← Chapters

စားပုံကြီးကရုပ်ဆိုးလွန်းတယ်

Vol. 47 Ch. 666

စားပုံကြီးကရုပ်ဆိုးလွန်းတယ်

Vol. 47 Ch. 666

အခန်း (၆၆၆) စားပုံကြီးကရုပ်ဆိုးလွန်းတယ်

ရန်ကျောက်ကဲက ပြုံးရင်း...

“တကယ်တမ်း ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်ခဲ့တဲ့သူက ငါပါ ၊ ဒါပေမဲ့ အဲဒီ ‘နုန်’ မျိုးနွယ်ကောင်က ငါ့ဂုဏ်ပုဒ်ကိုခိုးယူပြီး သူ့ကိုယ်သူဂုဏ်တက်အောင်လုပ်နေတယ်လေ”

ရန်ကျောက်ကဲကိုကြည့်ပြီး ယွဲ့ပေါင်ချီ ခဏမျှ တိတ်ဆိတ်နေသည်။

အတန်ကြာမှ...

“ရှင် စိတ်မရှိဘူးဆိုရင် ကောင်းကင်မွေခံနယ်မြေက ကျွန်မတို့ဂိုဏ်းက အကြီးအကဲ’ချီ’ ကို လိုက်တွေ့ပါလား”

ရန်ကျောက်ကဲက ရယ်မောရင်း...

“တခြားဂိုဏ်းက သိုင်းသမားတွေကိုလည်း ဘာလို့ သက်သေအဖြစ် မဖိတ်ခေါ်ရတာလဲ”

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေသော ရန်ကျောက်ကဲကိုကြည့်ရင်း ယွဲ့ပေါင်ချီ ခဏမျှစဉ်းစားလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“အဲဒီလို ဆုံးဖြတ်ချက်မျိုးက အကြီးအကဲ’ချီ’ ဆုံးဖြတ်မှ ရမှာပါ”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ဒါဖြင့်လည်း ဧည့်သည်က အိမ်ရှင်ဦးဆောင်တဲ့အတိုင်းပဲ လိုက်ရတာပေါ့ဗျာ”

သူတို့အတူ ထွက်ခွာလာကြပြီး သိပ်မကြာမီမှာပင် အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းတွင် အဆုံးမရှိသောအလင်းတန်းများ ထွန်းလင်းထွက်ပေါ်လာသည်ကို တွေ့ရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ရယ်မောရင်း...

“သေချာတာပေါ့... သူတို့က ငါ့ကိုစောင့်နေကြတာပဲ”

ရန်ကျောက်ကဲ ရောက်လာသည့်သတင်းက ကွမ်းမင်ဂိုဏ်းသို့လည်းပေါက်ကြားသွားသဖြင့် ကွမ်းမင်ဂိုဏ်းမှလူများရောက်လာကြခြင်း ဖြစ်သည်။ ထိုအကြောင်းသိလိုက်ရတော့ ယွဲ့ပေါင်ချီ အတော်လေး ထိတ်လန့်သွားသည်။

ကွမ်းမင်ဂိုဏ်း၏လုပ်ရပ်များအတွက် သူမ အနည်းငယ် ရှက်ရွံ့သလိုပင် ခံစားလိုက်ရသည်။

အလင်းတန်းအချို့ သူ့ရှေ့ကျရောက်လာချိန် ရန်ကျောက်ကဲမျက်နှာက ပုံမှန်အတိင်းပင်ဖြစ်သည်။ ထို့နောက် အလင်းတန်းများပျောက်ကွယ်သွားပြီး လူရိပ်အချို့ပေါ်လာ၏။

ကွမ်းမင်ဂိုဏ်းမှအုပ်စုကို ဦးဆောင်သူက နုန်ယွိရွှမ် ဖြစ်သည်။

သူ၏ဦးဆောင်မှုအောက်တွင် ကွမ်းမင်ဂိုဏ်းကသိုင်းသမားက ရန်ကျောက်ကဲကို ဝိုင်းထားရန် မသိမသာ ပြင်ဆင်လိုက်ကြသည်။

နုန်ယွိရွှမ်က ရန်ကျောက်ကဲကို စိုက်ကြည့်နေစဉ် သူ့နံဘေးမှ ကွမ်းမင်ဂိုဏ်း သိုင်းသမားက ယွဲ့ပေါင်ချီကို လှမ်းကြည့်ရင်း...

