မျှော်လင့်မထားတဲ့ အံ့သြဖွယ်ရာ
Vol. 47 Ch. 569
အခန်း (၆၅၉) မျှော်လင့်မထားတဲ့ အံ့သြဖွယ်ရာ
ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သိုင်းသူတော်စင်တစ်ယောက်၏ ရုပ်ခန္ဓာအခွံကို သန့်စင်ထားခြင်းဖြစ်သည်။ နဂိုကပင် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည့်အတွက် သိုင်းပညာအခြေခံခိုင်မာခဲ့သဖြင့် အခြားသိုင်းပညာများ ဆက်လက်ကျင့်ကြံရန် မလွယ်ကူတော့ပေ။
ထို့ကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာတို့ကဲ့သို့ သလင်းကျောက်စိမ်းအဆက်အနွယ်၏ အဆင့်မြင့်ဆုံး သိုင်းပညာများကို ကျင့်ကြံရန် မဖြစ်နိုင်ခဲ့ပေ။
သို့သော် ရန်ကျောက်ကဲ ထည့်သွင်းပေးထားသော ထိပ်တန်းသိုင်းပညာများက သူနှင့်သင့်တော်ပြီး တန်ခိုးစွမ်းအား မြင့်မားသည်ထက် မြင့်မားလာစေသည်။
ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းအခြေခံကို မဟာကပ်ဘေးကြီးမတိုင်ခင်က အလွန်ကျော်ကြားသော သိုင်းပညာတစ်ရပ်ဖြစ်သည့် ‘မဟာခွန်ဖိန်’ သိုင်းပညာနှင့် ပေါင်းစပ်ခိုင်မာစေခဲ့သည်။
ထိုသိုင်းပညာက ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဖြစ်သော ‘ခွန်ဖိန်’ ငှက်ကြီး၏စွမ်းအားကို ရယူကျင့်ကြံသည့် လက်ရွေးစင်သိုင်းပညာတစ်ရပ်ဖြစ်သည်။
ရန်ကျောက်ကဲက ‘မဟာခွန်ဖိန်’ သိုင်းပညာကို ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာဖြင့် လှုံ့ဆော်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ရုပ်ပုံလွှာတွင် ထင်ဟပ်စေရန် တန်ခိုးစွမ်းအားဖြင့် ပေါင်းစပ်ထား၏။
ရှန်လင်ကျီ အဆက်အနွယ် အဘိုးအိုက စောစောကလို ခံစစ်လုံးလုံးလျားလျား တိုက်ခိုက်နေပါက အခြေအနေကို ထိန်းထားနိုင်မည် ဖြစ်သည်။
သို့သော် သူက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သဖြင့် ရန်ကျောက်ကဲက သူ့ကို တိုက်ရိုက်အနိုင်ယူပြီး အသင်္ချေနဂါးနန်းတော်ထဲသို့ ဆွဲသွင်းသွားလေရာ သူ၏လှုပ်ရှားမှုများကို ပြန်လည်ရုတ်သိမ်းနိုင်စွမ်း မရှိတော့ပေ။
သူတို့ နဂါးနန်းတော်အတွင်းသို့ရောက်သွားသည်နှင့် နန်းတော်တံခါး ပြင်းထန်စွာပိတ်သွားပြီး တစ်ခဏအတွင်း အဝေးတစ်နေရာသို့ရောက်ရှိသွားကာ ပင်လယ်ရေအောက်သို့ ငုပ်လျှိုးသွားသည်။
အသင်္ချေနဂါးနန်းတော်ထဲတွင် အဘိုးကြီးက အော်ဟစ်လိုက်သည်။
“မင်းက အတော်အကြံကြီးတဲ့ကောင်ပဲ”
ထို့နောက် အဘိုးအိုက လက်ဖဝါးကိုဖြန့်လိုက်ရာ သူ့လက်ထဲတွင် အေးစိမ့်သောအငွေ့အသက်များထွက်ပေါ်နေသော ဓားတစ်လက်ပေါ်လာသည်။ ထိုဓားမှ ထွက်ပေါ်နေသောတန်ခိုးစွမ်းအားက အလွန်တရာ အရှိန်အဟုန် ပြင်းထန်လှ၏။
