ကမ္ဘာပေါင်းမိုးကို ဖျက်စီးခြင်း
Vol. 111 Ch. 1546
မန်ဟို ပြောလိုက်သောအသံနှင့်ပတ်သက်၍ ထူးထူးခြားခြားမရှိပေ။ အမှန်တွင် ဝမ်းနည်းမှုတို့ ရောယှက်နေသယောင် ထင်ရသည်။ သို့ထိတိုင် ထိုဝမ်းနည်းမှုအတွင်း၌ ကောင်းကင်ဘုံ ၃၃ ဘုံပျက်စီးသွားလျှင်တောင်မှ ပြေပျောက်မည်မဟုတ်သည့် မုန်းတီးနာကြည်းမှုကိုလည်း တောက်ဖန် ကြားလိုက်ရသည်။ ထိုမုန်းတီးနာကြည်းမှုသည် ကြယ်တာရာကောင်းကင် ပြောင်းပြန်လှန်ခံရလျှင်တောင်မှ၊ အာကာပြင်ကျယ်စကြဝဠာ ပျက်စီး၍ သွေးညှီနံ့တို့ လှိုင်လှိုင်ထနေလျှင်တောင်မှ မကျေနပ်နိုင်လောက်အောင် အင်မတန်ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို မွေးဖွားပေးနိုင်သည့် မုန်းတီးနာကြည်းမှုမျိုး ဖြစ်၏။
တောက်ဖန်မှာ ထိုစကားလုံးများကို ကြားလျှင်ချင်း ပါးစပ်အဟောင်းသားဖြစ်သွားပြီး ကမ္ဘာပေါင်းမိုး၏အပြင်ရှိ ပုတ်သင်ကြီးအား အလိုလိုမော့ကြည့်မိလိုက်သည်။
ဖြည်းဖြည်းချင်း ထိုပုဂ္ဂိုလ်သည် ထင်ရှားလာ၏။ တောက်ဖန်မှာ ဟောဟဲဟောဟဲ အသက်ရှူလျက် မျက်လုံးများ မယုံကြည်နိုင်မှုတို့ဖြင့် ဝိုင်းစက်ပြူးကျယ်နေသည်။ မကြာမီ ထိုပုဂ္ဂိုလ်၏မျက်နှာအား အသေးစိတ်ရှင်းလင်းစွာ မြင်လိုက်ရလေပြီ။
တောက်ဖန်မှာ တဆတ်ဆတ် တုန်ရီလာပြီး မရေမတွက်နိုင်သော မိုးကြိုးများဖြင့် ပစ်ချခံနေရသကဲ့သို့ စိတ်နှလုံးချာချာလည် မူးဝေသွားသည်။ သူ့မျက်စိသူ မယုံနိုင်တော့ပေ။ အင်မတန် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလွန်း၍ အမြင်မမှားကြောင်းသေချာစေရန် သူ့မျက်စိများကိုပင် ပွတ်သပ်လိုက်၏။
“ဟားဟားဟား ဘယ်လို သူဖြစ်နိုင်မှာလဲ” တောက်ဖန်သည် ကြောက်ဒူးတုန်နေရင်း တစ်ယောက်တည်းပြောနေ၏။ “ငါ အမြင်မှားတာပဲဖြစ်မယ်... ဟားဟား...” သူ၏မျက်လုံးများကို ပွတ်ပြီးနောက် တောက်ဖန်သည် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ရာ သွေးဆုပ်ဖြူလျော်သွား၏။ သူ့မှာ ပါးစပ်ကြီးအဟောင်းသားနှင့် ဘာဆိုဘာမှ မတွေးနိုင်တော့ပေ။
