နံရံပေါ်မှ ကဗျာ
Vol. 002 Ch. 152
ရိုယွီက ရီဖူရှင်းအား အားနာသည့် အကြည့်ဖြင့် ကြည့်ကာ တိုးတိုးလေး ပြောသည်... “စိတ်မဆိုးပါနဲ့... စီနီယာယန်က ဒီလိုမျိုးပဲ... သူက တင်းကျပ်ပေမဲ့ သူ့ရဲ့ ပါရမီကတော့ အရမ်းကို မြင့်တယ်...”
“ကျုပ်က သူ့ကို စိတ်မဆိုးပါဘူး...” ရီဖူရှင်းက ပခုံးတွန့်လိုက်သည်။ စီနီယာယန်က သူ့အား မသိရာ သူ့အား သည်နေရာကို ခေါ်လာခြင်းကို မလိုလားသည်မှာ သဘာဝကျပေသည်။ သို့သော်လည်း ရိုလျှို၏စကားများက နားထောင်ရသည်မှာ အဆင်မပြေလှပေ။
“ဒီတည်းခိုခန်းက မင်းတို့ရဲ့ ကလန်ပိုင်တာလား...” ရီဖူရှင်းက မေးလိုက်သည်။
ရိုယွီက ခေါင်းယမ်းလိုက်သည်။
“အင်း... ဒါဆို ဒီနေရာက နှင်ထုတ်ခံရမှာ ပူနေစရာ မလိုတော့ဘူးပေါ့...” ရီဖူရှင်းက ပြုံးလျက် လျှောက်သွားလိုက်သည်။ ယူချင်းနှင့် သိမ်းငှက်နက်တို့က သူ့နောက်က လိုက်သွားကြသည်။ သူတို့က အလုပ်သမား ကောင်လေးကို ရှာတွေ့ပြီး တည်းခိုရန် နေရာရရှိသည်။
“အစ်ကိုရီက တော်တော် သဘောကောင်းတာပဲ...” ရီဖူရှင်း၏စကားကိုကြားကာ ဂူကျင့်က ပြောသည်။
“သွားကြစို့...” ဝမ်ကြွေက ပြောသည်။
ရိုယွီ၏မျက်လုံးများက အရောင်လက်သွားသည်။ နောက်ဆုံးတွင် ရီဖူရှင်း အဘယ်ကြောင့် ဒေါသထွက်သွားသည်ကို သူမနားလည်လိုက်သည်။ ထိုအကြောင်းကို တွေးမိလျှင် သူမ၏အစ်မထံသွားကာ ပြောလိုက်သည်... “သူတို့က ကျွန်မတို့ကို သမင်သား ခေါ်ကျွေးခဲ့တယ်လေ... ကျွန်မတို့ ခရီးအတူတူ သွားဖြစ်တာကလည်း သွားမယ့်နေရာတူနေလို့ပဲ... အစ်မက ဘာလို့ ဒီလိုပြောရတာလဲ...”
“နင် ဘာသိလို့လဲ...” ရိုလျှိုက ဒေါသတကြီး ပြောသည်။ “နင်က အတွေ့အကြုံမှ မရှိတာ... အဲဒီအခြေအနေမှာ ကောင်းကင်အဆင့် တန်ခိုးရှင်နှစ်ယောက်က ငါတို့ကို ဖိတ်ခေါ်ပြီးတော့ ဘယ်လို ရင်းနှီးအောင် ကြိုးစားလဲ နင်မမြင်ဘူးလား... သူတို့မှာ မကောင်းတဲ့ အကြံရှိရမယ်...”
“ရီဖူရှင်းက ဒီလောက်မဆိုးဘူးလို့ ကျွန်မထင်တယ်...” ရိုယွီက တည်ငြိမ်စွာ ပြောသည်။ “သူ့မှာ တခြား အကြံရှိနေရင်တောင် ဒါက ရှေးဟောင်း မြေရိုင်းဒေသရဲ့ အောက်ဘုံကို စူးစမ်းလေ့လာလိုရုံပဲ... ဒါက ဒီလောက် အရေးကြီးလို့လား...”
