သဲလွန်စမကျန်အောင်ပုန်းအောင်းနေတဲ့နဂါးအစစ်
Vol. 47 Ch. 657
အခန်း (၆၅၇) သဲလွန်စမကျန်အောင်ပုန်းအောင်းနေတဲ့နဂါးအစစ်
“သူ အရင်ကတည်းက ဒီပင်လယ်ပြင်နယ်နိမိတ်ကထွက်သွားတာလား ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
‘ခန်း’ သခင်မမျက်နှာက အံ့အားသင့်မှုများဖြင့်ပြည့်နက်နေသည်။ သူမ ဤနေရာတစ်ခုလုံး သေသေချာချာ ရှာဖွေခဲ့သော်လည်း ရန်ကျောက်ကဲ အရိပ်အယောင်ပင် မတွေ့မြင်ရတော့ပေ။
ပင်လယ်ထဲတွင် အခြားသော သက်ရှိများစွာရှိပြီး မရေမတွက်နိုင်သော ထူးဆန်းမှုများ သို့မဟုတ် သာမန်ဆန်သောအရာများ တွေ့မြင်နေရသော်လည်း သူမရှာဖွေနေသောပစ်မှတ်ကို တွေ့မြင်ရခြင်း မရှိပေ။
‘ခန်း’ သခင်မ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
သူမက တာ့ရွှမ်တိုင်းပြည်မှ အခြားသောစစ်သည်တော်များကို ကူညီပေးရန် ဆက်သွယ်လိုက်ပြီး သူမအရှေ့ ပင်လယ်ပြင်ကို ဂရုတစိုက် ထပ်မံရှာဖွေပြန်၏။
ဤနေရာတွင် အချိန်များစွာ ကုန်ဆုံးသွားသည်ဖြစ်ရာ ရန်ကျောက်ကဲသာ နဂိုကပင် ဤပင်လယ်ဒေသ၌ မရှိခဲ့ပါက ယခုဆိုလျှင် အဝေးသို့ ရောက်ရှိနေလောက်ပေပြီ။
ဘယ်ဆီဘယ်ဝယ်ရောက်သွားမှန်း မသိသူတစ်ယောက်ကို မျက်ကန်းတစ်ယောက်လို လိုက်ရှာနေခြင်းက သိပ်ပြီးအဓိပ္ပါယ် မရှိလှပေ။
တစ်ဖက်လူက သူမမျက်လုံးအောက်မှာပင် ပုန်းအောင်းပြီး သူမကို အရူးလုပ်နေသည်ဆိုလျှင်တော့ တကယ့်ကို စိတ်ပျက်စရာပင်။
ကံမကောင်းစွာပင် နောက်တစ်ကြိမ် ထပ်မံရှာဖွေသည့်တိုင် ရန်ကျောက်ကဲကို တွေ့ရခြင်း မရှိပေ။
အတွေ့အကြုံများပြားသော ‘ခန်း’ သခင်မသည်ပင် သူမ၏ ကနဦးကောက်ချက်ချမှု မှားယွင်းသွားပြီဟု သံသယဝင်လာပြီး လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
“ဒါပေမဲ့ သူ ဘယ်လိုလွတ်သွားတာလဲ”
‘ခန်း’ သခင်မ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။
သူမရှေ့တွင် ကျယ်ပြောပြီး အဆံဒးမရှိသော ပင်လယ်ပြင် ကျောက်ဆောင်ကျောက်တန်းများကိုသာ တွေ့ရသည်။
ပင်လယ်ရေအောက် ကျောက်ဆောင်ကျောက်တုံးများကြားတွင် ပုံမှန်မျှသာဖြစ်သော အနက်ရောင်အမွှေးတိုင်အိုးလေးတစ်လုံး ရှိနေသည်။ ထိုအရာလေးက အလွန်သေးငယ်ပြီး မည်သည့်မူမမှန်မှုမှ မတွေ့ရပေ။
သင်္ဘောများဖြတ်သွားရင်း တစ်စုံတစ်ယောက် မတော်တဆ ရေထဲပြုတ်ကျခဲ့ဟန်တူသည်။ ထိုအရာလေးက ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားပြီး သဲများ ၊ ရွှံ့နွံများ ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။
