ကောင်းမှုတစ်ခုလုပ်ပြီးနာမည်ကောင်းမချန်ခဲ့လို့ဖြစ်မလား
Vol. 48 Ch. 667
အခန်း (၆၆၇) ကောင်းမှုတစ်ခုလုပ်ပြီးနာမည်ကောင်းမချန်ခဲ့လို့ဖြစ်မလား
ရန်ကျောက်ကဲစကားက ရောက်လာသူများအားလုံးကို အနည်းငယ် အံ့အားသင့်သွားစေသည်။ သူက သူ့အရှေ့မှလူကို ထောက်ပြနေခြင်းဖြစ်ကြောင်း လူတိုင်းတွေးမိကြသည်။
ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က မကျေမနပ်ဖြင့်...
“မင်းရဲ့စကားတွေအားလုံးက အဓိပ္ပါယ်မရှိဘူး”
ယိုးမင်ဂိုဏ်းမှ အကြီးအကဲက...
“သူများအကြောင်းမသိဘဲ စကားကိုအရမ်းမပြောနဲ့ ၊ ဘာလဲ... မင်းတို့ သူ့ကိုအလောတကြီး သတ်ဖို့ရောက်လာတာ နှုတ်ပိတ်ဖို့ကြိုးစားတာလား”
ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းက နဂိုကပင် ရန်ငြိုးရန်စရှိသူများ ဖြစ်ကြသည်။
ဘုံရန်သူဖြစ်သော တာ့ရွှမ်တိုင်းပြည်ကိုသာ တိုက်ခိုက်ရခြင်း မရှိပါက နှစ်ဦးနှစ်ဘက် ကာလရှည်ကြာ တိုက်ပွဲကြီးတစ်ခု အဆုံးမသတ်နိုင်အောင် တိုက်ခိုက်ကြပေလိမ့်မည်။ တာ့ရွှမ်တိုင်းပြည်ကြောင့်သာမဟုတ်လျှင် သူတို့နှစ်ဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း သည်းခံပြီး လက်တွဲကြမည် မဟုတ်ပေ။
ယခု သူတို့က တာ့ရွှမ်တိုင်းပြည်ကို တော်လှန်ရန် စခန်းတစ်ခုတည်းတွင် နေထိုင်ကြသည့်တိုင် အချင်းချင်း ဆက်ဆံရေး ကောင်းကြသည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ကွမ်းမင်ဂိုဏ်းမှ နုန်ယွိရွှမ် သိက္ခာကျမည့်ဖြစ်ရပ်ကို တွေ့မြင်ရသည့်အခါ ယိုးမင်ဂိုဏ်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်မှာ သဘာဝပင်။
‘နေမရှိလရိပ်’ ထုံးတမ်းပွဲတော်မှ အကျိုးကျေးဇူးများက ရန်ကျောက်ကဲလက်ထဲကျရောက်သွားသဖြင့် ယိုးမင်ဂိုဏ်းအနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ရသော်လည်း တာ့ရွှမ်တိုင်းပြည်၏တိုက်ခိုက်မှုကြောင့် ပွဲတော်သည်လည်း ပျက်ဆီးသွားရသည်ဖြစ်ရာ အခွင့်အရေးရသွားသော ရန်ကျောက်ကဲအပေါ် အပြစ်မဆိုသာပေ။
ဤထုံးတမ်းပွဲတော်မှ စွမ်းအားများ ရန်ကျောက်ကဲလက်ထဲကျရောက်မသွားပါက ကွမ်းမင်ဂိုဏ်းမှ နုန်ယွိရွှမ်လက်ထဲ ရောက်သွားနိုင်သည်။ ထို့ကြောင့် ယိုးမင်ဂိုဏ်းအနေဖြင့် ပွဲတော်မှ အကျိုးအမြတ်များကို ရန်ကျောက်ကဲရရှိသွားသည်ကို လက်ခံနိုင်ခဲ့ပေသည်။
ယခု ကွမ်းမင်ဂိုဏ်းက သူတစ်ပါးဂုဏ်ပုဒ်ခိုးယူသည်ဆိုသော ဖုန်မှုန့်စားသည့်အလုပ်အတွက် အပြစ်တင်ရန် အခွင့်အရေးရလာပြီဖြစ်ရာ သေချာပေါက် ရန်ကျောက်ကဲဘက်မှ ရပ်တည်ပေးမည် ဖြစ်သည်။
ကွမ်းမင်ဂိုဏ်းမှတစ်ယောက်က အေးစက်စွာရယ်မောလိုက်ပြီး...