တောက်ဖန်၏ဒူးများသည် သိသိသာသာ တုန်ရီလာပြီး သူ့မျက်လုံးများမှာ ချက်ချင်း နီရဲသွား၏။ သူ့သွေးများ ပြောင်းပြန်စီးနေသကဲ့သို့ သူ ခံစားလိုက်ရလေသည်။ သူ့လျှာထံမှာ ထုံနေပြီး သူ့ပါးစပ်သည် စကားပြောချင်နေသည့်အလား ဟစိဟစိဖြစ်နေသော်လည်း မည်သည့်စကားလုံးမှ ထွက်မလာပေ။
“ဘာလဲ ငါ့ကို မမှတ်မိဘူးလား” မန်ဟိုက အေးစက်စက် ပြောရင်း ရှေ့လျှောက်လိုက်၍ ပုတ်သင်အိုကြီးက ချက်ချင်း ခေါင်းငုံ့ပေး၏။ သူ လမ်းလျှောက်နေစဉ် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အလွန်လေးစားကြည်ညိုနေသောအမူအရာများဖြင့် ဒူးထောက်လိုက်ကြသည်။ ကမ္ဘာပေါင်းမိုးကို တိုက်ခိုက်နေသော တပ်ဖွဲ့များပင် ရပ်၍ ဒူးထောက်ကြသည်။
အသံပေါင်းများစွာသည် မိုးနှင့်မြေကို လှုပ်ခတ်နိုင်သော အသံတစ်သံအဖြစ် ပေါင်းစည်းသွား၏။ “ဂါဝရပြုပါတယ် မိစ္ဆာဘုရင်”
ထိုအသံလေးကတင် ကမ္ဘာပေါင်းမိုးအား တဝုန်းဝုန်းတုန်ခါလာစေသည်။
မန်ဟိုသည် မပြောင်းလဲသောအမူအရာဖြင့် ရှေ့ဆက်လာ၏။ မကြာမီ ကမ္ဘာပေါင်းမိုး၏အရှေ့တည့်တည့်၌ ရပ်နေချေပြီ။ ထိုနေရာတွင် သူသည် အခြားတစ်ဖက်ရှိ မှင်သက်နေသည့် တောက်ဖန်ကို ကြည့်ရင်း ပျံဝဲနေ၏။
“မ..မန်.... မန်... မန်ဟို...” တောက်ဖန်မှာ စကားပြောဖို့ပင် အခက်တွေ့နေသည့်အလား အထစ်ထစ်အငေ့ါငေ့ါ ဖြစ်နေသည်။ သူ့မျက်လုံးများအရ သူ့မှာ ဖြစ်တည်မှုအားလုံးအနက် လုံးဝမယုံကြည်နိုင်စရာအကောင်းဆုံးသောအရာကို ရင်ဆိုင်နေရသည့်အလားပင်။ တောက်ဖန်သည် သူ့မျက်စိကိုသော်လည်းကောင်း၊ သူ့စိတ်ကိုသော်လည်းကောင်း မယုံနိုင်ပေ။ မန်ဟို့ကို ကြည့်နေရုံလေးနှင့်တင် သူ့ခန္ဓာကိုယ်မှာ ပျက်စီးတော့မည့်အရိပ်အယောင်များ ပြလာရာ တောက်ဖန်မှာ တရွေ့ရွေ့နောက်ဆုတ်သွားတော့သည်။
“မဖြစ်နိုင်ဘူး” သူသည် ပို၍ပင်ပြင်းပြင်းထန်ထန် တုန်ရီနေလျက် စူးစူးဝါးဝါးအော်သည်။ “မင်းက မန်ဟို မဖြစ်နိုင်ဘူး။ မန်ဟိုက သေပြီ။ သေပြီလို့။ မင်းက ဘယ်သူလဲ ဘာလို့ မန်ဟိုအယောင်ဆောင်ထားတာလဲ။ မင်းက တကယ့်မန်ဟိုမဖြစ်နိုင်ဘူး”