နှစ်ပေါင်းများစွာကြာခဲ့သည့်နောက် ဤပင်လယ်ပြင်က အခြား ရှုတ်ထွေးသောပစ္စည်းပစ္စယများစွာ စုဆောင်းထားသည်မှာ ဓမ္မတာသာ ဖြစ်သည်။
‘ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး’ ထဲသို့ရောက်နေသည့် ရန်ကျောက်ကဲ၏မျက်ဝန်းရှေ့တွင်တော့ လုံးဝအသစ်ဖြစ်သော လောကတစ်ခု ပေါ်လာသည်။
သူ့မျက်စိရှေ့တွင် တွေ့မြင်ရသည်က အဆုံးမရှိ ၊ အကန့်အသတ်မရှိသော သမုဒ္ဒရာကြီးတစ်ခု ဖြစ်သည်။ သမုဒ္ဒရာမျက်နှာပြင်ထက်တွင် လှိုင်းလေဒီရေများမရှိဘဲ သေခြင်းတရားကိုခံစားရသည့်ပမာ ဆိတ်သုဉ်းသောခံစားချက်ကိုသာ ပေးစွမ်းသည်။
ဤသည်က လှိုင်းလေးဒီရေများထက်ပင် ကြောက်မက်ဖွယ်ရာဖြစ်ပြီး ထိုသို့ ဆိတ်သုဉ်းခြင်းရောင်ဝါ ဖိအားများကြောင့် ပင်လယ်ပြင်နှင့် ကောင်းကင်သည်ပင် အစိုင်အခဲတစ်ခုတည်းအဖြစ် သိပ်သည်းသွားသည့်အလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲ မျက်ခုံးပင့်လိုက်သည်။
“ဒါ ဘယ်နေရာလဲ”
သူ့အရှေ့မှမြင်ကွင်းက အစစ်အမှန်ပမာဖြစ်ပြီး ရေမျက်နှာပြင်တွင် လှိုင်းကြက်ခွပ်လေးများ လှုပ်ခတ်နေသလိုပင်။
သို့သော် ငြိမ်သက်နေသော သမုဒ္ဒရာမျက်နှာပြင်ထက်တွင် အစိုင်အခဲပမာ မုန်တိုင်းကြီးတစ်ခုက သတိပေးခြင်းအလျဉ်းမရှိ အသံတိတ်မြင့်တက်လာပြီး ကောင်းကင်တစ်ခွင်ကိုပင် ရုတ်တရက် တုန်လှုပ်သွားစေသည်။
ဟာရီကိန်းမုန်တိုင်းကြီးက ပင်လယ်ရေပြင်တစ်လျှောက် ဖြတ်သန်းသွားပြီး ကောင်းကင်ကိုးထပ်ဆီအထိ ထိုးဖောက်ဝင်ရောက်ကာ အမှောင်ထုကောင်းကင်နှင့် ထူးဆန်းသော သမုဒ္ဒရာကို ချိတ်ဆက်ထားသော ကောင်းကင်ထောက်တိုင်တစ်ခုပမာ ထင်မှတ်ရ၏။
မုန်တိုင်းကြားတွင်တောက်ပနေသော လျှပ်စီးအလင်းရောင်များက ငွေရောင်နဂါးများ ကခုန်နေသည့်အလား ဖြစ်သည်။
ရန်ကျောက်ကဲက မြင်ကွင်းကိုကြည့်ရင်း မျက်လုံးများအနည်းငယ် မှေးစင်းလိုက်သည်။
မူလက အေးချမ်းငြိမ်သက်နေသော သမုဒ္ဒရာမျက်နှာပြင်ထက်တွင် ဟာရီကိန်းမုန်တိုင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး မိုးကြိုးလျှပ်စီးများက အဆက်မပြတ် ကောင်းကင်ထက်သို့ရိုက်ခတ်ကာ ချက်ချင်းပင် တစ်လောကလုံး သက်ရှိငရဲတစ်ခုပမာ ပြောင်းလဲသွားလျှက် လေထုသည်လည်း အက်ကွဲသွားသည်။
ကျယ်ပြောပြီး အဆုံးမရှိသော သမုဒ္ဒရာကြီးသည် မုန်တိုင်းများ ၊ မိုးကြိုးလျှပ်စီးများ ၊ ပင်လယ်ရေများဖြင့် ပြည့်နက်နေတော့၏။