“အသားထဲကလောက်ထွက်တဲ့ကောင်တွေ... ငါတို့ဂိုဏ်းကို အပြစ်ရှာချင်တာနဲ့ မင်းတို့က အစဆွဲထုတ်ကြတော့တာပဲ”
“အပြစ်ပြောချင်ရင်တောင် အခြေအနေကို အရင်ကြည့်ရတယ်ကွ ၊ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို တာ့ရွှမ်တိုင်းပြည်က ပညာရှင်တွေထက်တောင် ငါတို့ဂိုဏ်းက အကြီးအကဲ’နုန်’ က နားလည်သဘောပေါက်ထားတာ”
ထို့နောက်သူက ရန်ကျောက်ကဲကို ခြေဆုံးခေါင်းဆုံး အကဲခတ်ရင်း...
“ဒီလိုအလုပ်ကြီးအကိုင်ကြီးမျိုးကို သိုင်းဆရာသခင်တစ်ယောက်က လုပ်နိုင်မတဲ့လား ၊ ဟာသပဲ...”
ယိုးမင်ဂိုဏ်းအကြီးအကဲက...
“အေးလေ... အဲဒီလိုဆိုရင်လည်း မင်းတို့က ဒီကောင်လေးကိုသတ်ဖို့ ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ”
ရန်ကျောက်ကဲစကား မှန်သည်လား မှားသည်လား ယိုးမင်ဂိုဏ်းမှအကြီးအကဲ မသိရှိသော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားသည်။
သူတို့ဂိုဏ်း၏ ‘နေမရှိလရိပ်’ ထုံးတမ်းပွဲတော်အတွင်း ရန်ကျောက်ကဲက အစီအရင်စွမ်းအားကို အသုံးပြုပြီ ဂိုဏ်းခွဲတစ်ခုမှ အဓိကပလ္လင်ရှိရာသို့ အထိအခိုက်မရှိဘဲ ရောက်လာခဲ့သည် မဟုတ်လား။
ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အနည်းဆုံးတော့ ရန်ကျောက်ကဲက ထူးခြားသူတစ်ယောက်ဖြစ်သည် အမှန်ပင်။
ထို့ကြောင့် ယိုးမင်ဂိုဏ်းက သူ့ကို ကျောထောက်နောက်ခံပြုပေးရန်အတွက် ယုံကြည်မှုအချို့ ရှိခဲ့သည်။
မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ’ချီ’ က ဖြည်းညင်းစွာဖြင့်...
“ကြယ်ရောင်ဘုရင်’နုန်’ က ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဘယ်လိုချိုးဖျက်သလဲဆိုတဲ့နည်းလမ်းက အခုချိန်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး ၊ အဲဒီနေရာက အဖြစ်အပျက်တွေကို ဂိုဏ်းပေါင်းစုံက ဝါရင့်အကြီးအကဲတွေ စစ်ဆေးကြည့်ပြီးတဲ့နောက် ဒီနည်းလမ်းက အမှားအယွင်းမရှိ စိတ်ချရတဲ့နည်းလမ်းလို့ ပြောကြတယ် ၊ မျှော်စင်နယ်မြေတစ်ခုလုံးက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ပျက်ဆီးသွားပြီး မြေအောက်သွေးကြောတွေ လှုပ်ခါသွားစေဖို့ ကြယ်စင်ကိုးပွင့် နည်းလမ်းနဲ့ အတိအကျ ပြုလုပ်ခဲ့တာပဲ”
ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“အခု ‘ရန်’ သခင်လေးက အစီအရင်ကို ချိုးဖျက်တဲ့သူလို့ ပြောနေတော့ အဲဒီအကြောင်း သက်သေပြနိုင်တဲ့သူ ရှိသလား”
ပြောပြီးသည်နှင့် သူက ဘေးနားတွင်ရပ်နေသည့် ယွဲ့ပေါင်ချီကို လှမ်းကြည့်လိုက်သည်။ ဒါကိုမြင်တော့ အကြီးအကဲ’ချီ’ က သူ့ကို သံသယရှိနေကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်၏။
မည်သို့ပင်ဖြစ်စေ ယွဲ့ပေါင်ချီက ဤကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သလို အကြီးအကဲ’ချီ’ သည်လည်း တုန်လှုပ်ခြင်း မရှိပေ။
အနည်းဆုံးတော့ အကြီးအကဲ’ချီ’ သည် ရန်ကျောက်ကဲအား “သိုင်းဆရာသခင်အဆင့်မျှဖြင့် စကားကြီးစကာကျယ်ပြောသည်” ဟု ပြင်းထန်စွာ အပြစ်တင်ခြင်း မရှိပေ။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“သက်သေဆိုရင်တော့... ဘာမှမရှိဘူး”
ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်က အေးစက်စွာပြုံးရင်း...
