← Chapters

ငါရောနှုတ်ခမ်းအသုံးပြုလို့မရဘူးလား

Vol. 47 Ch. 664

ငါရောနှုတ်ခမ်းအသုံးပြုလို့မရဘူးလား

Vol. 47 Ch. 664

အခန်း (၆၆၄) ငါရောနှုတ်ခမ်းအသုံးပြုလို့မရဘူးလား

‘ခန်း’ သခင်မနှင့် ချီဝေတို့ တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ခဏမျှ စဉ်းစားပြီးနောက် ‘ခန်း’ သခင်မက...

“ဒီ ရန်ကျောက်ကဲဆိုတဲ့ကောင်လေးက အတော်ထူးဆန်းတယ် ၊ သူက ကောင်းကင်စွမ်းအားအစီအရင်ကို ကျွန်မတို့ တည်ဆောက်မှာကို ကြိုပြီးရိပ်မိနေနိုင်မလား”

ထိုစကားကြားတော့ ချီဝေ၏မျက်လုံးများ အေးစက်သွားပြီး နှာတစ်ချက်မှုတ်လိုက်၏။

“ဟွန်း”

‘ခန်း’ သခင်မက တည်ငြိမ်စွာဖြင့်...

“ဒီလူငယ်လေးက ဗဟုသုတတော့ အတော်လေး ကြွယ်ဝတယ် ၊ ကျင်းယွမ် စကားအရဆိုရင် ကျွန်မတို့ ယွဲ့ပေါင်ချီကို ရှာဖွေနေတဲ့အကြောင်းကို သူ အ‌တော်လေး စိတ်ဝင်စားနေတယ် ၊ သူ တစ်ခုခုများ သိထားတာလား မသိဘူး”

ချီဝေက အေးစက်စွာဖြင့်...

“ဒီလိုဆိုရင်တော့ သူ့ကို အရှင်ထားလို့ မဖြစ်ဘူး ၊ ကောင်းကင်စွမ်းအားအစီအရင်အကြောင်း သိတဲ့သူတစ်ယောက်ကို ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ”

‘ခန်း’ သခင်မက...

“ဒီကိစ္စကို ဆရာဦးလေးကိုလည်း ကျွန်မ တင်ပြလိုက်ပါ့မယ် ၊ သူတို့ကလည်း ဘယ်အရာနဲ့ပဲယှဉ်ပါစေ ‘ကောင်းကင်စွမ်းအားအစီအရင်’ က ပထမဦးစားပေးဖြစ်ရမယ်လို့ ပြောကြတယ်”

သူမက ဆက်ပြောသည်။

“ယွဲ့ပေါင်ချီကတော့ မျှော်လင့်မထားဘဲ ရရှိလာမယ့် အကျိုးအမြတ်တစ်ခုပဲ ၊ သူက တခြားအဓိကလူတွေနဲ့ ဆက်စပ်နေနိုင်တယ် ၊ ဒီကိစ္စကိုလည်း အရေးစိုက်နိုင်ရင်တော့ အကောင်းဆုံးဖြစ်နိုင်ပေမယ့် မြေကမ္ဘာဘုရင်မရဲ့ နောက်ကွယ်မှာချန်ခဲ့တဲ့ ပဟေဠိတွေကို အဖြေရှာဖို့ကတော့ အရေးကြီးဆုံးပါပဲ”

‘ခန်း’ သခင်မက သက်ပြင်းချရင်း...

“ကောင်းကင်ပွဲတွေအမွှေးနံ့သာနဲ့ တခြားရတနာပစ္စည်းတွေကို ရှင့်ဆီ အမြန်ဆုံးပို့ဆောင်ပေးဖို့ ဂိုဏ်းတူညီလေး’လျောင်’ ကို လျှို့ဝှက်အမိန့်ပေးခဲ့တာ ၊ ဒီလိုဖြစ်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ”

ချီဝေက...

