← Chapters

ငါ့ဂုဏ်ပုဒ်ကို ဒီလောက်လွယ်လွယ်နဲ့ ခိုးယူလို့ရမတဲ့လား

Vol. 47 Ch. 665

ငါ့ဂုဏ်ပုဒ်ကို ဒီလောက်လွယ်လွယ်နဲ့ ခိုးယူလို့ရမတဲ့လား

Vol. 47 Ch. 665

အခန်း (၆၆၅) ငါ့ဂုဏ်ပုဒ်ကို ဒီလောက်လွယ်လွယ်နဲ့ ခိုးယူလို့ရမတဲ့လား

ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်ရင်း သူ့အ‌ရှေ့မှ တာ့ရွှမ်တိုင်းပြည် စစ်သည်တော်ကို ကြည့်လိုက်သည်။

“နုန်ယွိရွှမ်က ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဖျက်ဆီးခဲ့တယ် ဟုတ်လား ၊ သူက ဘယ်လိုဖျက်ဆီးလိုက်တာလဲ ၊ ဘယ်တုန်းကလဲ”

ထိုသူက...

“အဲဒီသတင်းကို မျှော်စင်နယ်မြေက ကြားခဲ့တာ ၊ အတိအကျတော့ မသိပါဘူး”

ရန်ကျောက်ကဲက ရယ်မောရင်း...

“သတင်းက ဘယ်ကပြန့်လာတာလဲ”

တာ့ရွှမ်စစ်သည်တော်က...

“ကွမ်းမင်ဂိုဏ်းဘက်က သတင်းဖြန့်တာပဲ ၊ အခြေအနေမှန်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူး”

ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်ပြီး ပင်လယ်ရေပြင်ထက်တွင် နောက်ထပ်လူတစ်ယောက် ထပ်မံရှာဖွေလိုက်သည်။ ယခုတစ်ခေါက် တွေ့ရှိသူက မြောက်ပင်လယ်ဓားခန်းမမှ သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်၏။

“ကြယ်ရောင်ဘုရင်’နုန်’ က ကြယ်စင်ကိုးပွင့်နည်းလမ်းကိုအသုံးပြုပြီး မျှော်စင်နယ်မြေ ၊ မြောက်ပိုင်းပင်လယ်ပြင်က မြေအောက်ပကတိမီးသွေးကြောတွေကို ထိုးဖောက်ဝင်ရောက်ပြီး မြေအောက်မီးတွေကို တောက်လောင်စေတယ် ၊ အဲဒါကြောင့် အဲဒီနေရာက ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေ ပြောင်းလဲသွားခဲ့တယ်”

“မြေအောက်မီးတောက်တွေ ပေါက်ကွဲထွက်ပြီး တာ့ရွှမ်ခွေးတွေ တည်ဆောက်ထားတဲ့ အစစ်အမှန်ယင်သစ်သားအစီအရင် လောင်ကျွမ်းသွားတယ် ၊ အဲဒီနောက်တော့ သူတို့ရဲ့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ပျက်ဆီးသွားပြီး ကောင်းကင်ကနေ မိုးကြိုးမီးတောက်တွေ ပေါက်ကွဲဆင်းသက်လာတော့တာပဲ”

“ဒါပေမဲ့ မြေအောက်မီးတောက်တွေကြောင့် မျှော်စင်နယ်မြေ ၊ မြောက်ပိုင်း ပင်လယ်ဒေသတစ်နေရာတည်းပဲထိခိုက်ပြီး တခြားနေရာတွေ မထိခိုက်ခဲ့ဘူး ၊ ကြယ်ရောင်ဘုရင်’နုန်’ က ဆင်ခြင်တုံတရားကောင်းသလို တကယ်တော်တဲ့ပုဂ္ဂိုလ်ပါ”

ထိုသူက ချီးမွမ်းမှုအပြည့်ဖြင့် သက်ပြင်းချရင်း...

“မျှော်စင်နယ်မြေတစ်ခုလုံးက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ပျက်ဆီးသွားတဲ့အတွက် ရလဒ်တွေလည်း ပြောင်းလဲသွားခဲ့တယ် ၊ ငါတို့တာ့ရွှမ်တော်လှန်ရေးတပ်တွေ မော်လူဒေသမှာ အန္တရယ်ကင်းကင်းနဲ့ တာ့ရွှမ်ခွေးတွေကို အပြင်းအထန်ဖိအားပေး တိုက်ခိုက်နိုင်ခဲ့တယ်”

“ကွမ်းမင်ဂိုဏ်းက တာ့ရွှမ်တော်လှန်ရေးမဟာမိတ်တွေကို အများကြီး ကူညီပေးခဲ့တာ ၊ အခု သူတို့အန္တရယ်ကျရောက်နေတော့ ငါတို့တွေကလည်း သေချာပေါက် ပြန်ကူညီရမှာပေါ့”

ရန်ကျောက်ကဲက မပြုံးမရယ် မျက်နှာထားဖြင့်...

