ရက်စက်ကြမ်းကြုတ်သော
Vol. 111 Ch. 1548
မန်ဟိုသည် သက်ပြင်းရှည်ချလျက် ကောင်းကင်ဘုံ (၃၃) ဆီ လမ်းလျှောက်သွား၏။ သူ ရောက်သွားသောအချိန်တွင် ထိုနေရာ၏ အပြင်သူအားလုံး သေကြေကုန်ကြလေပြီ။ သူတို့၏အပြင်အားကိုယ်များမှာ အရိုးအထိ စိစိညက်ညက်ချိုးခြေခံရခြင်းဖြင့် ဖျက်စီးခံကြရသည်။ သူတို့၏မှတ်ဉာဏ်များနှင့် သွေးဆက်အားလုံးလည်း သုတ်သင်ခံရကာ ဝိညာဉ်များလည်း နုတ်ယူခံလိုက်ကြရသည်။
ထို့နောက် အာကာပြင်ကျယ်ကျောင်းတော်၏ စစ်တပ်ကြီးက အဖမ်းခံထားရသောဝိညာဉ်များကို မန်ဟို့ဆီ ဆက်သလေသည်။
မန်ဟိုသည် မြေထုအပေါ်ရှိ လေထဲတွင် ပျံဝဲလျက် ဝိညာဉ်များအား ထာဝရငြှင်းဆဲမည့် ငရဲမီးပင်လယ်ထဲ ပစ်ထည့်နေ၏။
“မြန်လွန်းတယ်” မန်ဟိုက အေးအေးလူလူ ပြောသည်။ “အခုကစပြီး မြေထုတစ်ခုစီကို တစ်ရက်စီ အချိန်ပေးပြီး သတ်ကြမယ်” သူ့စကားကြောင့် အာကာပြင်ကျယ်ကျောင်းတော်သားများမှာ ကျောချမ်းသွားကြသည်။ ဤအခိုက်အတန့်တွင် မန်ဟို၏ ကောင်းကင်ဘုံ ၃၃ ဘုံအပေါ် မုန်းတီးမှုမှာ ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းကြောင်း သူတို့ အပြည့်အဝနားလည်သွားလေပြီ။
ထိုသို့ပြောပြီးနောက် မန်ဟိုသည် ကောင်းကင်ဘုံ (၃၃) အား ဖနောင့်တစ်ချက်ပေါက်လိုက်၏။ အက်ကွဲကြောင်းများ မြေထုတစ်ခုလုံးအပြည့် ပျံ့နှံ့ဖြာထွက်သွားသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်ဆူညံသွားသည်။ မြေထုကြီးသည် တစစီပဲ့ကျကုန်၏။ အဆောက်အဦးများ ပြိုလဲကုန်သည်။ အရာအားလုံး မှုန့်မှုန့်ညက်ညက် ကြေကာ ပျက်စီးသွားတော့သည်။ ယင်းတို့အားလုံးက စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။
ထိုအခါ ကြောက်ဒူးတုန်နေကြသော အပြင်သူများနှင့်အတူ ကောင်းကင်ဘုံ (၃၂) ပေါ်လာသည်။ မန်ဟိုက လက်ဝှေ့ယမ်းကာ ကျင့်ကြံသူစစ်တပ်ကြီးအား တိုက်ခိုက်စေခိုင်းလိုက်သဖြင့် အပြင်သူတို့မှာ ဆောက်တည်ရာမဲ့စွာ အော်ဟစ်ငိုယိုကြတော့သည်။
စစ်တပ်ကြီး ချီတက်သွားနေစဉ် မန်ဟိုက အပြင်သူတစ်ယောက်အား ငုံ့ကြည့်သည်။ “ငါ မင်းကို မှတ်မိတယ်” သူက ပြောသည်။ “အဲဒီတုန်းက မင်းက အင်ပါယာသခင်တစ်ဦးပဲ။ အခုထိလည်း အင်ပါယာသခင်ပါပဲလား။ မတိုးတက်လာတာ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ”