ရန်ကျောက်ကဲတွင် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို နှိမ်နင်းနိုင်သည့် ဆန်းကျယ်သော ဝါးကိုင်းတစ်ချောင်း ပိုင်ဆိုင်ထားကြောင်း ကောလဟလများကြားသိရပြီး အဘိုးအိုက သူ၏လက်နက်ကို ထုတ်ပြီးအသုံးမပြုခဲ့ပေ။
သို့သော် ယခုတော့ သေခြင်းရှင်ခြင်းတိုက်ပွဲဝင်ရပြီဖြစ်ရာ သူ့အသက်နှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း မည်သည်ကပိုအရေးပါသနည်းဆိုကြောင်း မေးနေစရာပင် မလိုတော့ပေ။
အကယ်၍ ဤနေရာမှ အသက်ရှင်လျှက် လွတ်မြောက်နိုင်ခဲ့ပါက သူ၏ဓားပျက်ဆီးသွားသည့်တိုင် လက်ခံနိုင်မည်ဖြစ်ပြီး နောက်တစ်ချိန်တွင် ရန်ကျောက်ကဲကို လက်စားချေရန် မျှော်လင့်နိုင်ပေမည်။
“တာ့ရွှမ်တိုင်းပြည်က သိုင်းသူတော်စင်တိုင်းကို အထွတ်ထိပ်မှော်ဝင်ပစ္စည်းမပေးနိုင်ဘူး ၊ ဒါပေမဲ့ ရှန်လင်ကျီရဲ့ အဆက်အနွယ်တွေအားလုံးက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေ ကိုင်ဆောင်နိုင်ကြတယ် ၊ မင်းတို့တွေက အတော်လေး ကြွယ်ဝချမ်းသာကြတာပဲ”
အဘိုးအိုဓားထုတ်လိုက်ကြောင်းတွေ့သည်နှင့် ရန်ကျောက်ကဲက စကားဆိုသည်။
ထို့နောက် သူက စိတ်ပူပန်ဟန်မရှိဘဲ လက်ဖဝါးထက်တွင် ခရမ်းရောင်အလင်းတန်းများတောက်ပလာပြီး အစိမ်းရင့်ရောင်ဝါးကိုင်းပေါ်လာသည်။ ထိုဝါးကိုင်းက အဘိုးအို၏ဦးခေါင်းဆီသို့ ကျရောက်လာ၏။
“......”
ရန်ကျောက်ကဲစကားကိုကြားတော့ အဘိုးအို၏ မျက်နှာအမူအရာက ထူးဆန်းသွားသည်။
ရန်ကျောက်ကဲလက်ထဲမှ ရွှေရောင်ငှက်မွှေးလှံရှည် ၊ သူ့ခန္ဓာကိုယ်ပေါ်မှ ရေခဲချပ်ဝတ်အပြင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ကိုင်ဆောင်ထားသော ဂဠုန်နဂါးလှံရှည်တို့ကိုကြည့်ပြီး အဘိုးအို ဒေါသချောင်းချောင်းထွက်လာသည်။ ဤပစ္စည်းများကရော အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ မဟုတ်ပေဘူးလား။
သို့သော် အဘိုးအိုက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီး ကိုင်ထားသောဓားကို ဝှေ့ယမ်းလိုက်၏။
ထက်ရှသောဓားအလင်းတန်းက အချိန်ရေစီးကြောင်းဓားဝိညာဉ်နှင့်ပေါင်းစပ်သွားပြီး ဗလာနယ်တစ်ခုလုံး သက်တံ့ရောင်များ ထွန်းလင်းထွက်ပေါ်လာသည်။
သူက ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းကိုလွတ်အောင်ရှောင်ပြီး ရန်ကျောက်ကဲကို ဓားသိုင်းဖြင့်တိုက်ခိုက်အနိုင်ယူရန် ကြိုးစားခဲ့သည်။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား နောက်ဆုတ်သွားအောင် တိုက်ခိုက်နိုင်လျှင် သူ့အနေဖြင့် နဂါးနန်းတော်ထဲမှ အလျှင်အမြန် ထွက်ခွာသွားနိုင်ပေမည်။
ရန်ကျောက်ကဲက အနည်းငယ် ခေါင်းညိတ်ရင်း...