“ဒါဖြင့် မင်းလိမ်တာထင်ရှားနေတာပဲလေ ၊ မင်းနဲ့အတူ လုပ်ဇာတ်ခင်းမယ့် ကြံရာပါတွေကလွဲရင် သက်သေအစစ်အမှန်ဆိုတာ ရှိမှာမဟုတ်ဘူး”
ထိုစကား၏အဓိပ္ပါယ်ကိုနားလည်လိုက်တော့ ယွဲ့ပေါင်ချီ မျက်မှောင်ကြုံ့လိုက်သည်။
ရန်ကျောက်ကဲက ကောင်းကင်မွေခံနယ်မြေသို့ရောက်သည်နှင့် မြောက်ပင်လယ်ဓားခန်းမနှင့် ယွဲ့ပေါင်ချီကို အရင်ဆုံးရှာဖွေခဲ့သဖြင့် ကွမ်းမင်ဂိုဏ်းမှလူများက ထိုသို့သောစကားဆိုခြင်း ဖြစ်သည်။
သို့သော် သူမက ရန်ကျောက်ကဲ အစီအရင်ကို ချိုးဖျက်ခဲ့ခြင်းအား အမှန်တကယ် တွေ့မြင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူမ ပြောနိုင်သည့်အရာ မရှိခဲ့ပေ။
ယိုးမင်ဂိုဏ်းအကြီးအကဲက...
“ဒီလိုပြောကြေးဆိုရင် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို နုန်ယွိရွှမ်ဖျက်ဆီးခဲ့တယ်ဆိုတာလည်း အပြောပဲရှိတာလေ ၊ သက်သေပြနိုင်မယ့် တခြားသူတွေ ရှိလို့လား”
တစ်ချိန်လုံးတိတ်ဆိတ်နေသော ကြေးနီကျွန်းမှ အကြီးအကဲတစ်ယောက်က ဖြည်းညင်းသည့်လေသံဖြင့် စကားဝင်ပြောသည်။
“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကိစ္စက အသေးအဖွဲမဟုတ်ဘူး ၊ တာ့ရွှမ်တိုင်းပြည်က အဲဒီအစီအရင်တစ်ခုလုံး တည်ဆောက်ထားပြီးပြီ ၊ အချိန်မရွေး အသက်သွင်းဖို့ပဲ လိုတော့တာ”
“ဒါကြောင့် အစီအရင်ကို ချိုးဖျက်နိုင်တဲ့နည်းလမ်းရှိတယ်ဆိုရင်တောင်မှ အချိန်ကိုငဲ့ပြီး တတ်နိုင်သမျှ မြန်မြန်လုပ်မှ ရမှာ ၊ အဲဒီလိုအချိန်မှာ ဘယ်သူက သက်သေရှာနေဖို့ အချိန်ရမှာလဲ”
ကြေးနီကျွန်းမှ အကြီးအကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...
“ကြယ်ရောင်ဘုရင်’နုန်’ က အစီအရင်ကိုချိုးဖျက်တဲ့နည်းလမ်းကို ရှင်းပြနိုင်ခဲ့ပြီး သိုင်းဂိုဏ်းပေါင်းစုံက တန်ခိုးစွမ်းအားရှင်တွေကလည်း အဲဒါကို အတည်ပြုခဲ့တယ် ၊ ဒီတော့ ဒီ လူငယ်လေး’ရန်’ က သူ့လုပ်ရပ်ကို ခိုးယူတယ်လို့ စွပ်စွဲတာကတော့ တဆိတ် မလွန်လွန်းဘူးလား ၊ ပြီးတော့ မင်းတို့နှစ်ယောက်က ရန်ငြိုးရှိတဲ့သူတွေ ဖြစ်နေတယ်”
သူက ရန်ကျောက်ကဲနှင့် ယိုးမင်ဂိုဏ်းအကြီးအကဲကို တစ်ချက်ဝေ့ကြည့်ရင်း...
