အရင်ကမရှိခဲ့ဖူးသောလမ်းကြောင်း
Vol. 47 Ch. 661
အခန်း (၆၆၁) အရင်ကမရှိခဲ့ဖူးသောလမ်းကြောင်း
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
နဂါးချီစွမ်းအားအမြောက်အမြားကိုသန်စင်ပြီး ရုပ်ခန္ဓာကိုသန့်စင်စေကာ လမရှိနေရိပ်တန်ခိုးစွမ်းအား တစ်စိတ်တစ်ပိုင်းကို စုပ်ယူထားပြီး ‘မဟာခွန်ဖိန်’ သိုင်းပညာကို ကျင့်ကြံပြီးသည့်နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏စွမ်းအားက အဆက်မပြတ် မြင့်တက်လာသည်။
ယနေ့ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်များစွာမှ ဝိညာဉ်စွမ်းအားများကိုစုပ်ယူပြီး ကြီးကျယ်သောကံကြမ္မာကိုရရှိပြီးနောက် သူသည် နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
များပြားလှစွာသော အဆက်မပြတ် ကျင့်ကြံခြင်းစုဆောင်းလာမှုများနှင့်အတူ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အများစုမဖြတ်ကျော်နိုင်သည့် နှိုင်းယှဉ်မရအောင်ခက်ခဲလှသော ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို အတော်လေး သက်သက်သာသာပင် ဖြတ်ကျော်သွားခဲ့သည်။
အရာအားလုံး သဘာဝအတိုင်းပင် ပြီးဆုံးသွားခဲ့သည်။
အဘိုးအိုသည် သိုင်းသူတော်စင်တတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်သော ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသဖြင့် အများနှင့်မတူ ထူးခြားသောစွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သို့သော် ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းကြောင့် သူ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော သက်တံ့ဓားကို အသုံးပြုရန် ခက်ခဲနေသည်။
ရန်ကျောက်ကဲက ရေခဲချပ်ဝတ်ကိုလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံသို့ ပေးလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရှိန်အဟုန်ပြင်းစွာဖြင့် ပိုမိုအားကောင်းလာပြီး တိုက်ပွဲရလဒ်အဆုံးသတ်ကိုပင် သိမြင်နေရပေပြီ။
အသင်္ချေနဂါးနန်းတော်အတွင်းမှ နဂါးချီစွမ်းအားများက သံကြိုးများပမာထွက်ပေါ်လာပြီး အဘိုးအို၏လွတ်လမ်းမှန်သမျှကို ပိတ်ဆို့ထားသည်။
သူ့မှာ ရန်သူကို အနိုင်ယူမတိုက်ခိုက်နိုင်သလို ထွက်ပြေးရန်လည်း မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲက အဘိုးအိုကို အသက်ရှင်လျှက် ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ဤရတနာပစ္စည်းများစွာကို သယ်ဆောင်ရန် တာဝန်ပေးခံရသူသည် ကောင်းကင်စွမ်းအားအစီအရင်နှင့်ပတ်သက်ပြီး အနည်းငယ်သိရှိနိုင်သည် မဟုတ်လား။
သိုင်းသူတော်စင် တတိယအဆင့်ချင်းတူညီသည့်တိုင် အဘိုးအိုက ခန်းကျင်းယွမ်ထက်ပိုပြီး အဆင့်မြင့်သည်မှာထင်ရှားသည်။
သို့သော် အဘိုးအိုက ခန်းကျင်းယွမ်လောက် သေခြင်းတရားကို မကြောက်ရွံ့ဘဲ အလွန်စိတ်ဓာတ်ခိုင်မာသော ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားသည်။
ရန်ကျောက်ကဲက သူ့ကိုအရှင်ဖမ်းရန်ကြိုးစားနေပြီး လွတ်မြောက်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်းသဘောပေါက်သွားပြီးနောက် အဘိုးအိုက အံတင်းတင်းကြိတ်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်ထက်သို့ သူ့ခန္ဓာကိုယ်ကို အတင်းတိုးဝင်ကာ အသေခံလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏စွမ်းအားကို ကျွမ်းကျင်စွာထိန်းချုပ်ပြီး ချက်ချင်းပင် လှံရှည်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ သို့သော် ရန်သူက အသေခံရန်ဆန္ဒရှိနေပြီး အသက်ရှင်သန်ရေးကို လျစ်လျူရှုက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
ရန်ကျောက်ကဲ ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး မည်သို့မှ မတတ်နိုင်စွာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်က အဘိုးအို၏ရင်ဝတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သေခြင်းအရိပ်ဆင်းသက်လာသည်နှင့် အဘိုးအို၏ မျက်ဝန်းများမှ အလင်းရောင်များ လျှင်မြန်စွာ မှိန်ဖျော့သွားသည်။
သူ အသက်မထွက်ခင် သူ့မျက်ဝန်းများတွင် အားမလျှော့သောစိတ်ဓာတ်ခိုင်မာမှုက ထင်ရှားနေသည်။
“ကောင်လေး... မင်းက ငါတို့အကြံအစည်တွေကို ဖျက်ဆီးပစ်တယ် ၊ ဒီအတိုင်းပြီးသွားမယ်လို့ မထင်လိုက်နဲ့”
ရန်ကျောက်ကဲက သူ့ကိုကြည့်ကာပြုံးလိုက်ရင်း...