“ဒါဖြင့်... အဲဒီ ‘ရန်’ မျိုးနွယ်ကောင်လေးကို အမြန်ဆုံး ရှာဖွေတာပေါ့”

***

ပင်လယ်ရေနက်ပိုင်းတစ်နေရာ။

ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ထဲတွင် ထိုင်နေလေသည်။

သူ၏ဦးခေါင်းထက်တွင် အစစ်အမှန်သိုင်းအစ္ဇျတ္တက သိပ်သည်းနေပြီး အစစ်အမှန်သိုင်းကိုယ်ခွဲ ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းကိုယ်ခွဲက အဆက်မပြတ် ပြောင်းလဲလျှက် ရှိ၏။

အစပိုင်းတွင် ပရမ်းပတာဖြစ်တည်မှုတစ်ခုမှသည် မိုးမြေတစ်ခွင်ကို မှောက်လှန်ပစ်နိုင်သော လက်ဝါးရိုက်ချက်တစ်ခုပိုင်ဆိုင်သည့် ဧရာမ ကိုယ်ခွဲကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး ကြည်လင်သောချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး နဂါးအစစ်ကိုစီးနှင်လာသော ကိုယ်ခွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အဆုံးသတ်တွင်တော့ မြင်ကွင်းက တုနှိုင်းမရသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် ထိုဓားက အဆုံးမရှိ ပရမ်းပတာစွမ်းအားများနှင့်အတူ တုန်လှုပ်သွားသည်။

ရန်ကျောက်ကဲ မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်သွားစေသော ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာသည်။

သူ့စိတ်အစဉ် တစ်ချက်တုန်လှုပ်သွားပြီး လှမ်းကြည့်လိုက်တော့ နဂါးနန်းတော် နက်ရှိုင်းရာမှထွက်လာသော ဖန်းယွင်ရှန်းကို တွေ့လိုက်ရ၏။

သူမကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးရင်း...

“မင်း သိုင်းဆရာသခင်အဆင့် တက်ရောက်သွားပြီလား”

သူက ဆက်ပြောသည်။

“မင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ငါ့အဖေရဲ့စံချိန်ကိုမချိုးနိုင်ပေမယ့် ငါ့ထက်တော့ နောက်မကျဘူးပဲ”

ဖန်းယွင်ရှန်းက...

“ကျွန်မက ရှင့်ကိုရော ဂိုဏ်းချုပ်ကိုရော မယှဉ်နိုင်ပါဘူး ၊ ကျွန်မရဲ့ သိုင်းပညာအခြေခံအုတ်မြစ်က ရှင့်လောက်မခိုင်မာဘူးလေ ၊ အခု ဒီ အသင်္ချေနဂါးနန်းတော်က နဂါးအစစ်ချီစွမ်းအားတွေနဲ့ နေမရှိလရိပ်ထုံးတမ်းပွဲတော်က အကျိုးအမြတ်တွေကြောင့်သာ အခုလောက်မြန်မြန် အဆင့်တက်နိုင်ခဲ့တာ”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“နေမရှိလရိပ် ထုံးတမ်းပွဲတော်ဆိုလို့... မင်းခန္ဓာကိုယ်ထဲမှာ အေးစက်တဲ့နေရိပ်စွမ်းအားကိုပဲ ထိန်းထားရင်လုံလောက်တယ် ၊ လမရှိစွမ်းအားတွေကိုတော့ ပြန်စွန့်ထုတ်ပစ်သင့်တယ်လို့ ငါ ခံစားရတယ် ၊ အဲဒါ မင်းအတွက် အကျိုးရှိမယ်ထင်တယ်”

နေရိပ်နတ်ဓားကြောင့် ဖန်းယွင်ရှန်းက အေးစက်သောနေရိပ်စွမ်းအားများကို ရှစ်ဆယ်ရာနှုန်းနီးပါး စုပ်ယူခဲ့ရသည်။

သို့တည်းမဟုတ် နေရိပ်စွမ်းအားများကို ရှစ်ဆယ်ရာနှုန်းစုပ်ယူထားသည်မှာ နေရိပ်နတ်ဓားဖြစ်သည်ဟု ဆိုနိုင်၏။ ဖန်းယွင်ရှန်းနှင့် နေရိပ်နတ်ဓားက တစ်သားတည်းကျနေသဖြင့် ထိုအချက်က တူညီသည်ဟု ထင်မှတ်ရစေသည်။

ဖန်းယွင်ရှန်းကိုယ်တိုင်ကတော့ ကျင့်ကြံခြင်းအဆင့် နည်းပါးသေးသည့်အတွက် လမရှိစွမ်းအားများကို များများစားစား စုပ်ယူနိုင်ခြင်း မရှိခဲ့ပေ။

ဖန်းယွင်ရှန်းက...