ထိုမြင်ကွင်းက သဘာဝတရားက ဖန်ဆင်းထားသော “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” ပမာဖြစ်သည်။
မိုးမြေတစ်ခွင် ပြင်းထန်လွန်းသောစွမ်းအားများရှေ့တွင် ‘ခန်း’ သခင်မကဲ့သို့ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်သည်ပင် နှိုင်းယှဉ်ကြည့်လျှင် သေးငယ်သွားသယောင်ထင်မှတ်ရသည်။
“ဒါက ကောလဟလတွေထဲက ‘အဆုံးမဲ့သံလိုက်မုန်တိုင်းတွေ’ နဲ့ ဆင်တူတယ်”
ရန်ကျောက်ကဲ ရေရွတ်လိုက်၏။
ယခင်က ဤသို့သောအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသော်လည်း စာအုပ်များတွင်ဖတ်ဖူးခဲ့သည်။ စာအုပ်များထဲမှဖော်ပြချက်က လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းနှင့် အလွန်ဆင်တူသည်။
အရင်က ယိုးမင်ဂိုဏ်း ဌာနခွဲတွင်နေထိုင်စဉ် အခြားသော သိုင်းကျင့်ကြံသူများနှင့် စကားစမြည်ပြောဆိုရင်း ထိုအဖြစ်အပျက်များကို နားလည်ခဲ့ရသည်။
ကျူတောပင်လယ်ဒေသတွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများ ပျံ့နှံ့နေသည့်နေရာတစ်ခုရှိပြီး ထိုနေရာက မိုးမြေတစ်ခွင်၏ သဘာဝမီးပြင်းဖိုကြီးတစ်ခုအလား ဖြစ်သည်။ သိုင်းသူတော်စင်များကိုပင် ပျက်သုဉ်းသွားစေနိုင်သော မရေမတွက်နိုင်သည့် အန္တရယ်များနှင့် ပြည့်နက်နေ၏။
ဤသဘာဝဘေးအန္တရယ်မုန်တိုင်းများက ကျရောက်လာမည်ကို ကြိုတင်သတိပေးမှုမရှိဘဲ ရောက်ရှိလာတတ်သဖြင့် လူအများကို ဒုက္ခရောက်စေသည်။ ခုခံရန်ခက်ခဲပြီး ရှောင်လွှဲမရနိုင်သည့်အတွက် မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ရုတ်ချည်း ဝါးမျိုသွားနိုင်၏။
ထိုပင်လယ်ဒေသတွင် အခြားနေရာများတွင် ရှာရခက်သော ရှားပါးရတနာများစွာ ရှိသော်လည်း လူအများစုက ရတနာရှာဖွေရန် သွားရောက်ခြင်း မပြုဝံ့ကြပေ။ ထို အန္တရယ်နယ်မြေတွင် တန်ခိုးစွမ်းအားရှင် ထိပ်တန်းသိုင်းကျင့်ကြံသူများပင် သေဆုံးခဲ့ကြရသည်ဟု ဆို၏။
သင်က ဒေသတစ်ခု၏အကြီးအကဲ ၊ အဆင့်လွန်ပါရမီရှင်တစ်ယောက် ဖြစ်နေလျှင်တောင်မှ ထိုနေရာသို့ ဝင်ရောက်မိသည်နှင့် ကြောက်မက်ဖွယ်ရာ မိုးမြေ၏ဆုပ်ကိုင်ထားခြင်းခံရပြီး သင့်ဘဝသည် သင့်အတွက် မဟုတ်တော့ပေ။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင်ကြည့်နေရင်း စဉ်းစားလိုက်သည်။
“ငါကြားဖူးတဲ့အတိုင်းဆိုရင် ဒီအချိန်က အဆုံးမဲ့သံလိုက်မုန်တိုင်းတွေ အပြင်းထန်ဆုံးဖြစ်နေတဲ့အချိန်ပဲ ၊ အလျင်လိုစရာတော့ မရှိပါဘူး”
