← Chapters

ဂုဏ်ပုဒ်ကိုခိုးယူ

Vol. 47 Ch. 662

ဂုဏ်ပုဒ်ကိုခိုးယူ

Vol. 47 Ch. 662

အခန်း (၆၆၂) ဂုဏ်ပုဒ်ကိုခိုးယူ

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” ကဲ့သို့ ပြင်းထန်သော အစီအရင်တစ်ခု စတင်အသက်ဝင်ပြီဆိုပါက ကြီးမားသောအဖျက်စွမ်းအားကြီး ထွက်ပေါ်လာမည် ဖြစ်သည်။

အဖျက်စွမ်းအားကြီးမားလှသဖြင့် အစီအရင်ကိုယ်တိုင်ပင်လျှင် ပျောက်ကွယ်သွားမည် ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံအသုံးပြုချင်ပါက အစီအရင်ကို ထပ်မံပြုလုပ်ရပေမည်။

သို့ဖြစ်ရာ အဖျက်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်သွင်ပြင်လက္ခဏာများနှင့် ဝိညာဉ်စွမ်းအားလည်ပတ်မှု အပြောင်းအလဲများက ပြောနေစရာပင် မလိုအပ်ပေ။

ယခု မျှော်စင်နယ်မြေ ၊ မြောက်ပိုင်းဒေသသည် ယခင်ကနှင့်လုံးဝမတူအောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သို့တိုင် “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” အကြောင်း နက်ရှိုင်းစွာနားလည်သော နုန်ယွိရွှမ်လိုလူတစ်ယောက်အတွက်တော့ ရှာဖွေစုံစမ်းနိုင်သည့် သဲလွန်စများ ကျန်ရစ်နေသေးသည်။

သူက အရှေ့မှ အရာအားလုံးကို တိတ်ဆိတ်စွာကြည့်ရင်း လေးလေးနက်နက် စဉ်းစားနေသည်။

သူ့နံဘေးမှ ကွမ်းမင်ဂိုဏ်းအကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်ရင်း...

“ငါတို့ ဒီမှာအကြာကြီးနေလို့မရဘူး ၊ သတင်းပျံ့သွားတာနဲ့ မျှော်စင်နယ်မြေက တာ့ရွှမ်သိုင်းသမားတွေနဲ့ တန်ခိုးစွမ်းအားရှင်တွေ အခြေအနေလေ့လာဖို့အတွက် ချက်ချင်းရောက်လာကြလိမ့်မယ်”

နုန်ယွိရွှမ်က စကားတစ်ခွန်းမဆိုဘဲ လက်တစ်ဖက်ကာပြလိုက်သည်။

သူ့အမူအရာကိုမြင်တော့ ကျန်လူများအားလုံး စိတ်ရှည်ရှည်ဖြင့် ဆက်စောင့်ရုံသာ တတ်နိုင်ကြ၏။

နုန်ယွိရွှမ်က အချိန်အတန်ကြာ ပင်လယ်ကြမ်းပြင်သို့ စူးစိုက်ကြည့်နေလေရာ လူတိုင်း စိတ်မရှည်နိုင််တော့ဘဲ အမြန်ပြန်ကြာရန် ထပ်မံတိုက်တွန်းကြသည်။

နောက်ဆုံးတော့ နုန်ယွိရွှမ်က...

“ကောင်းပြီ ၊ သွားကြရအောင်”

ထိုအခါမှ အားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ပြီး ပင်လယ်ရေပြင်မှ ကောင်းကင်ထက်သို့ ပျံသန်းသွားကြတော့၏။

ကွမ်းမင်ဂိုဏ်းမှလူများ မျှော်စင်နယ်မြေ ၊ မြောက်ပိုင်းမှ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြသည်။

သူတို့ခရီးသွားစဉ် အခြားသူများ၏အကြည့်များက နုန်ယွိရွှမ်ပေါ် ကျရောက်လာ၏။

နုန်ယွိရွှမ်က အနည်းငယ်မျက်နှာမကောင်းစွာဖြင့်...

