← Chapters

အမှန်တရားပေါ်လာတော့ အရှက်ကွဲရပြီ

Vol. 48 Ch. 668

အမှန်တရားပေါ်လာတော့ အရှက်ကွဲရပြီ

Vol. 48 Ch. 668

အခန်း (၆၆၈) အမှန်တရားပေါ်လာတော့ အရှက်ကွဲရပြီ

ရန်ကျောက်ကဲ၏ ဆောင်ပုဒ်မှာ ကြီးကျယ်သောအရာများပြုလုပ်ရန်အတွက် ပရိတ်သတ်များရှိရန်လိုအပ်သည်ဟူ၍ ဖြစ်သည်။ သို့သော် ပရိတ်သတ်မရှိဘူးဆိုလျှင်တော့ ဖန်တီးယူရပေလိမ့်မည်။

ကြေးနီကျွန်းမှ အကြီးအကဲပြောခဲ့သလိုပင် အ‌ရေးပေါ်အခြေအနေပြုလုပ်ရသည်တွင် အဘယ်မှာ သက်သေရှာရန် အချိန်ရပါမည်နည်း။

ယွဲ့ပေါင်ချီက ခန်းကျင်းယွမ်ကို ဖမ်းဆီးနိုင်ရန်အတွက် သူမကိုယ်သူမ ငါးစာအဖြစ် အသုံးပြုပေးခဲ့သည်။ သူမ အန္တရယ်ကင်းရန်အတွက် တာဝန်ပြီးသည်နှင့် ချက်ချင်းထွက်ခွာသွားခဲ့ပြီး ရန်ကျောက်ကဲနှင့်အတူ ဆက်ရှိမနေတော့ပေ။

ထိုအချိန်တွင် ရန်ကျောက်ကဲက ကောင်းကင်သူလျှိုစက်ဝန်းအသုံးပြုပြီး ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ချိုးဖျက်ခြင်း ဖြစ်စဉ်တစ်ခုလုံးအား လျှို့ဝှက်မှတ်တမ်းတင်ထားခဲ့သည်။

ကောင်းကင်သူလျှိုစက်ဝန်းမှ အလင်းရောင်များလင်းလက်လာသည့်အခါ ကွမ်းမင်ဂိုဏ်းမှလူများက တစ်ခုလုမှားနေသည်ဟု အာရုံခံမိပြီး ထိုပစ္စည်းကိုဖျက်ဆီးပစ်ရန် ကြိုးစားကြသည်။

သို့သော် ယိုးမင်ဂိုဏ်းမှလူများက သူတို့ကိုဟန့်တားရန် ရှေ့တိုးလာကြ၏။

ကြေးနီကျွန်းမှသိုင်းကျင့်ကြံသူများက မျက်မှောင်ကြုံ့လိုက်ကြသည်။ သူတို့ကလည်း ရှေ့သို့တိုးရန်ဟန်ပြင်လိုက်သော်လည်း မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ’ချီ’ နှင့် အခြားသူများက သူတို့ကို လှောင်ပြောင်သည့်အမူအရာဖြင့် ချက်ချင်း ပိတ်ဆို့ထားလိုက်ကြသည်။

နှစ်ဘက် မတိုးသာမဆုတ်သာအခြေအနေသို့ ခေတ္တကျရောက်သွားချိန်မှာပင် ကောင်းကင်သူလျှိုစက်ဝန်းမှ အလင်းတန်းများထဲတွင် ပုံရိပ်များ ထွက်ပေါ်လာပြီ ဖြစ်သည်။

အလင်းတန်းမြင်ကွင်းဆီမှ ရန်ကျောက်ကဲ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ထူးခြားသောနည်းလမ်းများကိုကြည့်ရင်း သူတို့အားလုံး နုန်ယွိရွှမ်ကို လှမ်းကြည့်လိုက်မိကြသည်။

မြင်ကွင်းကို ကြည့်မြင်ရသူအားလုံး အလွန် ပညာရသွားသည်ဟု ယူဆနိုင်သည်။

ကောင်းကင်သူလျှိုစက်ဝန်းမှာ အလွန်ရှားပါးသော်လည်း အလိမ်အညာမဟုတ်ကြောင်း အားလုံးက အသိအမှတ်ပြုကြသည်။

သူတို့အားလုံးက ဤပစ္စည်းအသုံးပြုမှုနှင့် လက္ခဏာများကို ကောင်းကောင်းသိရှိကြသည်ပင်။

ဤရတနာသည် မျက်မြင်သက်သေများထက် များစွာသာလွန်သည်။ လူသားမျက်မြင်သက်သေဆိုလျှင်တောင်မှ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းကြံစည်မှု ဖြစ်နိုင်ပေသေး၏။

ယိုးမင်ဂိုဏ်းမှအကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း...

