မီးရှို့ပေးလိုက်ကြတာပေါ့
Vol. 47 Ch. 663
အခန်း (၆၆၃) မီးရှို့ပေးလိုက်ကြတာပေါ့
“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” နှင့်ပတ်သက်ပြီး တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများရော တာ့ရွှမ်တိုင်းပြည်ကပါ စိတ်ပူပန်လျှက် ရှိကြသည်။
ယခုတော့ တာ့ရွှမ်မင်းဆက်၏ အကြံအစည်များကို ပျက်ပြားစေပြီး မော်လူကျွန်းဒေသရှိ တာ့ရွှမ်ဆန့်ကျင်ရေး အင်အားစုများကို ကူညီပေးခဲ့သူမှ ကွမ်းမင်ဂိုဏ်းမှ ထိပ်တန်းအဆင့် နံပါတ် (၁) အကြီးအကဲ ဖြစ်သော ‘ကြယ်ရောင်တောက်ပဘုရင်’ နုန်ယွိရွှမ်ဟု ရုတ်တရက် သတင်းပျံ့နှံ့သွားသည်။
ထိုသတင်းကို လူအများက တဖြည်းဖြည်း အသိအမှတ်ပြုလာကြသည်။
မြောက်ပင်လယ်ဓားခန်းမနှင့် အခြားသော တာ့ရွှမ်ဆန့်ကျင်ရေး မဟာမိတ်များက တာ့ရွှမ်တိုင်းပြည်၏ “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” ကို အတော်လေး ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့က အရေးကြုံလျှင် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် ထိုအစီအရင်နှင့်ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ်ထားကြ၏။
တာ့ရွှမ်တိုင်းပြည်၏ “ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” နှင့်ပတ်သက်သည့် အသိပညာနယ်ပယ်တွင် နုန်ယွိရွှမ်က ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အဖြစ် နဂိုကပင် နာမည်ကျော်ကြားသည်။
ဤသို့သော ကြီးကျယ်ခမ်းနားသည့် အစီအရင်ကို သူ မတည်ဆောက်နိုင်သော်လည်း အစီအရင်အကြောင်း နားလည်နိုင်စွမ်းကတော့ တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများထက်ပင် သာလွန်သည်ဟု ဆိုနိုင်၏။
သို့ဖြစ်ရာ ကျူတောပင်လယ်ဒေသရှိ တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများမှလွဲပြီး အစီအရင်ကို ချိုးဖျက်နိုင်သူ တစ်စုံတစ်ယောက်ရှိမည်ဆိုလျှင် သေချာပေါက် နုန်ယွိရွှမ်သာ ဖြစ်ပေလိမ့်မည်။ ထိုအချက်ကို လူတိုင်းက လက်ခံကြပေ၏။
ထိုသတင်းက တာ့ရွှမ်တိုင်းပြည်သို့ ပျံ့နှံ့သွားပြီးနောက် ရှန်လင်ဓားကိုးလက်မှ ‘ခန်း’ သခင်မက ခန်းမောက်ရှန်းကို ပထမဆုံး ဆင့်ခေါ်လိုက်သည်။
သူမက...
“မောက်ရှန်း... အဲဒါ တကယ်ပဲ နုန်ယွိရွှမ်လက်ချက် မဟုတ်ဘူးဆိုတာ သေချာသလား”
ခန်းမောက်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်...
“နုန်ယွိရွှမ်က ကျွန်တော့်ထက်တောင် နောက်ကျပြီးမှ ရောက်လာတာ ၊ ဒါပေမဲ့ အရင်ကတည်းက မျှော်စင်နယ်မြေ ၊ မြောက်ပိုင်းမှာ နုန်ယွိရွှမ် ရောက်နေသလား ၊ ကျွန်တော်ရောက်မလာခင်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ မပြောနိုင်ပါဘူး”
‘ခန်း’ သခင်မက ခေါင်းညိတ်ရင်း...
“ဒါဖြင့် ကျင်းယွမ်ကိုပဲ မေးကြည့်ရမယ်”
ထို့နောက် သူတို့နှစ်ယောက် ခန်းကျင်းယွမ် အနားယူနေသောအခန်းသို့ ရောက်လာကြသည်။ ခန်းကျင်းယွမ်က သတိရနေပြီ ဖြစ်၏။
‘ခန်း’ သခင်မကိုမြင်တော့ သူက ဝမ်းသာအားရဖြင့် နှုတ်ဆက်သည်။
“အမေ...”