“ငါ့အထင်မမှားဘူးဆိုရင် ဒီ ရန်ကျောက်ကဲက မျှော်စင်နယ်မြေ မြောက်ပိုင်း ပင်လယ်ရေအောက်က သန္တာ‌ကျောက်တန်းတွေဆီကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး မြေအောက်မှာရှိနေတဲ့ ပကတိမြေပြင်သွေးကြောတွေကို ပြောင်းလဲပစ်ခဲ့တာပဲ”

“ပြီးတော့ ဒါက ရိုးရှင်းတဲ့နည်းလမ်းမဟုတ်ဘူး ၊ ကြယ်စင်ကိုးပွင်အရှိန်အဟုန်ကို အသုံးပြုပြီး ပကတိမီးသွေးကြောတွေ ပေါက်ကွဲထွက်လာဖို့ ပိတ်ဆို့လှုံ့ဆောက်ပေးခဲ့တယ်”

ထိုစကားကြားတော့ ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများ အကြည့်ချင်းဖလှယ်လိုက်ကြစဉ် နုန်ယွိရွှမ်က ဆက်ပြောသည်။

“ဒီနေရာမှာ တာ့ရွှမ်တိုင်းပြည်က တည်ဆောက်ထားတဲ့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ရဲ့ ပကတိမြေပြင်သွေးကြော ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေ မတည်မငြိမ်ဖြစ်သွားတာကြောင့် သူ့အစီအစဉ် အောင်မြင်ဖို့များတယ်”

“မြေအောက်မီးလျှံတွေပေါက်ကွဲထွက်ပြီး တာ့ရွှမ်တိုင်းပြည်က မျှော်စင်နယ်မြေမှာ တည်ဆောက်ထားတဲ့ အစစ်အမှန်ယင်သစ်သားအစီအရင် လောင်ကျွမ်းသွားခဲ့တယ်”

“သာမန်ပြောရရင် မြေအောက်မီးတော်ကတွေလောင်ကျွမ်းရုံလောက်နဲ့ အစစ်အမှန်ယင်သစ်သားအစီအရင်ကို တားဆီးနိုင်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ ကြယ်စင်ကိုးပွင့်အရှိန်အဟုန်ကြောင့် မျှော်စင်နယ်မြေတစ်ခုလုံးက ပကတိမြေပြင်သွေးကြောတွေအားလုံး နှိုးစွခံရပြီး သက်ရောက်မှုကလည်း ကြီးမားခဲ့တယ်”

နုန်ယွိရွှမ် ဖြည်းညင်းစွာပင့်သက်တစ်ချက်ရှိုက်ရင်း...

“အစစ်အမှန်ယင်သစ်သားအစီအရင်ကို အသက်သွင်းလိုက်တာနဲ့ မျှော်စင်နယ်မြေအထက်မှာစုဝေးနေတဲ့ မိုးကြိုးမီးတောက်တွေက ချက်ချင်းဆင်းသက်လာတယ်”

“အဲဒီအချိန် မြေအောက်မီးတောက်တွေက အလင်းတိုင်လုံးကြီးအဖြစ် ဖွဲ့စည်းသွားပြီး သေးငယ်ပြီး အနုစိတ်တဲ့အရာအားလုံး အဲဒီအလင်းတိုင်လုံးကြီးနဲ့ စုပေါင်းသွားတယ် ၊ ဒါကြောင့် ကောင်းကင်ထက်က ဆင်းသက်လာတဲ့ မိုးကြိုးမီးတောက်တွေက မျှော်စင်ဒေသတစ်ခုလုံးကို ကျဆင်းမလာဘဲ တစ်စုတဝေးတည်းစုစည်းပြီး မြေအောက်ကထွက်ပေါ်လာတဲ့ အလင်းတိုင်လုံးကြီးဆီကို ပေါင်းစည်းဆင်းသက်သွားတယ်”

နုန်ယွိရွှမ်က နှုတ်ခမ်းကို တင်းတင်းစေ့ရင်း...

“ဒီလိုပဲ ဖြစ်သင့်တယ် ၊ ဒါကလွဲလို့ တခြားနည်းလမ်း စဉ်းစားလို့မရဘူး”

အကြောင်းအရာများစွာကို အချိန်အတန်ကြာအောင် စောင့်ကြည့်လေ့လာပြီးမှသာ ရန်ကျောက်ကဲပြုလုပ်သည့်နည်းလမ်းများကို သူ နားလည်နိုင်ခဲ့သည်။ အများစုမှာ သဲလွန်စများမှတစ်ဆင့် ဖြစ်နိုင်ခြေကို ကောက်နုတ်ခဲ့ခြင်းသာ ဖြစ်၏။