အပြင်သူမှာ ကြောက်လန့်တုန်ရီစွာဖြင့် နောက်ဆုတ်သွားသည်။ သို့သော် သူ့မှာ မန်ဟို့ဆီသို့ အဆွဲခေါ်ခံလိုက်ရသဖြင့် ကြောက်လန့်တကြား အသည်းအသန်အော်လေသည်။
မန်ဟိုက သူ့လည်ပင်းကို ဆုပ်ကိုင်ကာ အရိုးများကို ဖြည်းဖြည်းချင်း ချိုးပစ်သည်။ မန်ဟိုသည် ဤအပြင်သူ၏ခန္ဓာကိုယ်ကို တစ်ရက်လုံးလုံး စိမ်ပြေနပြေ ဖျက်စီးပြီးနောက်မှ ဝိညာဉ်နုတ်လိုက်သဖြင့် အပြင်သူ၏အော်သံများသည် ကောင်းကင်ဘုံ (၃၂) တစ်ထပ်လုံး ပွက်လောရိုက်နေတော့၏။
အပြင်သူများ မကျေနပ်မှုတို့ဖြင့် ခံပြင်းနာကြည်းစွာ အော်ဟစ်သေဆုံးနေကြစဉ် ထိုမကျေမချမ်းမှုသည် အင်အားကြီးမားသောအငွေ့အသက်များဖြစ်လာကာ မွန်းကြပ်ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်၏။
မန်ဟိုက အပြင်သူတို့၏ဝိညာဉ်များကို ထာဝရငရဲမီးပင်လယ်ထဲ မထည့်ခင် သူတို့အား အတန်ကြာကြည့်နေသည်။
“မကျေမချမ်းခြင်းအငွေ့အသက်တဲ့လား။ ထွက်သွားစမ်း” မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏နှာမှုတ်သံက ကြယ်တာရာကောင်းကင်တစ်လျှောက် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။ မကျေမချမ်းခြင်းအငွေ့အသက်သည် ချက်ချင်းဆိုသလို ပြိုကွဲလွင့်စင်ကာ အစအနမကျန်ပျောက်ကွယ်သွားရတော့သည်။ “မကျေမချမ်းဖြစ်နေလည်း အလကားပဲ။ အဲဒီတုန်းက တောင်ပင်လယ်လောကရဲ့ မကျေမချမ်းမှုတွေဟာ မင်းတို့တွေထက် အဆပေါင်းများစွာ ကြီးမားသေးတယ်”
မန်ဟိုသည် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် အောက်ရှိမြေပြင်များထံသို့ လက်ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ဘုံ (၃၂) ကား ကွဲအက်ကာ ပြာကျသွားတော့၏။ အပြစ်သားတို့၏အကြွင်းအကျန်များလည်း အငွေ့ပျံသွားရာ ကောင်းကင်ဘုံ (၃၁) ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံ (၃၁) မှ အမျက်ဒေါသ၊ သောကနှင့် အမုန်းတို့ ပြည့်နှက်နေသောအသံတစ်သံ ဟိန်းထွက်လာသည်။
“မန်ဟို မင်းနောက်တစ်လှမ်း တက်လာရဲရင် တောင်ပင်လယ်လိပ်ပြာကို ငါတို့ ဖျက်စီးပစ်မယ်” တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ (၁) မှ အရိပ်ပေါင်းများစွာသည် တောင်ပင်လယ်လိပ်ပြာဆီ ပျံသန်းသွားကြ၏။