“အိုး... မင်းက ငါတို့ကို အများကြီးကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဘိုးအိုလက်မှ သက်တံ့ဓားကို လှမ်းယူလိုက်သည်။
ယန်ကျောက်ကဲက သူ့လက်ကိုဆန့်ထုတ်ပြီး အဘိုးအို၏ စွမ်းအင်ဗဟိုချက်ကို ဖိနှိပ်လိုက်ရာ ပရမ်းပတာချီစွမ်းအားစီးကြောင်းတစ်ခုက အတွင်းသို့ စီးဆင်းဝင်ရောက်သွားသည်။
အဘိုးအိုက သေလုမျောပါးအခိုက်အတန့်တွင် ခက်ခက်ခဲခဲအသက်ရှူရင်း...
“မင်းက ငါတို့ဂိုဏ်းရဲ့ထိပ်တန်းသိုင်းပညာကို စူးစမ်းဖို့ကြိုးစားနေတာလား ၊ အသုံးမဝင်ဘူး... မင်း ဘယ်လိုလုပ်လွယ်လွယ်နဲ့ သိမြင်နိုင်မှာလဲ... မင်း...”
ရုတ်တရက် ရန်ကျောက်ကဲကိုစိုက်ကြည့်နေသည့် အဘိုးအို၏မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါက...”
ရန်ကျောက်ကဲမျက်နှာအမူအရာက တည်ငြိမ်နေပြီး ပရမ်းပတာ ကြယ်တာရာချီစွမ်းအား အနှစ်သာရက တဖြည်းဖြည်း အဘိုးအို၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး အဆုံးမရှိ ချုပ်ငြိမ်းသွားသည်။
အဘိုးအို၏ ပျောက်ကွယ်သွားခြင်းမရှိသေးသော ကြယ်တရာချီစွမ်းအားအနှစ်သာရက သူ့စိတ်ဆန္ဒအတိုင်း အချိန်ရေစီးကြောင်းပမာ မြစ်တစ်စင်း ဖြစ်တည်လာစေသည်။ သို့သော် နောက်အခိုက်အတန့်မှာတော့ အချိန်က ဆုံချက်တစ်ခုမှ နောက်ပြန်စီးဆင်းသွားပြီး အရာအားလုံး အစပြုချိန်ကာလသို့တိုင် ပြောင်းပြန်စီးဆင်းသွားသည်။
ရန်ကျောက်ကဲစိတ်ထဲ များပြားလှစွာသောအလင်းသင်္ကေတများ တဖြည်းဖြည်းပေါ်လာပြီး ထိုအရာများက ပရမ်းပတာ ပျံ့ကျဲနေသည်။
ထို အလင်းသင်္ကေတများနှင့်ပတ်သက်ပြီး အံ့သြဖွယ်ရာ ခံစားရသည်မှာ သူက အချိန်ရေစီးကြောင်းထက်တွင် မတ်တတ်ရပ်နေပြီး ကျယ်ပြောလှသော သမုဒ္ဒရာများနှင့် အကန့်အသတ်မဲ့ လယ်ကွင်းများနှင့်အတူ ခေတ်အဆက်ဆက်ပြောင်းလဲခြင်းအား ရှုမြင်နေခြင်း ဖြစ်၏။