ရန်ကျောက်ကဲ မလှုပ်ရှားခင် နုန်ယွိရွှမ်ရောက်လာခဲ့မည်ဆိုလျှင် သူကိုယ်တိုင်ကိစ္စရပ်များကို တွေ့မြင်နိုင်မည်ဖြစ်သည်။ သို့သော် တာ့ရွှမ်ဘက်မှ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ပြုလုပ်မည်ကို ကြိုသိထားသည့်တိုင် ထိုအစီအရင်ကို လက်ဦးမှုရယူပြီး ချိုးဖျက်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ပြီးတော့ အစီအရင်က အပြည့်အဝ တည်ဆောက်ပြီးပြီဖြစ်ပြီး အကြောင်းတစ်ခုကြောင့်သာ အသက်မသွင်းသေးဘဲ အချိန်ဆွဲထားခြင်း ဖြစ်၏။

ရန်ကျောက်ကဲ လုပ်ရပ်နောက်ကွယ်မှ အခြေခံအချက်များကို နားလည်ပြီးနောက် နုန်ယွိရွှမ် သက်ပြင်းသဲ့သဲ့သာချနိုင်ပြီး တကယ်ရောဟုတ်နိုင်ပါ့မလားဟု သံသယဝင်နေဆဲပင်။

ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းသမားများကတော့ ပို၍ပင် အံ့အားသင့်လျှက် ရှိကြသည်။

လူတစ်ယောက်က မယုံမကြည်ဖြင့်...

“အောက်ဘုံကမ္ဘာကလူတစ်ယောက်က ဒီလိုလုပ်ဖို့ တကယ်ပဲ တွေးနိုင်ခဲ့တာလား ၊ ဒါမှမဟုတ် မတော်တဆ ဖြစ်သွားတာလား”

နုန်ယွိရွှမ်က ခေါင်းခါယမ်းရင်း...

“မတော်တဆ မဖြစ်နိုင်ဘူး ၊ ကြယ်စင်ကိုးပွင့်အရှိန်အဟုန်ကို ပကတိမီးသွေးကြောတွေထဲ ထိုးဖောက်နိုင်ဖို့ဆိုတာ မလွယ်လှဘူး ၊ ဒီအလုပ်ကိုအကောင်အထည်ဖော်ဖို့အတွက် တည်နေရာကိုးခုက အရမ်းအရေးကြီးတယ် ၊ တစ်ခုမှားသွားတာနဲ့ သက်ရောက်မှုလည်းအားနည်းသွားပြီး အောင်မြင်နိုင်မျာ မဟုတ်တော့ဘူး ၊ ဒီတော့ မတော်တဆ မှန်းဆချက်သက်သက်နဲ့တော့ မဖြစ်နိုင်ဘူး”

ပကတိမီးသွေးကြောများကို နှိုးဆွပေးခြင်းသည် သိုင်းသူတော်စင်များအတွက် အခက်အခဲ မရှိပေ။ သို့သော် ယခုကဲ့သို့ အလုပ်ကြီးတစ်ခု ပြုလုပ်ရန်အတွက် နေရာအနေအထား အတိအကျ သိရှိရန်လိုအပ်သည်။

ကွမ်းမင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူတစ်ယောက်က ဖြည်းညင်းစွာဖြင့်...

“အောက်ဘုံကမ္ဘာက နေသူတော်စင်ဂိုဏ်းက လူငယ်တစ်ယောက်ပြောဖူးတာတော့ ရန်ကျောက်ကဲက အစီအရင်ပညာ အတော်လေး ကျွမ်းကျင်တယ်တဲ့ ၊ သူက မဟာကပ်ဘေးကြီးမတိုင်ခင်ကရှိခဲ့ပြီး အခု ပျောက်ဆုံးနေတဲ့ ‘ထိုက်ယီချိုးဖျက်အစီအရင်’ ကိုတောင် သိရှိတယ်လို့ပြောတယ်”

သူက ဆက်ပြောသည်။

“အခုတော့ ကြည့်ရတာ ဒီလူငယ်က တကယ့်ကိုသာမန်မဟုတ်ဘူးပဲ”

အဘိုးအိုတစ်ယောက်က စိတ်မသက်မသာဖြင့် သက်ပြင်းချရင်း...

