← Chapters

အပြစ်သားတွေရဲ့ မြေပြင်တွေ မတည်ရှိစေရဘူး

Vol. 111 Ch. 1549

အပြစ်သားတွေရဲ့ မြေပြင်တွေ မတည်ရှိစေရဘူး

Vol. 111 Ch. 1549

မန်ဟိုသည် ရှည်ရှည်ဝေးဝေး စကားမပြောပေ။ သက်လတ်ပိုင်းလူ၏ခေါင်းကို မြေကြီးနှင့် ထပ်တလဲလဲသာ ဆောင့်နေသည်။ တဖြည်းဖြည်း သက်လတ်ပိုင်းလူမှာ အော်ဟစ်ရင်း ကိုယ်အစစ်ပေါ်လာသည်။ သူ့တွင် ရေနဂါးခန္ဓာကိုယ်ရှိသော်လည်း အမြီးမပါရာ မြွေတစ်ကောင်ကောင်နှင့် တူ၏။ မန်ဟိုက သူ့ခေါင်းကို သုံး၍ ဆယ့်ငါးခုမြောက်မြေထုအား အပေါက်ဖောက်နေသဖြင့် ပေါက်ကွဲသံများ ပဲ့တင်ရိုက်ခတ်နေသည်။

အပြင်သူ၏အရိုးများမှာ ရစရာမရှိအောင် ကျိုးကြေနေပြီး သူ့သွေးများလည်း ခမ်းခြောက်ကာ သူ၏အသက်ဓာတ်လည်း ကုန်ခမ်းသွားသည်။ ထိုအခါမှ မန်ဟိုက ရပ်လိုက်ပြီး အပြင်သူ၏ဝိညာဉ်ကို ထုတ်ရင်း ထရပ်လိုက်သည်။

ယခုတွင် ဆယ့်ငါးခုမြောက်မြေထုအပေါ်ရှိ ကျန်အပြင်သူများ၏မျက်နှာများမှာ လုံးလုံးလျားလျား သွေးဆုပ်ဖြူလျော်နေပြီး သူတို့၏စိတ်များ ချာချာလည်နေကြသည်။ အကြောက်တရားနှင့် ခိုကိုးရာမဲ့ခြင်းက သူတို့ကို ဝါးမြိုလိုက်လေပြီ။

သူတို့အတွက် မန်ဟိုသည် ကြယ်တာရာကောင်းကင်တစ်ခုလုံး၌ ကြောက်စရာအကောင်းဆုံးဖြစ်တည်မှု ဖြစ်လာတော့၏။

အနှစ်သာရ ၉ ခု ပါရာဂွန်များမှာ ကောင်းကင်ဘုံ ၃၃ ဘုံ၏ မျှော်လင့်ချက်များ ဖြစ်ကြသည်။ သို့ထိတိုင် သူတို့၏ရှေ့မှောက်မှာတင် မိုးကောင်းကင်တမျှ အင်အားကြီးမားလှသည့် အဆင့်မြင့်ဆုံးအနှစ်သာရ ၉ ခုပါရာဂွန်များအနက်မှ တစ်ယောက်မှာ မန်ဟို၏မီးပင်လယ်ထဲတွင် အော်ဟစ်ငိုကြွေးနေခဲ့ရ၏။ သူ၏ခန္ဓာကိုယ်မှာ ပြာကျသွားပြီး သူ၏ဝိညာဉ်သည် ထာဝရငရဲခံရမည့် မီးတောက်များထဲ နစ်မြုပ်သွားခဲ့ချေပြီ။

အနက်ရောင်လေထဲရှိ အပြင်သူမှာမူ ဓားပေါင်းများစွာဖြင့် အသားများကို အနွှင်ခံနေရသကဲ့သို့ ပြင်းထန်သောနာကျင်မှုအား ခံစားနေရသည်။

မန်ဟို တတိယတစ်ယောက်၏ ခေါင်းကို ဆုပ်ကိုင်၍ မြေကြီးအား ဆောင့်တိုက်နေသောအခါ မြေကြီးသာ အပေါက်ဖြစ်ခြင်းမဟုတ်ဘဲ၊ ကျန်အပြင်သူများ၏နှလုံးသားများလည်း အပေါက်ဖြစ်သွားသလို ခံစားလိုက်ကြရသည်။

အထူးသဖြင့် ... ကောင်းကင်ဘုံ (၁၆) မှ (၃၃) အထိ တစ်ခုကိုမှ မမြင်ရတော့ခြင်းကြောင့်ပင်။ မြင်ရသည့် တစ်ခုတည်းသောအရာမှာ သေသွားသည့်အပြင်သူများ၏ ဝိညာဉ်များ ငရဲခံနေရသော အဆုံးမဲ့မီးပင်လယ်ကြီးတစ်စင်းသာ ဖြစ်သည်။