“အိုး... မင်းရဲ့ဓားက မဆိုးဘူးပဲ ၊ ငါ့ရဲ့ ဂဠုန်နဂါးလှံရှည်နီးပါးကောင်းလွန်းတယ် ၊ အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေထဲမှာ ထိပ်တန်းလို့ သတ်မှတ်လို့ရတယ်”
ထိုစကားကြားတော့ အဘိုးအို၏မျက်နှာ မဲမှောင်သွားသည်။
ဓားသိုင်းပညာနှင့် လူကိုမချီးမွမ်းဘဲ ဓားကိုသာလျှင် တွင်တွင်ချီးမွမ်းနေသည် မဟုတ်လား။
သို့သော် မကြာမီတွင် အဘိုးအိုအတွက် စိတ်ပျက်နေစေရန် အခွင့်အရေးမရှိတော့ပေ။ ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းလက်ချက်ဖြင့် သက်တံ့အလင်းတန်းများစွာ အက်ကွဲသွားသည်။
ရန်ကျောက်ကဲ၏ ရွှေရောင်ငှက်မွှေးလှံရှည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဂဠုန်နဂါးလှံရှည်တို့ကလည်း အဘိုးအို၏ သက်တံ့ဓားကို ပိတ်ဆို့ထား၏။
ထို့နောက်မှာတော့ အစိမ်းရင့်ရောင်ဝါးကိုင်း အောက်ဘက်သို့ ကျဆင်းသွားြီး ခမ်းနားသော သက်တန့်ဓားအလင်းရောင်များ ချက်ချင်းမှေးမှိန်သွားသည်။
အဘိုးအိုက သူ၏ဓားနှင့် အစိမ်းရင့်ရောင်ဝါးကိုင်းမထိမိစေရန် ရှောင်တိမ်းလိုက်သဖြင့် လျှင်မြန်သော ဝါးကိုင်းက ဓားကိုမရိုက်မိဘဲ သူ၏ပခုံးအား ရိုက်နှက်မိသွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါသွားပြီး အရိပ်ကျုံ့အိတ်တစ်လုံး ထွက်ကျလာသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားပြီး အဘိုးအိုကတော့ အလွန်တုန်လှုပ်သွားသည်။
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့၏ လှံရှည်များက အရင်ကထက်ပိုမိုလျှင်မြန်စွာဖြင့် အဘိုးအိုကို နောက်ဆုတ်သွားစေသည်။
ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရိပ်ကျုံ့အိတ်လေးကို သူ့လက်ဖြင့်ဖမ်းယူလိုက်၏။
အိတ်အတွင်းမှ သင်းပျံ့သောရနံ့တစ်ခုထွက်ပေါ်လာပြီး စောစောက ရန်ကျောက်ကဲ သတိပြုမိသော မွှေးရနံ့ပင် ဖြစ်၏။ ဤ မွှေးရနံ့က အဘိုးအိုထံမှ ဆင်းသက်လာသည်မှာ သေချာပေါပြီ။
“အဲဒါကိုလွှတ်လိုက်စမ်း...”