“ငါ သေသွားတာကို မင်းကိုယ်တိုင် မြင်ခဲ့ရတာလား” မန်ဟိုက မေးသည်။
မန်ဟိုသည် အလျင်မလိုပေ။ ဤပတ်ဝန်းကျင်ရှိ အရာအားလုံး သူ့နတ်ဘုရားအာရုံ၏ထိန်းချုပ်မှုအောက်တွင် ဖြစ်၏။ မည်သည့်အင်အား၊ မည်သည့်စွမ်းအားမှ တောင်ပင်လယ်လိပ်ပြာကို ခြိမ်းခြောက်အန္တရာယ်မပေးနိုင်ပေ။
အင်မော်တယ်နတ်ဘုရားကုန်းမြေလည်း မပေးနိုင်။ နတ်ဆိုးကုန်းမြေလည်း မပေးနိုင်။ မှန်သည်၊ ကောင်းကင်ဘုံ ၃၃ ဘုံကတော့ ပို၍ပင် အရည်အချင်းမပြည့်မှီသေးသည်။
မန်ဟို၏အမုန်းသည် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် တအုံ့နွေးနွေး လောင်မြိုက်နေခဲ့ခြင်းဖြစ်၏။ ကောင်းကင်ဘုံ ၃၃ ဘုံ သစ္စာဖောက်ကာ ပါရာဂွန်အင်မော်တယ်လောကကို ဖိနှိပ်ချုပ်နှောင်ခဲ့သည့်အချိန်မှစ၍ တွက်လျှင်တော့ .... တောင်ပင်လယ်လောကသားများ၏အမုန်းတရားကား ပို၍ပင်ပြင်းထန်သေးလေသည်။
ထိုကဲ့သို့အမုန်းတရားကြောင့် မန်ဟို့အနေဖြင့် ကောင်းကင်ဘုံ ၃၃ ဘုံကို တစ်ခါတည်းဖျက်စီးမည်မဟုတ်ပေ။ တစ်ခါတည်းသတ်ခြင်းက အမုန်းကို ပြေပျောက်စေမည်မဟုတ်။ သူတို့ကို သူ ညှင်းပန်းနှိပ်စက်မည်။ ငရဲကျသကဲ့သို့ ခံစားရအောင် လုပ်မည်။ ထိုနည်းဖြင့်သာ သူအပါအဝင် တောင်ပင်လယ်လောက၏ ကျင့်ကြံသူများသည် နှစ်နှင့်ချီ မြိုသိပ်ထားခဲ့သော အမျက်ဒေါသတို့ကို ဖြေဖျောက်နိုင်လိမ့်မည်။
“ငါ...ငါ...” မန်ဟို့စကားကြောင့် တောက်ဖန်မှာ ဆွံ့အသွားသည်။ မှန်၏။ မန်ဟို၏သေဆုံးမှုကို သူကိုယ်တိုင် မမြင်တွေ့ခဲ့ရပေ။ မန်ဟို ပြန်လာနိုင်ခဲ့ခြင်းက မဖြစ်နိုင်ပုံရသော်လည်း သူ့အရှေ့ရှိလူမှာ ... မုချ မန်ဟိုဖြစ်ကြောင်း တောက်ဖန် ဝန်ခံရလိမ့်မည်။
“သူ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်လာတာလဲ” တောက်ဖန်က ခါးသီးစွာ ပြောသည်။ “ပြီးတော့ ဘယ်လိုလုပ် ပြန်လာနိုင်တာလဲ....”