“ရိုယွီ... နင်က လူတွေကို အလွယ်တကူ ယုံတတ်တယ်...” ဂူချန်က ပြောသည်...“နင်က ဒီလို မတော်တဆ ဆုံတွေ့တာမျိုးတွေကို ပိုပြီး သတိထားသင့်တယ်...”
“ကျွန်မ သိပါတယ်...” ရိုယွီက ဂရုမစိုက်သလို ပြန်ပြောသည်။ “နင်တို့ အရင်သွားနှင့်...” ထို့နောက် သူမက ထိုနေရာတွင်ပင် ရပ်စောင့်နေသည်။ အတန်ကြာလျှင် အလုပ်သမား ကောင်လေးက ရီဖူရှင်းကို ခေါ်လာသည်။
“ကျုပ်ကို စောင့်နေတာလား...” ရီဖူရှင်းက သူမအား မေးလိုက်သည်။
“အင်း...” ရိုယွီက ခေါင်းညိတ်လိုက်သည်။ “ကျွန်မရဲ့ အစ်မက နည်းနည်း အပေါက်ဆိုးတယ်... သူ့ကို စိတ်မဆိုးပါနဲ့... သူမက ရှင့်ကို နားလည်မှုလွဲတာ ထင်တယ်...”
“မင်း အစ်မက ငါ့မှာ မကောင်းတဲ့အကြံ ရှိနေမယ်တွေးတာ အမှန်က မှားတော့ မမှားပါဘူး... ကျုပ်တို့က ရှေးဟောင်း မြေရိုင်းဒေသကို အခုမှ ရောက်တာဆိုတော့ ဘာမှ မသိသေးဘူး... မင်းတို့ဆီက သိချင်တာတွေ အများကြီး ရှိတယ်...” ရီဖူရှင်းက တိုးတိုးလေး ပြောသည်။
“ဒါကို ထည့်တွက်လို့ မရဘူး...” ရိုယွီက ခေါင်းယမ်းလျက် ပြောသည်...” ရှင်တို့သိချင်တာ အကုန်လုံး ကျွန်မ ပြောပြနိုင်တယ်...”
“မင်းရဲ့ စီနီယာယန်ပြောတဲ့ ကန်တောင်ကုန်းက ဘာထူးခြားနေလို့လဲ... ချင်းမုန်မြို့ အနီးမှာရော တခြား ထူးခြား ဆန်းပြားတဲ့ နေရာတွေ ရှိသေးလို့လား...” ရီဖူရှင်းက မေးလိုက်သည်။
“ကန်တောင်ကုန်းပေါ်မှာ စာလုံးတွေနဲ့ ရုပ်ပုံတွေကို ရေးဆွဲထားတဲ့ ကျောက်နံရံတွေ ရှိနေတယ်... အဲဒီနေရာက ထူးဆန်းတဲ့နေရာ ဖြစ်ပြီးတော့ ကံစွမ်းအားကို ရရှိနိုင်တဲ့နေရာလည်း ဖြစ်တယ်...” ရိုယွီက ပြောသည်... “နေ့တိုင်း အဲဒီနေရာကို လူတွေအများကြီး သွားပြီးတော့ လေ့လာ စူးစမ်းကြတယ်... ပါရမီရှင်တွေ အများကြီးလည်း ဉာဏ်အလင်းရကြတယ်... ဒါပေမဲ့ ဘယ်သူကမှ ကန်တောင်ကုန်းရဲ့ လျှို့ဝှက်ချက်ကို အပြည့်အဝ နားလည်ခြင်း မရှိခဲ့ကြဘူး... သူတို့က တန်ခိုးအဆင့် မလုံလောက်တာလည်း ဖြစ်နိုင်တာပဲ... တခြား ထူးခြားတဲ့နေရာတွေလည်း ရှိတယ်... ဒါပေမဲ့ မနက်ဖြန်တော့ ကန်တောင်ကုန်းကိုပဲ သွားရအောင် ... အဲဒီမှာ ရှင်တို့က ချင်းမုန်မြို့ရဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေကိုလည်း တွေ့ရလိမ့်မယ်... နယ်မြေတစ်ရာဒေသက လူတွေလည်း အဲဒီမှာ ရှိလိမ့်မယ် ...”
