ် သိသိသာသာ တုန်ရီလာသည်ကိုပင် သတိမထားမိပေ။ အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေ၏အကူအညီအဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် အနှစ်သာရ ၉ ခုအဆင့်သို့ ရောက်ရှိခဲ့၏။ သို့ထိတိုင် ကြောက်ဒူးတုန်နေမိသေးသည်။

ကြောက်စိတ်က ရေလှိုင်းများကို သူ့ကို ရိုက်ခတ်လွှမ်းမိုးနေရာ ရေမွန်းသကဲ့သို့ အသက်ရှူကြပ်လာသည်။

စစ်တပ်ကြီး သည်အတိုင်းဖြတ်သွားရုံဖြစ်ပါစေဟုသာ သူ ဆုတောင်းနေနိုင်၏။

ကမ္ဘာပေါင်းမိုး ၊ မြူအတားအဆီး၏အပြင်

အတားအဆီးက ကောင်းကင်ဘုံ ၃၃ ဘုံကို တင်းတင်းကြပ်ကြပ် အဝင်အထွက်ပိတ်လိုက်သဖြင့် မန်ဟို့မြင်ကွင်းမှာ ထပ်မံဝေဝါးသွားသည်။

စစ်တပ်ကြီးသည် ဖြည်းညင်းစွာ ရပ်လိုက်၏။ မရေမတွက်နိုင်သောကျင့်ကြံသူများက တိုက်ခိုက်လိုစိတ်များနှင့်အတူ မန်ဟို့ကို ယုံကြည်စွာဖြင့် ပျံဝဲနေကြသည်။ တစ်ယောက်ပြီးတစ်ယောက် အရူးအမူးလေးစားကြည်ညိုနေသည့်မျက်ဝန်းများဖြင့် သူ့အား လှည့်ကြည့်ကြသည်။ အရာအားလုံး တိတ်ဆိတ်နေ၏။ မည်သူမှ စကားမပြော။ အကုန်လုံးက မန်ဟို အမိန့်ထုတ်ပြန်မည်ကို စောင့်စားနေကြလေသည်။

နဝမဂိုဏ်း၏ဂိုဏ်းသားများ၊ ကျန်ဂိုဏ်းများမှ ဂိုဏ်းသားများလည်း အလားတူစောင့်နေကြသည်။ အနှစ်သာရ ၉ ခုပါရာဂွန်များပင် ခြွင်းချက်မဟုတ်။ ဂိုဏ်းချုပ်၊ ကျင်ယွင်ရှန်း၊ ခြကြီး၊ ခေါင်းကြီး၊ ပုတ်သင်ကြီးနှင့် မန်ဟို၏လက်အောက်ငယ်သားအားလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေကြသည်။

မန်ဟိုသည် မြူများကြည့်ရင်း ပုတ်သင်ကြီးအပေါ်၌ ရပ်နေ၏။ သူ့မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်မှာ အတိုင်းထက်အလွန်အားကောင်းလှသဖြင့် အကောင်အထည်ပင် ရှိလာသယောင် ထင်ရသည်။ ထို့နောက် မြူအတားအဆီး တဖွေးဖွေးလှုပ်သွားကာ ကမ္ဘာပေါင်းမိုးထံမှ အရှိန်အဝါနှစ်ခု ထွက်လာသည်။

နှစ်ခုလုံးက အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ဖြစ်ကြသည်။ ၎င်းတို့သည် လူများမဟုတ်။ ပတ်ဝန်းကျင်ကို ကျူးကျော်လာသူများအား ခြိမ်းခြောက်ဖို့ ထားရစ်ခံခဲ့ရသော နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းများသာ ဖြစ်သည်။

“ဒီဧရိယာက အင်မော်တယ်နတ်ဘုရားကုန်းမြေရဲ့ စစ်သည်တော်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတယ်။ ကြယ်တာရာကောင်းကင်ရဲ့ တခြားနေရာက လာတဲ့လူတိုင်း အခုချက်ချင်း ထွက်သွားကြပါ”

တစ်ချိန်တည်းမှာပင် သေခြင်းအငွေ့အသက်တို့ သက်ဝင်နေသော အေးစက်စက်အသံနောက်တစ်သံလည်း ထွက်လာသည်။

“နတ်ဆိုးလောကရဲ့ ပိုက်နက်ကို ကျူးကျော်တဲ့ ဘယ်သူမဆို တစ်မျိုးလုံး မျိုးဖြတ်ခံရမယ်။ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့စေရဘူး”