ဝိညာဉ်တို့၏ နာကျင်စွာအော်သံများက ‌အောက်ရှိအပြင်သူများ၏နှလုံးသားကို လှိုက်စားနေသည်။ အပြင်သူတို့မှာ စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် သွေးပျက်လာကြတော့သည်။

အဆိုးဆုံးမှာတော့ တောင်ပင်လယ်လောက၏စစ်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲခဲ့သူများပင်။ သူတို့၏အကြောက်တရားသည် ပို၍ပြင်းထန်နက်ရှိုင်း၏။ အတော်များများမှာ မန်ဟို့ကို မြင်ခဲ့ဖူးသည်သာမက တောင်ပင်လယ်လောကသားများ မည်ကဲ့သို့အသတ်ခဲ့ရပုံအစရှိသော စစ်ပွဲ၏အဖြစ်အပျက်အားလုံးကို မှတ်မိကြသည်။ မန်ဟိုသည် စိတ်ဖောက်ပြန်ကာ အင်မော်တယ်အဖြစ်မှ မိစ္ဆာဘဝသို့ ရောက်ရှိခဲ့၏။ ထိုစဉ်တုန်းက သူ့မှာ ခေါင်းနောက်လှန်၍ အမျက်ဒေါသတို့ဖြင့် ဆူပွက်နေခဲ့လေသည်။ ယခုတွင် ထိုပုံရိပ်သည် သူတို့၏အရှေ့ရှိ သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် သွေးအေးရက်စက်သောပုံရိပ်နှင့် တစ်ထပ်တည်းကျသွား၏။

ကောင်းကင်ဘုံ (၁၅) မှ ငိုယိုတောင်းပန်သံများ ပဲ့တင်ထပ်နေသည်။ အထူးသဖြင့် အောက်မြေထုများထံမှ အသံများက ပိုမိုကျယ်လောင်လေသည်။

သူတို့သည် လုံးလုံးလျားလျား ကြောက်လန့်နေကြ၏။ မန်ဟို့အတွက် ဤစစ်ပွဲသည် လက်စားချေပွဲဖြစ်သည်။ သူတို့အတွက်တော့ အစုလိုက်အပြုံလိုက်သတ်ပွဲကြီးနှင့် တူသည်။ ကြောက်မက်ဖွယ်မန်ဟိုနှင့် သူ့နောက်ရှိ စစ်တပ်ကြီးကို ပြန်တိုက်ခိုက်ဖို့ကား သူတို့အတွက် ဘယ်နည်းနှင့်မှ မဖြစ်နိုင်သည်သာ။

ယခုတွင် မန်ဟို၏ကျင့်ကြံအဆင့်သည် လက်ကလေးဝှေ့ယမ်းလိုက်ရုံနှင့် ကောင်းကင်ဘုံ ၃၃ ဘုံလုံးကို ပြာချကာ အပြင်သူများ၏ခန္ဓာနှင့် ဝိညာဉ်ကို ဖယ်ရှားပစ်နိုင်သည်အထိ မြင့်မားနေပြီဖြစ်ကြောင်း စိတ်ဓာတ်ကျနေသည့် အပြင်သူအားလုံး သဘောပေါက်သွားကြသည်။

သို့သော် မန်ဟိုသည် ထိုသို့မလုပ်။ သူ့စွမ်းအားကို ထိန်းချုပ်၍ သူတို့ကို ဖြည်းဖြည်းချင်း စိစိညက်ညက်ခြေရင်း ပို၍ရက်စက်သောနည်းလမ်းအား အသုံးပြုနေသည်။

ထိုနည်းလမ်းသည် ကြောက်စရာကောင်းသည်ထက် ပို၏။

မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေသည်။ ကောင်းကင်ဘုံ (၁) မှ (၁၅) အထိတစ်လျှောက်လုံး အော်ဟစ်ငိုယိုနေသံများ ဆူညံနေသည်။ သူ ထိုအသံတို့နှင့် ရင်းနှီးသည်။ အင်မတန် ရင်းနှီးသည်။ တောင်ပင်လယ်လောကဖျက်စီးခံခဲ့ရတုန်းကလည်း ယခုအတိုင်းပင်။

