သေခြင်းကတောင် မင်းတို့ရဲ့အပြစ်တွေကို မဆေးကြောပေးနိုင်ဘူး
Vol. 111 Ch. 1550
မန်ဟို့လက်ချောင်းလေးတစ်ချက် ဝှေ့ယမ်းမှုက ကောင်းကင်ဘုံ (၁၄) ၏ အပြင်သူများအား တုန်ရီသွားစေသည်။ သူ့လက်မှ လှိုင်းတစ်လှိုင်း ဖြာထွက်လာကာ အပြင်သူများဆီ ချက်ချင်းရောက်ရှိသွားတော့သည်။
ထိုအခိုက်အတန့်တွင် အပြင်သူများမှာ တဆတ်ဆတ်တုန်လာပြီးနောက် ရုတ်တရက် အသွေးအသားတို့ အနွှာခံလိုက်ရသည်။ တခဏကြာသော် လှိုင်းက သူတို့ကို ဖြတ်သွားသည့်အခါ သူတို့၏အရိုးစုများသာ ကျန်ခဲ့လေသည်။
အသွေးအသားများ အမြှောင်းလိုက်အမျှင်လိုက်အနွှာခံလိုက်ရသော နာကျင်မှုက အပြင်သူတို့ကို စူးစူးဝါးဝါးအော်စေသော်လည်း အသားတို့မရှိတော့လျှင် သူတို့၏အော်နိုင်စွမ်းလည်း တစ်ဆက်တည်း ပျောက်ကွယ်သွားသည်။ မကြာမီ သူတို့အားလုံး တတ်နိုင်သမျှမှာ ဝိညာဉ်အတွင်းထဲ လှိုက်၍ နာကျင်နေမှုအား ရင်ဆိုင်ရုံသာ ရှိတော့သည်။
မန်ဟို အေးအေးလူလူ ရှေ့လျှောက်လာနေစဉ် လှိုင်းသည် ဆက်လက်ဖြာထွက်ပျံ့နှံ့ရင်း အပြင်သူအားလုံးအား အရှင်လတ်လတ် အသားတို့နွှင်ကာ အရိုးစုများသာ ချန်ခဲ့၏။
ယခုထက်ထိ မသေသေးသောအရိုးစုများမှာ တဂျွတ်ဂျွတ်မြည်လာကြသည်။ ထို့နောက် ပြာကျသွားကြသော်လည်း သူတို့၏ဝိညာဉ်များ ပိတ်လှောင်ခံထားရသော ဦးခေါင်းခွံများ ကျန်ရစ်သေးသည်။ ဝိညာဉ်တို့သည် မချိမဆန့်နာကျင်စွာ အော်ဟစ်နေကြ၏။
အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများသည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ မန်ဟိုကား ယမမင်းပမာ သူ ဖြတ်လျှောက်သွားသောနေရာတိုင်း၌ အသွေးအသားတို့ကို ပျောက်ကွယ်သွားစေပြီး အရိုးစုများ ချန်ရစ်ခဲ့လေသည်။
သူ ကောင်းကင်ဘုံ (၁၄) တစ်လျှောက် ဖြတ်သန်းပြီးသောအချိန်တွင် အပြင်သူတစ်ယောက်တွင် အသွေးအသားခန္ဓာကိုယ်ရှိတော့ပေ။ သူတို့အားလုံး အရိုးစုများအဖြစ် မြေကြီးထက်၌ အတုံးအရုန်းလဲနေကြသည်။ သူတို့၏ဦးခေါင်းခွံများအတွင်းရှိ ဝိညာဉ်များမှာတော့ နတ်ဘုရားအာရုံဖြင့်သာ ကြားရနိုင်သော အော်သံများကို ထုတ်လွှတ်လျက် တွန့်လိမ်လူးလွန့်နေကြသည်။
အရှင်လတ်လတ်အသားအနွှာခံရသော နာကျင်မှုနှင့် ဝိညာဉ်များကို လိမ်ဖယ်ခံရနေသည့်နာကျင်မှုမှာ ဖော်ပြ၍ပင်မဖြစ်နိုင်ပေ။ သူတို့၏ခန္ဓာကိုယ်များက သူတို့ကို သေပြီဟု ပြောနေသော်လည်း နာကျင်မှုက မသေသေးကြောင်း ပြောနေသည်။