“ဒီတော့ မင်းတို့အားလုံးက နုန်ယွိရွှမ်ပြောတာကို ယုံကြတာပဲလား”

မြောက်ပင်လယ်ဓားခန်းမမှ သိုင်းသမားက ရန်ကျောက်ကဲကို အံ့အားသင့်စွာကြည့်ရင်း...

“ယုံတာ‌ပေါ့ ၊ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို နားလည်တဲ့သူဆိုလို့ တာ့ရွှမ်တိုင်းပြည်ကလူတွေပြီးရင် ကြယ်ရောင်ဘုရင်’နုန်’ ကလွဲပြီး တခြားသူမရှိဘူးလေ ၊ ဒါကိုလူတိုင်းသိကြပြီးသားပဲ ၊ အခုအဖြစ်အပျက်တွေကိုကြည့်ရတာ သူက ဂုဏ်သတင်းနဲ့ထိုက်တန်တယ်ဆိုတာ သက်သေပြနေတာပဲလေ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်သည်။

နုန်ယွိရွှမ်က အစီအရင်ပညာတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ထားသူဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိခဲ့သည်ပင်။

ရန်ကျောက်ကဲ ပြုလုပ်သည်ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ရပါဘဲ နောက်ပိုင်းကျန်ရစ်သည့်သဲလွန်စများမှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာပြီး မည်သို့ပြုလုပ်သည်ကို နားလည်အောင် ကြိုစားနိုင်သည်။

မိုးကြိုးမီးတောက်များ လောင်ကျွမ်းနေရာနေရာတွင် သဲလွန်စအနည်းငယ် ကျန်ရစ်ခဲ့သည့်တိုင် ထိုသို့ နားလည်အောင် ကြည့်နိုင်ဖို့ရာ လွယ်သည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ နုန်ယွိရွှမ်က ရန်ကျောက်ကဲလုပ်ရပ်အပြီးတွင် ဝေဖန်ပိုင်းခြားကြည့်ခြင်းမျှသာဖြစ်ပြီး ကိုယ်တိုင်ပြုလုပ်ခဲ့သူ မဟုတ်ပေ။

ရန်ကျောက်ကဲက မြောက်ပင်လယ်ဓားခန်းမမှ သိုင်းသမားကို စကားများများပြောမနေတော့ဘဲ...

“အိုး... ဒါနဲ့ အဲဒီသူရဲကောင်းကြီး အခု ဘယ်မှာရှိနေလဲ သိချင်မိပါတယ်”

ထိုသိုင်းသမားက တစ်ချက်ပင်သံသယမဝင်ဘဲ...

“သူ လေလောဆယ် ကောင်းကင်မွေခံနယ်မြေမှာရှိနေတယ်လို့ ကြားတယ်”

တာ့ရွှမ်တိုက်ပြည်က ဆုတ်ခွာသွားလျှင် တော်လှန်ရေးတပ်များက လိုက်လံတိုက်ခိုက်လိုက် ၊ တာ့ရွှမ်တိုက်ပြည်က ပြန်လည်တိုက်ခိုက်လျှင် တော်လှန်ရေးတပ်များက ပြန်လည်ဆုတ်ခွာလိုက်ဖြင့် နှစ်ဘက်လုံးက မရပ်မနားတိုက်ပွဲဆင်နွှဲလျှက် ရှိကြသည်။

ကောင်းကင်မွေခံနယ်မြေဆိုသည်က မော်လူဒေသအပြင်ဘက်တွင်ရှိသော နယ်မြေတစ်ခုဖြစ်သည်။ တာ့ရွှမ်ဆန့်ကျင်ရေးအင်အားစုများ တိုက်ပွဲဖြစ်နေသည့်နေရာနှင့် နှိုင်းယှဉ်ပါက နောက်တန်းနေရာဟု ဆိုနိုင်သည်။

မြောက်ပင်လယ်ဓားခန်းမမှသိုင်းသမားက...

“ကြယ်ရောင်ဘုရင်’နုန်’ က  ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဖျက်ဆီးခဲ့တဲ့အတွက် တာ့ရွှမ်တိုင်းပြည်က သူ့ကို သေချာပေါက် မုန်းတီးနေတာလေ ၊ ဒါကြောင့် နောက်တန်းမှာ ရှောင်နေရတာပေါ့”

ရန်ကျောက်ကဲက...