“ကျွန်မ ဒီရည်ရွယ်ချက်ကို အတိအကျ သိထားပါတယ် ၊ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတော့ အဲဒီလိုခံစားချက်မျိုး ယောင်ဝါးဝါး ခံစားရတယ်”

ရန်ကျောက်ကဲက...

“ဒါဖြင့် အဲဒီစွမ်းအားတွေ ငါ့ကိုပေးလေ ၊ ငါ အဲဒါကို ထိပ်တန်းသိုင်းပညာတစ်ခု ကျင့်ကြံဖို့ အသုံးပြုလို့ရတယ်”

ဖန်းယွင်ရှန်း ခေါင်းညိတ်လိုက်ပြီး ရန်ကျောက်ကဲရှေ့တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူမ၏မျက်ဝန်းများက အေးစက်သော နေနှစ်စင်းအဖြစ် ပြောင်းလဲသွားပြီး အပြာရောင်ဖျော့ဖျော့တောက်ပလာသည်။

အပြာရောင်အလင်းတန်းများကြားတွင် အနက်ရောင်အလင်းတန်းများ ရောယှက်တောက်ပနေပြီး ဖန်းယွင်ရှန်း၏ ခန္ဓာကိုယ်က ဆတ်ခနဲတစ်ချက် တုန်လှုပ်သွားသည်။

သူမ၏နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည့်အခါ အနက်ရောင်အလင်းတန်းများထွက်ပေါ်လာပြီး သူမအရှေ့တွင် ပိန်းပိတ်အောက်နက်မှောင်သည့် လတစ်စင်းအဖြစ် ပြောင်းလဲသွား၏။

လရောင်က အေးစိမ့်ခြင်းမရှိဘဲ တဟုန်းဟုန်းတောက်လောင်နေပြီး ပူပြင်းမှုကိုသသာ ပေးစွမ်းသည်။ သို့တိုင် အေးစက်ခြင်းနှင့် ဆိတ်သုဉ်းခြင်း ခံစားချက်များလည်း ပါဝင်နေသည်။

လမရှိစွမ်းအားများ သူမနှုတ်ခမ်းဆီမှ ပျံ့လွင့်ထွက်ပေါ်လာကြောင်း တွေ့လိုက်ရတော့ ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်၏။

ဖန်းယွင်ရှန်းသည် နဂိုကပင် ဤအကြောင်းကိုတွေးခဲ့မိသည်ထင်၏။ သူမ၏ကျင့်ကြံခြင်းအဆင့် နည်းပါးမှုကြောင့် လမရှိစွမ်းအားများကို နက်နက်ရှိုင်းရှိုင်း သန့်စင်ကျင့်ကြံနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် မသန့်စင်ရသေးဘဲ ကျန်ရှိနေသည့် စွမ်းအားများကို စက်ဝန်းသဏ္ဌန်ဖြင့် ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ယူလိုက်ခြင်းပင်။

ရန်ကျောက်ကဲကိုကြည့်မည်ဆိုလျှင်တော့ သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများက ကြည်လင်သောချီစွမ်းအားစီးကြောင်းများအဖြစ် ပြောင်းလဲကာ အနက်ရောင်လပြည့်ဝန်းဆီသို့ လွင့်ပျံဝင်ရောက်သွားသည်။

လပြည့်စက်ဝန်းက ရန်ကျောက်ကဲ၏နဖူးဆီသို့ စီးဝင်ရောက်ရှိလာပြီး သူ၏ဦးခေါင်းထက်မှ ပိုင်ဟွေ့ဆုံချက်မှ တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာ၏။ အလင်းတန်းများအောက်မှာပင် အနက်ရောင်စက်ဝန်းက ရန်ကျောက်ကဲ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

နောက်ဆုံး အနက်ရောင်စက်ဝန်းက အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည့်အခါ ရန်ကျောက်ကဲ မျက်လုံးများကို ရုတ်တရက် လှန်လိုက်သည်။

ဖန်းယွင်ရှန်း အံ့အားသင့်သွားပြီး...