ကမ္ဘာပေါင်းမိုးအောက်၌ သူ့အသံ ပဲ့တင်ထပ်နေစဉ် ယခုလေးတင် ပျံတက်လာခဲ့သော အစွမ်းထက်ပညာရှင်များအပါအဝင် ကောင်းကင်ဘုံ ၃၃ ဘုံ၏ ကျန်ကျင့်ကြံသူများလည်း ကြားလိုက်ကြရသည်။ သူတို့ထဲတွင် အတိတ်တုန်းက မန်ဟိုနှင့်တိုက်ခိုက်ခဲ့ဖူးသော ပါရာဂွန်များပါဝင်ပြီး သူတို့သည် တောက်ဖန်၏စကားကို ကြားလျှင် မျက်နှာများဖြူဆုပ်သွားကြကာ ချာချာလည်မူးဝေသွားကြ၏။
ကမ္ဘာပေါင်းမိုး၏အပြင်ရှိ စစ်တပ်ကြီးကို မြင်ထားရ၍ သူတို့မှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ထိတ်ပျာကြောက်လန့်နေခဲ့ကြပြီးဖြစ်သည်။ ထိုမျှကြီးမားသောစစ်တပ်ကြီးက သူတို့အား ဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်စေရာ သူတို့အနေဖြင့် တတ်နိုင်သမျှ ဂရုစိုက်ရုံသာ တတ်နိုင်လေသည်။ ခြေသလုံးဖက်၍ တောင်းပန်ရလျှင်တောင်မှ သူတို့ တောင်းပန်မည်။
ကောင်းကင်ဘုံ ၃၃ ဘုံအတွက် ယခုလိုစစ်တပ်ကြီးကို ရင်ဆိုင်ရခြင်းမှာ နိုင်ငံသေးသေးလေးတစ်နိုင်ငံမှ အင်ပါယာတစ်ခုလုံးကို ရင်ဆိုင်နေရသည်နှင့်တူသည်။ နှိုင်းယှဉ်၍မရနိုင်သည်သာ။
ကလေးပေါက်စလေးက သန်သန်မာမာလူငယ်တစ်ဦးကို တိုက်ခိုက်နေသကဲ့သို့ ဖြစ်လိမ့်မည်။
မန်ဟို့ကို မျက်စိဖြင့်တပ်အပ်မြင်၍ တောက်ဖန်၏စကားများကို ကြားပြီးနောက် ကောင်းကင်ဘုံ ၃၃ ဘုံမှ အစွမ်းထက်ပညာရှင်တို့သည် မယုံနိုင်စွာ တုန်ရီလာကြ၏။
“မန်..မန်ဟို..... မန်ဟို”
“တောင်ပင်လယ်လောကက အဲဒီပါရာဂွန်လား”
ကောင်းကင်ဘုံ ၃၃ ဘုံမှ ပညာရှင်အားလုံး ဆူညံပွက်လောရိုက်နေကြသည်။ အထူးသဖြင့် ယခင်တုန်းက မန်ဟို၏တိုက်ပုံခိုက်ပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသောလူများပင်။ ကပ်ဘေးကြီးက သူတို့အပေါ်မှ အုပ်မိုးနေသကဲ့သို့ ခံစားနေကြရတော့သည်။ သို့သော် မိုးကောင်းကင်၏အမြင့်နှင့် မြေကြီး၏အနက်ကို နားမလည်သော လူတချို့ရှိသေးသည်။ ထိုလူတို့သည် ရဲရဲတင်းတင်းပြောရဲသည်အထိ ယုံကြည်ချက်ရှိနေကြသေး၏။
“မဖြစ်နိုင်တာ။ သူက သေပြီးသားလေ။ အဲဒီတုန်းက မသေရင်တောင်မှ အင်မော်တယ်နတ်ဘုရားကုန်းမြေနဲ့ နတ်ဆိုးကုန်းမြေက သူ့ကို လိုက်ရှာနေခဲ့တာ။ သူ အသက်ရှင်နေစရာအကြောင်းကို မရှိဘူး။ အခု သူ အသက်ရှင်နေရင်တောင်မှ ဒီလောက်ကြီးမားတဲ့အင်အားကို ဘယ်လိုလုပ်အမိန့်ပေးနိုင်မှာလဲ”
“သူ့အတွက် တိုက်ခိုက်အောင် ဒီစစ်တပ်ကြီးကို သူ ဘယ်လိုသိမ်းသွင်းနိုင်မှာလဲ။ မအပ်မစပ်တွေ”
“သူ ကမ္ဘာပေါင်းမိုးကို ကျော်လာနိုင်မှာမဟုတ်ဘူး။ အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကက ကမ္ဘာပေါင်းမိုးကို အားဖြည့်ပေးထားတာလေ။ သူ့အတွက် ချိုးဖျက်ဖို့ အချိန်နည်းနည်းကြာလိမ့်မယ်။ အဲဒီအခါကျ အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောက ရောက်လာပြီ။ ဒီမန်ဟိုက ထောင်ချောက်တည့်တည့်ကို ဝင်လာနေတာ။ သူတော့ သေပြီပဲ”