“ဒါကြောင့် ဒီအဘိုးကြီးကတော့ ဒီပြဿနာကို သေသေချာချာ ဖြေရှင်းသင့်တယ်လို့ ထင်ပါတယ် ၊ ဒါမှ ငါတို့ရဲ့ အကြံအစည်တွေ အကြောင်းမရှိဘဲ မပျက်ဆီးမှာလေ ၊ အားလုံးပဲ... အခုချိန်မှာ တာ့ရွှမ်တိုင်းပြည်နဲ့တိုက်ခိုက်နေတာ ... ငါတို့ဘက်မှာ အားသာချက်မရှိဘူး ၊ ငါတို့ နည်းနည်းလေး သတိလွတ်တာနဲ့ အားလုံး ပျက်သုဉ်းသွားရလိမ့်မယ်”
မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ’ချီ’ က ခဏမျှတိတ်ဆိတ်သွားချိန် ယိုးမင်ဂိုဏ်းမှ အကြီးအကဲက မျက်ခုံးများ တွန့်ချိုးထားသည်။
ကြေးနီကျွန်းအကြီးအကဲ၏စကားများက ကွမ်းမင်ဂိုဏ်းသို့ ဘက်လိုက်နေသည်မှာ ထင်ရှားသည်။
နုန်ယွိရွှမ်ရော ရန်ကျောက်ကဲရောက ကိုယ်ပိုင်တောင်းဆိုချက်များကို ဆုပ်ကိုင်ထားပြီး သက်သေအထောက်အထားမရှိသဖြင့် အမှန်တရားကို ခန့်မှန်းနိုင်ရန် ခက်ခဲသည်။
ရန်ကျောက်ကဲ၏ ဂုဏ်ပုဒ်ကို နုန်ယွိရွှမ်က ခိုးယူခဲ့ကြောင်း ခိုင်လုံသော သက်သေအထောက်အထားမရှိဘဲ အလွယ်တကူ ယုံကြည်နိုင်မည် မဟုတ်ပေ။
လွယ်လွယ်နှင့် သက်သေမပြနိုင်သဖြင့် သူတို့နှစ်ယောက်ယှဉ်ပြိုင်ရန် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ပြန်လည်တည်ဆောက်ရန်မှာလည်း အစီအရင်ပြုလုပ်ရန် ပစ္စည်းပစ္စယများက အလုံအလောက် မရှိပေ။
ထိုသို့သောအခြေအနေမျိုးတွင် ကွမ်းမင်ဂိုဏ်းဘက်သို့ အလေးသာသည်မှာ သဘာဝကျပေသည်။
နုန်ယွိရွှမ် ဂုဏ်သတင်း မည်မျှကျော်ကြားသည်ကို အသာာထား ၊ တာ့ရွှမ်တိုင်းပြည်ကို ဆန့်ကျင်သည့်စစ်ပွဲတွင် မည်သူကပိုပြီးအရေးပါသည်ကိုကြည့်ရုံဖြင့် မည်သူမဆို နုန်ယွိရွှမ်ဘက်သို့သာ အလေးပေးကြမည် အမှန်ပင်။
မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ’ချီ’ က အတော်လေး ချီတုံချတုံ ဖြစ်နေသည်။
သို့သော် ကြေးနီကျွန်းမှလူများကတော့ အလုံးစုံအခြေအနေတည်ငြိမ်မှုကို အကြောင်းပြပြီး နုန်ယွိရွှမ်က ရန်ကျောက်ကဲ၏ ဂုဏ်ပုဒ်ကို အမှန်တကယ်ခိုးယူခဲ့လျှင်ပင် သက်သေမရှိသဖြင့် လိမ်ညာဟန်ဆောင်နေကြမည်သာ။
အကြီးအကဲ’ချီ’ နှင့် ယိုးမင်ဂိုဏ်းအကြီးအကဲတို့သည် ကြေးနီကျွန်းအကြီးအကဲကို လှမ်းကြည့်လိုက်ကြသည်။
စကားမပြောဘဲ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်ရင်း အကြီးအကဲ’ချီ’ နှင့် ကြေးနီကျွန်းအကြီးအကဲမျက်လုံးများထဲတွင် စကားလုံးများတွေ့မြင်လိုက်ရသည်။
“ဒီအတိုင်းပဲထားလိုက်တော့”
အကြီးအကဲ (၃)ယောက်၏ မျက်လုံးအချိတ်အဆက်နှင့် ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများ၏ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများကိုကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောလိုက်၏။
သူက...