“ဘာဖြစ်လို့လဲ ၊ တစ်ခုခုမှားသွားလို့လား”

“ဘာမှမမှားပါဘူး”

ရန်ကျောက်ကဲက သူမကို ညစ်ကျယ်ကျယ်မျက်ဝန်းများဖြင့်ကြည့်ရင်း...

“ငါလည်း မင်းဆီက ‘လမရှိစွမ်းအား’ တွေကို နှုတ်ခမ်းနဲ့စုပ်ယူလို့ မရဘူးလား”

ရန်ကျောက်ကဲ ပုံစံကိုကြည့်ရင်း ဖန်းယွင်ရှန်းမှာ ငိုရမလား ရယ်ရမလားမသိတော့ပေ။ သို့သော် ရန်ကျောက်ကဲစကားကြောင့် သူမက ရှက်ရွံ့သွားခြင်းမရှိသလို ရှက်သွေးဖြာသွားခြင်းလည်းမရှိပေ။

“ဒါက ဒီမိန်းမပျိုလေးရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်တယ်လေ ၊ ဒီတော့ ကျွန်မကိုယ်တိုင် ရှင့်နှုတ်ခမ်းဆီကို စွမ်းအားတွေ လာထည့်ပေးမယ်ဆိုရင်ရော”

ရန်ကျောက်ကဲ စကားမပြောနိုင်ခင်မှာပင် စိတ်လှုပ်ရှားစွာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် အားဟူရောက်လာသည်။

“လုပ်လိုက်တော့ လုပ်လိုက်တော့”

ပန်ပန်မှာလည်း ကြေးခေါင်းလောင်းကြီးပမာ သူ၏မျက်လုံးကြီးများကို ကျယ်ကျယ်ဖွင့်လျှက် လက်သည်းနှစ်ဖက်ဆန့်တန်းကာ လက်ခုပ်တီးအားပေးဟန် ပြုလုပ်လိုက်သည်။

“မင်းတို့ သွားကြစမ်းပါ...”

အခြားသူများရောက်လာသဖြင့် ရန်ကျောက်ကဲ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးတစ်ချက်လှန်လိုက်မိသည်။  ဖန်းယွင်ရှန်းကတော့ မရယ်မပြုံးမျက်နှာထားဖြင့် အားဟူနှင့်ပန်ပန်ကို လှည့်ကြည့်လိုက်၏။

ထို့နောက် သူမနှင့်ရန်ကျောက်ကဲ အကြည့်ချင်းဖလှယ်ရင်း ရယ်မောလိုက်ကြတော့သည်။

ရယ်မောရင်းဖြင့်ပင် ရန်ကျောက်ကဲက ခေါင်းကိုမော့လျှက် ပါးစပ်ကိုဟကာ အနက်ရောင်စက်ဝန်းပမာ တည်ရှိနေသော လမရှိစွမ်းအားများကို မျိုချစုပ်ယူလိုက်သည်။

သူ့ခန္ဓာကိုယ်မှ ရက်စက်ကြမ်းတမ်းပြီး ဆိတ်သုဉ်းခြင်းခံစားချက်ပေးစွမ်းသော ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။

အထွတ်ထိပ်မှော်ဝင်ဓားတစ်လက်ဖြင်သော ‘သက်တံ့ဓား’ သည်လည်း ရန်ကျောက်ကဲလက်ထဲတွင် အဆက်မပြတ် တုန်ခါလျှက် ရှိသည်။