“မပြည့်စုံပေမယ့် အများကြီးအကျိုးရှိတယ်”
အလွန်သဘောကောင်းသူတစ်ယောက်ပမာ ရန်ကျောက်ကဲနှုတ်ခမ်းထောင့်များက အပေါ်ဘက်သို့ ကွေးညွှတ်သွားသည်။
အဘိုးအိုမျက်နှာထက်မှ မယုံကြည်နိုင်ဖြစ်နေသော အမူအရာကိုကြည့်ရင်း ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
“မင်းကျင့်ကြံထားတဲ့ အချိန်ရေစီးကြောင်းဓားသိုင်းကို မင်း ဘယ်လောက်နားလည်သလဲ ၊ သူ့ရဲ့အခြေခံအုတ်မြစ်က ဘာလဲဆိုတာ သိလား”
နောက်ဆုံးထွက်သက်ရောက်နေပြီဖြစ်သောအဘိုးအိုက ခက်ခက်ခဲခဲ အသက်ရှူရင်း ...
“ထာဝရ... အလင်း... ကောင်းကင်ကျမ်းစာ...”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“သလင်းကျောက်စိမ်းအဆက်အနွယ်ရဲ့ ထာဝရအလင်းကောင်းကင်ကျမ်းစာက ရှေးခေတ်ကောင်းကင်ကျမ်းစာတွေရဲ့ နောက်ပိုင်း (၆)ကျမ်းထဲက တစ်ခုပဲ”
သူက ဆက်ပြောသည်။
“ထာဝရအလင်းကောင်းကင်ကျမ်းစာဆိုတဲ့နာမည်ကို မင်းသိထားတယ်ဆိုတော့ သိုင်းပညာရပ်အားလုံးရဲ့ ရင်းမြစ်အဖြစ် ကောင်းကင်ကျမ်စာ (၁၀)စောင်မှာ အထွတ်ထိပ်ဖြစ်တဲ့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို မင်း သိမှာပေါ့”
အဘိုးအိုသည် စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ရန်ကျောက်ကဲကိုစိုက်ကြည့်ရင်း အသက်ထွက်သွားလေသည်။
ရန်ကျောက်ကဲက အဘိုးအို၏ စွမ်းအင်ဗဟိုချက်ကို ဖိနှိပ်ထားသော သူ၏လက်ဖဝါးကို ရုတ်သိမ်းလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဘိုးအို၏အလောင်းကို ဖယ်ရှားလိုက်စဉ် ရန်ကျောက်ကဲက သူ့လက်ထဲမှ ‘သက်တံ့ဓား’ ကို ကြည့်ရင်း စဉ်းစားနေ၏။
“ငါ့မှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဓားတစ်လက်မရှိသေးဘူးလို့ စောစောကပဲတွေးနေတာ ၊ အခုတော့ ရပြီ...”
