← Chapters

မင်းရဲ့လက်ဆောင်အတွက်ကျေးဇူးပဲ

Vol. 47 Ch. 660

မင်းရဲ့လက်ဆောင်အတွက်ကျေးဇူးပဲ

Vol. 47 Ch. 660

အခန်း (၆၆၀) မင်းရဲ့လက်ဆောင်အတွက်ကျေးဇူးပဲ

အတိတ်တစ်ချိန်က မဟာကပ်ဘေးကြီးဖြစ်ပွားခဲ့ခြင်းအကြောင်း ရန်ကျောက်ကဲစိတ်ထဲ အမြဲရှိနေခဲ့သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ကြီးမားသည့်ဘေးအန္တရယ်ကျရောက်ပြီး အသင်္ချေကမ္ဘာကြီးပျက်ဆီးသွားသည်သာမက ထိုခေတ်မတိုင်ခင်က တက်ကြွလှုပ်ရှားနေကြသော တန်ခိုးစွမ်းအားရှင်ကြီးများ၏သတင်းလည်း မကြားရတော့ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက မဟာကပ်ဘေးကြီးမှာ သဘာဝဘေးဒဏ်မဟုတ်ဘဲ တစ်စုံတစ်ယောက်၏ ပရောဂမကင်းဟု ခံစားရခြင်း ဖြစ်၏။

ယခု ရှန်လင်ကျီအဆက်အနွယ်များ၏ လျှို့ဝှက်ချက်ကို တဖြည်းဖြည်းသိလာပြီးနောက် ဤလျှို့ဝှက်ချက်များက အတိတ်တစ်ချိန်က လျှို့ဝှက်ချက်၏ ရေခဲတောင်ထိပ်ဖျားနှင့် ဆက်စပ်နေသည်ဟု တွေးတောမိသည်။ ထိုသို့ သိခွင့်ရသဖြင့်လည်း ရန်ကျောက်ကဲ အတော်လေး ဝမ်းသာမိသည်။

ပြောကြသည်ကတော့ လူတစ်ယောက် “သိတာများလေ သေဖို့မြန်လေ” ဟူ၍ဖြစ်၏။

သို့သော် နည်းနည်းသိလျှင်တော့ သေဖို့လွယ်ကူပြီး ဘာမှမသိလျှင်တော့ ချက်ချင်းအသက်ပျောက်သွားနိုင်သည်။ တစ်လုံးမှမသိသူများကတော့ အခြားသူများရောင်းစားခြင်းကို ခံရပေမည်။

ကောင်းကင်ပွဲတော်မွှေးရနံ့ကို ပထမဆုံးအကြိမ် ရရှိလိုက်ကတည်းက ထိုအချက်ကို ရန်ကျောက်ကဲ နှလုံးသားအောက်ခြေတွင် ယောင်ဝါးဝါး ခံစားမိနေသည်။

ယခုတော့ သူ့ ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည့်တိုင် စိတ်ထဲတွင် မျှော်လင့်မထားသော အံ့သြစရာတစ်ခုပမာ ခံစားနေရဆဲပင်။

ရန်ကျောက်ကဲစိတ်ထဲ ကသောင်းကနင်းဖြင့် လှုပ်ရှားနေသော်လည်း အပြင်ပန်းမှာတော့ တည်ငြိမ်နေသည်။ လက်ရှိ သူနှင့်တိုက်ခိုက်နေသောအဘိုးအိုကတော့ ဒေါသထွက်နေသလို ထိတ်လန့်၍လည်းနေ၏။

ကောင်းကင်ပွဲတော်အမွှေးနံ့သာအပါအဝင် အခြားသောရတနာပစ္စည်းများအားလုံးမှာ ယနေ့မတိုင်ခင်က ကြီးမားစွာပြတ်လတ်သွားခဲ့သဖြင့် ပြန်လည်ဖြည့်တင်းနေရခြင်းဖြစ်သည်။

ဒီရေအလား ကြမ်းတမ်းပြင်းထန်သော တာ့ရွှမ်တိုင်းပြည်တော်လှန်ပုန်ကန်သူများကို တွန်းလှန်ဖိနှိမ်ပြီးနောက် တာ့ရွှမ်ဧကရာဇ်က ဆုံးရှုံးသွားသောနယ်မြေများစွာကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့က ဤအဖိုးတန်ပစ္စည်းများ ပြန်လည်စုဆောင်းရန် အလျှင်အမြန် လုပ်ဆောင်ကြရသည်။