မန်ဟိုက ထိုအခြင်းအရာကို မြင်လျှင် မထီမဲ့မြင်ရယ်သည်။ ထိုရယ်သံသည် ကျယ်သထက် ကျယ်လောင်လာကာ ကြယ်တာရာကောင်းကင်တစ်ဝန်း ဟိန်းထွက်နေတော့၏။ တောင်ပင်လယ်လိပ်ပြာကို ကျူးကျော်ရန်ပြုဖို့ ကြိုးစားနေသော ကောင်းကင်ဘုံ (၁) မှ အပြင်သူအားလုံး တုံ့ခနဲ ရပ်သွားကြလေပြီ။ သူတို့မှာ လှုပ်ရှားနိုင်စွမ်းမရှိတော့သည်သာမက၊ ကျင့်ကြံခြင်းအခြေခံများကိုပင် မထိန်းချုပ်နိုင်တော့ပေ။ သူတို့မှာ ရောက်ရာနေရာတွင် ကျောက်ရုပ်များပမာ ရပ်တန့်သွားသဖြင့် ဇဝေဇဝါဖြစ်နေကြသည်။ တစ်ချိန်တည်းမှာပင် ဖိအားတစ်ခုသည် သူတို့၏ပတ်ပတ်လည်တွင် စတင်ဖြစ်တည်လာ၏။
ထိုဖိအားအတွင်း၌ အချိန်စီးကြောင်း၏စွမ်းအားကို သူတို့ ခံစားလိုက်ရသည်။ မန်ဟို လုပ်နေခြင်းမဟုတ်ပေ။ ၎င်းသည် ခေါင်းတလားဆီမှ စီးဆင်းလာနေသောအားတစ်ရပ် ဖြစ်၏။ ကြည့်ရသရွေ့ အစိမ်းရောင်ခေါင်းတလား၏ ခွင့်ပြုချက်ရထားသူများသာ ၎င်းပိုင်နက်ထဲသို့ ဝင်ခွင့်ရှိသယောင်ပင်။
ကောင်းကင်ဘုံ (၁) အောက်မှ စ၍ ကောင်းကင်ဘုံ (၃၁) အထိတစ်လျှောက်လုံး သွေးပျက်စွာ အော်ဟစ်ငိုယိုသံများ ဆူညံပွက်လောရိုက်နေသည်။ အသံတို့ကို ကြားရသည့် အပြင်သူများမှာ ကြောက်ဒူးတုန်ကာ စိတ်ပျက်အားယုတ်ကုန်ကြသည်။
သို့သော် တစ်ယောက်မှ ခန္ဓာမဖောက်ခွဲနိုင်သလို၊ အဆုံးမစီရင်နိုင်ပေ။ သူတို့မှာ ရန်သူများ သူတို့ကို လာရောက်ညှင်းပန်းနှိပ်စက်၍ ဝိညာဉ်များအား ထုတ်ကာ ငရဲမီးပင်လယ်ထဲ ပစ်ထည့်ကြမည်ကိုသာ စောင့်နေနိုင်တော့သည်။
“ပါရာဂွန်ကိုးတံဆိပ်ရဲ့ခေတ်ကို ထည့်မတွက်ရင်တောင်မှ ငါ တစ်ယောက်တည်း နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရတဲ့ အမုန်းတွေနဲ့တင်” မန်ဟိုက ပြောသည်။ “မြန်မြန်ဆန်ဆန် နိဂုံးချုပ်ပေးလိုက်လျှင် မှားသွားမှာပေါ့
“ဒါ့ကြောင့် ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ အပြင်သူအားလုံး တောင်ပင်လယ်လောကကို ဖျက်စီးခဲ့တဲ့ အပြစ်အတွက် တန်ကြေးပြန်ပေးရမယ်” မန်ဟိုသည် ဤပြစ်ဒဏ်က လွန်ကျူးသည်၊ ရက်စက်သည်ဟု မခံစားရပေ။ ၎င်းက တောင်ပင်လယ်လောကသားပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရမှုအတွက် တန်ကြေးလေးသာ ဖြစ်သည်။
ကောင်းကင်ဘုံ ၃၃ ဘုံသည် တောင်ပင်လယ်လောကကို ကျူးကျော်ခဲ့စဉ်တုန်းက ကျင့်ကြံသူများကိုသာ သတ်ခဲ့ခြင်းမဟုတ်။ သေမျိုးများကိုလည်း သုတ်သင်ခဲ့ကြသည်။ သူတို့သည် တောင်ပင်လယ်လောက၏ အပြီးအပိုင်ပျက်စီးမှုကို လိုလားခဲ့ကြ၏။