ရန်ကျောက်ကဲက သူ့လက်ထဲကဓားကို အသာအယာပွတ်သပ်ရင်း ရယ်မောလိုက်သည်။
ဤဓား၏ အယူအဆက ထာဝရအလင်းကောင်းကင်ကျမ်းစာ ၊ အချိန်ရေစီးကြောင်းဓားသိုင်းတို့နှင့် လုံးဝ လိုက်လျောညီထွေ မရှိပေ။
ရန်ကျောက်ကဲက အဘိုးအိုနှင့်တိုက်ခိုက်ရင်း သူ၏သိုင်းပညာအစစ်အမှန်ကို ခွဲခြမ်း စိတ်ဖြာခဲ့သည်။ ထို့ကြောင့် ဤဓားက သူကိုယ်တိုင်ပြုလုပ်ထားခြင်း မဖြစ်နိုင်ပေ။
အခြားတစ်ယောက်က လက်ဆောင်ပေးသည်လား ၊ ကံကောင်းသဖြင့် ရှာတွေ့သည်လား မပြောတတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤ “သက်တံ့ဓား” ၏ အရည်အသွေးက အလွန်မြင့်မားသည့် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများထဲတွင် ထိပ်တန်းအဆင့် ရပ်တည်နေသည်။
“အသင်္ချေနဂါးနန်းတော်နဲ့ နေမရှိလရိပ်ထုံးတမ်းပွဲတော်က ရရှိခဲ့တဲ့ ကံကြမ္မာကောင်းတွကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်းစုဆောင်းမှုတွေက တခြားသူတွေထက် သာလွန်နေပြီ ၊ တခြား သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တွေလို လုံ့လစိုက်ထုတ်စရာမလိုဘဲ ဖြည်းဖြည်းချင်း သူ့ဟာသူ အဆင့်တက်သွားရုံပဲ ရှိတော့တယ်”
ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။
“ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ်ထားလိုက်ရင် ရုပ်ခန္ဓာ ၊ အစစ်အမှန်သိုင်းကိုယ်ခွဲနဲ့ စိတ်အာရုံဝိညာဉ်ပေါင်းစပ်တာက အန္တရယ်များပြီး အခြားသူတွေအတွက် ခက်ခဲပေမယ့် ငါ့အတွက်တော့ ခက်ခဲမှာ မဟုတ်ဘူး”
“ဒါပေမဲ့... အဲဒါက လုံလောက်ပါ့မလား”
ရေရွတ်ရင်း ရန်ကျောက်ကဲ ရယ်မောလိုက်သည်။
“မြွေတွေက ဆင်တွေကိုတောင်မျိုချနိုင်တယ်ဆိုတဲ့ ရှေးဆိုရိုးက တကယ်မှန်တယ် ၊ လူသားတွေရဲ့စိတ်က ဘယ်တော့မှ အလိုဆန္ဒအတောသတ်နိုင်တယ် မရှိဘူး ၊ အင်း... လောဘကြီးတာနဲ့ ရည်မှန်းချက်ကြီးတာကလည်း တစ်ခုနဲ့တစ်ခု ခြေတစ်လှမ်းလောက်ပဲဝေးတာ မဟုတ်လား”
ရန်ကျောက်ကဲက ‘သက်တံ့ဓား’ ကို လက်ဖြင့်အသာပွတ်သပ်လိုက်ချိန် အထွတ်ထိပ်မှော်ဝင်ဓား၏ ဓားချီများမြင့်တက်လာပြီး အဆက်မပြတ် ခုခံလာသည်။
သူ့မျက်ဝန်းများက တဖြည်းဖြည်း ဆုံးဖြတ်ချက်ကျသွားဟန်ဖြင့်...
“မဟာကပ်ဘေးကြီးမတိုင်ခင်က... ကောင်းကင်ဘုံတစ်ခုလုံး နတ်ဘုရားတွေ ၊ တန်ခိုးစွမ်းအားရှင်တွေနဲ့ပြည့်နေတာ ၊ မဟာကပ်ဘေးကြီးပြီးဆုံးသွားတော့ သူတို့တွေ ဘယ်လောက်များများ အသက်ရှင်ကျန်ရစ်ခဲ့နိုင်မလဲ ၊ သူတို့က သေမျိုးလူသားတွေလောက်တော့ သေကြေပျက်ဆီးကြမှာ မဟုတ်ဘူး”
“ရေတွင်းထဲကခုန်ထွက်ချင်ရင်တော့... တခြားသူတွေတစ်ခါမှ စမ်းမကြည့်ဖူးတာကို ငါ ကြိုးစားကြည့်ရမှာပဲ ၊ ဒါမှမဟုတ် လူနည်းစုပဲလျှောက်တဲ့လမ်းကို ငါလိုက်ရလိမ့်မယ်”
