ကြီးမားတဲ့ကျေးဇူးကြွေး
Vol. 47 Ch. 655
အခန်း (၆၅၅) ကြီးမားတဲ့ကျေးဇူးကြွေး
“အချိန် (၄) စက္ကန့်...”
ရန်ကျောက်ကဲ သူ၏ဒူးများထက် လက်ကိုတင်ရင်း ဒူးကိုလက်ချောင်းများဖြင့် အသာအယာ ပုတ်လိုက်သည်။
“ကနဦးတိုးတက်မှုမှာ အမြန်ဆုံးပဲ ၊ (၅) စက္ကန့် ဒါမှမဟုတ် ပိုပြီးကြာလာတဲ့အထိ ဖြစ်လာနိုင်တယ်”
ဖန်းယွင်ရှန်းက...
“ကျွန်မ သိုင်းဆရာသခင်အဆင့်ကို ရောက်ချင်နေပြီ ၊ ဒီ ကျင့်ကြံခြင်းတစ်ဆို့တာကို ကျော်ဖြတ်ပြီးရင် လက်ရှိအချိန်ထက် နှစ်ဆလောက်ပိုကြာအောင် ထိန်းထားနိုင်ဖို့တောင် ပြဿနာမဟုတ်တော့ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အင်း... ဒါက မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ့်အရာပဲ”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“သခင်လေး... အစီအရင်ရဲ့ စွမ်းအားပေါက်ကွဲထွက်တာကနေ ခန်းကျင်းယွမ်နဲ့ တခြားသူတွေ လွတ်မြောက်နိုင်ပါ့မလား”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“သေချာတော့ မပြောနိုင်ဘူး ၊ အဲဒါက သူတို့ရဲ့ နည်းလမ်းတွေအပေါ်မှာမူတည်သလို သူတို့ကို ကယ်တဲ့သူရောက်လာမလားဆိုတဲ့အပေါ်လည်း မူတည်တယ်”
“ဒီကောင်က သိုင်းသူတော်စင် တတိယအဆင့်ပဲလေ ၊ ပြီးတော့ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုလည်း အပြည့်အဝ အသုံးပြုနိုင်သေးတယ် ၊ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကလွဲပြီး သူ့ရဲ့ခံစစ်ကို တွန်းလှန်နိုင်ဖို့ မလွယ်လှဘူး ၊ ငါ သူ့ကို ဖမ်းလာမယ်ဆိုရင်လည်း သူ့ကို ဖိနှိပ်ဖို့ အတော်လေး အားထုတ်ရမှာ ၊ တခြားကိစ္စတွေမလုပ်နိုင်တော့ဘူး ၊ အဲဒါကြောင့် အဲဒီ အလင်းတိုင်လုံးကြီးထဲ ပစ်ချခဲ့တာ...”
“အင်း... ငါ သူ့ကို အခွင့်အရေး ပေးခဲ့တာပဲလေ ၊ သေတာရှင်တာကတော့ ကံတရားပဲပေါ့”
ထိုစကားကြားတော့ အားဟူက ခေါင်းကုတ်ရင်း...
“ဒါပေမဲ့ သူ မသေဘူးဆိုရင် သခင်လေး သူ့ကို မေးခဲ့တဲ့ မေးခွန်းတွေကတစ်ဆင့် ‘စစ်ခုန်’ မိန်းကလေးနဲ့ ဆင်တူတဲ့သူတွေနဲ့ ပတ်သက်တဲ့လျှို့ဝှက်ချက်တွေ သခင်လေးသိနေတယ်ဆိုတာ သူတို့ ရိပ်မိသွားနိုင်လား”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အဲဒီလိုဆိုရင်တော့... သူတို့ ကိုယ့်ပြဿနာကိုယ်ရှာကြတာပဲပေါ့”
အားဟူက သွားဖြဲကာ ပြုံးရင်း...
“သခင်လေး... အဲဒီ ခန်းကျင်းယွမ်က လူငယ်လေးတစ်ယောက်လိုဖြစ်နေပေမယ့် သူက အတော်လေး အသက်ကြီးနေပြီ မဟုတ်လား”
ရန်ကျောက်ကဲက...