ယင်းကြောင့် ပေါက်ဖွားလာခဲ့သော မန်ဟို့နှလုံးသားထဲရှိ အမုန်းတရားအတွက် မည်မျှညှင်းပန်းနှိပ်စက်စေကာမူ လွန်ကျူးသည်ဟု မဆိုနိုင်ပေ။
ကျင့်ကြံသူစစ်တပ်ကြီးသည် ကောင်းကင်ဘုံ (၃၁) တစ်လျှောက် တပ်ဖြန့်ကာ သုတ်သင်ဖျက်စီးနေကြသည်။ တစ်ရက်ကြာသော် ကောင်းကင်ဘုံ (၃၀) အပေါ် ဆင်းသက်ကြသည်။ ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် တစ်ဘုံပြီးတစ်ဘုံ သုတ်သင်ရင်း ကောင်းကင်ဘုံ (၁၅) အထိ ရောက်လာခဲ့ကြ၏။ ထိုအချိန်သို့ရောက်သောအခါ အသက်ရှင်နေသေးသော အပြင်သူတို့၏စိတ်ထဲ၌ အကြောက်တရားသာ ရှိတော့လေသည်။
အပြင်သူတို့သည် တောင်းပန်ကြ၏။ ငိုကြွေးကြ၏။ အသနားခံကြ၏။
သို့သော် မန်ဟိုက မသနား။ တောင်ပင်လယ်လောက မည်ကဲ့သို့ ရက်ရက်စက်စက် အဖျက်စီးခံခဲ့ရပုံ၊ သူ့အသိမိတ်ဆွေများ မသေခင် မည်မျှစိတ်ဓာတ်ကျခဲ့ရပုံအစရှိသော မြင်ကွင်းများသည် သူ့မျက်ဝန်းထဲ၌ ဖြတ်ပြေးနေ၏။ ထိုစဉ်တုန်းက သူ၏ကျင့်ကြံခြင်းအဆင့်က မလုံလောက်ခဲ့သည့်အဖြစ်ကို သူ မုန်းတီးခဲ့သည်။ မိုးနှင့်မြေ၏ တရားမမျှတမှုကို သူ မုန်းတီးခဲ့သည်။
ယခုတွင် မန်ဟိုသည် ကောင်းကင်ဘုံ (၁၅) ၏အထက်၌ ပျံဝဲလျက် ဝမ်းနည်းကြေကွဲနေသောအသံဖြင့် တိုးညှင်းစွာ ပြောနေ၏။ “နားထောင်... မင်းတို့တွေ ကြားကြလား
“အပြင်သူတွေလက်ချက်နဲ့ ကြွေလွင့်သွားခဲ့ကြတဲ့ တောင်ပင်လယ်လောကရဲ့ ဝိညာဉ်တော်တို့ ... အဲဒီအသံတွေကို ကြားကြလား
“သူတို့တွေ တောင်းပန်နေကြတယ်၊ ငိုနေကြတယ်၊ အသနားခံနေကြတယ်။ မင်းတို့ ဘယ်လိုထင်လဲ။ ငါတို့ ခွင့်လွှတ်ပေးသင့်လား”
တခဏကြာသော် သူက ပြောသည်။ “ဟုတ်ပြီ မင်းတို့အဖြေကို ငါ ကြားတယ်။ ခွင့်မလွှတ်ဘူး။ ငါတို့ သူတို့ကို ခွင့်မလွှတ်ဘူး။ သွေးကြွေးကို သွေးကြွေးနဲ့ပဲ ချေရမယ်။ သူတို့ဟာ တောင်ပင်လယ်လောကသားတွေကို ဖျက်စီးချင်ခဲ့ကြတယ်။ ဒါကြောင့် ငါလည်း သူတို့ကို တစ်ယောက်မကျန် သုတ်သင်မယ်” မန်ဟိုသည် ဝမ်းနည်းနေပုံပေါ်သည့်တိုင် ပြုံးနေ၏။ သူက ခြောက်ကပ်ကပ်ရယ်လျက် လက်ကိုမြှောက်ကာ အာကာပြင်ကျယ်ကျောင်းတော်၏ စစ်တပ်ကြီးအား ရပ်လိုက်စေသည်။
“အခုကစပြီး” သူက အေးစက်စက် ပြောသည်။ “မင်းတို့ ဘာမှလုပ်စရာမလိုတော့ဘူး” ထို့နောက် သူသည် ကောင်းကင်ဘုံ (၁၅) ကို ငုံ့ကြည့်၍ မာမာထန်ထန် အော်လိုက်၏။ “တောင်ပင်လယ်လောကတွေကို ပုန်ကန်ခဲ့တဲ့ သစ္စာဖောက်တို့၊ မင်းတို့ထဲမှာ အနှစ်သာရ ၉ ခုပါရာဂွန်သုံးယောက်ရှိတယ်။ အဲဒီသုံးယောက် အခုချက်ချင်း ဒီကိုထွက်လာခဲ့စမ်း” သူ့အသံသည် အောက်ရှိကောင်းကင်ဘုံများတစ်လျှောက် မိုးခြိမ်းသံကြီးပမာ ပဲ့တင်ထပ်သွား၏။
