← Chapters

သစ္စာဖောက် နဝမပင်လယ်

Vol. 111 Ch. 1552

သစ္စာဖောက် နဝမပင်လယ်

Vol. 111 Ch. 1552

ရှုချင်သည် မိုးကောင်းကင်ကို အုပ်မိုးနေသော ကောင်းကင်ဘုံ (၁) အား ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။ ဟိုးအပေါ်ရှိ အမြင့်တစ်နေရာမှ မန်ဟို သူမအား ငုံ့ကြည့်နေသည်ကို ရှုချင် ခံစားရလေသည်။

ရှုချင် ပြုံးလိုက်သည်။ မျှော်လင့်နေသောအပြုံး၊ ဝမ်းသာနေသောအပြုံးလေးပင်။ အတွေးများ၊ အမှတ်တရပေါင်းများစွာ သူမစိတ်ထဲတွင် ပြည့်နှက်သွားပြီး သူမမျက်ဝန်းလေးများမှာ မိုးနှင့်မြေရှိ ရေခဲပြင်အားလုံးကို အရည်ပျော်ကျသွားစေနိုင်သည့်အလား နွေးထွေးစွာ တောက်ပလာတော့သည်။

တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာအတွင်းထဲမှ လူရိပ်ပေါင်းများစွာ ပျံတက်လာကြသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ ဘိုးဘိုးမန်၊ ပါရာဂွန်ရုပ်သေးရုပ်၊ ခိတိဂဗ္ဗနှင့် ... ခဲကျုံစစ်တို့က သူတို့ကို ဦးဆောင်လာလေသည်။

ထိုလေးယောက်သည် တောင်ပင်လယ်လောက၌ အစွမ်းအထက်ဆုံးပညာရှင်များ ဖြစ်ကြပြီး ကောင်းကင်ဘုံ (၁) ထံသို့ မဆိုင်းမတွ ချီတက်သွားကြချေပြီ။

မန်ဟို၏ကောင်းချီးများကြောင့် သူတို့၏ကျင့်ကြံအဆင့်သည် အဆင့်တစ်ဆင့်မြင့်တက်သွားခဲ့သည်။ ဒဏ်ရာများလည်း လျင်မြန်စွာ ပျောက်ကင်းလာနိုင်သလို၊ သူတို့၏နတ်ဘုရားအာရုံများနှင့် တာအိုမှော်အတတ်များလည်း ပိုမိုအစွမ်းထက်လာခဲ့သည်။ သူတို့၏လက်ရှိအတိုက်အခိုက်စွမ်းရည်ကား မိုးနှင့်မြေကို ကိုင်လှုပ်နိုင်လေသည်။

ပါရာဂွန်ရုပ်သေးရုပ်သည် ပို၍ပင်အံ့ဖွယ်ကောင်းသော အပြောင်းအလဲကို ကြုံတွေ့ခဲ့ရ၏။ မန်ဟို အဝေးရောက်နေခဲ့သော ရာစုနှစ်များအတွင်း ရုပ်သေးရုပ်မှာ တုပ်တုပ်မှမလှုပ်ခဲ့ပေ။ သို့သော် ယခုတော့ ပြတ်တောက်နေခဲ့သော ကြိုးတစ်ကြိုးပြန်ဆက်သွားသကဲ့သို့ ၎င်း၏အတိုက်အခိုက်စွမ်းရည်မှာ တိုးတက်လာခဲ့ကာ ပြောင်းလဲသွား၏။

ပါရာဂွန်လေးပါးက လူတိူင်းကို ဦးဆောင်ချီတက်လာသဖြင့် လောကကြီးတစ်ခုလုံး တုန်လှုပ်နေသည်။ ဖက်တီး၊ ဝမ်ယိုချိုင်၊ ဖန်ယု၊ လီလင်းအာနှင့် ကျင်ရှန်းတို့လည်း ကျန်ရင်းနှီးသောမျက်နှာများနှင့်အတူ ပေါ်လာကြသည်။ သူတို့အနောက်တွင်တော့ တောင်ပင်လယ်ကျင့်ကြံသူများပင်။ သက်တော်ရှည်ကျင့်ကြံသူများသည် တောင်ပင်လယ်လောက၏ ပျက်သုဉ်းမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးပြီး အငယ်ပိုင်းမျိုးဆက်များကတော့ မန်ဟို၏ရာဇဝင်များကို နားထောင်ရင်း ပျိုးထောင်သင်ကြားခံခဲ့ကြရလေသည်။