အာဟူနှင့်ပန်ပန်နှစ်ယောက်လုံး လန့်ဖျတ်သွားပြီး နောက်သို့ဖင်ထိုင်ရက် ကျသွားကြသည်။ ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုလှမ်းကြည့်လျှက် ခေါင်းခါယမ်းရင်း ပြုံးလိုက်သည်။

စောစောကအကြောင်းကို ပြန်စဉ်းစားမိတော့ သူမမျက်နှာထက် ရုတ်တရက် ရှက်သွေးဖြာသွားသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွား၏။ ထို့နောက် မိန်းမပျိုသည် မျက်ဝန်းများကိုမှေးမှိတ်လျှက် ဆက်လက်ကျင့်ကြံနေတော့သည်။

အချိန်အတန်ကြာပြီးနောက် ရန်ကျောက်ကဲ မတ်တတ်ရပ်လိုက်ပြီး ပျင်းကျောတစ်ချက်ဆန့်ရင်း သက်တံ့ဓားကို သိမ်းဆည်းလိုက်သည်။

“ကျူတောပင်လယ်ဒေသမှာ အခုဘာတွေဖြစ်နေပြီလဲ စုံစမ်းကြည့်ရအောင်”

ထို့နောက် ရန်ကျောက်ကဲက အသင်္ချေနဂါးနန်းတော်ကို ထိန်းချုပ်ပြီး ပင်လယ်ရေနက်ထဲ အချိန်အတန်ကြာအောင် ခရီးနှင်ခဲ့ပြီးနောက် ရေမျက်နှာပြင်ထက်သို့ တက်လာခဲ့သည်။

လူတစ်ယောက်ကိုဖမ်းဆီး သတင်းစုံစမ်းပြီးသည့်နောက် ကျူတောပင်လယ်ဒေသမှ ကိစ္စရပ်များ အမှန်တကယ်ပြင် ပြောင်းလဲသွားကြောင်း သိခဲ့ရ၏။

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” အား ရန်ကျောက်ကဲ ဖျက်ဆီလိုက်ခြင်းက အစီအရင်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပြီး ရလဒ်အနေဖြင့် တာ့ရွှမ်တိုင်းပြည်က မော်လူဒေသရှိ မြောက်ပင်လယ်ဓားခန်းမ၏ ဓားချီကမ္ဘာကို ထိုဖောက်နိုင်ခြင်း မရှိတော့ပေ။

ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်က တော်လှန်ပုန်ကန်သူများကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြရသည်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုများ များပြားသည့်တိုင် အနိုင်အရှုံးဆုံးဖြတ်ရန် ခက်ခဲခဲ့သည်။

တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများက မော်လူဒေသ ၊ ဓားချီကမ္ဘာ နယ်မြေအားသာချက်နှင့် မြောက်ပင်လယ်ဓားခန်းမ၏ ပင်မအစီအရင်စွမ်းအားကို အားကိုးအားထားပြုလေရာ တာ့ရွှမ်တိုင်းပြည်အနေဖြင့် အချိန်တိုအတွင်း မည်သည့်အရာကိုမှ တိကျသေချာစွာ မဆောင်ရွက်နိုင်ခဲ့ပေ။

ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်တပ်များက မြောက်ပင်လယ်မှ ရုတ်တရက် ဆုတ်ခွာသွားပြီး ကွမ်းမင်ဂိုဏ်းဌာနချုပ်ကိုတိုက်ခိုက်ရန် ပစ်မှတ်ပြောင်းသွားကြောင်း သတင်းများပျံနှံ့လာသည်။

ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနှင့် ကြေးနီကျွန်မှ သိုင်းသမားများအားလုံး မြောက်ပင်လယ်ဓားခန်းမတွင် စုဝေးခဲ့ကြသည်ဖြစ်ရာ ယခု ကွမ်းမင်ဂိုဏ်းကို အင်အားဖြည့်လိုပါက မော်လူဒေသ ၊ ဓားချီကမ္ဘာမှ ထွက်ခွာကြရမည် ဖြစ်၏။