မန်ဟိုသည် ကမ္ဘာပေါင်းမိုးကို ဖျက်စီးခဲ့တုန်းက ကောင်းကင်ဘုံ ၃၃ ဘုံမှာ အတိတ်တုန်းက ပိုမိုအင်အားကြီးမားလာခဲ့ကြောင်း ခံစားခဲ့ရ၏။ ယခင်စစ်ပွဲတုန်းက သူတို့တွင် အနှစ်သာရ ၉ ခုပါရာဂွန်တစ်ယောက်မှ မရှိခဲ့ပေ။ သို့သော် ယခုမူ တောက်ဖန်ကို ထည့်တွက်လျှင် လေးယောက်ရှိနေပြီဖြစ်သည်။
မန်ဟို့အသံပဲ့တင်ထပ်နေစဉ် မြေထုဆယ့်ငါးခုလုံး တဝုန်းဝုန်း တုန်ခါနေသည်။ သူ ခေါ်ခဲ့သော ပါရာဂွန်သုံးယောက်မှာတော့ ကြောက်ဒူးတုန်လာတော့သည်။ သူတို့သည် မန်ဟို့ကိုသော်လည်းကောင်း၊ သူ၏စစ်တပ်ကြီးကိုသော်လည်းကောင်း မတိုက်ခိုက်ဝံ့၍ အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေရောက်လာသည့်အထိ အချိန်ဆွဲထားဖို့မျှော်လင့်ရင်း အောက်ကောင်းကင်ဘုံများသို့ ဆင်းပြေးခဲ့ကြ၏။
သူတို့မှာ မျက်နှာပြလိုက်လျှင်ချင်း မန်ဟို့နတ်ဘုရားအာရုံ၏ ဖမ်းဆုပ်ခြင်းခံလိုက်ကြရကာ မြေပြင်များ၏အပြင်သို့ ဆွဲထုတ်ခံလိုက်ကြရသည်။
သူတို့ထဲမှတစ်ယောက်သည် သက်လတ်ပုင်းအရွယ်လူတစ်ယောက် ဖြစ်၏။ ထိုလူ့ကို မန်ဟို မည်ကဲ့သို့ မေ့နိုင်ခဲ့မည်နည်း။ ကောင်းကင်ဘုံ ၃၃ ဘုံ တောင်ပင်လယ်လောကအား ကျူးကျော်တိုက်ခိုက်ခဲ့တုန်းက ထိုသက်လတ်ပိုင်းလူသည် အနှစ်သာရ ၈ ခုပါရာဂွန်တစ်ယောက် ဖြစ်ခဲ့၏။ ကျန်နှစ်ယောက်ကတော့ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောက လက်သပ်မွေးထားခဲ့သော ကျင့်ကြံသူများပင်။ ထိုအင်အားစုနှစ်စုသည် ဤအပြင်သူများ အနှစ်သာရ ၉ ခုအဆင့်ရောက်အောင် ပျိုးထောင်ပေးဖို့ အတော်လေးပံ့ပိုးပေးခဲ့ကြောင်း သိသာ၏။
အတိတ်တုန်းက ကောင်းကင်ဘုံ ၃၃ ဘုံ၌ အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူတစ်ယောက်မှ မရှိခဲ့ပေ။ အလွန်ဆုံး အပြင်သူများသည် အဆင့်တက်လုဆဲဆဲသာ ဖြစ်ခဲ့ကြသည်။
ထိုနေ့ရက်များတုန်းက ယခုလိုအနှစ်သာရ ၉ ခုကျင့်ကြံသူများ၏ တန်ခိုးမှာ မန်ဟို့အတွက် မိုးကောင်းကင်၏အင်အားကြီးသဖွယ် ဖြစ်ခဲ့လိမ့်မည်။ သို့သော် ယခုတွင် သူတို့သည် အနှစ်သာရ ၉ ခုအဆင့်ဖြစ်သော်လည်း သူတို့၏ကိုးခုမြောက်အနှစ်သာရမှာ အတင်းအကြပ်လုပ်ယူထားခြင်းဖြစ်ကြောင်း မန်ဟို မြင်လိုက်ရလေပြီ။