“အင်း... တကယ်တော့ သူက အသက်မငယ်တော့ဘူး ၊ ဒါပေမဲ့ သိုင်းသူတော်စင် တတိယအဆင့်တက်ရောက်ဖို့အတွက်ဆိုရင်တော့ အတော်လေး ငယ်သေးတယ်လို့ ပြောလို့ရတယ်”
“သူက သိုင်းပညာပါရမီ ထူးခြားတယ် ၊ ပြီးတော့ ရတနာပစ္စည်းတွေ ရင်းမြစ်ပစ္စည်းတွေအများကြီးသုံးပြီး ကျင့်ကြံခြင်းအဆင့်တက်တာလျှင်မြန်အောင် ပြုလုပ်ထားတာ ၊ ဒါကြောင့် ပြဿနာက သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က မတည်ငြိမ်ဘူး ဖြစ်နေတာ”
ရန်ကျောက်ကဲက ဖြည်းဖြည်းချင်း ရှင်းပြသည်။
“သူ ကျင့်ကြံထားတဲ့သိုင်းပညာတွေက အရမ်းအစွမ်းထက်တယ် ၊ တာ့ရွှမ်တိုင်းပြည်က ‘မီးငါးသွယ်သိုင်းပညာ’ နဲ့ ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနဲ့ မြောက်ပင်လယ်ဓားခန်းမတို့က အထွတ်ထိပ်သိုင်းပညာတွေထက်လည်း မြင့်မားတယ်”
“ပြီးတော့ သူ ကျင့်ကြံခဲ့တဲ့ သိုင်းပညာက အချိန်ကာလရဲ့ ကွဲပြားမှုနဲ့ နက်နဲသိမ်မွေ့မှုတွေအကြောင်း နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတယ် ၊ အဲဒီ သိုင်းပညာကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးရင် သူ့ခန္ဓာကိုယ်ပေါ်က အချိန်နဲ့အမျှ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အပြောင်းအလဲတွေကိုတောင် ထိန်းချုပ်နိုင်စွမ်း ရှိလာလိမ့်မယ်”
ထိုစကားကြားတော့ အားဟူက မျက်တောင်တစ်ချက်ခတ်ရင်း...
“ဒါဖြင့် သူ့ခန္ဓာကိုယ်ရဲ့ အချိန်မြန်နှုန်းကို နှေးကွေးနိုင်မယ်ဆိုရင် သူက မသေနိုင်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်သွားမှာပေါ့”
ရန်ကျောက်ကဲက...
“အဲဒီအဆင့်ရောက်ဖို့က အရမ်းမြင့်မားတဲ့ တန်ခိုးစွမ်းအားတွေလိုအပ်တယ် ၊ သူနဲ့တော့ အလှမ်းဝေးနေပါသေးတယ်”
“ဒါပေမဲ့ အချိန်စီးဆင်းမှုကို လျှင်မြန်စေပြီး ကျင့်ကြံခြင်းအဆင့် မြင့်တက်လာအောင်တော့ လုပ်လို့ရတယ် ၊ အပြင်လောကမှ အချိန်တစ်ရက်က သူ့အတွက် အချိန် (၂)ရက်လည်းဖြစ်နိုင်သလို (၃)ရက်လည်း ဖြစ်နိုင်တယ်လေ... ၊ အဲဒါက အချိန်စီးဆင်းမှု ပိုပြီးမြန်ဆန်တဲ့ တခြားကမ္ဘာတစ်ခုကို ရောက်သွားတာနဲ့ ညီမျှတယ်”
သို့ပေသိ အချိန်ကုန်မြန်သည့်တိုင် ကျင့်ကြံခြင်းကတော့ လူတစ်ယောက်၏ ရုပ်ခန္ဓာပေါ်တွင်သာ မူတည်သည်။
မတိုးတင်နိုင်သူက မည်သို့ပင်ကျင့်ကြံပါစေ တိုးတက်မည် မဟုတ်ပေ။ မူလက မကျော်ဖြတ်နိုင်သော ကျင့်ကြံခြင်းတစ်ဆို့မှုများကိုလည်း ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
လူတစ်ယောက်၏ ကျင့်ကြံခြင်းဆိုသည်က သူတို့၏ ရုပ်ခန္ဓာအခြေအနေနှင့်လည်း ဆက်စပ်နေသည်။
အချိန်သာကုန်သွားသည် အသက်ရှည်ခြင်းက မြင့်တက်မလာပါက အချိန်နှုန်းတိုးပြီးကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် အသက်ကြီးလာစေမည် ဖြစ်၏။
သို့သော် ပုံမှန်အချိန်အတိုင်း နေထိုင်ကြသူများနှင့်နှိုင်းယှဉ်ပါက ထာဝရအလင်းကောင်းကင်ကျမ်းစာ ကျင့်ကြံသူများကတော့ ထူးခြားစွာဖြင့် တိုးတက်မှုအားကောင်းလာနိုင်ပေသည်။
မူလကောင်းကင်ကျမ်းစာ (၁၀) စောင်လုံးသည် ဒဏ္ဍာရီဆန်စွာ အံ့သဖွယ်ကောင်းပြီး အကန့်အသတ်မရှိ အသုံးပြုနိုင်သော ကျမ်းဂန်များဖြစ်သည်။
အားဟူက ရန်ကျောက်ကဲကို အတုခိုးပြီး မေးစေ့ကို ပွတ်သပ်ရင်း...