သို့သော် တာ့ရွှမ်တိုင်းပြည်က တမင်သက်သက် သတင်းမှားလွှင့်ကာ ထောင်ချောက်ဆင်ခြင်းဖြစ်နိုင်သည်။ တော်လှန်ရေးအင်အားစုများ ကွမ်းမင်ဂိုဏ်းသို့ အားဖြည့်ရန်ထွက်ခွာသည်နှင့် အလစ်ချောင်းမြောင်းတိုက်ခိုက်နိုင်ပေသည်။

အကယ်၍ တာ့ရွှမ်တော်လှန်ရေးတပ်များက စစ်ကူမစေလွှတ်ပါကလည်း တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းကို အမှန်တကယ် တိုက်ခိုက်လျှင် အခက်ကြံရမည် ဖြစ်သည်။

ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် တာ့ရွှမ်တိုင်းပြည်က အသာစီးရနေပြီး ရွေးချယ်စရာများလည်း အများအပြားရှိသည်။ သို့သော် တော်လှန်ရေးအင်အားစုများကတော့ အခက်ကြုံရသည့်အနေအထားတွင် ရှိနေသည်။

သို့တိုင် တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများက ချွင်းချက်ရှိသော ဆုံဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

သူတို့က မော်လူဒေသမှထွက်ခွာလာပြီး တာ့ရွှမ်တိုင်းပြည်မှလူများကို လိုက်လံတိုက်ခိုက်ကြသည်။ ရန်သူများ သူတို့ကို အလစ်ချောင်းတိုက်ခိုက်နိုင်ရန် အခွင့်အရေးမပေးဘဲ တစ်ဖက်လူ၏အမြီးကိုချုပ်ကာ အစီအစဉ်တကျ တိုက်ခိုက်ကြသည်။

ထိုသို့တိုက်ခိုက်ခြင်းက နယ်မြေအားသာချက်ကို ဆုံးရှုံးရသဖြင့် တာ့ရွှမ်ဆန့်ကျင်ရေးတပ်ဖွဲ့များအနေဖြင့် အားနည်းချက်များကို ရင်ဆိုင်ရသည်ကတော့ အမှန်ပင်။

တာ့ရွှမ်တိုင်းပြည်က နောက်ကြောင်းပြန်လှည့်ပြီး တော်လှန်ရေးသမားများကို တန်ပြန်တိုက်ခိုက်သည့်အခါ တော်လှန်ရေးတပ်ဖွဲ့များက မော်လူဒေသသို့ ပြန်လည်ဆုတ်ခွာသွားကြပြန်၏။

တာ့ရွှမ်တိုင်းပြည်က သူတို့ကို ဆက်မတိုက်တော့ဘဲ မြောက်ပင်လယ်မှ ထွက်ခွာရန် ဟန်ပြင်သည့်အခါ တာ့ရွှမ်ပုန်ကန်သူများက နောက်တစ်ခါထွက်လာပြီး သူတို့ကို တိုက်ခိုက်ကြပြန်သည်။

နှစ်ဘက်လုံးက ထိုအတိုင်း အဆက်မပြတ် မရပ်မနား တိုက်ခိုက်နေကြသည်။

ယခင်က ရန်ကျောက်ကဲနှင့်အဘိုးအိုတို့ စိတ်ပညာအသုံးပြုယှဉ်ပြိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့ကြသည်နှင့် ဆင်တူသည်။

အထက်ဘုံကမ္ဘာ၏ အခြေအနေများအပြင် ရန်ကျောက်ကဲ စိတ်အာရုံကို ဖမ်းစားနိုင်သော အခြားသတင်းများလည်း ရှိနေသေးသည်။

ဥပမာအားဖြင့်...

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်” ကို ချိုးဖျက်ခဲ့သူမှာ ကွမ်းမင်ဂိုဏ်းမှ ‘နုန်ယွိရွှမ်’ ဖြစ်ကြောင်း လူအများ ချီးကျူးပြောဆိုနေကြခြင်း ဖြစ်သည်။

ထိုသတင်းကြားတော့ ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်မိလေ၏။

All Chapters