“ကျုပ်တို့က ကိုယ့်ဘာသာပဲ သွားလိုက်မယ်...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“သူတို့မပါဘဲ ရှင်တို့ကို ခေါ်သွားလိုက်မယ်လေ... ရှင်တို့က လမ်းမှမသိတာ...” ရိုယွီက အနည်းငယ် စဉ်းစားလိုက်ကာ ပြောသည်။
“ကောင်းပြီ... အတူတူ သွားကြရအောင်... မင်းရဲ့စီနီယာနဲ့ မင်းရဲ့ အစ်မကတော့ မပျော်မရွှင် ဖြစ်တော့မှာပဲ...” ရိုယွီသည်မျှ ခေါင်းမာသည်ကိုမြင်လျှင် ရီဖူရှင်းက သူမအား ခက်ခဲအောင် မလုပ်လိုတော့ဘဲ ပြောလိုက်သည်။
“ကောင်းပြီ... မနက်ဖြန် သွားတော့မယ့် အချိန်ကျရင် ရှင်တို့ကို လာရှာမယ်...” ရိုယွီက ပြောသည်။
***
နောက်တစ်နေ့တွင် ရိုယွီက ရီဖူရှင်းကို အမှန်ပင် လာရောက် ရှာဖွေသည်။
ရိုလျှိုတို့၏အုပ်စုကား တည်းခိုခန်း အပြင်ဘက်တွင် ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ရိုယွီအား ရီဖူရှင်းတို့နှင့် အတူတူရှိနေသည်ကို မြင်လျှင် ရိုလျှိုက ဒေါသတကြီး ကြည့်သည်။ ဂူကျင့်က ပြုံးလိုက်ပြီး ပြောသည်... “အစ်ကိုရီ... ကန်တောင်ကုန်းက ရှေးဟောင်း ရုပ်ကြွင်းတွေ ရှိနေတဲ့နေရာကို သွားမလို့လား...”
“အင်း... ကျုပ်တို့က တစ်ခါလောက် သွားကြည့်မလို့...” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ကျုပ်တို့က တစ်နေရာတည်းကို သွားကြမယ်ဆိုတော့ တူတူသွားကြတာပေါ့...” ဂူကြွေက ပြုံးလျက် ပြောသည်။ ရီဖူရှင်းနှင့် ယူချင်းတို့က သူတို့နောက်ကို လိုက်ရမည့်သူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကောင်းကင်အဆင့်မျှသာ ရှိသော သူတို့အတွက် ရှေးဟောင်းမြေရိုင်းဒေတွင် အမှီအခို လိုအပ်ပေသည်။
“သွားကြမယ်...” ယန်လူက ပြောလျှင် သူတို့အုပ်စုက ကောင်းကင်ကို ချက်ချင်း ပျံတက်လိုက်ကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့က သိမ်းငှက်နက်ကို စီးကာ သူတို့နောက်ကို လိုက်သွားကြသည်။ ရိုယွီကလည်း သူတို့နှင့် အတူတူ သိမ်းငှက်နက်ကို စီးကာ စကားများပြောလျက် ခရီးနှင်ကြ၏။