သို့သော် ခန်းမောက်ရှန်းကို တွေ့လိုက်ရတော့ သူ့ပုံစံက စိတ်ရှုတ်ထွေးသွားဟန်ပင်။
သားဖြစ်သူကို မိခင်ဖြစ်သူထက်ပိုပြီး နားလည်နိုင်သူ မရှိပေ။ သားဖြစ်သူ၏ မျက်နှာအမူအရာကိုမြင်တော့ ‘ခန်း’ သခင်မ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ခန်းကျင်းယွမ်က သူ၏ အဖေတူအမေကွဲ အစ်ကိုဖြစ်သူကို မကြည့်လိုဘဲ မျက်နှာလွှဲလျှက် နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။
သူ မည်သူ့ကိုမဆို ကျေးဇူးကြွေးတင်ရပါစေ အဆင်ပြေသော်လည်း ခန်းမောက်ရှန်းအပေါ်တော့ ထိုသို့ မဖြစ်ချင်ပေ။
ငယ်စဉ်ကပင် သူ၏မိဘများက ခန်းမောက်ရှန်းကို သူ့ထက်ပိုပြီး ချစ်ခင်ကြသည်။ အစ်ကိုဖြစ်သူကို ချီးကျူးကြပြီး သူ့ကိုတော့ အစ်ကိုဖြစ်သူနှင့် နှိုင်းယှဉ်ကာ အမြဲတမ်း ဝေဖန်ပြစ်တင်ကြသည်။
ဖခင်ဖြစ်သူကိုအသာထား ၊ သူ့ကိုဝမ်းနှင့်လွယ်ပြီးမွေးပေးခဲ့သော မိခင်ဖြစ်သူကပင် ခန်းမောက်ရှန်းကို ချီးကျူးလေ့ရှိ၏။ သေချာသည်ကတော့ ခန်းမောက်ရှန်းက သူ့ထက် တော်သည်အမှန်ပင်။
‘ခန်း’ သခင်မမှာလည်း မည်သို့မှ မတတ်နိုင်ဖြစ်ခဲ့ရသည်။ ခင်ပွန်းဖြစ်သူ၏ ပထမဇနီးက အသက်ငယ်ငယ်နှင့်ဆုံးပါးသွားခဲ့ပြီး အကြီးဆုံးသားဖြစ်သော ခန်းမောက်ရှန်းကို ချန်ထားခဲ့သည်။
သူမ ခင်ပွန်းဖြစ်သူနှင့် လက်ထပ်စဉ်က ခန်းမောက်ရှန်းက အလွန်ငယ်ရွယ်သေးသဖြင့် သူမ၏ သားအရင်းနှင့်မခြား ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်ပင်။
ခန်းမောက်ရှန်းရော ခန်းကျင်းယွမ်ရောက ခင်ပွန်းဖြစ်သူ၏ သားများဖြစ်ကြသဖြင့် သူမက ခန်းမောက်ရှန်းဘဝကို အခက်တွေ့အောင်မလုပ်ခဲ့ဘဲ ဦးစားပေး၍ပင် ဆက်ဆံခဲ့သည်။
ခန်းမောက်ရှန်းကလည်း သူမကို အလွန်လေးစားပြီး မိခင်ရင်းတစ်ယောက်ပမာပင် သဘောထားသည်။ ဤနှစ်များအတွင်း ခန်းမောက်ရှန်းက ခန်းကျင်းယွမ်ကဲ့သို့ပင် သူမကို အမေဟုပင် ခေါ်ခဲ့သည်။
သူတို့နှစ်ယောက်ကြားမှဆက်ဆံရေးက တကယ်ကိုကောင်းမွန်သော သားအမိရင်းချာများထက် မလျော့နည်းပေ။ သို့သော် ခန်းမောက်ရှန်းနှင့်ယှဉ်လျှင် သားအရင်းဖြစ်သော ခန်းကျင်းယွမ်ကို အချစ်ပိုသည်ကတော့ ငြင်းမရသည့်အချက် ဖြစ်သည်။
ခန်းကျင်းယွမ်၏ ပင်ကိုယ်စရိုက်က အစ်ကိုဖြစ်သူထက်မောက်မာပြီး မာနလည်းကြီး၏။
လက်ရှိတွင် ညီအစ်ကိုနှစ်ယောက် ကျင့်ကြံခြင်းအဆင့် တူညီနေသည့်တိုင် သားငယ်ဖြစ်သူမှာ အရည်အချင်းအလွန်နည်းပါးနေကြောင်း ‘ခန်း’ သခင်မ သိရှိပေသည်။
သားငယ်အပေါ် ကြပ်မတ်သင်ပြပေးချင်သော်လည်း ထိုကလေးသည် အရေးကြီးသောအချိန်များတွင် အမြဲတမ်း လုပ်ချင်သလိုလုပ်နေတတ်သောကြောင့် စိတ်ပူပန်ရခြင်းသာ အဖတ်တင်သည်။
မိခင်ဖြစ်သူ ကိစ္စတစ်ခုခုကြောင့် ရောက်လာခြင်းဖြစ်ကြောင်း ရိပ်မိလိုက်တော့ ခန်းကျင်းယွမ်က...