“ဒီလူက ငါတို့ကွမ်းမင်ဂိုဏ်းကို အကြိမ်ကြိမ်ဆန့်ကျင်ခဲ့တဲ့သူပဲ ၊ ငါတို့ဂိုဏ်းကလူတွေကိုတောင် သတ်ဖြတ်ခဲ့သေးတယ် ၊ အခု သူနဲ့ငါတို့နဲ့ စာရင်းရှင်းရလိမ့်မယ် ၊ နတ်သမီး’ယွဲ့’ က ဒီကိစ္စကို ဝင်မစွက်ဖို့ မျှော်လင့်ပါတယ်”

ယွဲ့ပေါင်ချီက မျက်မှောင်ကြုတ်ရင်း...

“သူက အခု ကျွန်မတို့ဂိုဏ်းရဲ့ ဧည့်သည်တစ်ယောက်ပါ...”

နုန်ယွိရွှမ်က သိမ်မွေ့စွာဖြင့်...

“နောက်မှ ခန်းမသခင်’ကု’ ကို ငါကိုယ်တိုင် တောင်းပန်လိုက်ပါ့မယ် ၊ လောလောဆယ်တော့ မင်းအနေနဲ့ လက်ရှောင်သင့်တယ်”

နုန်ယွိရွှမ်၏လေသံက နူးညံ့သော်လည်း အေးစက်ပြီး ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် ပြည့်နေကြောင်း ခံစားမိသဖြင့် ယွဲ့ပေါင်ချီ မျက်ဝန်းများ တင်းမာသွားသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်း ငါ့ကိုသတ်ချင်တာ အတိတ်ကရန်ငြိုးကြောင့်ရော ဟုတ်ရဲ့လား ၊ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဖျက်ဆီးခဲ့တာ ဘယ်သူမှမသိအောင် ငါ့ကိုယ်စားနာမည်ခံထားလို့ ငါ့ကို ရှင်းပစ်ချင်နေတာ မဟုတ်လား”

ကွမ်းမင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က ဒေါသတကြီးဖြင့်...

“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့”

နုန်ယွိရွှမ် အမူအရာက တည်ငြိမ်အေးဆေးနေပြီး...

“အဲဒါက အ‌ရေးမကြီးပါဘူး ၊ အရေးကြီးတာက မင်း သတ္တိရှိရှိ ရောက်လာဖို့ပဲ”

သူက ရန်ကျောက်ကဲကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ရင်း...

“အဲဒါကို မင်းနဲ့အတူ အထက်ဘုံကမ္ဘာထိ ယူလာတယ်ထင်တယ် ၊ မဟုတ်ရင် မင်း ဒီလောက်အတင့်ရဲမှာ မဟုတ်ဘူး”

နုန်ယွိရွှမ်နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခုပေါ်လာပြီး...

“အဲဒီတော့လည်း ပိုကောင်းတာပေါ့ကွာ...”

ရန်ကျောက်ကဲက လက်ဖဝါးနှစ်ဖက် ဖြန့်ကားရင်း...

“အရင်က ငါ့ကိုရှုံးခဲ့တာတောင် သင်ခန်းစာမရသေးဘူးထင်တယ်”

နုန်ယွိရွှမ်က ကောင်းကင်ထက်သို့ ပျံတက်သွားပြီး...

“ဒါဖြင့် စမ်းကြည့်ကြတာပေါ့”

ထိုစဉ် ကျယ်ပြန့်ပြီး ပြင်းထန်သော ဓားဝိညာဉ်တစ်ခုက အခြားသောလမ်းကြောင်းတစ်ခုမှ ထွက်ပေါ်လာသည်။ ထိုဓားအလင်းတန်းက ပင်လယ်တစ်စင်းနှင့်ဆင်တူပြီး ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးအား တောက်ပသွားစေသည်။

ဒါကိုမြင်တော့ ယွဲ့ပေါင်ချီ သက်ပြင်းချလိုက်စဉ် အားလုံးရှေ့တွင် အဘိုးအိုတစ်ယောက်ပေါ်လာသည်။

နုန်ယွိရွှမ်က မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ...