တခြားလူများသာဆိုလျှင် ဖိန့်ဖိန့်တုန်အောင် ကြောက်သွားလိမ့်မည်။ အမှန်တွင် မန်ဟိုသာမပါပါက အာကာပြင်ကျယ်ကျောင်းတော်ပင် နောက်တွန့်သွားခဲ့လိမ့်မည်။ အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေတစ်ခုခုကို ရင်ဆိုင်ခြင်းက အာကာပြင်ကျယ်ကျောင်းတော် လက်မခံနိုင်မည့် ကပ်ဘေးတစ်ခုသို့ ဦးတည်သွားလိမ့်မည်။

သို့‌‌သော် ယခုတွင် အရာအားလုံး ကွဲပြားသွားလေပြီ။ နတ်ဘုရားအာရုံစီးကြောင်းနှစ်ကြောင်းမှ သတိပေးချက်များ ပဲ့တင်ထပ်နေစဉ် စစ်တပ်ကြီးရှိ ကျင့်ကြံသူတစ်ယောက်မှ တုပ်တုပ်မလှုပ်ပေ။ အမှန်တွင် သူတို့၏လူသတ်ငွေ့များက ပို၍ပင်အားကောင်းလာသေးသည်။

လူတိုင်းစောင့်နေစဉ် မန်ဟိုက ဖြည်းဖြည်းချင်း ထရပ်ပြီးနောက် သူ့လက်ချောင်းအား မြူအတားဆီးထံ ဝှေ့ယမ်းလိုက်သည်။

မန်ဟိုသည် စကားတစ်ခွန်းမပြော။ သူ့လက်ချောင်း၏ ရိုးရှင်းသောဝှေ့ယမ်းမှုလေးက မှော်အတတ်တစ်ခုကိုပင် မထုတ်လွှတ်ပေ။ သို့ထိတိုင် မြူအတားအဆီးသည် တုန်ခါစပြုလာပြီး အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းနှစ်ကြောင်းမှာ ချက်ချင်း ဖျက်စီးခံလိုက်ရ၏။

တစ်ချိန်တည်းမှာပင် မိုးပြိုမြေပြိုစေနိုင်သော ဟစ်ကြွေးသံများ စစ်တပ်ကြီးအတွင်းမှ ဟိန်းထွက်လာသည်။ သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒသည် တဟုန်ထိုး မြင့်တက်သွားကာ မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူပေါင်းများစွာ မြူအတားအဆီးဆီ ပြေးတက်သွားကြ၏။

ဂိုဏ်းချုပ်နှင့် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ကျင့်ကြံသူများစွာက နတ်ဘုရားစွမ်းရည်များအား တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသည်။ မြူများမှာ ချက်ချင်း လွင့်စင်ပြိုကွဲကုန်တော့သည်။

မြူအတားအဆီး၏အောက်၊ ကမ္ဘာပေါင်းမိုးအတွင်းရှိ တောက်ဖန်မှာတော့ ဂနာမငြိမ်တော့ပေ။ အပြင်ရှိ မြူများမှာ တစ်ခါမှမမြင်ခဲ့ဖူးသော ပုံစံမျိုးဖြင့် အတိုက်အခိုက်ခံနေရသည်ကို သူ မြင်ရပြီး အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေ ချန်ရစ်ခဲ့သော ချုပ်နှောင်စည်းတံဆိပ်နှစ်ခုလည်း ရုတ်တရက် အက်ကွဲပြာကျသွားသည်ကို သူ ခံစားလိုက်ရ၏။

၎င်းတို့မှာ သေးနုပ်သိမ်ဖွဲသည့်အလား ချက်ချင်း ဖျက်စီးခံခဲ့ရလေသည်။ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်က ၎င်းတို့ ပြာကျနေသည့်အချိန်မှာပင် အနက်ရောင်အမျှင်နှစ်မျှင်က မြူအတားအဆီးထဲ ဝင်လာကာ ထိန်းချုပ်ခဲ့သော လူကို သုတ်သင်ဖို့အလား စည်းတံဆိပ်များ၏အရင်းအမြစ်ကို ရှာဖွေနေတော့သည်။