“ကောင်းကင်မွေခံဒေသ ဟုတ်လား”

ထို့နောက် သူက မြောက်ပိုင်းရှိ ကောင်းကင်မွေခံဒေသသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

အသင်္ချေနဂါးနန်းတော်ထဲတွင် အားဟူက အံတကြိတ်ကြိတ်ဖြင့်...

“သခင်လေး... ဒီ ‘နုန်’ မျိုးနွယ်ကောင်က အတော်မကောင်းတဲ့ကောင်ပဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ငါ့ဂုဏ်ပုဒ်ကို ဒီလောက်လွယ်လွယ်နဲ့ ခိုးယူလို့ရမတဲ့လား”

ရန်ကျောက်ကဲက နှုတ်ခမ်းကိုတစ်ချက်ပွတ်သပ်ရင်း...

“ဒါပေမဲ့ ဒီကိစ္စကိုကြည့်ရတာ... ငါ သူ့ကို တမင်သက်သက်လာရှာအောင်လို့ ထောင်ချောက်ဆင်ထားတာနဲ့ တူနေသလိုပဲ”

ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းမျက်ဝန်းများ စူးရှသွားပြီး...

“သူက ရာဟုကြယ်ရဲ့ စွမ်းအားအများကြီးကို သန့်စင်ကျင့်ကြံထားတော့ နေရိပ်နတ်ထားကသူ့ကို ထိန်းချုပ်မှာကို မကြောက်တော့ဘူးထင်တယ်”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အဲဒီလို ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ သူက ဘာ့ကြောင့် ယုံကြည်မှုရှိနေတာလဲဆိုတာ ပြောရခက်တယ်”

သူက ဆက်ပြောသည်။

“ကွမ်းမင်ဂိုဏ်းက ထိပ်တန်းသိုင်းသမားတွေစုပြီး ငါ့ကိုဝိုင်းသတ်ဖို့ ထောင်ချောက်ဆင်တာလည်း ဖြစ်နိုင်တယ် ၊ နတ်ဘုရားသိုင်းသူတော်စင်တွေတောင်မှ ငါ့ကိုစောင့်နေကြမလာ မပြောတတ်ဘူး ၊ ဒါမှမဟုတ် သူက သူက ရာဟုကြယ်ရဲ့ စွမ်းအားတွေအများကြီးကို ပိုင်ဆိုင်ထားတော့ နေရိပ်နတ်ဓားရဲ့လွှမ်းမိုးမှုကို မကြောက်တာလည်း ဖြစ်နိုင်တယ် ၊ အင်း... ပြီးတော့ သူ့မှာ နောက်ထပ် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု အပိုရှိနေတာလည်း ဖြစ်နိုင်တယ်”

လက်ရှိတွင် တာ့ရွှမ်တိုင်းပြည်နှင့် တာ့ရွှမ်ဆန့်ကျင်ရေးတပ်ဖွဲ့များမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရုန်းမထွက်နိုင်ဘဲ အတူတူပိတ်မိနေကြသည်။

ကွမ်းမင်ဂိုဏ်း ဌာနချုပ်သည်လည်း တာ့ရွှမ်တိုင်းပြည်၏ပစ်မှတ်ဖြစ်လာနိုင်ဖွယ်ရှိသည်။

ထိုသို့သောအခြေနေမျိုးတွင် ကွမ်းမင်ဂိုဏ်းအနေဖြင့် ရန်ကျောက်ကဲကိုရှင်းပစ်ရန် လူအင်အားများစွာအသုံးပြုရန် ခက်ခဲပေမည်။ သူတို့ဂိုဏ်းမှ ထိပ်တန်းအဆင့် သိုင်းကျင့်ကြံသူများအနေဖြင့် လုပ်စရာ တရားဝင်ကိစ္စများ များစွာ ရှိနိုင်ပေ၏။

ထို့ကြောင့် နုန်ယွိရွှမ်နှင့် ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားအနည်းငယ်သာ ဤကိစ္စကို ကိုင်တွယ်နိုင်ဖွယ်ရှိသည်။

ရန်ကျောက်ကဲက မေးစေ့ကိုတစ်ချက်ပွတ်သပ်ရင်း...