“အကြီးအကဲ’ချီ’ ၊ ဒါက ငါတို့ဂိုဏ်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ ၊ မင်းတို့ဂိုဏ်းက ဝင်မစွက်ဘူးလို့ မျှော်လင့်ပါတယ်”

မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ’ချီ’ ဆိုသူက ယွဲ့ပေါင်ချီကို လှမ်းကြည့်ရင်း...

“အခြေအနေက ဘယ်လိုဖြစ်တာလဲ”

ယွဲ့ပေါင်ချီက နုန်ယွိရွှမ်တို့အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး အကြီးအကဲ’ချီ’ အား အသံပို့လွှတ်စနစ်ဖြင့် အခြေအနေအား ရှင်းပြလိုက်သည်။

အဖြစ်အပျက်ကိုကြားပြီးနောက် အဘိုးအို၏မျက်နှာအမူအရာ ဆိုးရွားသွားပြီး ရန်ကျောက်ကဲကို သံသယမျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက ကျူတောပင်လယ်ဒေသတွင် တဖြည်းဖြည်းနာမည်ကျော်ကြားလာသူ ဖြစ်သည်။ သူက သိုင်းဆရာသခင်တစ်ယော်ကဖြစ်သော်လည်း မည်သူမှ သူ့ကို သာမန်လူအဖြစ် မရှုမြင်ကြပေ။

သို့ပေသိ ကာလရှည်ကြာ နာမည်ကျော်ကြားခဲ့သော နုန်ယွိရွှမ်နှင့်ယှဉ်လျှင်တော့ သူ၏ ဂုဏ်သတင်းက သိသိသာသာအားနည်းနေသေးသည် အမှန်ပင်။

ထိုအချက်က အကြီးအကဲ’ချီ’ ကို သံသယဝင်စေသည့်အချက် ဖြစ်၏။

ရန်ကျောက်ကဲပြောသည့်စကား အမှန်ဆိုလျှင် နောက်ဆက်တွဲအကျိုးဆက်များက တကယ့်ကို ဆိုးရွားသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အကြီးအကဲ’ချီ’ အနေဖြင့် ဤကိစ္စကို အလေးအနက်ထားရန် လိုသည်။ အကြောင်းမှာ နုန်ယွိရွှမ်၏နောက်ကွယ်တွင် အထွတ်ထိပ်သိုင်းသမားများစွာဖြင့် ဖွဲ့စည်းထားသော ကွမ်းမင်ဂိုဏ်းတည်ရှိသည်။

အဆိုပါကွမ်းမင်ဂိုဏ်းက ကျူတောပင်လယ်ဒေသ၏ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဆိုလျှင်လည်း မမှားပေ။

တာ့ရွှမ်မင်းဆက်ကို ခုခံရာတွင် ကွမ်းမင်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

မြောက်ပင်လယ်ဓားခန်းမကို တာ့ရွှမ်တိုင်းပြည်က တိုက်ခိုက်သောအခါ ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’ က သူတို့၏ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘နေလစကြာ’ နှင့်အတူ မော်လူဒေသကို ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့သည်။ မြောက်ပင်လယ်တွင် တာ့ရွှမ်စစ်တပ်ကိုတိုက်ခိုက်ရာတွင်လည်း ရှေ့တန်းမှ ကူညီပေးခဲ့၏။

ထို့ကြောင့် ရလဒ်အနေဖြင့် တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းဌာနချုပ်ကို ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။

ရန်ကျောက်ကဲက ကောင်းကင်ဘုံကို အံတုနိုင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်သော်ငြား လက်ရှိတွင် ကွမ်းမင်ဂိုဏ်းလောက် အရေးမပါသည်မှာ ထင်ရှားသည်။

ခိုင်လုံသောအထောက်အထားမရှိလျှင် အဆင်ပြေနိုင်သည်။ သို့သော် ယခုတော့ နှစ်ဘက်လုံးက တောင်းဆိုချက်များကို အခိုင်အမာပြောဆိုနေသည်ဖြစ်ရာ ဤကိစ္စကို သင့်လျော်စွာမကိုင်တွယ်ပါက ရလဒ်အနေဖြင့် ကြီးစွာသော မငြိမ်မသက်မှုများ ဖြစ်လာနိုင်သည်။