“သခင်လေး ပြောသလိုဆိုရင် ဒီ ခန်းကျင်းယွမ်က အတော်လေး အသက်ကြီးနေပြီပဲ ၊ ဒါပေမဲ့ သူက အရွယ်နဲ့မလိုက်အောင် ကလေးဆန်လွန်းတယ် ၊ ရင့်ကျက်မှုလည်း မရှိဘူး”
ရန်ကျောက်ကဲက တည်ကြည်စွာဖြင့်...
“ဒါက နားလည်ရခက်တဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး ၊ ပြောကြတာတော့ လူသားတွေက ဉာဏ်ပညာကြီးမားတယ် ၊ တစ္ဆေတွေက ခြောက်လှန့်တတ်တယ် ၊ ယုန်အိုကြီးတွေကို ဖမ်းလို့မလွယ်ဘူးတဲ့ ၊ ဒါပေမဲ့ အသက်ကြီးတိုင်းလည်း ဉာဏ်ပညာပိုကြီးတယ်ဆိုတာ မဟုတ်ပါဘူး ၊ ဆိုလိုတာက အသက်ရှင်နေထိုင်ရင်း အတွေ့အကြုံများလာတဲ့အခါ အဲဒီကနေ သင်ခန်းစာတွေအများကြီးလေ့လာနိုင်တာကို ပြောချင်တာပဲ”
“ဆိုတော့... အသက်တစ်ရာရှည်တဲ့လူတစ်ယောက်က နှစ်ပေါင်း (၉၀)လောက် သတိလစ်မေ့မျောနေမယ်ဆိုရင် အနှစ်တစ်ရာကျော် ပုံမှန်နေထိုင်ပြီး ကျင့်ကြံနေတဲ့ လူတစ်ယောက်လောက် ပညာရှိနိုင်ပါ့မလား ၊ ဖြစ်နိုင်မယ်တော့မထင်ဘူး ၊ သူ နိုးထလာတဲ့ အချိန် (၁၀)နှစ်တာအတွင်း ကြီးကျယ်ခမ်းနားတဲ့ ထူးထူးခြားခြား အဖြစ်အပျက်တွေ၊ ထူးဆန်းတဲ့ ရှားပါးဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေပြီး သာမန်လူတွေ ရာစုနှစ်တွေအတွင်း မကြုံတွေ့နိုင်တာကို သူက ဆယ်စုနှစ်လောက်နဲ့ ကြုံတွေ့နိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ ၊ ဒါပေမဲ့ ဒါမျိုးက တကယ့်ရှားပါးဖြစ်ရပ်မျိုးပဲ”
“ငါတို့လို သိုင်းကျင့်ကြံသူတွေအတွက်တော့ အနှစ်တစ်ရာမှာ နှစ်ပေါင်း (၉၀) က ဂူအောင်းကျင့်ကြံနေမယ်ဆိုရင်... သိုင်းပညာမြင့်မားလာတာကိုအသာထား ... လူမှုပေါင်းသင်းဆက်ဆံရေးတွေ ၊ လောကအခြေအနေတွေကို ဘာမှသိမှာမဟုတ်တော့ဘူး ၊ အတွေ့အကြုံရှာဖို့က (၁၀)နှစ်ပဲ အချိန်ရတော့မှာဆိုတော့ ဘာမှထူးခြားလာမှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဒါပေမဲ့ ခန်းကျင်းယွမ်ကတော့ ထူးခြားတဲ့သိုင်းပညာကို ကျင့်ကြံထားတဲ့အတွက် ဒီနယ်ပယ်မှာ အတော်လေး ကွာခြားသွားနိုင်တာမျိုးတော့ ရှိတယ်”
“ဒါပေမဲ့... အဓိကအကြောင်းရင်းက သူ့ကိုယ်သူ လိမ်ညာနေတာပဲ ၊ သူက မာနကြီးသလို သူတို့မိသားစုက အကြီးအကဲတွေကလည်း သူ့အပေါ် အရမ်းအရေးပေးတာဖြစ်နိုင်တယ် ၊ ရှန်လင်ကျီရဲ့ အဆက်အနွယ်တစ်ယောက်က ဒီလိုမဖြစ်သင့်တာတော့ အမှန်ပဲ ၊ ရှန်လင်ဓားကိုးလက်မှာ သူ့လိုလူတွေချည်းပဲဆိုရင်တော့ တာ့ရွှမ်တိုင်းပြည်က ရန်သူတွေကိုသတ်ဖို့ သူတို့ကိုအသုံးချနေတာလို့ ငါ တကယ် သံသယဝင်မိလိမ့်မယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တင်းတင်းစေ့ရင်း...