“ကိစ္စတစ်ခုခုရှိလို့ ရောက်လာတာလား အမေ”
‘ခန်း’ သခင်မက...
“ဟုတ်တယ်... ကျင်းယွမ် ၊ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ထဲမှာ မင်းကိုဒဏ်ရာရအောင်လုပ်တဲ့သူက ရန်ကျောက်ကဲလို့ မင်း သတိရလာပြီးနောက်ပိုင်းပြောတာလေ... မှတ်မိသေးလား”
ခန်းကျင်းယွမ်က ချက်ချင်းပင် အံတင်းတင်းးကြိတ်ရင်း...
“အဲဒီနာမည် အတိအကျပဲ...”
‘ခန်း’ သခင်မက သူ့ကို စိတ်အားထက်သန်စွာကြည့်ရင်း...
“ကျင်းယွမ်... မင်း တကယ်ပဲ သေချာတာလား”
ခန်းကျင်းယွမ်က တစ်ခုခုပြောရန် ပါးစပ်ကိုဟလိုက်ပြီးနောက် မိခင်ဖြစ်သူ၏ ထက်သန်သောအမူအရာကိုကြည့်ပြီး သေသေချာချာ ပြန်စဉ်းစားလိုက်သည်။
“သူ အတိအကျ ဘယ်လိုလုပ်လိုက်လဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင် မမြင်ခဲ့ဘူး ၊ ဒါပေမဲ့ အရင်က သူပြောဖူးတာတော့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို အသုံးပြုပြီး အမေကျွန်တော့်ကိုပေးထားတဲ့ နက်ရှိုင်းကြေးမုံချပ်ဝတ်ကို ဖျက်ဆီးပစ်မယ်လို့ ပြောဖူးတယ်”
“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်နဲ့ နောက်ဆက်တွဲအစီအရင်တွေမှာ သူ ကိုယ်တိုင်ကိုယ်ကျ တစ်ခုခုလုပ်ခဲ့သလားဆိုတာ ကျွန်တော် သိပ်ပြီး မရှင်းလင်းဘူး ၊ အဲဒီတုန်းက ကျွန်တော်က အဲဒီ နဂါးအစစ်ချီစွမ်းအားတွေနဲ့ပြည့်နေတဲ့ သူ့ရဲ့နန်းတော်ထဲမှာ ပိတ်မိနေတာ ၊ နန်းတော်က ထွက်လာတော့ အဲဒီလို ကြောက်စရာအခြေအနေနဲ့ ရင်ဆိုင်ရတော့တာပဲ”
ထိုစကားကိုကြားတော့ ‘ခန်း’ သခင်မက ခေါင်းအသာညိတ်ရင်း...
“ဧကရာဇ်ရွှမ်မုနဲ့ လက်ရွေးစင်လူအချို့ကို မင်း အမှန်အတိုင်း ပြောပြလို့ရတယ် ၊ ဒါပေမဲ့ တခြားသူတွေကိုတော့ အထူးသဖြင့် တာ့ရွှမ်တော်လှန်ရေးသမားအုပ်စုတွေကိုတော့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဖျက်ဆီးတာ ကွမ်းမင်ဂိုဏ်းက နုန်ယွိရွှမ်လို့ပဲ ပြောရမယ်နော်”
ထိုစကားကြားတော့ ခန်းကျင်းယွမ်မှင်တက်သွားချိန် ‘ခန်း’ သခင်မက စကားဆက်ပြောသည်။
“မင်းကိုယ်မင်း တည်ငြိမ်အောင် ကြိုးစားပါ ၊ အမေ မင်းကို အသေးစိတ်ရှင်းပြမယ်”
သူမ စကားပြောနေရင်း မျက်နှာအမူအရာပြောင်းလဲသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ကွမ်းမင်ဂိုဏ်းက နုန်ယွိရွှမ်က ဒီလောက်အဆင့်ရှိမယ် ထင်သလား ၊ အဲဒီကွမ်းမင်ဂိုဏ်းက တခြားသူတစ်ယောက်လုပ်တဲ့အလုပ် ဂုဏ်ပုဒ်ကို ခိုးယူနေတာ ၊ ဒီတော့ ငါတို့ကလည်း သူတို့အချင်းချင်း ထသတ်ကြအောင် မီးရှို့ပေးလိုက်ကြတာပေါ့”
ထိုအသံကိုကြားတော့ ‘ခန်း’ သခင်မ အံ့အားသင့်သွားပြီး...