မန်ဟိုသည် မြေထုကြီးကို ကြည့်နေပြီး သူ့မျက်လုံးထဲ၌ အမုန်းတရားတချို့ မှေးမှိန်သွားသည်။ သို့ရာတွင် အင်မတန်အားကောင်းနေဆဲ ဖြစ်ချေသည်။ မန်ဟိုက လက်ဝှေ့ယမ်းလိုက်ကာ ဦးခေါင်းခွံအားလုံးအား မြောက်တက်လာစေ၍ လေထဲ၌ စုဝေးသွားစေသည်။ ဝိညာဉ်တစ်ခုစီ ရှိနေသော ဦးခေါင်းခွံပင်လယ်ကြီးတစ်စင်းအလားပင်။ အသနားခံနေသော စိတ်မချမ်းမြေ့ဖွယ်အသံများ ပဲ့တင်ထပ်နေသည်။ သူတို့သည် အလွှတ်ပေးဖို့ မန်ဟို့အား တောင်းပန်နေကြခြင်းမဟုတ်။ သတ်ပေးဖို့ တောင်းဆိုနေကြခြင်းဖြစ်၏။
“သေတယ်ဆိုတာ အဲဒီလောက်မလွယ်ကူဘူး” မန်ဟိုက သူ့လက်ချောင်းကို အရှေ့၌ ဝှေ့ယမ်းရင်း တိုးညှင်းစွာ ပြောသည်။ ဦးခေါင်းခွံများ၏ မျက်နှာပြင်များတစ်လျှောက် အက်ကွဲကြောင်းများ ဖြာထွက်သွားသဖြင့် တဖျစ်ဖျစ်ကွဲအက်သံများ ပဲ့တင်သွားသည်။ ချက်ချင်းပင် သူတို့ ခံစားနေရသော နာကျင်မှုမှာ ဆယ်ဆတိုးသွားတော့သည်။
သူတို့အော်ဟစ်ငိုကြွေးနေသည်နှင့်အမျှ ကွဲအက်သံများ ပိုမိုထွက်ပေါ်လာကာ အက်ကွဲကြောင်းများ ပိုမိုဖြစ်ပေါ်လာသည်။
တခဏကြာသော် နာကျင်မှုမှာ အလွန်ပြင်းထန်လွန်းသဖြင့် ဝိညာဉ်များမှာ ဦးခေါင်းခွံထဲမှ ရုန်းထွက်ဖို့ ဦးခေါင်းခွံအား ဝင်တိုက်နေကြတော့သည်။ သူတို့သည် အဆုံးစီရင်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ပေ။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာကတော့ ဦးခေါင်းခွံများကို ပိုမိုကွဲအက်လာစေကာ ပို၍ပင်ကြောက်စရာကောင်းသော နာကျင်မှုကို ဖြစ်ပေါ်လာစေခြင်းပင်။
မန်ဟိုက အေးအေးဆေးဆေး အချိန်ယူနေသည်။ နာရီပေါင်းများစွာကြာသော် ဦးခေါင်းခွံများ ပြာကျကုန်သည်။ ဝိညာဉ်များ ခံစားရသည့် နာကျင်မှုသည် ငရဲထက် အဆများစွာ ပြင်းထန်သလို၊ သေခြင်းထက်လည်း များစွာပြင်းထန်သည်။ သူတို့၏အော်သံများက မိုးနှင့်မြေအား မှောင်မိုက်လာစေသည်။ အောက်ရှိ အပြင်သူများမှာတော့ ကြောက်ဒူးတုန်နေကြချေပြီ။ တချို့မှာ ကြောက်လွန်း၍ ရူးသွားကြသော်လည်း သေခြင်းအား ခွင့်မပြုထား၍ အသက်ရှင်နေကြလေသည်။
သို့သော် ဝိညာဉ်များ၏ကံကြမ္မာမှာ မပြီးသေး။ ညှင်းပန်းနှိပ်စက်ခံရပြီးနောက် သူတို့သည် ပျောက်ကွယ်မသွားခဲ့ပေ။ မန်ဟိုက သူတို့ကို ထာဝရငရဲခံဖို့ မီးပင်လယ်ထဲ ပစ်ထည့်လိုက်သည်။