တစ်ချက်ကလေးကြည့်လိုက်ရုံလေးနှင့် သူတို့သည် နောက်ဆုံးအနှစ်သာရကို ရယူဖို့ ကိုယ်ပိုင်တာအိုကို အသုံးမပြုခဲ့ကြောင်း ပေါ်လွင်သွား၏။ အမှန်တွင် သူတို့၏ ရှစ်ခုမြောက်အနှစ်သာရလည်း အလားတူစွာပင်။ သုံးယောက်လုံးပေါင်းရင်တောင်မှ အနှစ်သာရ ၉ ခုအဆင့်ပညာရှင်အစစ်တစ်ယောက်အား အနိုင်ယူနိုင်မည်မဟုတ်။
သုံးယောက်လုံး ဆောက်တည်ရာမဲ့နေသောအမူအရာများဖြင့် မန်ဟိုနှင့် သူ့အနောက်ရှိ စစ်တပ်ကြီးကို ကြည့်ရင်း တုန်ရီနေကြသည်။
တစ်ယောက်က အံတင်းတင်းကြိတ်၍ ပြောလေသည်။ “အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောက လာနေပြီ။ မင်းသေပြီ မန်ဟို ၊ မင်း သေပြီ”
မန်ဟိုက ဘာမှပြန်မပြော။ သူ့လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ သုံးယောက်၏အလယ်ရှိ အနှစ်သာရ ၉ ခုကျင့်ကြံသူမှာ မီးဟုန်းဟုန်းတောက်သွား၍ အကြောက်အကန်အော်တော့သည်။ ကျန်နှစ်ယောက်က မာန်သွင်းဟိန်းဟောက်ရင်း အနှစ်သာရများ ထုတ်လွှတ်ကာ ထွက်ပြေးဖို့ ကြိုးစားကြသည်။
မန်ဟိုသည် ညာလက်ကို ဝှေ့ယမ်းလိုက်ကာ အနက်ရောင်လေတစ်ချက်အား ထွက်ပြေးနေသော ပါရာဂွန်တစ်ယောက်အား ချက်ချင်း လွှမ်းခြုံသွားစေ၏။ ထိုပါရာဂွန်၏အသားများ အရိုးမှ ကွာထွက်ကုန်ကာ မီးလောင်နေသော အနှစ်သာရ ၉ ခုကျင့်ကြံသူဆီ ဆွဲခေါ်ခံလိုက်တော့သည်။ မီး၏တိုက်စားလောင်ကျွမ်းမှုကြောင့် သူတို့၏အော်သံများမှာ ချောက်ချားဖွယ်ကောင်းနေ၏။
ဤကြီးကျယ်ခမ်းနားသော အနှစ်သာရ ၉ ခုကျင့်ကြံသူများမှာ မန်ဟို့အတွက်တော့ ပုရွက်ဆိတ်လေးများသဖွယ်သာ။ သူတို့ကို ညှင်းပန်းချင်၍မဟုတ်လျှင် မန်ဟို့အနေဖြင့် သူတို့အား အကြည့်လေးတစ်ချက် သို့မဟုတ် နတ်ဘုရားစိတ်ဆန္ဒလေးတစ်မျှင်ဖြင့် သတ်ပစ်နိုင်သည်။
“ကဲ မင်းပဲ ကျန်တော့တယ်” မန်ဟိုက ပြောသည်။ “မတွေ့တာ ကြာပြီနော်” နောက်ဆုံးအနှစ်သာရ ၉ ခုပညာရှင်မှာ ကောင်းကင်ဘုံ ၃၃ ဘုံ၌ အစွမ်းထက်ဆုံးပညာရှင်ဖြစ်ခဲ့ဖူးသော သက်လတ်ပိုင်းလူပင်။ ယခုတွင် သူ့မှာ တုန်ရီနေပြီး သူ့ကိုယ်သူကာကွယ်ပြောဖို့ ပြောသည်။ သို့သော် သူ မပြောနိုင်ခင် မန်ဟိုသည် ရှေ့သို့လျှောက်လာပြီး သက်လတ်ပိုင်းလူ၏ခေါင်းကို ဆုပ်ကိုင်ကာ မြေမျက်နှာပြင်နှင့် ရက်ရက်စက်စက် ဆောင့်ချလိုက်သည်။
ဒုန်း
ဒုန်း
ဒုန်း