အဘိုးအိုက ထိတ်လန့်တကြား ပြေးသွားရန် ဟန်ပြင်လိုက်သော်လည်း ရန်ကျောက်ကဲက သူ့ကို ဖိနှိပ်ထားသည်။
နဂါးချီစွမ်းအားစီးကြောင်းများက သံကြိုးများပမာ အဘိုးအိုကိုဝန်းရံလိုက်ပြီး အသေင်္ချနဂါးနန်းတော်ထဲတွင် သူ့ကို ချုပ်နှောင်ထားလိုက်သည်။
အဘိုးအိုက သူ၏ သက်တံ့ဓားကို ဝှေ့ယမ်းလိုက်ရာ နဂါးချီစွမ်းအားစီးကြောင်းများက ချက်ချင်း အက်ကွဲပြတ်တောက်သွားသည်။
သို့ပေသိ သူ ဓားစွမ်းပြပြီးသည်နှင့် ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းက သူ့ထံသို့ နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။
ရန်ကျောက်ကဲက အလျင်လိုခြင်းမရှိဘဲ ခံစစ်တိုက်ခိုက်နေပြီး အသင်္ချေနဂါးနန်းတော်တံခါးကို စောင့်ကြည့်နေသည်။ သူ့တာဝန်က ရန်သူလွတ်မြောက်မသွားအောင် တားဆီးရန် အဓိကဖြစ်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ နောက်သို့ဆုတ်သွားပြီး အရိပ်ကျုံ့အိတ်ကို ဖွင့်လိုက်သည်။
ပြင်ပတွင် တွေ့မြင်ဖူးခြင်းမရှိသော်လည်း ကြားဖူးနားဝနှင့် စာအုပ်စာတမ်းများတွင် ရေးသားဖော်ပြချက်များအရ အရိပ်ကျုံ့အိတ်အတွင်းမှ ရတနာပစ္စည်းတစ်ခုသည် အစောပိုင်းက သူမှန်းဆထားသည့် ကောင်းကင်ပွဲတော်အမွှေးနံ့သာ ဖြစ်ကြောင်း အတိအကျသိနိုင်သည်။
အရိပ်ကျုံ့အိတ်က ကျယ်ပြန့်သော်လည်း အဘိုးအို၏ အရိပ်ကျုံ့အိတ်ကတော့ ပစ္စည်းများဖြင့် ပြည့်ကျပ်လျှက် ရှိ၏။ ပစ္စည်းတစ်ခုချင်းစီတိုင်းက ပမာဏကန့်သတ်ထားသော်လည်း အရေအတွက်နည်းသည်ဟု မဆိုသာပေ။
ဥပမာ - “ကောင်းကင်ပွဲတော် အမွှေးနံ့သာ” ဆိုလျှင် အလေးချိန် ကျင်းတစ်ရာခန့်ရှိနိုင်ပြီး အခြားပစ္စည်းများထက် အရေအတွက်ပိုမိုများပြား၏။
အချို့ပစ္စည်းများက အလွန်တန်ဖိုးကြီးပြီး ပမာဏနည်းသည့်တိုင် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။
အရိပ်ကျုံ့အိတ်အတွင်းမှ ရတနာပစ္စည်းများ အတူတူချထားမည်ဆိုလျှင် ထိုပစ္စည်းများသည် လုံးဝဆက်စပ်မှုမရှိဟု ယေဘုယျ ထင်မှတ်ရသည်။
ယိုးမင်ဂိုဏ်း ၊ ကွမ်းမင်ဂိုဏ်းနှင့် မြောက်ပင်လယ်ဓားခန်းမတို့ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများသာ ဤရတနာပစ္စည်းများကို တွေ့မြင်လျှင် သူတိုစိတ်ကိုဖမ်းစားနိုင်သည့် အဖိုးတန်ရတနာ တစ်ခုနှစ်ခုကိုသာ တွေ့မြင်ပေလိမ့်မည်။
သို့သော် ရန်ကျောက်ကဲကတော့ ထိုရတနာပစ္စည်းများကို တွေ့မြင်လိုက်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့နားထဲတွင် မိုးခြိမ်းသံများပင် မြည်ဟည်းလာသည်။
“ကောင်းကင်ပွဲတော် အမွှေးနံ့သာ ၊ ကမ္ဘာသမုဒ္ဒရာသလင်းကျောက် ၊ ပရမ်းပတာမြေသား...”
ရန်ကျောက်ကဲမျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။
“နောက်ထပ်ပစ္စည်းနည်းနည်းလောက် ထပ်ပေါင်းလိုက်မယ်ဆိုရင် ဒါတွေက မြေကမ္ဘာဘုရင်မကို ကိုးကွယ်ပသဆက်သွယ်တဲ့နေရာမှာ အသုံးပြုလို့ရတဲ့ ‘ကောင်းကင်စွမ်းအားအစီအရင်’ တည်ဆောက်နိုင်မှာပဲ”
မြေကမ္ဘာဘုရင်မကိုးကွယ်ပသခြင်းကို ‘ကောင်းကင်စွမ်းအား နက်ရှိုင်းမြင့်မြတ်အလင်း မြေကမ္ဘာဘုရင်မကိုးကွယ်ခြင်း’ ဟု ခေါ်ဆိုပြီး အတိုကောက်အားဖြင့် ‘ကောင်းကင်စွမ်းအား မြေကမ္ဘာဘုရင်မ ကိုးကွယ်ပသခြင်း’ ဟု လူသိများသည်။
ပြောကြသည်ကတော့...