မန်ဟိုသည် သတ်ဖြတ်လိုစိတ်နှင့် အမုန်းတရားကို တဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အပြင်သူများကို ငုံ့ကြည့်ရင်း ကမ္ဘာပေါင်းမိုး၏အပြင်၌ ပျံဝဲနေ၏။
“ကမ္ဘာပေါင်းမိုး....” သူက ပြောသည်။ သူ့မျက်နှာထက်၌ ရက်စက်ကြမ်းကြုတ်သည့်အပြုံးတစ်စ ဖြစ်ထွန်းလာပြီး သူက တဟားဟားရယ်တော့သည်။ ရယ်သံတွင် အမုန်းတရားများ၊ ဝမ်းနည်းမှုများ စွက်ဖက်နေ၏။ ကမ္ဘာပေါင်းမိုးသည် တောင်ပင်လယ်လောကကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်လှောင်ထားခဲ့၏။ ရွှေတုန်းလျှိုမှာ ၎င်းကို ဖောက်ထွက်၍ တောင်ပင်လယ်လောကအား လွတ်လပ်မှုပေးဖို့ သူ့တစ်ဘဝလုံး အစီအစဉ်ချခဲ့ရသည်။
အမှန်တွင် တောင်ပင်လယ်လောကသားကျင့်ကြံသူများကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော ထိုဂိုဏ်းကြောင့် မိစ္ဆာချုပ်နှောင်အဖွဲ့၏အမွေလည်း .... ကမ္ဘာပေါင်းမိုးအကြောင်း ဖော်ပြခဲ့လေသည်။
“သူတို့အားလုံး ကမ္ဘာပေါင်းမိုးကို ရင်ဆိုင်ခဲ့ရတယ်....” မန်ဟို၏ရယ်သံသည် ကြယ်တာရာကောင်းကင်တစ်လျှောက် ဟိန်းထွက်နေသည့်တိုင်အောင် ကျယ်လောင်လာ၏။
“ငါ မန်ဟို ဒီနေရာမှ အမိန့်ထုတ်ပြန်တယ်။ ဒီကြယ်တာရာကောင်းကင်မှာ အခုကစပြီး ကမ္ဘာပေါင်းမိုး၏တည်ရှိမှု ပျောက်ကွယ်သွားစေသား” သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်နေ၏။ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်မှာ ချက်ချင်း ပြောင်းလဲခံလိုက်ရသည်။ လောကပါလနတ်မင်း၏စိတ်ဆန္ဒ သဘောတူတူ၊မတူတူ မန်ဟိုကား ကြယ်တာရာကောင်းကင်ကို ပြောင်းလဲလိုက်ပြီဖြစ်၍ ကမ္ဘာပေါင်းမိုး၏တည်ရှိမှုအား ထာဝရပျောက်ကွယ်သွားစေလိမ့်မည်။
ကမ္ဘာပေါင်းမိုးကို သူ မုန်းသည်။
သူသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ လက်ကိုဆန့်တန်းပြီး ကမ္ဘာပေါင်းမိုးအား ထိလိုက်၏။
သူ၏လက်ချောင်း ကမ္ဘာပေါင်းမိုးကို ထိလိုက်လျှင်ချင်း ၎င်းမှာ ပုံပျက်ရှုံတွလာပြီး တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ ကြည့်ရသရွေ့ သဘာဝနိယာမများနှင့်မှော်ဥပဒေများမှ မန်ဟို့ထံမှ ထုတ်လွှတ်ခြင်းခံနေရသယောင်ပင်။ မန်ဟို၏စိတ်ဆန္ဒက မိုးကောင်းကင်၏စိတ်ဆန္ဒဖြစ်လာခဲ့သကဲ့သို့ သဘာဝနိယာမပြောင်းလဲသွားပြီး ချက်ချင်းပင် ကမ္ဘာပေါင်းမိုးသည် ကြယ်တာရာကောင်းကင်နှင့် သဟဇာတမဖြစ်တော့သကဲ့သို့ ဖြစ်လာ၏။
ဂျိန်းးးးးးးးးးးးးးးးးး....