“ဂိုဏ်းတူအစ်ကို’ချီ’ ၊ ရှင် ဘယ်လိုဖြစ်လို့ မြောက်ပင်လယ်ကို ရောက်လာတာလဲ”
ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့လည်း အံ့အားသင့်သွားပြီး...
“ဆရာဦးလေး’ချီ’”
ဟု နှုတ်ဆက်လိုက်ကြသည်။
အဝါရောင်ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် လူရွယ်တစ်ယောက် အခန်းထဲသို့ ဝင်လာပြီး သူ့မျက်ဝန်းများက အေးစက်နေသည်။
သူက နှာတစ်ချက်မှုတ်လိုက်ပြီး...
“ဂိုဏ်းတူညီလေး’လျောင်’ ပျောက်သွားတယ် ၊ ကောင်းကင်ပွဲတော်မွှေးရနံ့နဲ့ ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေအပါအဝင် သူယူဆောင်လာတဲ့ ပစ္စည်းတွေအကုန် ပျောက်သွားတယ် ၊ ဒီတော့ ဘာဖြစ်ခဲ့လဲ အတိအကျသိရဖို့ ငါ ခရီးထွက်လာရတာပေါ့”
‘ခန်း’ သခင်မ အံ့အားသင့်သွားပြီး...
“ဘယ်သူ့လက်ချက်လဲ”
စုဆောင်းထားသော ရတနာပစ္စည်းများ ပျောက်ဆုံးသွားကြောင်း သိလိုက်ရတော့ သူမ မျက်နှာပျက်သွားသည်။ ထိုပစ္စည်းများမရှိပါက အစီအစဉ်များ ပျက်ဆီးသွားနိုင်သလို အချိန်တိုအတွင်း ထိုပစ္စည်းများ ပြန်လည်စုဆောင်းရန်မှာလည်း အလွန်ခဲယဉ်း၏။
လူရွယ်က လေးလံသောလေသံဖြင့်...
“မင်းစောစောကပြောတဲ့ ‘ရန်’ မျိုးနွယ်ကောင်လေး ဖြစ်နိုင်တယ် ၊ ဂိုဏ်းတူညီလေး’လျောင်’ က သူ့ကို ရှာတွေ့လို့ အနီးပတ်ဝန်းကျင်က တာ့ရွှမ်သိုင်းသမားတွေကို လှမ်းခေါ်ဖို့ အချက်ပြထားတာ တွေ့ရတယ် ၊ ဒါပေမဲ့ တာ့ရွှမ်ကလူတွေ ရောက်လာတော့ ဂိုဏ်းတူညီလေး’လျောင်’ ပျောက်သွားပြီ ၊ ဘာသတင်းမှ မကြားရတော့ဘူး”
‘ခန်း’ သခင်မက ခဏမျှ တိတ်ဆိတ်နေပြီးမှ အပြစ်မကင်းသည့်လေသံဖြင့်...
“ဒီရက်တွေ ကျင်းယွမ်နဲ့ မောက်ရှန်းကို ဂရုစိုက်ပေးနေရတာနဲ့ အလုပ်များနေပြီး အဲဒီကိစ္စကို မသိဘူးဖြစ်သွားတယ်”
လူရွယ်က ခေါင်းခါယမ်းရင်း...
“အခုချိန် ဒါတွေပြောမနေနဲ့တော့ ၊ တကယ်လို့ ဒီကောင်လေးကြောင့် ဂိုဏ်းတူညီလေး’လျောင်’ ထိခိုက်သွားတယ်ဆိုရင် ငါတို့ ဒီကောင်လေးထွက်လာအောင် ဆွဲထုတ်ဖို့ နည်းလမ်းရှာရမယ်”
သူက ဆက်ပြောသည်။
“ကွမ်းမင်ဂိုဏ်းက သူများဂုဏ်ပုဒ်ခိုးယူတဲ့ကိစ္စကိုလည်း ငါသတင်းကြားတယ် ၊ အဲဒီကိစ္စကတော့ မထင်မှတ်ဘဲ အမြတ်ထွက်တာပဲ ၊ သူတို့အချင်းချင်း ပြန်တိုက်ဖို့ မီးရှို့ပေးလိုက်တာ အကောင်းဆုံးအကြံအစည်ပဲ”
သူ့မျက်ဝန်းများက အေးစက်သွားပြီး...