စိတ်ပျက်အားငယ်နေသောအငွေ့အသက်များလည်း တောင်ပင်လယ်လောကအတွက် အလားတူသာ ဖြစ်ခဲ့သည်။

“အင်း... ဒီအပြင်သူတွေကို မသေမချင်း တိုက်ခိုက်ရအောင် ဖိအားပေးတာ ကောင်းမယ်ထင်တယ်” မန်ဟိုက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“မင်းတို့ တောင်ပင်လယ်လောကကို ဆက်ဆံခဲ့တဲ့အတိုင်း ငါလည်း မင်းတို့ကို ဒီနေ့ ပြန်ဆက်ဆံပေးမယ်

“မျှတတယ်မလား...” စစ်ပွဲအတွင်းတုန်းက တောင်ပင်လယ်လောကသားများ သေဆုံးနေကြသည်ကို သူ ကြည့်ခဲ့ရသည်။ ထိုလူတို့ကို ပြန်တွေးကြည့်သောအခါ ကြွေလွင့်သွားခဲ့သော တောင်ပင်လယ်လောက၏ သူရဲကောင်းများ၏ဝိညာဉ်တို့ဖြင့် ဝန်းရံခံလိုက်ရသလို မန်ဟို ခံစားလိုက်ရသည်။

မန်ဟိုသည် တဟားဟားရယ်ရင်း ဆယ့်ငါးခုမြောက်မြေထုအပေါ် နင်းလိုက်၏။ အာကာပြင်ကျယ်ကျောင်းတော်သားများ သူ့အနောက် လိုက်လာဖို့ ပြင်လိုက်စဉ်မှာပဲ မန်ဟိုက သူတို့ကို လက်ပြ၍တားလိုက်သည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် မည်သူ့ကိုမှ ဝင်ပါခိုင်းဖို့ အတွေးမရှိတော့ပေ။ သူ၏နတ်ဘုရားအာရုံက ကောင်းကင်ဘုံ (၁၅) ၏အပြင်အားလုံးကို ဖုံးလွှမ်းသွားပြီး တစ်ဆက်တည်းမှာပင် ဒုတိယမန်ဟိုက ဘေးထွက်သွားသည်။ ထို့နောက် နောက်မန်ဟိုတစ်ယောက်၊ နောက်တစ်ယောက်။ ကိုယ်ပွားပေါင်းများစွာ ဖန်ဆင်းခံလိုက်ရသည်။

စစချင်း တစ်သိန်း။ ထို့နောက် ဆယ်သိန်း၊ ထို့နောက် သိန်းတစ်ရာ။ ထို့နောက်  သန်းတစ်ရာ..... အဆုံးမရှိသည့်အလားပင်။ မြေထုအပေါ်ရှိ အပြင်သူအားလုံး ရုတ်တရက် မန်ဟိုအခွဲများကို ရင်ဆိုင်လိုက်ရလေပြီ။

အသက်ရှူချိန်အနည်းငယ်အတွင်း မန်ဟို၏ကိုယ်ပွားများသည် ကောင်းကင်ဘုံ (၁၅) တစ်ခုလုံး ပြည့်နှက်သွား၏။ ထို့နောက် ကိုယ်ပွားတစ်ယောက်စီတိုင်းက အပြင်သူများ၏ကျင့်ကြံအဆင့် မည်မျှပင်ဖြစ်စေ၊ သူတို့မည်မျှရုန်းကန်သည်ဖြစ်စေ၊ သူတို့မည်မျှ ရှောင်တိမ်းသည်ဖြစ်စေ အပြင်သူတစ်ယောက်စီ၏ လည်မျိုကို ဆုပ်ကိုင်လိုက်သည်။

အပြင်သူတို့သည် သောကပရိဒေဝအပြည့်ဖြင့် အသက်ချမ်းသာပေးဖို့ တောင်းပန်ကြသည်။ ထိုအသံများကို ကြားလိုက်ရသူတိုင်းအတွက် ငရဲမှအသံကဲ့သို့ ခံစားရလေသည်။ သို့သော် မန်ဟို့အတွက်တော့ ၎င်းသည် ကလဲ့စားချေခြင်း၏အသံဖြစ်၏။

“ကောင်းကင်ဘုံ ၃၃ ဘုံကို ငါ မုန်းတယ်၊ ဒီမြေပြင်တွေကို ငါ မုန်းတယ်။ ဒီထဲမှာ နေထိုင်တဲ့သူတိုင်းကို ငါ မုန်းတယ်” မန်ဟို မျက်လုံးများပိတ်ထားစဉ် သူ၏ကိုယ်ပွားများက လက်များကို ဆုပ်လိုက်ကြသည်။

အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။ ကိုယ်ပွားများက အပြင်သူများ၏လည်ကို မချိုးကြသေးပေ။ အပြင်သူများကို မိုးပေါ်မြှောက်၍ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ထည့်သွင်းကာ အပြင်သူတို့၏အတွင်းကလီစာများလည်း ဖျက်စီးနေသည်။

အပြင်သူများမှာ တဆတ်ဆတ် တုန်နေသော်လည်း လည်မျိုကို တင်းနေအောင် အညှစ်ခံထားရသည့်အတွက် မအော်နိုင်ကြပေ။ သူတို့မှာ ရုန်းနေကြသော်လည်း ရုန်းနိုင်သည့်အရည်အချင်းပင် မရှိသဖြင့် ခန္ဓာကိုယ်များ တွန့်လိမ်နေကြသည်။

အပေါ်ရှိ အာကာပြင်ကျယ်ကျောင်းတော်၏စစ်တပ်အတွင်းမှ အထိတ်တလန့်ပင့်သက်ရှိုက်သံများ ပဲ့တင်ထပ်လာသည်။ မန်ဟို၏နည်းလမ်းများက ကောင်းကင်ဘုံ ၃၃ ဘုံအပေါ် သူ၏မုန်းတီးမှုမှာ မ‌ဖော်ပြနိုင်သောအတိုင်းအတာ၊ သူတို့ကို လုံးလုံးလျားလျား ထိတ်လန့်မှင်သင်မိစေသောအတိုင်းအတာသို့ ရောက်နေပြီဖြစ်ကြောင်း သူတို့ ခံစားလိုက်ကြရလေသည်။

အာကာပြင်ကျယ်ကျောင်းတော်သားများအနေဖြင့် နားလည်နိုင်မည်မဟုတ်ပေ။ သူတို့သည် ရက်စက်ပြီး လူမဆန်သည့် တစ်ဖက်သတ်စစ်ပွဲကြီး၌ မပါဝင်ခဲ့ဖူးသည့်အပြင် တောင်များ ပြိုကျ၍ ကြယ်တာရာကောင်းကင်ကြေမွသွားသောမြင်ကွင်းကိုလည်း မမြင်ခဲ့ဖူးပေ။

မရေမတွက်နိုင်သော သေမျိုးကမ္ဘာများ အပြင်သူများ၏ဖယ်ရှားသုတ်သင်ခြင်း ခံခဲ့ရသည်ကို သူတို့ မတွေ့ခဲ့ရပေ။ ယောက်ျား၊ မိန်း၊ ကလေး၊ လူကြီးမရွေး အားလုံး ရက်ရက်စက်စက် အသတ်ခံခဲ့ကြရသည်။

မန်ဟိုသည် ထိုမြင်ကွင်းများကို မမေ့နိုင်ပေ။ ထိုလူမျိုးတုံးသတ်ပွဲကြီးအတွင်း၌ သေမျိုးများ မည်မျှခံစားခဲ့ရသည်ကိုလည်း မ‌မေ့နိုင်ပေ။

သေမျိုးတို့သည် တောင်ပင်လယ်လောက၏တစ်စိတ်တစ်ပိုင်း ဖြစ်၍ သူတို့အလောင်းများလည်း ပြန့်ကြဲခဲ့ရသည်။ ကိုယ်ဝန်သည်အမျိုးသမီးများ၊ ကလေးပေါက်စလေးများပင် မကျန်၊ အကုန် အသတ်ခံခဲ့ရသည်။

ပို၍ပင် နာကြည်းစရာကောင်းသည်ကား အပြင်သူများ၏ အရှင်လတ်လတ်အစားခံခဲ့ရသော လူများကို သူ မြင်ခဲ့ခြင်းပင်။

“ဒီအရိုင်းအစိုင်းတွေကို ဒီထက်ပို ရက်စက်ရင်တောင်မှ အဲဒါက ညှာတာပေးတာဖြစ်နေဦးမှာပဲ” မန်ဟိုသည် မျက်လုံးများအား မဖွင့်ပေ။ သူ၏ကိုယ်ပွားများသည် ကောင်းကင်ဘုံ (၁၅) တစ်ဝန်း သွေးချောင်းစီးလာသည့်တိုင်အောင် အပြင်သူများအား သုတ်သင်ချေမှုန်းနေ၏။

အပြင်သူတစ်ယောက်မကျန် သေသွားကြသည်။ သူတို့၏ခန္ဓာကိုယ်များ ဖျက်စီးခံလိုက်ရပြီး သူတို့၏ဝိညာဉ်များကို မန်ဟိုက မပျောက်ကွယ်ခင် သိမ်းသည်။