အချို့ပစ္စည်းများက အလွန်တန်ဖိုးရှိပြီး အချို့ပစ္စည်းများက တန်ဖိုးမရှိသော်လည်း ထိုပစ္စည်းများအားလုံးက ရှားပါးပစ္စည်းများဖြစ်ကြ၏။

ယခု ထိုပစ္စည်း အမြောက်အမြားကို ရိတ်သိမ်းစုဆောင်းပြီးသည့်နောက် အချိန်တိုအတွင်း ထိုမျှများပြားသောပစ္စည်းများ ထပ်မံစုဆောင်းရန် မဖြစ်နိုင်တော့ပေ။

အခြားသူများ မသင်္ကာမဖြစ်စေရန် သူတစ်ယောက်တည်းပစ္စည်းများသယ်ဆောင်ကာ ခရီးထွက်လာစဉ် ရန်ကျောက်ကဲ၏ အလစ်ချောင်းတိုက်ခိုက်မှုခံရမည်ဟု မည်သူသိနိုင်ပါမည်နည်း။

အဘိုးအိုစိတ်ထဲ နောင်တရသလို ခံစားရသည်။ သူက မသိစိတ်မှ ရန်ကျောက်ကဲကို လျှော့တွက်ခဲ့မိပြီး သူ့ကိုယ်သူ အန္တရယ်တွင်းထဲ ကျရောက်စေခဲ့သည်။

နဂိုကပင် ထွက်ပြေးရန်ကြိုးစားခဲ့လျှင် ၊ သို့မဟုတ် စစ်ကူများရောက်လာသည်အထိ သည်းခံစောင့်ဆိုင်းခဲ့မည်ဆိုလျှင် ယခုကဲ့သို့ကံကြမ္မာဆိုး သူ့အပေါ်  ကျရောက်လိမ့်မည် မဟုတ်ပေ။

ယခု သူသာ အရိပ်ကျုံ့အိတ်ကို ပြန်မယူနိုင်ပါက အသက်ရှင်လျှက် ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်သည့်တိုင် သူ၏သိုင်းဂိုဏ်းအား ဖြေရှင်းချက်ပေးရန် ခက်ခဲမည် ဖြစ်သည်။

ယခု ရန်ကျောက်ကဲက အရိပ်ကျုံ့အိတ်ထဲမှ ရတနာပစ္စည်းတစ်ခုဖြစ်သော ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များကို ထုတ်ယူနေကြောင်း တွေ့ရသည့်အခါ ဒေါသစိတ်နှင့်တူ ထိတ်လန့်မှုကလည်း ပိုမိုပြင်းထန်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် အရိပ်ကျုံ့အိတ်အတွင်းမှ အညိုရောင်သလင်းကျောက်များစွာကို ထုတ်ယူနေသည်။

မြေညိုရောင်သလင်းကျောက်များသည် မီးတောက်မီးလျှံများ ကခုန်နေသည့်အလား သွေးနီရောင်အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေ၏။ ကျောက်မှုံကျောက်သားတစ်ခုစီက ကမ္ဘာတစ်ခုပမာဖြစ်ပြီး အတွင်းထဲတွင် မီးတောက်ငယ်များ ခုန်ပေါက်နေသည့်အလား ထင်မှတ်ရသည်။

များပြားလှသော သလင်းကျောက်များသည် အရေးကြီးသော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည်။

မီးတောက်ငယ်များခုန်ပေါက်နေခြင်းနှင့်ဆင်တူသော မြေညိုရောင်ကျောက်မှုံကျောက်သားများသည် ပြင်ပကမ္ဘာမှ ဝိညာဉ်စွမ်းအားများကို ရှူသွင်းရှူထုတ်ပြုလုပ်ခြင်းဖြင့် သံသရာလည်နေသော လူသားတစ်ယောက်၏ အဆုတ်ပမာ ဆင်တူ၏။

ရန်ကျောက်ကဲက ပြုံးရင်း...

“ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေပဲ ၊ အရမ်းကောင်းတယ်... ငါ့ကိုယ်ပွားအတွက် ဒါတွေလိုအပ်နေတာ ၊ ကျေးဇူးပဲ ကျေးဇူးပဲ”

ဤရတနာပစ္စည်းက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အခြားသော အောက်ဘုံကမ္ဘာများတွင် မျိုးသုဉ်းနေသော ရတနာပစ္စည်း ဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးတစ်ဖက်ဆန့်တန်းလိုက်သည်။ သူ့လက်ဖဝါးထက်တွင် အလင်းရောင်များထွက်ပေါ်လာပြီး သမုဒ္ဒရာဒီရေလှိုင်းထန်သံများ ထွက်ပေါ်လာသည်။

အလင်းရောင်နှင့်ထိမိသည့် မြေညိုရောင်သလင်းကျောက်များက ချင်ချင်း ပုံစံပြောင်းသွားသည်။ ကြည်လင်သောသလင်းကျောက်များ အက်ကွဲသွားပြီး မီးခိုးမြူများအဖြစ် ပြောင်းလဲသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ထိုမီးခိုးမြူများကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်တွင်းသို့ စုပ်ယူလိုက်သည်နှင့် ထိုမီးခိုးမြူများက မြေညိုရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းပင် သူက လက်သီးသိုင်းဝိညာဉ်တစ်ချက်ထုတ်ဖော်လိုက်ပြီး အစစ်အမှန်သိုင်းအဇ္စျတ္တ ထွက်ပေါ်လာသည်။

သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ဦးခေါင်းထက်တွင် အချိန်ကြာမြင့်စွာ ပျံဝဲနေပြီး အစစ်အမှန်သိုင်းအဇ္စျတ္တ မြင်ကွင်းတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

အဆုံးမရှိသော ရှေးဟောင်းသမုဒ္ဒရာပြင်အလယ်တွင် နှိုင်းယှဉ်မရလောက်အောင် ကြီးမားသော ဝေလငါးတစ်ပိုင်း ဂဠုန်ငှက်တစ်ပိုင်းသတ္တဝါကြီးတစ်ကောင် ပေါ်လာသည်။ ထိုသတ္တဝါကြီးက ရေထဲခုန်ဆင်းသွားလျှင် ဝေလငါးကြီးအဖြစ် အသွင်ပြောင်းသွားပြီး ကောင်းကင်ထက်ပျံသန်းသွားသည့်အခါ ဂဠုန်ငှက်ကြီးအဖြစ် အသွင်ပြောင်းသွားလျှက် ကောင်းကင်ကိုးထပ်ကိုပင် တုန်လှုပ်စေသည်။

ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များကို အဆက်မပြတ် စုပ်ယူနေသည့်အခါ သူ၏ဦးခေါင်းထက်မှ အစစ်အမှန်သိုင်းအစ္ဇျတ္တ မြင်ကွင်းများသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွား၏။

သမုဒ္ဒရာရေပြင်က နဂိုအတိုင်းပင် တည်ရှိသော်လည်း အရင်ကလို ရှေးကျပြီး တိတ်ဆိတ်နေခြင်းမျိုး မရှိတော့ပေ။

သမုဒ္ဒရာကြမ်းပြင်ရှိ ကမ္ဘာမြေလွှာက မရပ်မနားပြောင်းလဲသွားပြီး ရံဖန်ရံခါ မြေအောက်မီးတောက်များပင် တောက်လောင်နေလျှက် ဖြည်းညင်းသိမ်မွေ့စွာ အသွင်ပြောင်းသွားသည်။

အချိန်များစွာကျော်ဖြတ်ကာ ခေတ်အဆက်ဆက်ကုန်လွန်သွားပြီးသည့်နောက် ကျယ်ပြောလှသော အဆုံးမရှိ သမုဒ္ဒရာကြီးသည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားသည်။

သို့သော် တန်ခိုးကြီးမားလှသော ခွန်ဖိန်ငှက်ကြီးကတော့ ခေတ်အဆက်ဆက် ထာဝရတည်ရှိနေခဲ့သည်။ အိုမင်းညိုးလျော်သွားခြင်းမရှိရုံသာမက ပို၍ပင် စွမ်းအားမြင့်မားလာသည်။

ထိုခဏတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံမှ ထုတ်လွှတ်နေသော စွမ်းအားရောင်ဝါများက ပြင်းထန်သည်ထက် ပြင်းထန်လာပြီး အရှိန်အဟုန်နှင့် အဆုံးမရှိဟု ထင်ရလောက်အောင် အားကောင်းလာသည်။