ထို့ကြောင့် ယွဲ့ပေါင်ချီက ရန်ကျောက်ကဲကို အကြီးအကဲ’ချီ’ နှင့် အရင်ဆုံးတွေ့ဆုံပေးရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်၏။

‘နေမရှိလရိပ်’ ထုံးတမ်းပွဲတော်ကာလအတွင်း ရန်ကျောက်ကဲနှင့် နုန်ယွိရွှမ်ကြားမှ ပဋိပက္ခကို လူအများသိရှိကြသည်ပင်။ ထို့ကြောင့် ဤသို့ဖြစ်ရာခြင်းကို အနည်းငယ်နားလည်ကြသော်လည်း ထိုသူနှစ်ယောက်ကတော့ သေချာပေါက် ပြေလည်နိုင်ကြမည့်ဟန် မရှိပေ။

ထို့ပြင် ယခုက ဂုဏ်ပုဒ်ခိုးယူခြင်းပြဿနာကပါ ပေါ်ပေါက်လာသည်။ သို့ဖြစ်ရာ အခြေအနေက အချိန်မ‌ရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေလေပြီ။

အကယ်၍ အကြီးအကဲ’ချီ’ သာ ရောက်မလာပါက နှစ်ဘက်လုံး အပြင်းအထန် ထိုးနှက်တိုက်ခိုက်ပြီးသား ဖြစ်နေမည်မှာ အသေအချာပင်။

ထိုအချိန် အခြားသောအရပ်မျက်နှာများမှ အလင်းတန်းများထွက်ပေါ်လာသည်ကို တွေ့ရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မနေနိုင်ဘဲ ရယ်မောလိုက်၏။

ထိုသူများက ယိုးမင်ဂိုဏ်းမှလူများနှင့် ကြေးနီကျွန်းမှ လူများဖြစ်ကြသည်။

နုန်ယွိရွှမ်နှင့် အကြီးအကဲ’ချီ’ တို့က သိုင်းသူတော်စင် တတိယအဆင့်များ ဖြစ်ကြလေရာ သူတို့ ထိပ်တိုက်တွေ့သည့်ပုံစံမျိုးဖြစ်လာခြင်းက အခြားသူများ၏ စိတ်အာရုံကို စွဲဆောင်လာနိုင်သည်မှာ သဘာဝပင်။

သူတို့ရောက်လာသည့်အခါ အရာများစွာက သူတို့ထင်သည်ထက် ပိုမိုရှုတ်ထွေးကြောင်း သိရှိခဲ့ရသည်။

ကွမ်းမင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲတစ်ယောက်က အေးစက်စွာဖြင့်...

“အားလုံးပဲ... အခုချိန်မှာ ငါတို့အားလုံးက ဘုံရန်သူဖြစ်တဲ့ တာ့ရွှမ်တိုင်းပြည်ကို ရင်ဆိုင်နေရတယ် ၊ ဒီလိုအချိန်မျိုးမှာ ဘာမဟုတ်တဲ့ကိစ္စအတွက်နဲ့ အချိန်မဖြုန်းသင့်ပါဘူး ၊ ဒီကိစ္စကို ငါတို့ဂိုဏ်းကပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်”

ထိုစကားနောက်ကွယ်မှ သဘောထားကို ရန်ကျောက်ကဲက အဘယ်မှာ နားမလည်ဘဲ နေပါမည်နည်း။

တာ့ရွှမ်တိုင်းပြည်ကဲ့သို့ စွမ်းအားမြင့်မားသော ရန်သူနှင့် ရင်ဆိုင်နေရသည့်အချိန် စွမ်းအားကြီးမားသော ကွမ်းမင်ဂိုဏ်းနှင့် သိုင်းဆရာသခင်တစ်ယောက်ကြား မည်သူ့ကို ရွေးချယ်မည်နည်း။ အားလုံးက ဦးနှောက်ရှိကြသူများ ဖြစ်သည် မဟုတ်လား။

ဤ သိုင်းဆရာသခင်က အလွန်စွမ်းအားမြင့်မားပြီး ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိကာ မကြုံစဖူးအနာဂတ်ဖြင့် တောက်ပနေသော်လည်း သူက ကွမ်းမင်ဂိုဏ်းတစ်ခုလုံးနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ယိုးမင်ဂိုဏ်းမှအကြီးအကဲ၏ မျက်ဝန်းများက အနည်းငယ်တုန်ခါသွားပြီး...