ဤအရာများကို လုပ်ဆောင်ပြီးနောက် မန်ဟို့မျက်လုံးထဲရှိ အမုန်းသည် အတန်ငယ်လျော့ကျသွားခဲ့၏။ သူက မြေထုအပေါ် လှမ်းဖိလိုက်သည်။ ကောင်းကင်ဘုံ (၁၄) သည် စိစိညက်ညက် ကြေမွသွား၏။ အမှုန်အမွှားများက ကောင်းကင်ဘုံ (၁၃) အပေါ် မိုးသဖွယ် တဖွဲဖွဲရွာကျသွားသည်။ တောင်တန်းများ ပြိုကျ၍ မြစ်ချောင်းများ ပျက်စီးကုန်သဖြင့် အပြင်သူများ၏အော်သံများမှာ ကမ္ဘာပျက်နေတော့သည်။
မန်ဟိုက အောက်ရှိ ကြောက်လန့်နေသောအပြင်သူများကို သွေးအေးအေးကြည့်လျက် လေလယ်၌ ပျံဝဲနေသည်။ တချို့က လေပေါ် ပျံတက်လာကြပြီး သူတို့ လက်ချောင်းကို ဝှေ့ယမ်းတော့မည့်အချိန်မှာပဲ ကောင်းကင်ဘုံ (၁၃) မှ ဒေါသလည်းထွက်၊ အသနားလည်းခံနေသော အော်သံတစ်သံ ထွက်လာသည်။
“မန်ဟို” အနှစ်သာရ ၈ ခုအဆင့် အဘိုးအိုတစ်ဦးနှင့် တူသော အပြင်သူတစ်ယောက် ပျံထွက်လာသည်။ သူသည် မန်ဟို့ကို မော့ကြည့်၍ လက်ယှက်ဦးညွှတ်၏။
“မန်ဟို မင်း ကောင်းကင်ဘုံ ၃၃ ဘုံကို ကလဲ့စားလာချေတာ မှန်တယ်။ ငါတို့ လုပ်ခဲ့တာကို ထည့်တွက်ရင် မင်း ငါတို့ကို သုတ်သင်ချင်တာ မမှားဘူး။ ဒါပေမဲ့ ... ဘာကြောင့် လူတိုင်းကို နှိပ်စက်မှာလဲ။ သတ်သာ သတ်ပစ်လိုက်ပါ
“တောင်ပင်လယ်လောကစစ်ပွဲမှာ ဒီကလူတိုင်း ဝင်မပါခဲ့ဘူး။ ဘယ်စစ်ပွဲမှာမှ ဝင်မပါခဲ့တဲ့ အပြစ်ကင်းတဲ့လူတွေ ရှိတယ်။ ငါ တောင်းပန်ပါတယ် ငါတို့ကို နှိပ်စက်ပါ ။ သူတို့ကိုတော့ ချမ်းသာပေးလိုက်ပါကွာ” အဘိုးအိုသည် တုန်ရီစွာဖြင့် ဒူးထောက်ရှိခိုး၏။
ကျန်အပြင်သူများ တိတ်ဆိတ်သွားကြသည်။ တချို့လည်း ခံပြင်းပြင်းဖြင့် ဒူးထောက်လိုက်ကြသည်။ ထိုကဲ့သို့အသနားခံမှုက အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများကို သက်ပြင်းချမိစေသည်။
မန်ဟိုသည် အဘိုးအိုအား တိတ်ဆိတ်စွာ ကြည့်နေ၏။ သူက မျက်လုံးများကို တခဏပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ သူ့အမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး အောက်ရှိမြေပြင်ကို ငုံ့ကြည့်လိုက်သည်။
ထိုအခါ မန်ဟို၏မျက်လုံးများသည် နီရဲသွား၏။ သူက ရှေ့တစ်လှမ်းလှမ်းကာ လွင်ပြင်ကျယ်တစ်ခုအတွင်း၌ ပေါ်လာသဖြင့် အပြင်သူများ ရင်တဒိန်းဒိန်းခုန်လာကြတော့သည်။
မန်ဟို ရပ်နေသောနေရာက မည်သည့်နေရာမှန်း သတိထားမိလျှင် အပြင်သူအဘိုးအိုမှာ တုန်ရီလာပြီး ခေါင်းနပန်းကြီးနေပုံပေါ်၏။
မန်ဟိုက လွင်ပြင်အပေါ်၌ ရပ်၍ လက်ဝှေ့ယမ်းလိုက်ရာ သူ၏ပတ်ပတ်လည်ရှိ မြေပြင်အားလုံး တသိမ့်သိမ့် တုန်လာပြီး ပြိုကျကုန်သည်။ ဧရာမချိုင့်ခွက်ကြီးတစ်ခု ပေါ်လာ၏။ ဤနေရာ မြေပြန့်ဖြစ်နေရသော အကြောင်းရင်းမှာ ... မရေမတွက်နိုင်သောအရိုးစုများအား မြှုပ်နှံထားခဲ့၍ဖြစ်သယောင်ပင်။