“မျက်မြင်သက်သေ မရှိပေမယ့် ရုပ်ဝတ္ထုသက်သေ ရှိပါတယ်”
ထိုစကားကိုကြားတော့ အားလုံး တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။
ရန်ကျောက်ကဲလက်ထဲတွင် စက်ဝန်းတစ်ခု ပေါ်လာသည်။
သူက မနှေးမမြန်လေသံဖြင့်...
“ဟွမ်ကျိက တကယ့်ကောင်ပဲ ၊ ဒါပေမဲ့ သူက သူ့အတွေးအမြင်တွေကို တခြားသူတွေရှေ့ အလွယ်တကူ ထုတ်မပြတတ်တဲ့အတွက် အမြဲတမ်း လျှို့ဝှက်စွာပဲ လှုပ်ရှားတတ်တယ် ၊ ဒါကြောင့် သူ့မှာဒီပစ္စည်းရှိနေတာ သူ့ရဲ့ဂိုဏ်းတူမောင်နှမတွေ မသိခဲ့ကြဘူး ၊ သူ့အဖေ ဟွမ်ရှု ၊ သူ့အဘိုး ဟွမ်ကွမ်လီတို့တော့ သိကောင်းသိနိုင်ပေမယ့် မန်ဝမ်တို့ ၊ ထန်ယုံဟောင်တို့ကတော့ သိမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဒါကြောင့် ဟွမ်ကျိမှာ ဒီလိုပစ္စည်းတစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတာ မင်းတို့ ကွမ်းမင်ဂိုဏ်းကလူတွေ မသိခဲ့ကြတာပေါ့ ၊ သူ့ကိုသတ်လိုက်တော့ သူ့ပစ္စည်းက ငါ့ပစ္စည်းဖြစ်သွားတယ်လေ ၊ မင်းသာဒီအကြောင်းကိုသိထားရင် ဒီလိုလုပ်မှာ မဟုတ်ဘူးမလား”
ထို့နောက်ရန်ကျောက်ကဲက စက်ဝန်းကို အသာအယာပုတ်လိုက်ကာ လေထဲသို့ ပျံသန်းစေလိုက်သည်။
“ဒီပစ္စည်းကို ကောင်းကင်သူလျှိုစက်ဝန်းလို့ခေါ်တယ် ၊ အထဲမှာ မှတ်တမ်းတင်ထားတာကို အတုအယောင်လုပ်လို့မရသလို ပြောင်းလဲလို့လည်း မရဘူး”
ထို့နောက် စက်ဝန်းမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ပေါ်လာသည်။
မြင်ကွင်းထဲတွင် ရန်ကျောက်ကဲက ဓားကိုးလက်ကိုတစ်ပြိုင်တည်းအသုံးပြုပြီး ပကတိမြေပြင်သွေးကြော ကိုးနေရာကို ထိုးဖောက်ခဲ့ပုံအား အံ့သြဖွယ်ရာ မှတ်တမ်းတင်ထားသည်။ သူ့လုပ်ရပ်ကြောင့် မျှော်စင်နယ်မြေ မြောက်ပိုင်းရှိ မြေအောက်မီးတောက်များ လောင်ကျွမ်းလာပြီး ကောင်းကင်ထက်မှ မိုးကြိုးမီးတောက်များ ပြိုဆင်းလာမှုအား ဖြစ်ပွားစေခဲ့သည်။
မြောက်ပင်လယ်ခန်းမ ၊ ကြေးနီကျွန်းနှင့် ယိုးမင်ဂိုဏ်းမှ အကြီးအကဲများ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်သွားကြပြီး နုန်ယွိရွှမ်ကို တစ်ပြိုင်တည်းလှမ်းကြည့်လိုက်ကြသည်။
နုန်ယွိရွှမ်က ရန်ကျောက်ကဲကို ခွင့်မလွှတ်နိုင်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲက သူ့ကို သိမ်မွေ့စွာပင် ပြန်ကြည့်လိုက်၏။
ပေါ်လွင်ထင်ရှားသည်ကို သဘောကျပြီး ကြွားဝါရသည်ကိုနှစ်သက်တဲ့ မင်းတို့အစ်ကိုကြီးက ကောင်းမှုတစ်ခုလုပ်ပြီး နာမည်ကောင်းမယူလို့ ဖြစ်ပါ့မလားကွာ...။