ယခု သူတို့အားလုံး မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြတော့သည်။

မန်ဟိုသည် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် အမုန်းတို့ မြိုသိပ်ခဲ့ရ၏။ တောင်ပင်လယ်လောကသားများလည်း အလားတူပင်။ မန်ဟိုလည်း ခံစားချက်များကို ဖွင့်ထုက်ဖို့၊ လက်စားချေဖို့ လိုအပ်သလို၊ သူတို့လည်း လိုအပ်သည်။

ထို့ကြောင့် သူတို့အတွက်၊ သူတို့ခံစားချက်များကို ဖွင့်ထုတ်နိုင်စေဖို့အတွက် ကောင်းကင်ဘုံ (၁) မှ ကောင်းကင်ဘုံ (၁၀) အထိ မန်ဟို ချန်ပေးထားသည်။

တောင်ပင်လယ်လောကသားတို့၏ နှလုံးအိမ်၌ ကျောက်တည်နေသော အမုန်းအားလုံးကို ယခု ဖြေဖျောက်ရလိမ့်မည်။ သူတို့ကို တနုံ့နုံ့ဖြစ်စေသောခံစားချက်အားလုံး ပျောက်ကွယ်သွားရလိမ့်မည်။

မရေမတွက်နိုင်သော တောင်ပင်လယ်လောကသားကျင့်ကြံသူများသည် ကောင်းကင်ဘုံ (၁) ထဲ ဝင်ရောက်သွားကြပြီး မကြာခင် မချိတင်ကဲအော်ဟစ်သံများ ပွက်လောရိုက်လာ၏။ အပြင်သူများမှာ ပြန်တိုက်ကြသည်၊ ရုန်းကန်ကြသည်၊ သို့ထိတိုင် သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ ကန့်သတ်ခံထားရလေသည်။ သူတို့၏နတ်ဘုရားအာရုံလည်း မရှိတော့သည်သာမက၊ သူတို့၏နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များလည်း အင်အားယုတ်လျော့သွားခဲ့ချေပြီ။ သူတို့အားလုံး တစ်ယောက်မကျန်ချေမှုန်းခံရဖို့ အချိန်အနည်းငယ်သာ ကြာလိုက်သည်။

အပြင်သူတို့ ရုန်းကန်တိုက်ခိုက်ကြသော်လည်း တောင်ပင်လယ်လောကသားများအနေဖြင့် အေးအေးဆေးဆေး ကလဲ့စားချေနိုင်ကြသည်။ အမှန်တွင် အပြင်သူများမှာ သူတို့ကို ထိခိုက်အောင်ပင် မလုပ်နိုင်ပေ။

မန်ဟိုပင် ထိုကဲ့သို့ရူးမိုက်ရက်စက်စွာ ကလဲ့စားချေနိုင်လျှင် ကျန်‌တောင်ပင်လယ်လောကသားများလည်း မည်မျှရက်စက်ကြမ်းကြုတ်နိုင်ကြောင်း ဖော်ပြနေစရာမလိုသည်သာ။

ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်လျက် ဟိန်းဟောက်တိုက်ခိုက်နေကြစဉ် တောင်ပင်လယ်လောကသားတို့၏ ပါးပြင်များတစ်လျှောက် မျက်ရည်များစီးကျနေကြသည်။ သူတို့သည် တွေ့သမျှအပြင်သူတိုင်းကို သစ်ကိုင်းခြောက်ပမာ စိစိညက်ညက် ချေမှုန်းပစ်ကြ၏။ အထူးသဖြင့် အတိတ်တုန်းက စစ်ပွဲ၌ ပါဝင်ခဲ့ဖူးသော သက်တော်ရှည်များပင်။ သူတို့၏မျက်ရည်များသည် စီးဖြိုင်ကာ ကျနေတော့၏။