သူ့အရှေ့မြင်ကွင်းတွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများ တိုက်ခတ်ပြီးသွားသည်နှင့် လျှင်မြန်စွာပင် ပြန်လည်ငြိမ်သက်သွားသည်။
သမုဒ္ဒရာမျက်နှာပြင်က ရေသေကဲ့သို့ပ် နောက်တစ်ကြိမ် ငြိမ်သက်သွားပြီး လှိုင်းအနည်းငယ်ပင် ရိုက်ခတ်နေခြင်း မရှိတော့ပေ။
သို့သော် ကြောက်မက်ဖွယ်ရာမုန်တိုင်းများ၏ ပြင်းထန်သောစွမ်းအားကို တွေ့မြင်ထားသဖြင့် ရန်ကျောက်ကဲသည် ဤသို့တိတ်ဆိတ်နေခြင်းကို အထင်မသေးဝံ့တော့ပေ။
ထိုအချိန် ငြိမ်သက်နေသော သမုဒ္ဒရာမျက်နှာပြင်ထက် ကြီးမားသော ရေဝဲကန်တော့ကြီးတစ်ခုပေါ်လာပြီး ပင်လယ်ရေများ ဘေးပတ်ဝန်းကျင်သို့ ရွေ့လျားသွားကာ သမုဒ္ဒရာအောက်ကြမ်းပြင်ကို ပေါ်လွင်လာစေသည်။
ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးလိုက်၏။
သေသေချာချာကြည့်လိုက်တော့ သမုဒ္ဒရာကြမ်းပြင်ထက်တွင် ပျက်ဆီးနေသော နန်းတော်တစ်ခု၏ အကြွင်းအကျန်များကို တွေ့မြင်ရသည်။ နန်းတော်နံရံများက ပြိုကျနေပြီး ကြေကွဲဖွယ်ရာ အက်ကွဲကြေမွနေကြောင်း တွေ့ရသည်။
ပျက်ဆီးနေသောနန်းတော်က အလွန်ထင်ရှားခြင်း မရှိသော်လည်း ရန်ကျောက်ကဲ၏ စိတ်အာရုံကို ချက်ချင်းဆွဲငင်သွားသည်။ ထူးဆန်းပြီး ဆွဲငင်နိုင်စွမ်းမြင့်မားသဖြင့် ခုခံရန်ပင် ခက်ခဲသည်။
ရန်ကျောက်ကဲမှာ သူ၏စိတ်ဝိညာဉ်တစ်ခုလုံး ပုံရိပ်ယောင်မြင်ကွင်းထဲမှ ပျက်ဆီးနေသောနန်းတော်အတွင်းသို့ ဆွဲသွင်းခံရတော့မည့်ပမာ ခံစားရ၏။
ကြည့်ရသည်မှာ ထိုနန်းတော်ထဲတွင် စိတ်ဝိညာဉ်နှင် ဗလာနယ်အကွာအဝေးကို လျစ်လျူရှုနိုင်သည့် စွမ်းအားအချို့ ရှိဟန်တူပြီး ထိုနေရာကို အာရုံစိုက်မိသူတိုင်းကို ဆွဲငင်သွားနိုင်ဟန် ရှိသည်။
ရန်ကျောက်ကဲ စိတ်ကိုတည်ငြိမ်စေလိုက်ပြီး သေသေချာချာ ကြည့်လိုက်သည်။
နန်းတော်ခန်းမကြီးထဲတွင် ရှည်လျားကြီးမားသောသေတ္တာတစ်လုံးရှိနေသည်
သတ္တုဖြင့်ပြုလုပ်ထားသော သေတ္တာတစ်ဝိုက်တွင် အနက်ရောင်တောက်ပနေသော ထူးဆန်းသည့်ပစ္စည်းတစ်ခု လှည့်ပတ်နေပြီး ထိုအရာကို ကြည့်မိသူအားလုံး စိတ်ဝိညာဉ်က အတွင်းထဲသို့ နစ်မြုပ်သွားမတတ် ဆွဲငင်နေသည်။
ထိုအရာထက်တွင် ရှေးဟောင်းအက္ခရာစာလုံးများ ရေးထိုးထားသည်။
ထိုစားလုံးများအဓိပ္ပါယ်ကိုဖော်ထုတ်ပြီးနောက် ရန်ကျောက်ကဲမျက်နှာအမူအရာ ထူးဆန်းသွား၏။
“ကောင်းကင်ဝါးမျို”
ရန်ကျောက်ကဲ ပြုံးလိုက်ရင်း...