နာမည်က ညွှန်းဆိုသည့်အတိုင်း ကန်တောင် ရှေးဟောင်း ရုပ်ကြွင်းမှာ ချင်းမုန်မြို့တောင်ဘက် ကန်တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ထိုနေရာကား ပင်လယ်ကြီး၏ဘေးတွင် တည်ရှိကာ တောင်ကုန်းနှင့် ပင်လယ် ထိစပ်နေသော နေရာဟုလည်း ဆိုနိုင်သည်။ ထူးဆန်းသော ကျောက်တုံး ကျောက်ဆောင်များကား နေရာတိုင်းတွင် ရှိနေပြီး အများအပြားမှာ လူများ ထိုင်ထားသောကြောင့် ချောမွေ့နေကြသည်။
ကန်တောင် ရှေးဟောင်း ရုပ်ကြွင်းနေရာကား သည်နေရာ ဖြစ်သည်။ ဦးတည်ရာ အရပ်အမျိုးမျိုးကို လှည့်ကာ ထူးဆန်းသော ကျောက်သား နံရံကြီးများ တည်ရှိနေကာ ထိုနံရံများတွင်လည်း စာလုံးများ ရုပ်ပုံများ ရှိနေသည်။
ရီဖူရှင်းတို့အုပ်စု ရောက်ရှိသွားသောအခါ ထိုနေရာတွင် လူအများအပြား ရောက်ရှိနေပြီး ဖြစ်သည်။ သည်နေရာကား ကံစွမ်းအားများ မွေးဖွားရာနေရာထဲမှ တစ်ခုဖြစ်ရာ ပါရမီရှင်များ အများအပြားက ဉာဏ်အလင်း ရရှိရန်အလို့ငှာ တစ်နှစ်ပတ်လုံး အဆက်မပြတ် ရောက်ရှိ လာနေကြသည်။
ယန်လူနှင့် သူ့လူများကား လူအများကြား ထင်ရှား ပေါ်လွင်သည့်ဟန် မရှိတော့။ သည်နေရာကို ရောက်ရှိလာသူများ အားလုံးမှာ ချင်းမုန်မြို့မှ အတော်ဆုံးသော သူများဟု ပြောရမည်ဖြစ်ရာ သူတို့ထက် အဆမတန် စွမ်းအားဖြင့်သော ပါရမီရှင်များလည်း ရှိနေပေသည်။
“အဲဒါ စီနီယာ အစ်မယွမ်ပဲ...” တစ်နေရာကို ကြည့်ကာ ရိုယွီက ပြောသည်။ ယန်လူနှင့် တခြားလူများက သူမညွှန်ပြရာသို့ ကြည့်လိုက်ကြသည်။ လှပသော မိန်းမပျို တစ်ယောက်က ကျောက်နံရံတစ်ခု၏ အလယ်တွင်ရှိသော အတော်အတန်ကြီးသော ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ရပ်နေသည်။ ပင်လယ်မှ လေများကလည်း သူမ၏အဝတ်စများအား တဖြတ်ဖြတ် လွင့်စဉ်နေအောင် တိုက်ခတ်နေကြသည်။ သူမက နံရံကို တည်ငြိမ်စွာ ကြည့်နေသော အချိန်တွင် သူမ၏အဝတ်များနှင့် ဆံနွယ်များက လေတိုက်ခတ်သည့်အတိုင်း ယိမ်းနေကြသည်။ သူမ၏ မျက်မှောင်များကား လခြမ်းကွေးလို တွန့်နေသည်။ သူမကား အလွန်ထင်ရှားပုံရကာ လူအများအပြားက သူမအား စောင့်ကြည့် နေကြသည်ကို တွေ့ရသည်။ သူမကား အလွန် ထူးခြား ဆန်းကြယ်သော ပါရမီရှင်တစ်ယောက် ဖြစ်မည်မှာ သေချာလှသည်။
ယန်လူတို့အုပ်စုက သူမအနီးသို့ ချဉ်းကပ်ကာ ဦးညွှတ်လျက် နှုတ်ဆက်ကြသည်... “စီနီယာ ယွန်...”