“ဆရာ ကျွန်တော့်ကို မြင်ရလားဆရာ၊ ဆရာ့အတွက် ကျွန်တော် လက်စားချေနိုင်ခဲ့ပါပြီ” ဤစကားလုံးများကို ပါးရေတွန့်နေသော ဆံဖြူလူတစ်ယောက်မှ ပြောလိုက်ခြင်းဖြစ်သည်။ သူသည် အိုမင်းနေဟန်ရှိသော်လည်း တကယ်တမ်း သက်လတ်ပိုင်းအရွယ်ဖြစ်၏။ သူကား ငိုရှိုက်ရင်း တစ်ကိုယ်လုံး သွေးများစိုရွှဲလာသည့်တိုင်အောင် အပြင်သူတစ်ယောက်ပြီးတစ်ယောက်အား ရက်ရက်စက်စက် သတ်နေလေသည်။ သို့ထိတိုင် နည်းနည်းလေးမှ ပင်ပန်းပုံမပေါ်။

“ရှန်းရှန်း အပြင်သူတစ်ယောက်ရဲ့တိုက်ကွက်ကနေ ကိုယ့်ကို ကယ်တင်ပေးဖို့ မင်း ကိုယ့်အစား ဝင်ခံပေးခဲ့တယ်။ ကိုယ်လေ တကယ်ရင်ကွဲရလွန်းလို့ အရူးတစ်ပိုင်းပါပဲ။ ကိုယ် အသက်ဆက်ရှင်နေရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက လက်စားချေဖို့။ ကိုယ် လက်စားချေမယ်၊ အပြင်သူအားလုံး သတ်ပစ်မယ်။ အပြင်သူတစ်ယောက်မကျန် သေစေရမယ်” သက်လတ်ပိုင်းလူတစ်ယောက်သည် မျက်လုံးများနီရဲနေပြီး ရယ်လိုက်ငိုလိုက်ဖြင့် အပြင်သူများကို သုတ်သင်နေ၏။

“အဖေ၊ အမေ၊ အစ်ကိုကြီး။ အဲဒီတုန်းက ကျုပ်နှလုံးသားမှာ အမြစ်တွယ်လာခဲ့တဲ့ အမုန်းကို ကျုပ် ဘယ်တော့မှ မမေ့ခဲ့ဘူး။ အခု အဖေတို့အတွက် ကျုပ် နောက်ဆုံးတော့ ကလဲ့စားချေနိုင်ပြီ” အဘိုးအိုတစ်ယောက်သည် ကြောက်လန့်နေသောအပြင်သူတစ်ယောက်ကို ခုန်အုပ်၍ ထိုလူ့လည်ပင်းအား သွားဖြင့် ကိုက်ခဲလိုက်၏။ အပြင်သူ၏လည်မျိုကို သူ ကိုက်ဖဲ့လိုက်သောအခါ သွေးများက ရေပန်းလို ပန်းထွက်လာသည်။ ထို့နောက် အဘိုးအို၏ရယ်သံသည် စစ်မြေပြင်တစ်လျှောက် ဟိန်းထွက်သွား၏။

အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက စစ်ပွဲကြီးအား ဖြတ်သန်းခဲ့ရသော တောင်ပင်လယ်လောကသားတို့သည် အမျက်ဒေါသ၊ ခံပြင်းခြင်း၊ မုန်းတီးခြင်းတို့ဖြင် မညှာမတာ သတ်ဖြတ်နေကြလေသည်။

“ငါ့တစ်ဂိုဏ်းလုံးမှာမှ ငါတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ ဒီနေ့ ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကို ယဇ်ပူဇော်တဲ့အနေနဲ့ အပြင်သူအယောက်တစ်သိန်း ငါ သတ်မယ်”

“အကုန်သတ်ပစ်”

“ငါ့ကို ဒီအချိန်ထိ တောင့်ခံထားစေခဲ့တဲ့အရာက ... လက်စားချေရမယ်ဆိုတဲ့ အတွေးပဲ”

သူတို့သည် ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေကြ၍ မကြာမီ ကောင်းကင်ဘုံ (၁) ၌ အပြင်သူတစ်ယောက်မှ မကျန်တော့ပေ။ ထို့နောက် ကောင်းကင်ဘုံ (၂) သို့ ချီတက်သွားကြသည်။