“ကောင်းကင်ဘုရင်နှင့် မြေကမ္ဘာဘုရင်မ ၊ အထက်မှာကောင်းကင် အောက်မှာမြေကမ္ဘာ”
ဟု ဆိုကြသည်။
ဤနေရာတွင် ‘မြေကမ္ဘာဘုရင်မ’ ဆိုသည်မှာ ‘မြေကမ္ဘာဘုရင်မကိုးကွယ်ပသခြင်း’ ကို ရည်ညွှန်းပြီး အများအားဖြင့် ‘မြေကမ္ဘာမိခင်’ ဟုလည်း သိရှိကြသည်။
တာအိုဝါဒတွင် ‘စန်းချင်းစစ်ယွိ’ ဟု ခေါ်ဆိုသော ‘စင်ကြယ်ခြင်းသုံးပါးနှင့်မင်းလေးပါး’ ဟူ၍ ရှိသည်။ သဘာဝအတိုင်း ‘စန်းချင်း’ ဟုခေါ်သော ‘စင်ကြယ်ခြင်းသုံးပါး’ ကို ရှင်းပြစရာမလိုအောင် သိရှိကြ၏။
(Note – “စန်းချင်း” ဆိုတာက စန့်ချင် (လင်ပေါင်ထျန်းကျွင်း) ၊ ယွိချင် (ယွမ်စီထျန်းကျွင်း) ၊ ထိုက်ချင် (ထိုက်စန့်လောင်ကျွင်း) တို့ သုံးပါးကို ပြောတာပါ)
မြေကမ္ဘာဘုရင်မသည် ‘စစ်ယွိ’ ဟု ခေါ်ဆိုသော ‘မင်းလေးပါး’ တွင်တစ်ပါးအပါအဝင်ဖြစ်ပြီး ယင်နှင့်ယန်ကိုထိန်းချုပ်ကာ မြေကမ္ဘာ၏မိခင်ကဲ့သို့ အရာအားလုံးကို ထိန်းကျောင်းပေးသူ ဖြစ်၏။
မဟာကပ်ဘေးကြီးမတိုင်ခင်ကာလ ၊ ဒဏ္ဍာရီပမာ ရှေးယခင်အချိန်များတွင် သူမသည် ကောင်းကင်ဘုံမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များထဲမှ တစ်ယောက်ဖြစ်သည်။
သူ့လက်ထဲမှ ပစ္စည်းများကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ မရေမတွက်နိုင်သော အတွေးများစွာ ပေါ်လာသည်။
ရှန်လင်ကျီ အဆက်အနွယ်များသာမက တာ့ရွှမ်တိုင်းပြည်ကိုတည်ထောင်ခဲ့သော ဧကရာဇ်ရွှမ်ဝမ်နှင့် အခြားသူများသည် ကျူတောပင်လယ်ဒေသအပြင်ဘက်မှ ရောက်ရှိလာပြီး ဤနေရာတွင် အခြေချနေထိုင်ခဲ့ကြသည်။ သူတို့ အဘယ့်ကြောင့် ထိုသို့ပြုလုပ်ခဲ့ကြပါသနည်း။
ကောင်းကင်စွမ်းအားအစီအရင်သည် အခြားအသုံးမဝင်ပေ။
မဟာကပ်ဘေးကြီးမတိုင်ခင်က မြေကမ္ဘာဘုရင်သည် သူမ၏ ထူးခြားသောအခြေအနေများကြောင့် ကောင်းကင်ဘုံနန်းတော်တွင် နေထိုင်ခြင်း မရှိပေ။ သူမကို သိရှိသူများက သူမ၏ ထူးခြားသောတန်ခိုးစွမ်းအားဖြင့် ဆက်သွယ်နိုင်ရန် ဤအစီအရင်ကို တည်ဆောက်ခဲ့ကြသည်။
ယနေ့ခေတ်တွင် တစ်စုံတစ်ယောက်က ဤအစီအရင်ကို တည်ဆောက်ချင်သည်မှာ ဘာအတွက် ဖြစ်နိုင်ပါသနည်း။
ဤရတနာပစ္စည်းများသည် တာ့ရွှမ်တိုင်းပြည်က နှစ်ပေါင်းများစွာ စုဆောင်းထားသော ရတနာပစ္စည်းများ ဖြစ်သင့်သည်။