ဒါကိုမြင်တော့ အဘိုးအိုက မချိပြုံးပြုံးလိုက်၏။

“တကယ်ကြီးလား... ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေက သူ့ကို ပိုပြီး စွမ်းအားမြင့်မားတဲ့အဆင့်တစ်ခုရောက်အောင်  ၊ သိုင်းစွမ်းပိုမိုမြင့်မားလာအောင် ပို့ဆောင်ပေးလိုက်တာလား”

“သူ ကျင့်ကြံထားတဲ့သိုင်းပညာက ရုပ်ခန္ဓာ ၊ အစစ်အမှန်သိုင်းကိုယ်ခွဲနဲ့ စိတ်ဝိညာဉ် ပေါင်းစပ်သွားပြီ ၊ ဒါက ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေကနေ ရရှိသွားတဲ့အကျိုးအမြတ်ပဲ“

“ဒီလောက်များပြားတဲ့ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေသာမရှိဘူးဆိုရင် သူ ဘယ်အချိန်မှ ဒီအဆင့်တက်မလဲ မပြောနိုင်ဘူး... အခုတော့...”

ယခုအချိန်တွင် အဘိုးအိုသည် နံရံနှင့်ခေါင်းနှင့် ပြေးဆောင့်ချင်စိတ်သာ ပေါက်နေသည်။

ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များသည် အလွန်ရှားပါးပြီး စုဆောင်းရ မလွယ်ကူပေ။ ထိုရတနာပစ္စည်းကိုရှာဖွေရာတွင် ကြိုးစားအားထုတ်မှု ကြီးမားစွာ ပြုလုပ်ကြရသည်။

ပြီးတော့ ဤမျှပမာဏများပြားသော ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များကို တစ်နေရာတည်းတွေ တွေ့ရခဲလှသည်။ တာ့ရွှမ်တိုင်းပြည်က လူအင်အားဖြန့်ကျက်ပြီး ရင်းမြစ်များစွာမှ ရှာဖွေသောကြောင့် အချိန်တိုအတွင်း ရယူနိုင်ခဲ့ခြင်း ဖြစ်၏။

ရန်ကျောက်ကဲကိုယ်တိုင် ထိုသလင်းကျောက်များကို ရှာဖွေမည်ဆိုလျှင်...

ထိုပစ္စည်းများ မည်သည့်နေရာတွင်ရှိကြောင်း သိရှိသည့်တိုင် ကျောက်တွင်းများမှတစ်ဆင့် ပမာဏများစွာတူးဖော်ရန်မှာ အလွန်ခက်ခဲပေမည်။

ပမာဏနည်းပါးပါက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အကူအညီဖြစ်စေသည့်တိုင် ရလဒ်ကတော့ ဤမျှ ကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ယခုတော့ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များ အက်ကွဲသွားပြီး မီးခိုးမြူများက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်သွားပြီး စမ်းချောင်းတစ်ခုပမာ ရုပ်ခန္ဓာကို သန့်စင်ပေးနေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် အရင်က အသင်္ချေနဂါးနန်းတော်အတွင်းမှ နဂါးအစစ်ချီစွမ်းအားများကို အဆက်မပြတ်စုပ်ယူသန့်စင်ပြီး အခြေခံအုတ်မြစ်ကို ခိုင်မာစေကာ ရုပ်ခန္ဓာကိုလည်း သန်မာစေခဲ့သည်။ ယခု ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များ အမြောက်အမြားရရှိသည့်အခါ အဆင့်အသစ်တစ်ခုဆီသို့ ချက်ချင်းရောက်ရှိသွား၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ စွမ်းအားရောင်ဝါက အဆက်မပြတ်မြင့်တက်လာပြီး တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံခြင်းတစ်ဆို့ခြင်းအား ကျော်ဖြတ်သွားသည်။

သူ၏ဦးခေါင်းထက်မှ အစစ်အမှန်သိုင်းအစ္ဇျတ္တမြင်ကွင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်လုံးထဲတွင် ရွှေရောင်တစ်ဝက် အနက်ရောင်တစ်ဝက်အလင်းတန်းများ တောက်ပလာပြီး ကျယ်ပြန့်သည့်သမုဒ္ဒရာပမာ ၊ ကြီးမားသော မြေပြင်ပမာ ၊ မြင့်မားသည့် ကောင်းကင်ပြင်ပမာ ဖြစ်သည်။