မကြာသေးသောရာစုနှစ်များအတွင်းမှ မွေးဖွားလာခဲ့သော ကျင့်ကြံသူများအတွက်မူ သူတို့၏အမုန်းသည် ထိုမျှမနက်ရှိုင်းပေ။ သို့သော် မွေးလာကတည်းက သူတို့၏စီနီယာများ ပြန်ပြောပြသော အတိတ်ဇာတ်လမ်းများကို နားထောင်ခဲ့ရသည့်အပြင် အပေါ်မှ ဖိနှိပ်ထားသော ကောင်းကင်ဘုံ (၃၃) ဖြင့် အရွယ်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

သူတို့သည် တောင်ပင်လယ်လောက၏ အတိတ်ပုံရိပ်များကို မြင်ခဲ့ဖူးပြီး တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းအကြောင်းလည်း ကြားခဲ့ဖူးကြ၏။

မှန်၏။ ဇာတ်လမ်းများ ပုံရိပ်များသာဖြစ်သည့်အတွက် တောင်ပင်လယ်လောကကိုယ်တိုင်ကိုက သူတို့အတွက် ဝိုးတိုးဝါးတားရာဇဝင်လေးသာ ဖြစ်သည်။ ထို့ကြောင့် သူတို့တွင် နှလုံးသားကို လှိုက်စားနေလောက်အောင် ပြင်းထန်သောအမုန်းစိတ် မရှိပေ။

သို့ရာတွင် တောင်ပင်လယ်စစ်ပွဲ၏ စစ်သည်တော်ဟောင်းများ၊ ပုံမှန်အားဖြင့် တည်ကြည်အေး‌ဆေးသော လူများသည် ရုတ်တရက် ကြမ်းကြုတ်ရက်စက်လာသည်ကို သူတို့ မြင်ကြရ၏။ အငယ်မျိုးဆက်များမှာ ထိုအခြင်းအရာကြောင့် အင်မတန် တုန်လှုပ်သွားကြလေသည်။

ပုံပြင်များအဖြစ် သူတို့ကို ပြောပြခဲ့ဖူးသော ထိုအမုန်းမှာ မည်မျှပြင်းထန်နက်ရှိုင်းကြောင်း သူတို့ ရုတ်ခြည်း နားလည်သွားကြသည်။ ဤလူတို့သည် ... သူတို့၏ရန်သူများအား အသက်ဆက်ရှင်ခွင့်ပေးမည်မဟုတ်ပေ။

အငယ်များမှာ လုံးလုံးလျားလျား တုန်လှုပ်နေကြပြီး မကြာမီ ခံစားချက်များသည် သူတို့၏သွေးကြောများထဲသို့ ကူးစက်စိမ့်ဝင်လာကြ၏။ တကွဲတပြားမှတ်ဉာဏ်များ ၊ တောင်ပင်လယ်လောကသားအားလုံး သူတို့၏သွေးထဲ၌ ထာဝရမြှုပ်နှံထားခဲ့သော မှတ်ဉာဏ်များ သူတို့စိတ်ထဲ၌ ပေါ်ပေါက်လာကြသည်။

နိုးထလာသောမှတ်ဉာဏ်များနှင့် ပတ်ဝန်းကျင်ရှိ လူတို့၏ခံစားချက်များကြောင့် လောလောလတ်လတ်ရာစုနှစ်များအတွင်း မွေးဖွားလာခဲ့သော အငယ်များလည်း အကြီးများနှင့် ယှဉ်နိုင်လောက်အောင် ဒေါသတကြီး စတင်တိုက်ခိုက်ကြတော့သည်။

ဖက်တီးသည် တအီးအီးငိုလျက် တိုက်ခိုက်နေ၏။ သူ့မှာ စည်ပိုင်းကြီးလို လုံးနေသည့်တိုင် အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သွက်လက်နေသည်။ သူသည် သူ့လမ်း၌ရှိသော မည်သည့်အပြင်သူကိုမဆို သုတ်သင်သတ်ဖြတ်နေ၏။