***
ရန်ကျောက်ကဲ အဘိုးအိုနှင့် တိုက်ခိုက်နေချိန်တွင် ကျူတောပင်လယ်ဒေသ ၊ မြောက်ပိုင်းတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု စတင်နေခဲ့ပေပြီ။
မျှော်စင်နယ်မြေ၏ ကောင်းကင်ပြင်တွင် မိုးကြိုးမီးတောက်များဖြင့် ပြည့်နက်နေပြီး ရလဒ်အနေဖြင့် “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” တစ်ခုလုံးကို ပြောင်းလဲသွားစေသည်။
မြောက်ပင်လယ်ဒေသတွင်း ဝိညာဉ်စွမ်းအားစီးဆင်းမှု မူမမှန်တော့ကြောင်းကို မော်လူဒေသ ၊ ဓားကမ္ဘာရှိ တာ့ရွှမ်တော်လှန်ပုန်ကန်သူများ သဘာဝအတိုင်း သတိထားမိကြသည်။
တာ့ရွှမ်တိုင်းပြည်၏ မတည်မငြိမ်ဖြစ်မှုများကြားတွင် တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများက ရုတ်ချည်းဆိုသလို တန်ပြန်တိုက်စစ်ဆင်နွှဲကြလေရာ တာ့ရွှမ်တိုင်းပြည်အား အတော်လေး စိုရိမ်ပူပန်စေခဲ့သည်။
တစ်ချိန်တည်းတွင် မျှော်စင်နယ်မြေတွင် ဖြစ်ပျက်ခဲ့သောအရာများက တာ့ရွှမ်တိုင်းပြည်အတွက်ရော တာ့ရွှမ်တိုင်းပြည်ဆန့်ကျင်သူများကိုပါ အတော်လေး ပဟေဠိ ဖြစ်ခဲ့ကြရသည်။
နုန်ယွိရွှမ်နှင့် ကွမ်းမင်ဂိုဏ်းမှ အခြားသော သိုင်းကျင့်ကြံသူများက မျှော်စင်နယ်မြေမှ အလင်းတိုင်လုံးကြီး ပေါက်ကွဲထွက်ခြင်းအန္တရယ်မှ ရှောင်ရှားရင်း ဒေသတွင်း တာ့ရွှမ်စစ်သည်တော်များနှင့် ပဋိပက္ခဖြစ်ခဲ့ကြသည်။
ထိုစစ်သည်တော်များကို ရှုံးနိမ့်သွားပြီးနောက် နုန်ယွိရွှမ်တို့အုပ်စု ရှောင်ပြေးလာရင်း မျှော်စင်နယ်မြေ ၊ မြောက်ပိုင်းဒေသသို့ အမှတ်မထင် ပြန်လည်ရောက်ရှိလာသည်။
ပွက်ပွက်ဆူနေသော ပင်လယ်ပြင်ကိုကြည့်ရင်း နုန်ယွိရွှမ် အချိန်ကြာမြင့်စွာ ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။
သူ့ဘေးနားမှ ကွမ်းမင်ဂိုဏ်း သိုင်းကျင့်ကြံသူများက မနေနိုင်ဘဲ ခေါင်းခါယမ်းရင်း...
“သိုင်းဆရာသခင်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တော်ရတာလဲ”
“ယွိရွှမ် ၊ မင်းက ငါတို့ဂိုဏ်းမှာ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်နဲ့ အနီးစပ်ဆုံးသူတစ်ယောက်ပဲ ၊ တာ့ရွှမ်တိုင်းပြည်က မင်းထက်စွမ်းအားမြင့်မားသူတွေကို အသုံးပြုပြီး ဒီအစီအရင်ကို တည်ဆောက်ခဲ့ကြတာ ၊ အောက်ဘုံကမ္ဘာကတက်လာတဲ့ ဒီကလေးက ဘယ်လိုများလုပ်လိုက်သလဲဆိုတာ မင်း သိနိုင်မလား”
နုန်ယွိရွှမ်က မေးခွန်းကိုမဖြေဘဲ ပင်လယ်ရေမျက်နှာပြင်ဆီသို့ ဆင်းသက်သွားပြီး သူ့အကြည့်များက ပင်လယ်ရေကိုထိုးဖောက်ကာ ပင်လယ်ရေအောက်ကြမ်းပြင်အထိ ထိုးဖောက်သွားသည်။
ထိုနေရာတွင် မြေအောက်မီးတောက်များက ဆက်တိုက်ဆိုသလို တောက်လောင်နေဆဲ ဖြစ်လေ၏။