ယွန်ရှင်းမိုက ယန်လူအား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ကျောက်နံရံအား တစ်ဖန်ပြန်လည် ကြည့်နေသည်။
“မင်းတို့အားလုံးက ရှေးဟောင်း မြေရိုင်းဒေသကို တူတူ မဝင်လာကြဘူးလား...” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
ရိုယွီ၏မျက်လုံးများ ဝိုင်းစက်သွားသည်။ “ရှေးဟောင်း မြေရိုင်းဒေသက အမြဲတမ်း ဖွင့်ထားတာပဲလေ... ဒီမှာ လာလေ့ကျင့်ချင်တဲ့လူက သူလာချင်တဲ့လူနဲ့ ကြိုက်တဲ့အချိန် လာတာပဲ... အရေးကြီးတဲ့ အချိန်အခါမျိုး မဟုတ်ဘဲ လူစုပြီး လာလေ့မရှိဘူး... ပြီးတော့ ကျွန်မတို့ ကလန်က ကြီးတယ်လေ... စီနီယာယွန်က အဆင့်မြင့်တဲ့ တပည့်ဆိုတော့ တစ်ခါတလေတွေ့ဖို့တောင် ခက်ခဲတယ်…”
ရီဖူရှင်း တဖြည်းဖြည်း နားလည်လာသည်။ ချင်းမုန်မြို့တွင် အလွန် အားကောင်းသော ကလန်များ ရှိကြမည်ဖြစ်ကာ ရှေးဟောင်း မြေရိုင်းဒေသကား သူတို့အတွက် နှစ်ပေါင်းများစွာ ကတည်းက ဖွင့်လှစ်ထားပြီးသား ဖြစ်သည်။ သူက နယ်မြေတစ်ရာမှ အမြင်သတ်သတ်ဖြင့် ကြည့်၍ မရပေ။
“ယွန်ရှင်းမို... ဘယ်လိုနေလဲ...” အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံကား မနီးမဝေးမှ ကျောက်တုံးကြီးပေါ်မှ လူတစ်ယောက်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူကား အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ အတော် ချောမောသည်ဟု ဆိုရမည်ဖြစ်သည်။ ယွန်ရှင်းမိုက သူ့အား သာမန်မျှ တစ်ချက်ကြည့်ကာ ပြန်မပြောပေ။
လူငယ်က စိတ်ကွက်ပုံမရပေ။ သူက ပြုံးလျက် သူ့ရှေ့မှ နံရံအား ပြန်လည် ကြည့်ရှုနေသည်။ ထို့နောက် သူက ပြုံးလျက် ပြောသည်... “ကျုပ်က နံရံပေါ်က အာရုံနည်းနည်းရပေမဲ့ ဒါကို နားလည်ဖို့ အချိန်နည်းနည်း လိုနေသေးတယ်...”
“လျိုယွန်...” ရိုယွီက တိုးတိုးလေး ပြောသည်... “သူက ချင်းမုန်မြို့ရဲ့ ထိပ်သီးပါရမီရှင်တွေထဲက တစ်ယောက်ပဲ... သူက တော်တော် ထက်မြက်တယ်...”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်က နှစ်နေရာ ယူထားသည်။ သူတို့ ပတ်ဝန်းကျင်တွင်လည်း တခြားပါရမီရှင်များ အတော်များများက ဝန်းရံနေသည်။
ထိုအခိုက်တွင် ယန်လူတို့အုပ်စုက နံရံတစ်ခုထံသို့ လျှောက်သွားကြသည်ကို မြင်ရသည်။ ထိုနေရာကား ယွန်ရှင်းမို လေ့လာနေသော နေရာနှင့် တူတူပင်။ ရီဖူရှင်းက မျှော်ကြည့်လိုက်လျှင် နံရံပေါ်တွင် ရေးသားထားသော စာလုံးအချို့ကို မြင်သည်။
“မိုးရေစက် ထောင်ပေါင်းများစွာ... ရှည်လျားလှတဲ့ တောင်ကြောတစ်လျှောက်... ဓားရဲ့အေးစက်မှုက ခွဲခွာခြင်းကို ဝမ်းနည်းမှုနဲ့ ဖြတ်တောက် သွားတယ်...” ရီဖူရှင်းက နံရံအား ကြည့်ကာ ရေရွတ်လိုက်သည်။ ထိုစာသားက ကဗျာတစ်ပုဒ် ဖြစ်ပုံရသည်။ သည်ကဲ့သို့ ကဗျာဆန်သော စာသားကို မည်သူရေးသနည်း သူစိတ်ဝင်စားသွားသည်။ ထိုစာလုံးများမှ ထက်ရှသော ဓားအားလှိုင်းများကို သူခံစားရသည်။ စာလုံးများက ကြွတက်လာပြီး ဓားအသိအဖြစ် ပြောင်းလဲသွားသို သူခံစားရ၏။
“ဒါက ဓားပညာ တစ်ရပ်ပဲ...” ရီဖူရှင်းက ပြောသည်။
“အစ်ကိုရီ... ကျုပ်တို့ မသိဘူးလို့ ခင်ဗျား ထင်တာလား...” ဂူကျင့်က ရယ်မောလျက် လှမ်းပြောသည်။
“မှန်တယ်... ဒါက ဓားပညာတစ်ရပ်ပဲ... ဒါပေမဲ့ ဘယ်သူကမှ သူ့ရဲ့ ဖုံးကွယ်နေတဲ့ အနုပညာအသိကို မဖော်ထုတ်နိုင်ဘူး...” ရိုယွီက ပြောသည်။ “လူအများအပြားက ဒီစာသားကို ကူးယူပြီးတော့ သူတို့ရဲ့ ဆရာတွေကိုပြပေမဲ့ ဆရာတွေကိုယ်တိုင်က အခုထိ နားမလည်ကြဘူး... ဒါပေမဲ့ ပါရမီရှင်တွေက ဒီနံရံပေါ်က အနုပညာအသိကို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာပြီးတော့ ကွဲပြားခြားနားတဲ့ ကံစွမ်းအားကို ရရှိနိုင်တယ်...”