“မင်းတို့က ငါ့မိန်းမအယောက်သုံးရာကို သတ်ခဲ့တာကွ။ ခွေးမသား သားရဲတွေ။ မင်းတို့ကြောင့် ငါ့မိန်းမအယောက်သုံးရာ သေခဲ့ရတာ

“ငါ့ကလေးတွေရော၊ ငါ့မြေးတွေရောပဲ။ မင်းတို့ မသေမချင်း ငါ အနားမယူဘူး”

အံ့ဩဖွယ်ကောင်းစွာနှင့် ဖက်တီးသည် သူတို့ကို ‘ဂိုဏ်းချုပ်’ ဟု ရိုရိုသေသေခေါ်နေသော ကျင့်ကြံသူတစ်သောင်းကျော်ဖြင့် ခြံရံခံထားရ၏။ သူ့ဘေး၌ တိုက်ခိုက်နေသူများတွင် ယောက်ျားမိန်းမ၊ ကလေးလူကြီးအကုန်ပါသည်။ သူတို့သည် လွန်ခဲ့သောရာစုနှစ်များအတွင်း သူ သိမ်းပိုက်ခဲ့သော တာအိုလက်တွဲဖော်အသစ်များနှင့် ကလေးများ၊ မြေးများ ဖြစ်ပေ၏။

ဖက်တီးကား တစ်ယောက်တည်းနှင့် မျိုးနွယ်စုကြီးတစ်စုကို တည်‌ထောင်နိုင်ခဲ့လေသည်။ သူ့မျိုးနွယ်စုအား မန်ဟို့ကိုယ်ပွား၏ အဋ္ဌမလူဝင်စား တည်ထောင်ခဲ့သော မျိုးနွယ်စုသာ ယှဉ်နိုင်လိမ့်မည်။

မကြာမီ ကောင်းကင်ဘုံ (၂) တစ်ခုလုံး ပြိုကျသွားသည်။ တောင်ပင်လယ်ကျင့်ကြံသူစစ်တပ်ကြီးသည် နီစွေးနေသောမျက်လုံးများဖြင့် ကောင်းကင်ဘုံ (၃) သို့ ချီတက်သွားကြ၏။ ထို့နောက် ကောင်းကင်ဘုံ (၄)။

ကြယ်တာရာကောင်းကင်တစ်ခုလုံး သွေးတို့ဖြင့် ချင်းချင်းနီနေသည်။ ဝမ်ယိုချိုင်က မျက်လုံးများပိတ်ထားသော်လည်း ဓားတစ်လက်ကို ကိုင်စွဲထား၏။ သူ၏ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်လိုက်သောအခါ မရေမတွက်နိုင်သောအပြင်သူများ တစစီစုတ်ပြတ်သပ်ကုန်သည်။ သို့သော် သူက သူတို့၏ခေါင်းများကို ချန်ထား၍ သူ့အနောက်၌ မြစ်တစ်စင်းသဖွယ် ဖြစ်လာသည့်တိုင်အောင် အတန်းလိုက်စုဝေးထားလေသည်။

ထိုခေါင်းပြတ်မြစ်ကြီးက သူ့ကို လွှမ်းခြုံထားသော ခြုံထည်ပမာဖြစ်ရာ ဝမ်ယိုချိုင်၏အသွင်အပြင်မှာ လွန်စွာသွေးအေးရက်စက်နေတော့သည်။ သူ့ကို မြင်လိုက်သည့်အပြင်သူတိုင်း ကြောက်ဖျား,ဖျားကုန်၏။

ကျင့်ကြံသူစစ်တပ်ကထဲ၌ ဖန်မျိုးနွယ်စုသည်လည်း လူတိုင်းနည်းတူ ရက်ရက်စက်စက် သတ်ဖြတ်နေသည်။

မကြာမီ ကောင်းကင်ဘုံ (၆) ၌ တောင်ပင်လယ်သားများ ပေါ်လာကြသည်။ သူတို့၏ကလဲ့စားချေလိုစိတ်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသောဘဝမှ လွတ်မြောက်တော့မည့်ခံစားချက်က သူတို့၏မျက်လုံးများအား နီရဲလာစေသည်။