“ဒီ ‘ရန်’ သခင်လေးက ငါတို့ ယိုးမင်ဂိုဏ်းက ဧည့်သည်တော်တစ်ယောက်ဖြစ်သလို တာ့ရွှမ်မင်းဆက်ကို ဆန့်ကျင်နေတဲ့သူလည်း ဟုတ်တယ် ၊ ဆိုတော့... လက်ရှိမှာ တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်တာက အရေးကြီးဆုံးကိစ္စဆိုတော့ မင်းတို့ကြားက အာဃာတတွေကို စစ်ပွဲပြီးမှ ဖြေရှင်းတာ အကောင်းဆုံးပဲ”

ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး...

“မဖြစ်နိုင်ဘူး... သူ ဒီနေ့ သေရမယ်”

ယိုးမင်ဂိုဏ်းမှ အကြီးအကဲ ပေါ့ပါးသည့်လေသံဖြင့်...

“မင်းတို့က ဘာလို့ဒီလောက် အလျင်လိုနေကြတာလဲ”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း...

“ငါသိသလောက်တော့ ဒီ... အင်း.. ဒီကြယ်ရောင်တောက်ပဘုရင်ဆိုတဲ့ပုဂ္ဂိုလ်က ကွမ်းမင်ဂိုဏ်းရဲ့ အဓိကအာရုံစိုက်ခံရတဲ့ လူတစ်ယောက်ပဲ ၊ သူ့ကို ကွမ်းမင်ဂိုဏ်းရဲ့ နောက်ဂိုဏ်းချုပ်ဖြစ်လာဖို့တောင် မျှော်မှန်းထားကြတဲ့သူတွေ အများကြီးရှိတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီလိုလူတစ်ယောက်က သူတစ်ပါးရဲ့ ဂုဏ်ပုဒ်ကိုခိုးယူတာ အဆင်မပြေဘူး ၊ သူတို့စားပုံကြီးက တကယ်ရုပ်ဆိုးလွန်းတယ်”

ယိုးမင်ဂိုဏ်းမှအကြီးအကဲက နုန်ယွိရွှမ်ကို စူးစိုက်ကြည့်ရင်း...

“အိုး... ဒါကတော့ စိတ်ဝင်စားစရာပဲ”

နုန်ယွိရွှမ်က ယိုးမင်ဂိုဏ်းမှ အကြီးအကဲကို လျစ်လျူရှုလိုက်ပြီး ရန်ကျောက်ကဲကို ညင်သာစွာကြည့်ရင်း...

“ငါတို့ တော်လှန်ရေးမဟာမိတ်တွေကြားမှာ မင်း ဒီလို သွေးခွဲစကားပြောတာတစ်ချက်တည်းနဲ့ တာ့ရွှမ်တိုင်းပြည်ကို တော်လှန်နေတဲ့ ငါတို့အကြံအစည်တွေပျက်ဆီးအောင်တမင်လုပ်တယ်ဆိုတာ ထင်ရှားနေပြီ”

ရန်ကျောက်ကဲနှုတ်ခမ်းများအထက်သို့တွန့်ကွေးသွားပြီး...

“ကလိန်ကကျစ်လုပ်တယ်ဆိုတာ တကယ်တော့ နှစ်ဖက်ချွန်တာကို ပြောတာ ၊ မင်းက ရန်သူကို မျက်လုံးတစ်ဖက်မှိတ်ပြသလို မဟာမိတ်တွေကိုလည်း မျက်လုံးတစ်ဖက်မှိတ်ပြတဲ့အလုပ်မျိုး လုပ်နေတဲ့ကောင်ပဲ”

All Chapters