မန်ဟို၏လက်ချောင်း ဒိုင်းကို ထိလိုက်သောနေရာမှ အက်ကွဲကြောင်းများ ဖြာထွက်လာသည်။ ချက်ချင်းဆိုသလို ၎င်းတို့က ကမ္ဘာပေါင်းမိုးတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
အသက်ရှူချိန်အနည်းငယ်အတွင်း တောက်ဖန်နှင့် ကောင်းကင်ဘုံ ၃၃ ဘုံ၏အစွမ်းထက်ပညာရှင်များ တအံ့တဩကြည့်နေစဉ်မှာတင် ကမ္ဘာပေါင်းမိုးကား ..... စိစိညက်ညက် ကြေမွသွားတော့သည်။
ကမ္ဘာပေါင်းမိုးမှာ သစ်ကိုင်းခြောက်ကလေးလို ချိုးလိုက်သကဲ့သို့ မှုန့်မှုန့်ညက်ညက် ကြေသွားခဲ့လေပြီ။
ပျက်စီးသွားသောဒိုင်း၏အပိုင်းအစများ အရပ်လေးမျက်နှာကို ဖြာထွက်သွားသည့်အခါ ကြယ်တာရာကောင်းကင်သည် ၎င်းတို့ကို နှင်ထုတ်ချင်နေသည့်အလား ဖိအားထုတ်လွှတ်လိုက်ရာ အပိုင်းအစများလည်း အမှုန့်ဖြစ်သွားတော့သည်။ ကောင်းကင်ဘုံ ၃၃ ဘုံလုံး၏ မျှော်လင့်ချက်ဖြစ်ခဲ့သော ဒိုင်း၊ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျူးကျော်သူများ၏ရန်မှ ကာကွယ်ပေးခဲ့ပြီး တောင်ပင်လယ်လောကသားကျင့်ကြံသူများ ထွက်မသွားနိုင်အောင် ဟန့်တားခဲ့သော ကမ္ဘာပေါင်းမိုးမှာ ချက်ချင်းလက်ငင်း ပြာကျသွား၏။
၎င်းမှာ အစအနပင် မကျန်ခဲ့ပေ။
“ငါ မန်ဟို အမိန့်ထုတ်ပြန်တယ်။ ဒီနေရာရဲ့ ကျင့်ကြံအားထုတ်တဲ့သူအားလုံး .... ခန္ဓာဖောက်ခွဲခြင်း၊ အဆုံးစီရင်ခြင်းအမှုကို မပြုနိုင်ပါစေသား” သူက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ သဘာဝနိယာမအသစ်သည် ကောင်းကင်ဘုံ ၃၃ ဘုံအပေါ် ကျရောက်သွား၏။
ကောင်းကင်ဘုံ ၃၃ ဘုံအတွင်းရှိ သက်ရှိအားလုံး တုန်ရီလာကြပြီး ချာချာလည်ကုန်ကြသည်။
လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် မန်ဟို၏ကလဲ့စားချေမှုကို နှောင့်ယှက်လိုစိတ်မရှိပုံရ၏။
ကောင်းကင်ဘုံ ၃၃ ဘုံအပေါ် မန်ဟို၏အမုန်း၊ စောစောက သူ ပြောလိုက်သောစကားများသည် လာတော့မည့်အရာ၏ ရှေ့ပြေးနိမိတ်များဖြစ်၏။ ယင်းက ..... တစ်ယောက်မကျန် သုတ်သင်ချေမှုန်းခြင်းပင်။