“သူသာ ရာဟုကြယ်ရဲ့ များပြားတဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်တယ်ဆိုရင် ငါ့ရဲ့ ထူးကဲယန်စည်းတံဆိပ်ကိုလည်း ထိန်းချုပ်နိုင်မှာပဲ ၊ တကယ်လို့ သူ့မှာ တစ်ခါထက်ပိုပြီးအသုံးပြုနိုင်တဲ့ စွမ်းအားမျိုးရှိနေမယ်ဆိုရင် ပိုပြီးကြောက်စရာကောင်းနေပြီ”

အားဟူက နှုတ်ခမ်းများတွန့်ကွေးရင်း...

“ဒီလိုဆိုရင်တော့... အခက်အခဲက အ‌တော်လေးကြီးမားပုံရတာပဲ သခင်လေး...”

နဂိုကပင် နုန်ယွိရွှမ်က ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ်တွင် ထိပ်တန်းအဆင့် ဖြစ်သည်။

‘နေမရှိလရိပ်’ တန်ခိုးစွမ်းအားကို ရယူရန်ကြိုးစားစဉ်ကပင် သိုင်းသူတော်စင် တတိယအဆင့်ရှိသော ခန်းကျင်းယွမ်နှင့် သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသော ယိုးမင်ဂိုဏ်းမှ အကြီးအကဲတို့ကို တစ်ယောက်တည်းဖြင့် နှိမ်နင်းနိုင်ခဲ့သည်။

ရန်ကျောက်ကဲကြောင့် ဒဏ်ရာရရှိထားသည့်တိုင် သူ့ကိုသတ်ရန်ကြိုးစားသည့် ခန်းကျင်းယွမ်ကို နုန်ယွိရွှမ်က အနိုင်ယူခဲ့သည်။

ရာဟုကြယ်စွမ်းအားများကို နေရိပ်နတ်ဓားက မထိန်းချုပ်နိုင်လျှင် သူ့တွင် တစ်ချက်တည်းတိုက်ခိုက်ရန် စွမ်းအားရှိဦးတော့ နုန်ယွိရွှမ်အတွက် ထူးကဲယန်စည်းတံဆိပ်၏ ခြိမ်းခြောက်မှုကို လျှော့ချရန် လုံလောက်နေပြီဖြစ်သည်။

ထို့ပြင် နုန်ယွိရွှမ်တစ်ယောက်တည်းအား သူတို့ ရင်ဆိုင်ရမည် မဟုတ်ပေ။ သူ့တွင် နောက်လိုက်တပည့်များလည်း ရှိနေနိုင်သေးသည်။

ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြံစည်ထားသည်ဆိုလျှင် သူက ပြင်ဆင်မှုများ ပြုလုပ်ထားမည် အမှန်ပင်။  ရန်ကျောက်ကဲနှင့် တိုက်ပွဲများစွာဆင်နွှဲခဲ့ပြီးနောက် နုန်ယွိရွှမ်အနေဖြင့် သူ့ကို လျှော့တွက်ဝံ့တော့မည် မဟုတ်ပေ။

ဖန်းယွင်ရှန်းက ခဏမျှစဉ်းစားပြီး ရုတ်တရက် ဆိုသည်။

“နည်းလမ်းတစ်ခုတော့ ရှိနိုင်တယ်”

ရန်ကျောက်ကဲက သူမကိုကြည့်လိုက်တော့ ဖန်းယွင်ရှန်းက သူမလက်ထဲမှ နေရိပ်နတ်ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး...

“နည်းနည်းလောက်တော့ စွန့်စားရမှာပေါ့”

“အိုး...”

သူမ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည့်အခါ ရန်ကျောက်ကဲစိတ်ထဲလှုပ်ရှားသွားပြီး မျက်နှာအမူအရာကလည်း ထူးဆန်းသွားသည်။

“အရင်က ငါပြောခဲ့ဖူးတာ... ငါက အန္တရယ်ကို သဘောကျတယ် ၊ မကြာခဏ ကြီးမားတဲ့ပြဿနာတွေဖြစ်အောင် မွှေနှောက်တတ်တယ် ၊ ဒါကြောင့် ငါ့ကိုထိန်းပေးဖို့ ချစ်သူလေးတစ်ယောက်လိုချင်တာလို့...”

သူက ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်ရင်း...

“အခုတော့ ငါ့ထက်အရူးထတဲ့တစ်ယောက်နဲ့ တွေ့နေရပြီ”

ထိုစကားကြားတော့ ဖန်းယွင်ရှန်းက ပြုံးရင်း...

“ကျွန်မလည်း ပြောခဲ့တယ်လေ ၊ တစ်ခါတစ်လေ ကျွန်မလည်း ရှင်နဲ့အတူ လိုက်ရူးမှာလို့”

ရန်ကျောက်ကဲက နာကျင်သွားဟန်ဖြင့်...