ထိုအရိုးစုများတွင် ကလေးများ၏အကြွင်းအကျန်များပင် ပါဝင်သည်။ အရိုးများအပေါ်၌ ကိုက်ရာများကိုလည်း မြင်ရနိုင်ရာ သူတို့မသေခင် မချိမဆန့်ညှင်းပန်းခံခဲ့ရကြောင်း သက်သေထူနေသည်။
ဤအရိုးများသည် အပြင်သူတို့၏အရိုးများမဟုတ်။ ... တောင်ပင်လယ်လောကသားများ၏ အကြွင်းအကျန်များပင်။
တောင်ပင်လယ်လောက ဖျက်စီးခံခဲ့ရတုန်းက လူတိုင်း တောင်ပင်လယ်လိပ်ပြာအပေါ် မတက်နိုင်ခဲ့ကြပေ။ အတော်များများမှာ ကောင်းကင်ဘုံ ၃၃ ဘုံမှ အပြင်သူများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ကျင့်ကြံသူများ၊ သေမျိုးများ မည်သူဖြစ်စေ အပြင်သူများအတွက် ကစားစရာသာမက အစာများပင် ဖြစ်ခဲ့ရလေသည်....
ကောင်းကင်ဘုံ (၁၃) သည် ထိုလုပ်ရပ်များအတွက် အချက်အချာဖြစ်ခဲ့၏။ ဤအပြင်သူများက ယုတ်ညံ့ဆိုးရွားသောအမှုတို့တွင် ဝါသနာထုံကြလေသည်။ ထို့အပြင် ဤနေရာ၌ ပါရာဂွန်တစ်ဦး ပေါ်ထွန်းလာခဲ့သည့်အတွက်ကြောင့်လည်း တောင်ပင်လယ်ကျင့်ကြံသူအများစုမှာ အပြင်သူများအကြား လဲလှယ်မျှဝေရာ ကုန်ပစ္စည်းများထက် မပိုခဲ့ပေ။
အရိုးစုများအကြား၌ လွန်ခဲ့သော နှစ်သုံးဆယ်လောက်ကမှ သေဆုံးသွားခဲ့သော အရိုးစုတချို့လည်း ရှိသည်။ ထိုမျှသာမက မန်ဟို၏နတ်ဘုရားအာရုံအရ ကောင်းကင်ဘုံ ၃၃ ဘုံအတွင်း၌ အသက်ရှိသေးသော တောင်ပင်လယ်ကျင့်ကြံသူတစ်ယောက်မှ မရှိတော့ပေ။ သိသိသာသာပင် သူတို့သည် နှစ်နှစ်ထောင်အတွင်း ဖြည်းဖြည်းချင်း နှိပ်စက်ခံခဲ့ရကာ ဤသင်္ချိုင်းကြီးထဲ၌ မြှုပ်နှံခံခဲ့ရလိမ့်မည်။
ဤချိုင့်ခွက်ကြီးသည် အလောင်းကျင်းကြီးတစ်ကျင်းနှင့် တူပေ၏။
ဖျက်စီးခံခဲ့ရသော ကျန်ကောင်းကင်ဘုံများတွင် ယခုလိုအရာမျိုး မရှိခဲ့ပေ။ မန်ဟိုသည် ကျင်းနက်ကြီးကို ကြည့်နေပြီး သူ့မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်သည် ပို၍ပင် အားကောင်းလာ၏။ ရုတ်တရက် သူ၏နည်းလမ်းများမှာ ညှာလွန်းရာရောက်ခဲ့သည်ဟု ခံစားလိုက်ရတော့သည်။
သူသည် ချာခနဲ လှည့်ပြီးနောက် ကောင်းကင်ဘုံ (၁၃) ၏မြေပြင်အား လက်ညှိုးထိုးလိုက်သည်။ မည်သည့်လှိုင်းဂယက်မှ ဖြာထွက်မလာပေ။ ထိုအစား သဘာဝနိယာမတို့ ပြောင်းလဲသွားပြီး နတ်ဘုရားအာရုံသည် ကောင်းကင်ဘုံ (၁၃) ၏ အပြင်သူများ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။
“ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ တောင်ပင်လယ်လောကသား ကျင့်ကြံသူတစ်ယောက်ကိုမှ မသတ်ခဲ့ဖူးတဲ့သူတွေ မခံစားရဘဲ သေမယ်။ ဒါ့အပြင် ဝိညာဉ်လည်း ငရဲမီးမခံရဘူး
“မင်းတို့ ကံတရားကို မင်းတို့ရဲ့မှတ်ဉာဏ်တွေကပဲ ဆုံးဖြတ်ပေးလိမ့်မယ်” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် မိုးနှင့်မြေသည် တသိမ့်သိမ့်တုန်ခါသွား၏။ ကောင်းကင်ဘုံ (၁၃) ၏ အပြင်သူများမှာ တုန်ရီလာကြပြီး စိတ်ထဲတွင် သူတို့၏မှတ်ဉာဏ်များဖြစ်သည့် ပုံရိပ်ပေါင်းများစွာ ပေါ်လာသဖြင့် မျက်လုံးများ ငေးကြောင်ကုန်ကြလေသည်။
သူတို့သည် တောင်ပင်လယ်လောက အဖျက်စီးခံခဲ့ရတုန်းကနှင့် ဖျက်စီးခံခဲ့ရပြီးနောက် ဖြစ်ပွားခဲ့သောအရာအားလုံးကို ပြန်မြင်ယောင်နေ၏။ ရုတ်တရက် အတိတ်တုန်းက သူတို့ သတ်ခဲ့သော တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံးသည် အသက်ပြန်ရှင်လာပြီး မုန်းတီးနာကြည်းမှု၊ သတ်ဖြတ်လိုမှုတို့နှင့်အတူ သူတို့ဆီ ပြေးတက်လာကြသကဲ့သို့ ခံစားလိုက်ကြရလေသည်။
အပြင်သူများမှာ ပြန်တိုက်ခိုက်ချင်သော်လည်း မလှုပ်နိုင်ကြောင်း တွေ့လိုက်ရသဖြင့် မှင်သက်ကုန်ကြသည်။ အတိတ်တုန်းက သူတို့သတ်ခဲ့သော ကျင့်ကြံသူများကား ယခုတွင် သူတို့၏မှတ်ဉာဏ်များထဲ၌ သူတို့ကို ခုန်အုပ်လိုက်ကြလေပြီ။
ကောင်းကင်ဘုံ (၁၃) သားအပြင်သူများ၏ ပါးစပ်များမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အော်သံကြီးများ ထွက်လာကြသည်။
ကောင်းကင်ဘုံ (၃၃) ဘုံရှိ သက်ရှိအားလုံးသည် အပြင်သူများ ဖြစ်ကြ၏။ သို့သော် သူတို့၏မွေးဖွားပုံက ကျင့်ကြံသူများနှင့် မတူပေ။ သူတို့၏ကိုယ်ဝန်ဆောင်ကာလအတိုဆုံးမှာ နှစ်သုံးဆယ်ဖြစ်ပြီး အကြာဆုံးက နှစ်တစ်ရာဖြစ်သည်။
သို့ဖြစ်၍ တောင်ပင်လယ်စစ်ပွဲပြီးဆုံးပြီးနောက်မှ မွေးဖွားလာသဖြင့် စစ်ပွဲ၌ မပါဝင်ခဲ့သည့်အပြင် အပြစ်ကင်းဆိုသော ထိုအပြင်သူတို့သည် တောင်ပင်လယ်ကျင့်ကြံသူများအား ရက်ရက်စက်စက် သတ်ဖြတ်ပွဲတွင် ပါဝင်ခဲ့သေး၏။
မန်ဟို အပြင်သူများကို အေးစက်စက် ကြည့်နေစဉ် သူတို့၏ငယ်ထိပ်များမှ အနက်ရောင်အငွေ့များ ထွက်လာသည်။ အငွေ့များ၏ သိပ်သည်းမှုက တောင်ပင်လယ်ကျင့်ကြံသူမည်မျှ သူတို့သတ်ခဲ့ကြောင်း ဖော်ပြလေသည်။ အနက်ရောင်အငွေ့များ ထွက်မလာသော အပြင်သူတစ်ယောက်မှ မရှိသည်ကို မန်ဟို တွေ့လိုက်ရသည်။
“သေခြင်းကတောင် မင်းတို့ရဲ့အပြစ်တွေကို မဆေးကြောပေးနိုင်ဘူး” ထို့နောက် မန်ဟိုက လက်ဝှေ့ယမ်းလိုက်သည်။