လီလင်းအာသည် ပါရာဂွန်ပင်လယ်အိပ်မက်ကို သတိရသောစိတ်ဖြင့် မျက်ရည်များဝိုင်းနေပြီး အံတင်းတင်းကြိတ်ကာ တိုက်ခိုက်နေ၏။ အမျိုးသမီးတစ်‌ယောက်ဖြစ်လင့်ကစား သူမ၏တိုက်ခိုက်ပုံက ရက်စက်ပြင်းထန်လေသည်။ လီလင်းအာမှာ ငယ်ရွယ်စဉ်တုန်းကလို မလှတော့ပေ။ အဘွားအိုတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သို့ထိတိုင် ပါရာဂွန်ပင်လယ်အိပ်မက်၏အမွေကို ဆက်လက်ထိန်းသိမ်းဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် ဆန္ဒရှိလေသည်။

ကောင်းကင်ဘုံ (၆) ကျဆုံး၍ စစ်ပွဲက ကောင်းကင်ဘုံ (၇) သို့ ရွေ့လျားသွားသည်။ ကျင်ရှန်းသည် အပြင်သူများကို တစ္ဆေတစ်ကောင်သဖွယ် တိုက်ခိုက်နေ၏။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမက သူမကိုယ်သူမ မိစ္ဆာဧကရီဟု ခေါ်ခဲ့သည်။ ယခုတွင် ကျင်ရှန်းကား တောင်ပင်လယ်လိပ်ပြာထဲရှိ ဂိုဏ်းကြီးသုံးဂိုဏ်းအနက်မှ တစ်ဂိုဏ်းဖြစ်သော မျက်မှောက်ခေတ်မိစ္ဆာအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလေပြီ။ ထိုသို့ဖြစ်လာသည့်အကြောင်းရင်းမှာ... ခဲကျုံစစ်က ပါရာဂွန်အဆင့်တက်ပြီးနောက် မိစ္ဆာအင်မော်တယ်ဂိုဏ်းသို့ ပြန်လာခဲ့၍ပင်။

ဤသို့ဖြင့် တောင်ပင်လယ်လောကသားများ ကလဲ့စားဆက်လက်ချေနေကြစဉ် မျက်စိကျဖွယ်အကောင်းဆုံးမှာ .... တောင်ပင်လယ်လောက၏ပါရာဂွန်လေးဦးနှင့် ကောင်းကင်ဘုံများမှ ပါရာဂွန်များ၏ တိုက်ပွဲမဟုတ်။ ထိုအစား... လိပ်ကြီးတစ်ကောင် ဖြစ်သည်။

ထိုလိပ်ကြီး၏ကျောပေါ်မှ ကျင့်ကြံသူပေါင်းများစွာ ပျံထွက်လာကြကာ အပြင်သူများအား ချေမှုန်းကွပ်မျက်ကြသည်။ လိပ်ကြီးကမူ ကောင်းကင်ဘုံ (၇) အား ခေါင်းဖြင့်တိုက်လျက် ဖျက်စီးလိုက်သည်။ ထို့နောက် သူသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ ကောင်းကင်ဘုံ (၈) သို့ ချီတက်သွား၏။

“လခွမ်း။ ငါ ဂိုဏ်းချုပ်ရဲ့ အမွေခံတပည့် ပြန်လာပြီကွ။ ငါ ဂိုဏ်းချုပ်က အံ့သြစရာမကောင်းဘူးလား ဟမ်။ ဟေ့ မပြေးနဲ့ အပြင်သူတွေ။ ချီးပဲ။ ငါ့မှာ မင်းတို့အတွက် ကံကြမ္မာကောင်းရှိပါတယ်ဆိုနေ”

သို့သော် လိပ်ကြီး အဋ္ဌမကောင်းကင်ဘုံရှိရာသို့ စတင်ဦးတည်လိုက်သည့်အချိန်မှာပင် ထိုမြေထုကြီးသည် ... ပင်လယ်ကြီးတစ်စင်းအဖြစ် ဝုန်းခနဲ ပြောင်းလဲသွား၏။

ပင်လယ်ပေါ်လာလျှင်ချင်း မန်ဟို့အကြည့်က ၎င်းအပေါ် ကျရောက်သွားသည်။

“တောင်ပင်လယ်လောကရဲ့သစ္စာဖောက် နဝမပင်လယ်”

All Chapters