“ဒီကောင်လေးက တကယ့် ဘေးဆိုးကြီးပဲ ၊ အရင်ကအဖြစ်အပျက်တွေကိုပြန်ကြည့်မယ်ဆိုရင် သူက ယိုးမင်ဂိုဏ်းနဲ့တောင် ဆက်သွယ်မိနေပြီလား မသိဘူး”

“ဒီနေ့ အဖြစ်အပျက်အတိုင်းဆိုရင်... ရလဒ်အနေနဲ့ မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျွန်းက သူ့ကို ကာကွယ်ပေးနိုင်တယ်”

အမျိုးသမီးအကြီးအကဲတစ်ယောက်က...

“သူက သာမန်မဟုတ်ပေမယ့် သူ့ကျင့်ကြံခြင်းအဆင့်က သိုင်းဆရာသခင်တစ်ယောက်ပဲလေ ၊ ပြီးတော့ သူက အစွန်းရောက်ရှစ်ပါးကမ္ဘာလို သေးငယ်တဲ့ကမ္ဘာလေးတစ်ခုက ရောက်လာတာပဲ ၊ ယိုးမင်ဂိုဏ်းကို ခဏဘေးဖယ်ထား... တခြားသိုင်းဂိုဏ်းတွေကတော့ သူ့လို အရာမရောက်တဲ့လူတစ်ယောက်အတွက် ငါတို့နဲ့ ဆက်ဆံရေးပျက်ဆီးစေမှာ မဟုတ်ဘူး ၊ အနည်းဆုံးကူညီပေးရင်... သူ့ကို ခြေရာဖျောက်ပြီးပုန်းနေနိုင်အောင်လောက်ပဲ ကူညီပေးကြမှာပါ ၊ အဲဒါဆိုရင် သူ့ကျေးဇူးကြွေးလည်း ကျေပြီပဲ”

သူမက ဆက်ပြောသည်။

“ပြီးတော့ သူပိုင်ဆိုင်ထားတဲ့ ရတနာပစ္စည်းတွေနဲ့ အစီအရင်ကားချပ်တွေကိုရယူဖို့ သူတို့က သူ့ကို အကောက်မကြံရင်တောင် ကံကောင်းပဲ”

သူမနံဘေးမှ အကြီးအကဲတစ်ယောက်က ခေါင်းခါယမ်းရင်း...

“မြောက်ပင်လယ်ဓားခန်းမကတော့ ... အဲဒီလိုလုပ်ပါ့မလား ပြောရခက်တယ် ၊ မင်းပြောသလိုပဲ.. ဒီကောင်းလေးအတွက်နဲ့ ဘယ်သူမှ ငါတို့ဂိုဏ်းနဲ့ ရန်သူအဖြစ်ခံမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ဒီကောင်လေး သဲလွန်စမကျန်အောင် ပုန်းခိုခွင့်ရသွားရင်တောင် ငါတို့အတွက် အကြီးအကျယ်ခေါင်းကိုက်စရာ ဖြစ်နေပြီ”

နောက်တစ်ယောက်က အဆိုပြုသည်။

“ငါတို့ သူ့ကိုအရေးမစိုက်ဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုသွားပြီး တိုက်ခိုက်မယ်ဆိုရင်ရော”

အမျိုးသမီးအကြီးအကဲက ခေါင်းခါယမ်းရင်း...

“ထူးကဲယန်စည်းတံဆိပ်က သူနဲ့အတူ အထက်ဘုံကမ္ဘာကို ယူဆောင်လာသလား ၊ ဒါမှမဟုတ် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကျန်ခဲ့သလားဆိုတာ မသေချာဘူး ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကျန်ခဲ့ရင် အဆင်ပြေတယ် ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာကိုပါလာမယ်ဆိုရင်တော့ သူ ပုန်းအောင်းနေမယ်ဆိုရင် ဒါမှမဟုတ် ကျူတောပင်လယ်ဒေသက ထွက်ခွာသွားမယ်ဆိုရင် သူ့ကိုရှာတွေ့ဖို့ ခက်သွားလိမ့်မယ်”

“ပြီးတော့ အခုချိန်မှာ တာ့ရွှမ်တိုင်းပြည်ကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာဆိုတော့ ငါတို့ဂိုဏ်းအနေနဲ့ အလွယ်တကူ လူစုခွဲလို့ မရနိုင်ဘူး”

နုန်ယွိရွှမ်က...