ထိုအလင်းတန်းများ အလွန်လျှင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်ဝန်းများထဲတွင် မှိန်ဖျော့ဖျော့အသွင်သဏ္ဌန်တစ်ခု ပေါ်လာသည်။ ထိုအသွင်သဏ္ဌန်၏ ငါးဆယ်ရာနှုန်းက ရန်ကျောက်ကဲဖြစ်ပြီး ကျန်ငါးဆယ်ရာနှုန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ဖြစ်၏။

ရန်ကျောက်ကဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သန့်စင်ပေးပြီးနောက် ထိုကိုယ်ပွားအထဲတွင် ဝိညာဉ်တစ်ခုမွေးဖွားလာပြီး ရန်ကျောက်ကဲနှင့် အစဉ်အမြဲ ဆက်သွယ်ချိတ်ဆက်နိုင်သည်။ ရုပ်ခန္ဓာနှစ်ခုက တစ်စိတ်တဝမ်းတည်းအဖြစ် အမြဲတမ်း နီးကပ်စွာ ဆက်နွယ်နေသည်။

အဘိုးအို စိတ်ထဲ တုန်လှုပ်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထွက်ပေါ်လာသော အားကောင်းပြင်းထန်သည့်စွမ်းအားက သူ့အား အကြောက်တရားကို ဖြစ်ပေါ်စေသည်။

ပြီးတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ရှိအခြေအနေသည်လည်း သူနှင့် အတော်လေး ရင်းနှီးနေ၏။

ရုပ်ခန္ဓာအသွေးအသားမှ ချီစွမ်းအားနှင့် သွေးစွမ်းအားများ ၊ စိတ်အာရုံ ဝိညာဉ်နှင့် အစစ်အမှန်သိုင်းအစ္ဇျတ္တ __ အရာအားလုံးက တစ်လုံးတစ်ဝတည်းပေါင်းစည်းသွားပြီး ခွဲခြားမရအောင် ပြီးပြည့်စုံသွားသည်။

သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်။

“မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးပဲ”

ရန်ကျောက်ကဲက ရယ်မောကာဆိုရင်း အဘိုးကြီးနှင့် ဆက်မတိုက်တော့ဘဲ နောက်ပြန်ဆုတ်သွားသည်။

ရန်ကျောက်ကဲနောက်ဆုတ်သွားသည်နှင့် အဘိုးအိုမှာ ကောင်းကင်ပွဲတော်အမွှေးနံ့သာနှင့် အခြားဆုံးရှုံးသွားသော ရတနာများကို ဂရုမစိုက်နိုင်တော့ဘဲ လွတ်လမ်းကို ရှာဖွေတော့သည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချက်ချင်းပင် သူ့အရှေ့သို့ဆင်းသက်ရောက်ရှိလာ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်တစ်ဝက် ၊ အနက်ရောင်တစ်ဝက် အလင်းတန်းများ လင်းထိန်တောက်ပသွားပြီး ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်မှ အချိန်နှင့်ဗလာနယ်အာကာသကို နှေးကွေးသွားစေနိုင်သော အချိန်ရေစီးကြောင်းဓားဝိညာဉ်သည် ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အစစ်အမှန်သိုင်းအစ္ဇျတ္တကို ထိခိုက်စေနိုင်ခြင်း မရှိတော့ပေ။

အချိန်က ပြောင်းပြန်လည်ပတ်သွားပြီး ရှည်လျားသည့်အတိတ်ဖြစ်သော မူလပရမ်းပတာအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

အဘိုးအိုက စွမ်းအားမြင့်မားလှသော သက်တံ့ဓားကို ဝှေ့ယမ်းလိုက်စဉ် ရန်ကျောက်ကဲက သူ့လက်ထဲမှ အစိမ်းရောင်ဝါးကိုင်းကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ လှမ်းပေးလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဝါးကိုင်းဖြင့် ရိုက်ချလိုက်သည်နှင့် ဓားအလင်းတန်းက ချက်ချင်း မှိန်ဖျော့သွားသည်။

ထိုအချိန် သူ၏ အခြားလက်တစ်ဖက်တွင်ကိုင်ထားသော ဂဠုန်နဂါးလှံရှည်က ကြောက်မက်ဖွယ်ရာအော်မြည်သံနှင့်အတူ လေကို ထိုးခွင်းဝင်ရောက်လာလေ၏။

All Chapters