“ကောင်းကင်ဝါးမျို... ကမ္ဘာမြေဖျက်ဆီး... ဟက်.. စိတ်ဝင်စားစရာပဲ”
သူ့မျက်လုံးရှေ့မှ မြင်ကွင်းများတဖြည်းဖြည်းပျောက်ကွယ်သွားပြီး အရာအားလုံး အမှောင်ထုပြန်လည်လွှမ်းခြုံသွားကာ သူ့အရှေ့တွင် မျက်ဝန်းတစ်စုံသာလျှင် ကျန်ရစ်ခဲ့သည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ထိုမျက်ဝန်းတစ်စုံအား လှမ်းကြည့်လိုက်၏။
ခဏကြာပြီးနောက် ထိုမျက်ဝန်းတစ်စုံသည်လည်း ပျောက်ကွယ်သွားလေသည်။
ထိုအခါမှ ရန်ကျောက်ကဲက အချိန်မည်မျှကြာသွားသည်ကို တွက်ချက်ကြည့်လိုက်သည်။
ထို့နောက် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးအတွင်းမှ ထွက်လာပြီး မထင်မရှား သူ၏ရုပ်သွင်က ပင်လယ်ရေအောက်ကြမ်းပြင်တွင် ပြန်ပေါ်လာသည်။
“ငါထွက်လာတာနဲ့ သူ တန်းပြီး သတိပြုမိမှာတော့ မဟုတ်ဘူးမလား”
ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း တွေးလိုက်၏။
အနီးပတ်ဝန်းကျင်တွင်လှုပ်ရှားနေသော အလွန်အစွမ်းထက်သောရောင်ဝါးများ ၊ သိုင်းကျင့်ကြံသူများကို သူ အာရုံခံမိသည်။
သို့သော် ‘ခန်း’ သခင်မကတော့ ဤနေရာတွင် ရှိမနေတော့ပေ။
သိုင်းသူတော်စင် ပဉ္စမအဆင့်ရှိသော တန်ခိုးစွမ်းအားရှင်တစ်ယောက်နေဖြင့် လုပ်စရာအလုပ်များစွာရှိလေရာ သိုင်းဆရာသခင်တစ်ယော်ကအတွက် သူမ အချိန်မဖြုန်းနိုင်ပေ။
ရန်ကျောက်ကဲက အလွန်ကြောက်မက်ဖွယ်ကောင်းသောစွမ်းအား ပိုင်ဆိုင်ထားသည့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး ဤပင်လယ်ပြင်တွင် သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
သို့သော် ‘ခန်း’ သခင်မ ထွက်ခွာသွားသည့်တိုင် ရန်ကျောက်ကဲကိုရှာဖွေရန် လက်မလျှော့ဘဲ တာ့ရွှမ်တိုင်းပြည်မှလူများကို တာဝန်ပေးအပ်ခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ခန်းကျင်းယွမ် မသေသေးဘူးဆိုသောအချက်အား သေချာစေ၏။
တာ့ရွှမ်တိုင်းပြည်မှ သိုင်းသမားများက အနီးပတ်ဝန်းကျင် ပင်လယ်ဒေသတစ်ခွင် လှုပ်ရှားနေပြီး ရန်ကျောက်ကဲ လှုပ်ရှားလာမည့်အချိန်ကို စောင့်ကြည့်နေသည်။
သူ့ကို ရှာတွေ့သည်နှင့် ချက်ချင်းကိုင်တွယ်ဖြေရှင်းရန် အထွတ်ထိပ်သိုင်းကျင့်ကြံသူများကိုပင် ခေါ်ထားကောင်း ခေါ်ထားနိုင်၏။
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါပေမဲ့ ဒီလူတွေ ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး”
များပြားလှသော တာ့ရွှမ်တိုင်းပြည်မှ သိုင်းသမားများကို အချိန်အတန်ကြာ ပါးနပ်လိမ္မာစွာ ရှောင်တိမ်းပြီးနောက် ရန်ကျောက်ကဲ အသင်္ချေနဂါးနန်းတော်ကို ဆင့်ခေါ်ကာ အထဲသို့ ခုန်ဝင်လိုက်သည်။
သို့သော်...
ထိုခဏတွင် အဝေးတစ်နေရာမှ ပြင်းထန်သောရောင်ဝါတစ်ခု ချဉ်းကပ်လာလေသည်။
ထိုရောင်ဝါမှာ ထာဝရအလင်းကောင်းကင်ကျမ်းစာမှ ဆင်းသက်လာသော အချိန်ရေစီးကြောင်းဓားသိုင်း၏ ဓားဝိညာဉ်တစ်ခု ဖြစ်လေ၏။
ရန်ကျောက်ကဲက ထိုသိုင်းပညာနှင့်ပတ်သက်လျှင် အလွန် အကဲဆတ်လေသည်။
“ဟ... ဒါကြီးကတော့ တိုက်ဆိုင်လွန်းတာ မဟုတ်ဘူးလား”