“ဟုတ်တယ် ၊ အခု ငါတို့လုပ်ရမှာက မြောက်ပင်လယ်ဓားနန်းတော်နဲ့ ကြေးနီကျွန်းက သူ့အပေါ် ကျေးဇူးကြွေးမရှိအောင် လုပ်ရမှာ”

သူကခဏရပ်လိုက်ပြီးမှ ဆက်ရှင်းပြသည်။

“သူ့ကို ကျေးဇူးကြွေးအတင်ခံမယ့်အစား ငါတို့ကွမ်းမင်ဂိုဏ်းအပေါ်ပဲ ကျေးဇူးကြွေးတင်အောင် လုပ်လိုက်ကြတာပေါ့”

ထိုစကားကြားတော့ သူ့ပတ်ဝန်းကျင်မှလူများအားလုံး တိတ်ဆိတ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

နုန်ယွိရွှမ်၏ ဆိုလိုရင်းကို လူတိုင်း ချက်ခြင်း နားလည်ကြသည်။

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” မည်သို့ ပျက်ဆီးသွားကြောင့် သူတို့ဂိုဏ်းက သိထားပြီးသား မဟုတ်ပါလား။

တစ်စုံတစ်ယောက်က ခပ်တိုးတိုးလေသံဖြင့်...

“အဲဒီတုန်းက သက်သေဘယ်သူရှိနေသလဲ”

နုန်ယွိရွှမ်က...

“ငါတို့နဲ့ ရန်ကျောက်ကဲပြီးရင် ရှန်လင်ဓားကိုးလက်ဂိုဏ်းသားတွေပဲ ရှိတာ”

ကွမ်းမင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများ၏ မျက်ဝန်းများ တောက်ပသွားကြသည်။

ဤအတိုင်းဆိုလျှင် မည်သူ့ကိုမှ နှုတ်ပိတ်စရာမလိုတော့ပေ။

သူတို့နှင့် မဟာမိတ်များဖြစ်သော မြောက်ပင်လယ်ဓားခန်းမ ၊ ယိုးမင်ဂိုဏ်းနှင့် ကြေးနီကျွန်းတို့က တာ့ရွှမ်တိုင်းပြည်မှစကားထက် သူတို့ ကွမ်းမင်ဂိုဏ်း၏စကားကို ပိုပြီး ယုံကြည်ပေလိမ့်မည်။

ပြီးတော့ ရှန်လင်ဓားကိုးလက်မှ လူများကလည်း ကွမ်းမင်ဂိုဏ်းနှင့် ရန်ကျောက်ကဲကြားမှ ရန်ငြိုးကို သိရှိထားကြသည်။ ယခု သူတို့နှင့် ရန်ကျောက်ကဲကြားတွင်လည်း ရန်ငြိုးရှိနေပြီဖြစ်ရာ ကွမ်းမင်ဂိုဏ်းကသာ ရန်ကျောက်ကဲကို ဖြုတ်ချလိုက်လျှင် သူတို့သည်လည်း သေချာပေါက် ဝမ်းသာလုံးဆို့နေပေလိမ့်မည်။

နုန်ယွိရွှမ်က ပတ်ဝန်းကျင်မှလူများကို တစ်ချက်အကဲခတ်လိုက်ပြီး...

“အရေးကြီးတာက အဲဒီရန်ကျောက်ကဲက နောက်ပြန်ဆုတ်တတ်တဲ့စရိုက်မရှိဘူး ၊ သူ့ဂုဏ်ပုဒ်ကို ငါတို့က ခိုးယူတာကိုသိသွားရင် သေချာပေါက် အလျှော့ပေးမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“အရင်က သူ့ကို ဘယ်မှာရှာရမလဲဆိုတာ အမြဲတမ်း စိတ်ပူနေရတယ် ၊ အခု ဒီလိုလုပ်လိုက်တော့ သူ့ဒေါသနဲ့သူ ငါတို့ကို လာရှာမှာပဲ ၊ ဆိုတော့... သူ ငါတို့ရှေ့ပေါ်လာရဲရင်တော့ တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်ရုံပေါ့”

ထိုစကားကိုကြားတော့ အားလုံး၏မျက်နှာထက် အပြုံးရိပ်များလွှမ်းခြုံသွားပြီး ခေါင်းညိတ်သဘောတူလိုက်ကြလေ၏။

All Chapters