ရီဖူရှင်း ရယ်မောလိုက်သည်။ သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်က အသက်ဝင်လာပြီး ထိုစာလုံးများက သူ၏မျက်လုံးများထဲကို ဝင်လာသည်။ စာလုံး၏ အသေးစိတ် ပုံစံများပါ အလွန် ရှင်းလင်း ပြတ်သားစွာ ပေါ်လာသည်။ သူက ကျောက်နံရံကြီးကို ကြည့်လိုက်လျှင် ထိုစာသားများက သူ၏စိတ်နယ်ပယ်ထဲကို ခုန်ဝင်လာကြကာ သုံးဖက်မြင်ပုံစံ ဖြစ်သွားသည်။ ထိုစာလုံးတစ်လုံးစီက ထိုအချိန်တွင် ဓားချက် ပုံသဏ္ဌာန်တစ်ခုစီအဖြစ် ပြောင်းလဲလာသည်။ ထိုအခိုက်တွင် အလွန်အားကောင်းသော ဓားအသိက သူ့စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသည်ကို ရီဖူရှင်း ရှင်းရှင်းလင်းလင်း ခံစားရကာ သူအလိုရှိပါက ဓားပညာအား စတင် လေ့ကျင့်နိုင်တော့မည့် အလားပင်။
စိတ်စွမ်းအင်နှင့်အတူ ရီဖူရှင်းက ထက်ရှသော ဓားကံစွမ်းအားက သူ့ကိုယ်ထဲတွင် ဖြစ်ပေါ်လာသည်ကို ခံစားရ၏။ သူက အတွေးများကို စုစည်းလိုက်ပြီး ရိုယွီအား ထူးဆန်းစွာ ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ...” ရိုယွီက ရီဖူရှင်း၏ထူးဆန်းသော အကြည့်ကို သတိထားမိကာ ပြန်မေးသည်။
“ဘာမှ မဟုတ်ဘူး...” သူက တိုးတိတ်စွာ ပြန်ပြောသည်။ ထို ကျောက်နံရံ ကဗျာမှ အနုပညာအသိဟု ခေါ်တွင်သော အရာကား လွယ်ကူလွန်းလှသည်။
“မိုးရေစက် ထောင်ပေါင်းများစွာ... မိုးရေလို ဝှေ့ယမ်းနေတယ်...” ယန်လူက နံရံအား ကြည့်ကာ ရေရွတ်နေသည်။
ရိုယွီ၏မျက်လုံးများ လင်းလက် တောက်ပလာကာ ပြုံးလျက်ပြောသည်... “ဘယ်လောက် ကောင်းလိုက်တဲ့ အနုပညာအသိလဲ... ဒီဓားပညာက ကြောက်ဖို့ ကောင်းလောက်အောင် ပြင်းထန်မှာပဲ...”