“ငါတော့ အန္တရယ်များတဲ့သူနဲ့မှ တွဲမိပြီ”

စ နောက် သည့်စကားအနည်းငယ်ပြောပြီးနောက် ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်သွားပြီး...

“မင်းအခု ဘယ်နှစ်စက္ကန့် ခံနိုင်ရည်ရှိပြီလဲ”

“(၁၂)စက္ကန့်...”

ဖန်းယွင်ရှန်းက တည်ကြည်လေးနက်စွာဖြင့် ပြန်ပြောသည်။

“ကျွန်မကိုယ်ကျွန်မ အသက်အန္တရယ်ရှိတဲ့အထိတော့ မစွန့်စားပါဘူး ၊ အဲဒါကို ကျွန်မ နားလည်ပါတယ်”

ရန်ကျောက်ကဲက တစ်စုံတစ်ခုကို တွက်ချက်လိုက်ပြီးနောက်...

“အဲဒီအချိန်ကျ ဆုံးဖြတ်ချက်မချခင် သူတို့ရဲ့ တိကျတဲ့အစီအစဉ်တွေကို ငါတို့သိရလိမ့်မယ် ၊ ငါနဲ့ ကွမ်းမင်ဂိုဏ်းရဲ့ ပဋိပက္ခကနေ အကျိုးအမြတ်ရဖို့အတွက် တာ့ရွှမ်တိုင်းပြည်ကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ စောင့်နေမှာပဲ”

ပင်လယ်ရေအောက် နက်ရှိုင်းရာမှ ထွက်လာပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု ကောင်းကင်မွေခံနယ်မြေသို့ ရောက်လာကြသည်။

မြောက်ပင်လယ်ဓားခန်းမမှ သိုင်းကျင့်ကြံသူနှင့်စကားပြောဆိုပြီးနောက် ကောင်းကင်မွေခံနယ်မြေတွင် နုန်ယွိရွှမ်သာမက ယွဲ့ပေါင်ချီပါ တိုက်တိုက်ဆိုင်ဆိုင်ရှိနေကြောင်း သိခဲ့ရသည်။

ယိုးမင်ဂိုဏ်းမှ သိုင်းသမားအချို့ ရှိနေသော်လည်း ရန်ကျောက်ကဲနှင့် သိကျွမ်းသူများ မဟုတ်ကြပေ။

မြောက်ပင်လယ်ဓားခန်းမမှ အခြားသောသိုင်းသမားများမှတစ်ဆင့် ရန်ကျောက်ကဲရောက်လာကြောင်း သတင်းကြားသည့်အခါ ယွဲ့ပေါင်ချီက အလျှင်အမြန်ပင် လာရောက်တွေ့ဆုံလေသည်။ သူမမျက်နှာကတော့ တည်ကြည်လေးနက်လျှက်ရှိ၏။

တွေ့တွေ့ချင်း သူမ ပထမဆုံးမေးမြန်းခဲ့သည်မှာ...

“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဖျက်ဆီးခဲ့တဲ့သူက ဘယ်သူလဲ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“မင်းရဲ့မေးခွန်းကို မင်း သံသယရှိနေတာလား”

ယွဲ့ပေါင်ချီ တိတ်ဆိတ်သွားသည်။

ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်ရန် နည်းလမ်းရှိကြောင်း ရန်ကျောက်ကဲ ပြောခဲ့ဖူးသည်ကို သူမ မှတ်မိနေသည်။ သို့သော် ခန်းကျင်းယွမ်ပေါ်လာသည့်အချိန်တွင် သူမ ထွက်ပြေးသွားခဲ့သဖြင့် နောက်ပိုင်းကိစ္စများကို မသိလိုက်တော့ပေ။

ရန်ကျောက်ကဲက ခန်းကျင်းယွမ်ကို ဖမ်းခေါ်သွားပြီးနောက်ပိုင်း အစီအရင် ရပ်တန့်သွားအောင် မည်သို့ချိုးဖျက်ခဲ့ကြောင်း သူမမျက်စိဖြင့် မမြင်တွေ့ရတော့ပေ။

အရင်က ပြောခဲ့ဖူးသောစကားများအရ ရန်ကျောက်ကဲက ကွမ်းမင်ဂိုဏ်းနှင့် ရန်ငြိုးရန်စရှိကြောင်း သိရှိပြီးနောက် လက်ရှိအခြေအနေများအပေါ် သူမစိတ်ထဲ သံသယများ မြင့်တက်လာစေလေသည်။

All Chapters