သို့သော် တာ့ရွှမ်တော်လှန်ပုန်ကန်သူများ အုံကြွလာသည်နှင့်အမျှ နေရာများစွာတွင် တာ့ရွှမ်တိုင်းပြည် ထိန်းချုပ်မှု အားနည်းသွားပြီး နယ်မြေအများစုက မြောက်ပင်လယ်ဓားခန်းမနှင့် အခြားသော အင်အားကြီးသိုင်းဂိုဏ်းများလက်သို့ ကျရောက်သွားသည်။
ထို့ကြောင့် ယခင်က စုဆောင်းထားခဲ့သော အဖိုးတန်ရတနာပစ္စည်းများ တဖြည်းဖြည်း ကုန်ခမ်းသွားကြသည်...။
ဤသည်က ရှန်လင်ကျီ အဆက်အနွယ်များ ပါဝင်လှုပ်ရှားလာရသော အကြောင်းပြချက် ဖြစ်နိုင်လေသလား။ သူတို့က ကျဆင်းသွားသည့် တာ့ရွှမ်မင်းဆက်အုပ်စိုးမှုကို စိတ်ပူပန်ခြင်းမဟုတ်ဘဲ ရတနာပစ္စည်းများကို စိတ်ပူပန်ခြင်းလား။
ယခု တာ့ရွှမ်တိုင်းပြည် ပြန်လည်အသာစီးရလာပြီး နယ်မြေများစွာနှင့် အဖိုးတန်ရင်းမြစ်များစွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်မှာပင် သူတို့က ချက်ချင်းဆိုသလို ဤသို့သောပစ္စည်းများကို စုဆောင်းလိုက်ကြ၏။
ဆိုတော့...
သူတို့က ဘာ့ကြောင့် ‘ကောင်းကင်စွမ်းအားအစီအရင်’ ကို တည်ဆောက်ချင်တာလဲ။
ဤစွမ်းအားမြင့်မားသော အမွေအနှစ်အကြွင်းအကျန်ကို မမျှော်လင့်ဘဲ ဤကျူတောပင်လယ်ဒေသတွင် ရှာဖွေတွေ့ခဲ့ခြင်းလား။ သို့မဟုတ် သူတို့က မြေကမ္ဘာဘုရင်မကို ရှာဖွေဆက်သွယ်ရန် ကြိုးစားနေသည်လား။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ‘မြေကမ္ဘာဘုရင်မ’ ကဲ့သို့ တန်ခိုးစွမ်းအားရှင်ကြီးတစ်ယောက်က ဆက်လက်တည်ရှိနိုင်ပါဦးမည်လား။ ယုတ္တိကျကျဆိုရလျှင် သူမ ဆက်လက်တည်ရှိနေသင့်သည်။
သို့သော် မဟာကပ်ဘေးကြီးသည် သဘာဝဘေးအန္တရယ်တစ်ခုဟု ဆိုခြင်းထက် တစ်စုံတစ်ယောက် ပယောဂါဝင်နေလျှင် အခြေအနေအားလုံးက ပြောရခက်ပေလိမ့်မည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့ကဲ့သို့ အောက်ဘုံကမ္ဘာများပဲဖြစ်ဖြစ် ၊ သို့မဟုတ် ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာမှာပဲဖြစ်ဖြစ် မဟာကပ်ဘေးကြီးမတိုင်ခင်က ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များအကြောင်း သတင်းမရတော့သလို ထိုသူများ ကိုယ်ထင်ပြကြောင်းကိုလည်း တစ်ခါမှ မကြားသိရပေ။
ရန်ကျောက်ကဲ လျှာတစ်ချက်သပ်လိုက်ရင်း...
“ဒါကတော့ မျှော်လင့်မထားတဲ့ အံ့သြဖွယ်ရာတစ်ခုပါပဲ...”