“ဒါပေမဲ့ ရှည်လျားလှတဲ့ တောင်ကြောတစ်လျှောက် ဆိုတာ ဘာကို ဆိုလိုတာလဲ... ပထမ စာလုံးက ဓားက မိုးရေလို အဆက်မပြတ် ဖြစ်ပေါ်လာတာကို ဖော်ပြတာ... ဒါပေမဲ့ ဒုတိယ စာကြောင်းက ဓားရဲ့ အလေးချိန်ကို ပြောတာများလား...” ယန်လူက မသေချာစွာ ပြောသည်။
“စီနီယာ အစ်ကို... ခင်ဗျားက အရမ်း ဉာဏ်ကောင်းတာပဲ... ဒါက ကဗျာရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်တဲ့နည်းလမ်း ဖြစ်မှာပဲ...” ဂူကျင့်က ပြောသည်။
ရီဖူရှင်းက မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။ သူက သည်စာလုံးများမှာ ကဗျာမဟုတ်သည်ကို သိသလို အနုပညာ အသိမဟုတ်သည်ကိုလည်း သိသည်။
“ရှင်က ဘာကို ရယ်နေတာလဲ...” ရိုလျှိုက နောက်လှည့်ကာ မေးသည်။
“ဒီနှစ်တွေမှာ ကဗျာရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့ကြဘူး... နည်းလမ်းတစ်ခုတည်း နောက်ကို လိုက်တာက အလုပ်မဖြစ်ဘူး...” ရီဖူရှင်းက ပြန်ပြောသည်။
“ဒါဆို ရှင်ကော နားလည်လား...” ရိုလျှိုက အေးစက်စွာ ပြောသည်... “ဒါဆို ကဗျာရဲ့ အဓိပ္ပာယ်အစစ်ကို ပြောလေ...”
“ဒါက ကဗျာမဟုတ်တာလည်း ဖြစ်နိုင်တယ်... ပြီးတော့ အနုပညာ အသိလည်း မရှိဘူး... ဒါတွေက စာလုံးတွေ သတ်သတ်လည်း ဖြစ်နိုင်တာပဲ...” ရီဖူရှင်းက ပြောသည်။
“အဓိပ္ပာယ်မရှိတာ...” ရီဖူရှင်း၏စကားကို ကြားလျှင် ရိုလျှိုက အေးစက်စွာ ပြောသည်... “နှစ်ပေါင်း များစွာကြာအောင် လူငယ်ပါရမီရှင်တွေက အနုပညာအသိကို ရခဲ့ကြပြီးတော့ ကံစွမ်းအားကို ဖန်တီးနိုင်ခဲ့ကြတယ်... သူတို့က ကဗျာရဲ့ တကယ့် အနက်အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ခဲ့တာပဲ ရှိတာ.... အခုရှင်က စာလုံးတွေပဲလို့ ပြောတယ်..... သူတို့အားလုံး မှားနေတယ်လို့ ရှင်ထင်တာလား.....”
“ဖြစ်နိုင်တယ်” ရီဖူရှင်း ပြုံးလျက် ပြောသည်။
ရိုလျှိုက နှာခေါင်းရှုံ့လိုက်သည်... “ရှင်က ကောင်းကင်အဆင့်ပဲ ရှိပြီးတော့ စကားပြောတာ အရမ်း ပေါက်လွတ်ပဲစား ဆန်တာပဲ... ကျွန်မတို့ အာရုံစိုက်အောင် ရှင်က ကြိုးစားနေတာလား...”
ရီဖူရှင်းက ရိုလျှိုအား ကြည့်လိုက်သည်။ သည်မိန်းမကား သူ့ထက်ပင်လျှင် မောက်မာသေးသည်။ သူက သူတို့၏ အာရုံစိုက်မှုကို ဘာကြောင့် လိုမည်နည်း။
“မင်းမှန်ပါတယ်...” ရီဖူရှင်းက သက်ပြင်းချလျက် ယူချင်းကို ပြောသည်... “သွားမယ်...”
ရိုလျှိုက သူသိသည်ဟူသော အမူအရာဖြင့် ပြုံးလိုက်သည်။
ယူချင်းက သူမအား အေးစက်စွာ ကြည့်လိုက်သည်။ သူမ၏ရုပ်ရည်မျှဖြင့် မည်သည့်နေရာက ထိုယုံကြည်မှုများ လာသနည်း။
***