ထို့နောက် မီးပင်လယ်ထဲ ပစ်ထည့်လိုက်၏။

မီးပင်လယ်အတွင်း၌ ဝိညာဉ်ပေါင်းများစွာမှာ မီးလောင်ကျွမ်းရင်း ငရဲခံနေကြရသည်။ ယခု သူတို့ကြုံတွေ့ရသောအရာသည် သူတို့တစ်ဘဝလုံး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့်အရာ ဖြစ်၏။

“အပြစ်သားတွေရဲ့ မြေပြင်တွေ မတည်ရှိစေရဘူး” မန်ဟိုက မျက်လုံးဖွင့်၍ ပြောသည်။ ထိုအခိုက်အတန့်၌ ဆယ့်ငါးခုမြောက်မြေထုအပေါ်ရှိ သူ၏ကိုယ်ပွားအားလုံး ပျောက်ကွယ်သွားသည်။

နောက်ဆုံးတော့ သူသည် ဖနောင့်ပေါက်လိုက်၏။

မြေထုတစ်ခုလုံး ဝုန်းခနဲ ပြိုကျကြေမွကာ ကျောက်ခဲစများအဖြစ် ကောင်းကင်ဘုံ (၁၄) အပေါ် တဖွဲဖွဲရွာကျသွားသည်။

အောက်ရှိ အ‌ဆောက်အဦးများ ပျက်စီးသွားပြီး ချောက်နက်ကြီးများ ပွင့်ထွက်လာသည်။ ကောင်းကင်ဘုံ (၁၄) တစ်ခုလုံး တသိမ့်သိမ့်တုန်နေ၍ အပြင်သူများထံမှ ကူပါကယ်ပါ အော်သံများ တစာစာ ကြားနေရတော့သည်။ သူတို့သည် သွေးရူးသွေးတန်းဖြင့် ရူးသွပ်ကုန်ကြပြီး မန်ဟို့ကို သတ်ဖြတ်လိုသောမျက်လုံးများဖြင့် ကြည့်ကာ တိုက်ခိုက်တော့မည့်အလား ပျံတက်လာကြ၏။

ကောင်းကင်ဘုံ (၁၄) ၏ အပြင်သူများမှာ အင်မတန်ဆောက်တည်ရာမဲ့နေကြပြီး ဖိအားကြောင့် စိတ်များဖောက်ပြန်နေကြ၍ စိတ်ရင်းအမှန်များကို အလိုလိုပြောမိကြလေသည်။

“အဲဒီတုန်းက တောင်ပင်လယ်လောကရဲ့ ဆန်ကုန်မြေလေးတွေကို နည်းနည်းပဲ သတ်ခဲ့ရတာ။ နောက်တစ်ဘဝသာ ရှိသေးလို့ကတော့ သေချာပေါက် အများကြီးသတ်ပစ်မယ်”

“ဟားဟားဟား။ အဲဒီတောင်ပင်လယ်စစ်ပွဲမှာ ဝင်တိုက်ခဲ့တုန်းက ကျင့်ကြံသူအများကြီး ငါ သတ်နိုင်ခဲ့တဲ့အပြင် သေမျိုးတစ်နိုင်ငံလုံးကိုတောင် သုတ်သင်နိုင်ခဲ့တယ်။ သူတို့နှလုံးတွေကိုလည်း စားနိုင်ခဲ့တယ်။ အခုပြန်စဉ်းစားကြည့်တော့မှ တော်တော်စားကောင်းတာကွ”

“တောင်ပင်လယ်လောကရဲ့ ကျင့်ကြံသူအမျိုးသမီးတွေမှာ သိပ်ကောင်းတဲ့ ယင်အကြောတွေရှိတယ်။ သူတို့အသားကလည်း အရသာရှိတယ်။ စစ်ပွဲပြီးတော့ သူတို့ကို ကျွန်အဖြစ် လာခေါ်လာခဲ့သေးတယ်ကွ။ ဒါမဲ့ အားနည်းလွန်းတာ ဆိုးတယ်ကွာ ကြာကြာမခံနိုင်ဘဲ သေကုန်တာချည်းပဲ”

မန်ဟိုသည် သူတို့စကားကို ကြားလျှင် မျက်လုံးများ အေးစက်သွားပြီး လူသတ်ငွေ့များ တဟုန်းဟုန်းတောက်လာ၏။

သူက စကားမပြော။ လာနေသောအပြင်သူများထံ လက်ဝှေ့ယမ်းရုံသာ ဝှေ့ယမ်းလိုက်သည်။

All Chapters