တောက်ဖန်မှာ မှင်သက်သွားသည်။ သူ အသက်မနည်းရှူရင်း ထရပ်လိုက်သည့်အချိန်မှာပင် ကမ္ဘာပေါင်းမိုး၏အပြင်ရှိ မြူအတားအဆီးမှာ ဧရာမလက်ကြီးနှစ်ဖက်၏ စုတ်ဖြဲခြင်းခံလိုက်ရသကဲ့သို့ ကွဲထွက်သွားသည်။ ထစ်ချုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့် လှုပ်ခတ်သွားသည်။ တခဏလေးအတွင်း ... မြူများမှာ ထိုးဖောက်ခံလိုက်ရချေပြီ။

၎င်း စုတ်ပြဲသွားသောအခါ ကမ္ဘာပေါင်းမိုး၊ ကောင်းကင်ဘုံ ၃၃ ဘုံနှင့် ကြောက်ဒူးတုန်နေသော တောက်ဖန်ကိုပင် ဖော်ပြလိုက်သည်။

စစ်တပ်ကြီး ချီတက်လာသဖြင့် ကြယ်တာရာကောင်းကင်တစ်လျှောက် တဒုန်းဒုန်းမြည်သံများ ပြည့်နှက်နေ၏။ နတ်ဘုရားစွမ်းရည်များက ကမ္ဘာပေါင်းမိုးကို ဝင်တိုက်နေသဖြင့် ပြင်းထန်ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်နေရာ ဘာဖြစ်နေမှန်းမသိသည့် အောက်ရှိအပြင်သူများစွာအား ထိတ်လန့်သွားစေတော့သည်။

ကမ္ဘာပေါင်းမိုးသည် အလွန်တကူချိုးဖျက်နိုင်သော ဒိုင်းတစ်ဒိုင်းမဟုတ်ပေ။ ရွှေတုန်းလျှိုပင် ၎င်းကို‌ ဖောက်ထွက်နိုင်ဖို့ နှစ်ပေါင်းများစွာ တွက်ချက်အကွက်ချခဲ့ရသည်။ ထို့အပြင် ဒိုင်းသည် နှစ်တစ်ထောင်တိုင် အားဖြည့်ခံခဲ့ရ၍ ခိုင်မာတောင့်တင်း၏။ ၎င်း ခိုင်မာကြောင်း သေချာစေဖို့ အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေမှာ အတော်လေးအကုန်ကျခံခဲ့ရလေသည်။

သို့သော် ယခုတော့ ၎င်းမျက်နှာပြင်တစ်လျှောက် အက်ရာများ ဗလပွသွားစေရန် တခဏသာ ကြာလိုက်သည်။ အပြင်ရှိ လူရိပ်ပေါင်းများစွာက ကမ္ဘာပေါင်းများကို ဒဏ်မခံနိုင်တော့သည်အထိ ဖိနှိပ်တိုက်ခိုက်နေကြလေသည်။ ထိုပုဂ္ဂိုလ်များအကြား၌ ရွှေရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက်၊ ဆံဖြူအဘိုးအိုတစ်ယောက်၊ သဲမုန်တိုင်းဝန်းရံနေသော လူတစ်ယောက်နှင့် မြူများခြံရံနေသည့်တိုင် လက်ဖျားခါလောက်အောင် လှသော အမျိုးသမီးတစ်ယောက်တို့ ပါဝင်၏။

“အနှစ်သာရ ၉ ခု.... အနှစ်သာရ ၉ ခုမဟာစက်ဝန်းအဆင့်” တောက်ဖန်မှာ မူးမေ့လဲပေတော့မည်။ ထိုလူလေးယောက်သည် အနှစ်သာရ ၉ ခုမဟာစက်ဝန်းအဆင့်ဖြစ်၍ ဖနောင့်တစ်ချက်ဖြင့် ဂြိုဟ်တာရာများကို ဖျက်စီးနိုင်၏။ ထို့အပြင် ဤလေး‌ယောက်က ရှေ့ဆုံးအုပ်စုသာ ရှိသေးသည်။

သူတို့နောက်၌ ကျင့်ကြံသူဆယ်ယောက်ကျော်ရှိပြီး အကုန်လုံးက ရိုးရိုးတန်းတန်း အနှစ်သာရ ၉ ခုအဆင့်မဟုတ်၊ အထွတ်အထိပ်အဆင့် ဖြစ်ကြလေသည်။

“အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်တွေ” တောက်ဖန် ချာချာလည်သွားသည်။ ဤမျှများပြားသော အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူများကို တစ်ပေါင်းတစ်စည်းတည်း သူ မမြင်ခဲ့ဖူးသလို၊ သူတို့ ယခုလိုပူးပေါင်းတိုက်ခိုက်နိုင်သည်က ဖြစ်နိုင်သည်ဟုလည်း မထင်ခဲ့ဖူးပေ။ ထိုမျှသာမက ဤလူများသည် စစ်သည်တော်အဆင့်သာ ရှိသေး၏။ တစ်ယောက်မှ စစ်တပ်ကြီးကို ညွှန်ကြားအမိန့်ပေးသော စစ်သေနာပတိမဟုတ်သေးပေ။

သူတို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ ၎င်းကိုယ်တိုင်ကတင် ကမ္ဘာကြီးတစ်ကမ္ဘာနှင့်တူနေသော ပုတ်သင်အိုကြီးဖြစ်သည်။ ပုတ်သင်ကြီး၏ဘေး၌ ကြောက်စရာခေါင်းကြီးရှိကာ တစ်ဖက်တွင်တော့ ရက်စက်ကြမ်းကြုတ်သောမျက်ဝန်းများဖြင့် ခြကြီးတစ်ကောင်ရှိ၏။

ထိုသုံးကောင်က တောက်ဖန်အား တစ်ကမ္ဘာလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။ ဤသုံးကောင်သည် အနှစ်သာရ ၉ ခုမဟာစက်ဝန်းအဆင့်သို့ ကျော်လွန်၍ တန်ခိုးရှင်အဆင့်နား ရောက်နေပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည့်အခါ တောက်ဖန်မှာ စိတ်ဓာတ်ကျသွားတော့သည်။

“နားလည်မှုလွဲနေပြီထင်တယ်” သူက အာခေါင်ခြစ်အော်သည်။ “တာအိုရောင်ရင်းတို့၊ ငါတို့က ကောင်းကင်ဘုံ ၃၃ ဘုံပါ။ အပြင်လောက,က ဖြစ်တည်မှုတွေကို ရန်မစဖူးပါဘူး။ တစ်ယောက်ကိုမှ အတိုက်အခိုက်မလုပ်ဖူးတဲ့အပြင် ငါတို့မန္တန်ဝင်္ကပါထဲကနေ‌တောင် မထွက်ဖူးပါဘူးဗျာ။ ကျေးဇူးပြုပြီး ဘာတွေဖြစ်နေတာလဲ ပြောပြကြပါဦး

“ငါတို့က အင်မော်တယ်နတ်ဘုရားကုန်းမြေနဲ့ နတ်ဆိုးကုန်းမြေရဲ့ လက်အောက်ခံကမ္ဘာလေးကမ္ဘာရယ်ပါ။ တာအိုရောင်ရင်းတို့ ကျေးဇူးပြုပြီး ဘာကြောဒီလိုဖြစ်ရတာလဲ ရှင်းပြပေးပါ” ကောင်းကင်ဘုံ ၃၃ ဘုံမှ ပုဂ္ဂိုလ်များလည်း ပျံထွက်လာကြပြီး အကုန်လုံး ကြောက်လန့်တုန်ရီနေကြလေသည်။

တောက်ဖန်၏အော်သံများတွင် နားမလည်နိုင်မှုနှင့် ဒေါသတို့ စွက်ဖက်နေသည်။ သူတို့ မည်သူ့ကိုမှ ရန်မစခဲ့သည်ကို ထည့်တွက်လျှင် ဤဖြစ်ရပ်သည် မတရားဟု သူ မခံစားရဘဲ မနေပေ။

ဤအခိုက်အတန့်၌ အေးစက်စက်အသံတစ်သံသည် ကြယ်တာရာကောင်းကင်တစ်ဝန်း ပဲ့တင်ထပ်သွား၏။

“တောက်ဖန် ၊ တုတ်တစ်ချက်နဲ့ အဋ္ဌမတောင်ကို ဖျက်စီးခဲ့တဲ့ တောက်ဖန် ... ငါ့ကို မှတ်မိလား”

(Etrans - ကျွန်တော်တို့ အားကန်းနဲ့ သွားတွေ့တုန်းက အားကန်းက ပြောတယ်ဗျ။ တောက်ဖန်က အမှန်တရားရှာပုံတော် စုမင်ရဲ့ မိတ်ဆွေမျောက်တဲ့။ ဒါကြောင့် ရောင်ရင်းတို့ အဲဒီစာအုပ်ကို ဖတ်တဲ့အခါ တောက်ဖန်ကို သတိထားကြည့်ပေါ့ဗျာ)

All Chapters