“လက်ရှိအခြေအနေတစ်ခုတည်းကို သုံးသပ်မယ်ဆိုရင်တော့... အခု တာ့ရွှမ်တိုင်းပြည်မှာ ရှန်လင်ကျီ အဆက်အနွယ်တွေက ဦးဆောင်နေရာကိုရယူထားတာတွေ့ရတယ်”
အားဟူက ရိုးရှင်းစွာပင် ရယ်မောရင်း...
“... သခင်လေးက ဒီတစ်ခါ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်လိုက်တာ တာ့ရွှမ်ပုန်ကန်သူတွေကတော့ သခင်လေးအပေါ် အကြွေးအများကြီး တင်သွားပြီပဲ ၊ အနည်းဆုံးတော့ မြောက်ပင်လယ်ဓားခန်းမက ဒီအကြွေးကို သတိရနေကြမှာပဲ ၊ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ၊ မော်လူဒေသကို သွားကြမလား”
ရန်ကျောက်ကဲက...
“ငါတို့တွေ မျှော်စင်နယ်မြေက အရင်ဆုံးထွက်ကြမယ် ၊ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ချိုးဖျက်ပြီး တာ့ရွှမ်ဆန့်ကျင်ရေး အင်အားစုတွေကို အကြီးအကျယ် ကူညီပေးလိုက်တာဆိုတော့... တာ့ရွှမ်တိုင်းပြည်နဲ့ ရှန်လင်ဓားကိုးလက်က သေချာပေါက် ငါ့ကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်တော့ဘူး”
***
မကြာမီ ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်နှင့်အတူ ပင်လယ်ပြင်ထက်မှ ပျံသန်းထွက်ခွာသွားသည်။
အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝါတစ်ခုက မိုးမြေတစ်ခွင် တုန်လှုပ်စေလျှက် မျှော်စင်နယ်မြေ မြောက်ဘက်မှ တောင်ဘက်သို့ ဖြတ်သန်းသွားသည်။
ထိုအချိန်...
ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ရေစီးကြောင်းနှင့်ဆင်တူသော ဓားအလင်းတန်းတစ်ခု ရောက်ရှိလာသည်။ ထိုအဓားအလင်းတန်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် အရာအားလုံးက ငြိမ်ဝပ်သွားကြ၏။
မျှော်စင်နယ်မြေရှိ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ထောင့်စွန်းတွင် တန်ခိုးစွမ်းအားများ စုစည်းထားသော ကြောက်မက်ဖွယ်ရာ အလင်းတိုင်လုံးကြီးက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပေါက်ကွဲထွက်လျှက် ရှိ၏။
စီးဆင်းနေသောရေပမာ ဓားအလင်းတန်းက အချိန်ကာလကို အေးခဲသွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ငြိမ်သက်ရပ်တန့်စေကာ ဆုံချက်တစ်ခုတွင်သာ အာရုံစိုက်ထားသည်။
ထိုနေရာတွင် အဖြူရောင်ဝတ်လူငယ်တစ်ယောက်ရှိနေပြီး သူက မိုးကြိုးမီးတောက်များကြားတွင်ရှိနေသော ခန်းကျင်းယွမ်အား ဆုပ်ကိုင်ထားပြီး ရှိသမျှစွမ်းအားအသုံးပြုကာ ကယ်ထုတ်နေသည်။
စီးဆင်းနေသောရေနှင့်တူသည့် ဓားအလင်းတန်းက ချက်ချင်းပင် ထိုနေရာသို့ရောက်လာပြီး သူတို့နှစ်ယောက်ကို အားဖြည့်ပေးလိုက်သည်။
ဓားအလင်းတန်းနှင့် ထိတွေ့မိသည်နှင့် နက်ရှိုင်းကြေးမုံချပ်ဝတ်က နှလုံးကာချပ်ပြားအဖြစ်ပြောင်းလဲသွားပြီး ကြီးမားသော ခုခံစွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
နှလုံးကာချပ်ပြားမှာ သူ၏ မူလပိုင်ရှင်နှင့် ပြန်တွေ့သည့်အလား အနည်းငယ် တုန်ခါသွား၏။
မိုးကြိုးမီးတောက်များက ကြောက်မက်ဖွယ်ရာကောင်းသော်လည်း နောက်ထပ်ရောက်လာသူက ထိုမီးတောက်များကို ခုခံခြင်းအလျဉ်းမရှိဘဲ လူငယ်နှစ်ယောက်ကိုသာ ကယ်တင်ရန် ကြိုးစားသည်။
ဓားအလင်းတန်းက မိုးကြိုးမီးတောက်များကို ခဏမျှနှေးကွေးသွားစေပြီး လူငယ်နှစ်ယောက် လွတ်မြောက်သွားစေရန် အဝေးသို့ တွန်းထုတ်လိုက်သည်။
ပေါက်ကွဲထွက်နေသော မိုးကြိုးမီးတောက်များနှင့် ဝေးကွာသွားတော့မှ ဓားအလင်းတန်းက ရပ်တန့်သွားပြီး အမျိုးသမီးတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။
သူမက အသက် (၃၀) ခန့်ရှိပြီး ရက်ကျက်လှပသောဟန်ပန်ရှိသည်။ သူမက ကယ်တင်လိုက်သော လူငယ်နှစ်ယောက်ကို လှမ်းကြည့်ရင်း သူမမျက်ဝန်းများက စိုးရိမ်မှုများနှင့်အတူ ညံ့သက်နွေးထွေးမှုများ ပြည့်နက်နေသည်။
အဖြူရောင်ဝတ်လူငယ်၏မျက်နှာက ဖြူဖျော့နေပြီး...
“ကျင်းယွမ် အဆင်ပြေပါတယ် ၊ သူ ဘာမှ မဖြစ်ပါဘူး”
အမျိုးသမီးက သက်ပြင်းချရင်း...
“မင်း အသက်အန္တရယ်ကျရောက်ခံပြီး ကူညီခဲ့လို့ ကံကောင်းသွားတာပါ... မောက်ရှန်း ၊ မဟုတ်ရင် ငါ ရောက်လာတာတောင် ကျင်းယွမ်ကို ကယ်တင်နိုင်မယ် မထင်ဘူး”
ခန်းမောက်ရှန်းက အားနည်းဖျော့တော့စွာ ပြုံးလိုက်သည်။
ခန်းကျင်းယွမ်ကတော့ သတိလစ်မေ့မျောနေလေသည်။
အမျိုးသမီးက ခန်းကျင်းယွမ်မျက်နှာကို အသာပွတ်သပ်ပေးရင်း...
“အနားယူလိုက်ပါ သားလေး... အမေက မင်းအတွက် လက်စားချေပေးပါ့မယ်”
ထို့နောက် သူမက နက်ရှိုင်းကြေးမုံချပ်ဝတ်ကို အသာအယာပုတ်လိုက်ရာ နှလုံးကာချပ်ပြားသဏ္ဌန်တစ်ခု ထွက်ပေါ်လာပြီး မျက်နှာပြင်မှ အလင်းတန်းများထွက်ပေါ်လာကာ အဝေးတစ်နေရာသို့ ညွှန်ပြလိုက်၏။
နက်နဲသောပင်လယ်တွင်းရှိ အသင်္ချေနဂါးနန်းတော်ထဲတွင်ရှိနေသော ရန်ကျောက်ကဲမှာ တစ်စုံတစ်ခုကို ယောင်ဝါးဝါးခံစားလိုက်ရသဖြင့် စိတ်ထဲတစ်ချက်လှုပ်ရှားသွားလေ၏။