“ဒီကောင်လေးနဲ့ ကွမ်းမင်ဂိုဏ်းကြားမှာ ရန်ငြိုးတွေရှိတယ်ဆိုတာလည်း ငါကြားတယ် ၊ ဒါကိုကောင်းကောင်းအသုံးချပြီး ငါတို့ သူ့ကို ရှာရမယ် ၊ ကံကောင်းရင် ဂိုဏ်းတူညီလေး’လျောင်’ ကို ကယ်တင်နိုင်မှာဖြစ်သလို သူယူလာတဲ့ပစ္စည်းတွေလည်း ပြန်ရနိုင်တယ်မဟုတ်လား”
“ပစ္စည်းတွေကတော့ မြန်မြန်ပြန်ရလေ ကောင်းလေပဲ ၊ အချိန်ကြာသွားရင် ပစ္စည်းတွေ ချို့ယွင်းကုန်မှာ စိုးရိမ်တယ် ၊ ဒါကြောင့် ငါကိုယ်တိုင် ဒီအထိ လိုက်လာရတာပဲ ၊ တစ်ခုခုအဆင်မပြေရင်တော့ ဧကရာဇ်ရွှမ်မုကိုပဲ လိုအပ်တာတွေ ပြန်ရှာဖွေခိုင်းပြီး အစီအရင်လုပ်ဖို့အတွက် အစီအစဉ်တွေ ပြောင်းလဲရလိမ့်မယ်”
‘ခန်း’ သခင်မက ခေါင်းညိတ်ရင်း...
“ဂိုဏ်းတူအစ်ကို’ချီ’ ၊ ရှင် အစီအရင်ပညာမှာ အရမ်းတော်တာ လူတိုင်းက သိထားပါတယ်”
‘ခန်း’ သခင်မရှေ့မှ ပုဂ္ဂိုလ်အမည်က ချီဝေ ဖြစ်သည်။ သူက လူသိသိပ်မများသော်လည်း ကျူတောပင်လယ်ဒေသ ၊ တာ့ရွှမ်တိုင်းပြည်တွင် နံပါတ် (၁) အစီအရင်ပညာရှင်ဟု ဆိုနိုင်၏။
‘ခန်း’ သခင်မက သိုင်းသူတော်စင် ပဉ္စမအဆင့်ရှိသည်။ သို့သော် ချီဝေသာ အချိန်နှင့်နေရာ အလုံအလောက်ရပါက သူတစ်ယောက်တည်းဖြင့် သိုင်းသူတော်စင် ပဉ္စမအဆင့် ကျင့်ကြံသူများစွာကို သတ်ဖြတ်နိုင်မည်ဖြစ်ကြောင်း သူမ သိရှိထား၏။
ချီဝေက ရှန်လင်ကျီ အဆက်အနွယ်မှ မဟုတ်ပေ။
အရင်တစ်ချိန်က ဧကရာဇ်ရွှမ်ဝမ် ၊ ရှန်လင်ကျီတို့နှင့်အတူ ကျူတောပင်လယ်ဒေသကို သိမ်းပိုက်ရာတွင် ကူညီပေးခဲ့သော ဧကရာဇ်ရွှမ်ဝမ်၏ ဂိုဏ်းတူညီအစ်ကိုတစ်ယောက်ဖြစ်သည့် တာအိုဆရာ’ရှီ’ မှ ဆင်းသက်လာသော အနွယ်တော်တစ်ယောက် ဖြစ်၏။
သူတို့ မျိုးဆက် (၃)ဆက်က တူညီသောသိုင်းဂိုဏ်းတစ်ခုတည်းမှ ဆင်းသက်လာသဖြင့် ဂိုဏ်းတူမောင်နှမများပမာ ဆက်ဆံပြောဆိုကြခြင်း ဖြစ်သည်။
“ကောင်းကင်စွမ်းအားအစီအရင်” ပြုလုပ်ရန် ဦးဆောင်နေသူက ချီဝေ ဖြစ်သည်။
ယခု သူကိုယ်တိုင် ဤနေရာသို့ ရောက်လာသည်ဆိုကတည်းက သေချာပေါက် အရေးတကြီးကိစ္စဖြစ်နေသည်မှာ သိသာလှပေ၏။