“ကြယ်ရောင်တောက်ပဘုရင် ‘နုန်ယွိရွှမ်’ ... နှစ်ပေါင်းတစ်ရာမှာ တစ်ခါပေါ်လာတဲ့ ပါရမီရှင်အဖြစ် အရင်ဧကရာဇ်လမ်းကို လိုက်လျှောက်မယ်လို့ မျှော်လင့်ခဲ့ကြတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီအဘိုးကြီး မှတ်မိသလောက် အရင်ဧကရာဇ်က မင်းလောက် အရှက်မရှိတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူး”

မြောက်ပင်လယ်ဓားခန်းမမှ သိုင်းသမားများကလည်း ကွမ်းမင်ဂိုဏ်းမှလူများကို လှမ်းကြည့်လိုက်ကြသည်။ စကားတစ်လုံးမှ မဆိုသော်လည်း မကျေမနပ်ဖြစ်နေသည့်အမူအရာများကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရ၏။

သူတို့အားလုံးက တာ့ရွှမ်တိုင်းပြည်ကို အတူတကွ ဆန့်ကျင်တော်လှန်နေကြသူများဖြစ်သည်။ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်လိုက်သည့်အခါ အိမ်ရှင်ဖြစ်သည့် မြောက်ပင်လယ်ဓားခန်းအတွက် များစွာအကျိုးကျေးဇူးရှိခဲ့သည်။

ထို့ကြောင့် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်ခဲ့ပါသည်ဆိုသော နုန်ယွိရွှမ်ကို မြောက်ပင်လယ်ဓားခန်းမက အလွန်တရာ ကျေးဇူးတင်ခဲ့ကြသည်။

ယခု အမှန်တရားပေါ်လာသည့်အခါ အကြီးအကဲ’ချီ’ နှင့် အခြားသူများအားလုံးမှ အရူးလုပ်ခံရသလို ခံစားကြရသည်။

နုန်ယွိရွှမ်က ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲက ပေါ့ပါးစွာပင် ရယ်မောလိုက်ပြီး...

“ကောင်းကင်သူလျှိုစက်ဝန်းထဲက မှတ်တမ်းမှတ်ရာတွေကို အတုလုပ်လို့မရသလို ပြုပြင်ပြောင်းလဲလို့လည်း မရပါဘူး ၊ အတိအကျပြောရရင် သိုင်းသူတော်စင်အဆင့်အထက်ရှိတဲ့ စွမ်းအားရှင်ကြီးတွေကတော့ ပြောင်းလဲနိုင်ကြပါတယ်”

ရန်ကျောက်ကဲက ပြုံးရင်း ပခုံးတစ်ချက်တွန့်လိုက်သည်။

ထိုစကားကိုကြားတော့ လူတိုင်းက စိတ်ဆိုးမာန်ဆိုး သူ့ကိုလှမ်းကြည့်လိုက်ကြသည်။

သူ့စကားအဓိပ္ပါယ်အရ သူ့သက်သေက မှန်လျှင်မှန် ၊ မမှန်လျှင် သူ့နောက်ကွယ်တွင် သိုင်းသူတော်စင်အဆင့်ထက် မြင့်မားသော တကယ်စွမ်းအားရှင်ကြီးတစ်ယောက်ရှိနေသည်ဟု အဓိပ္ပါယ်ရောက်သည် မဟုတ်ပါလား။

မည်သည့်ဖြစ်နိုင်ခြေကို ယုံကြည်ဖို့ ရွေးချယ်ပါမည်နည်း။

ကွမ်းမင်ဂိုဏ်းမှလူများက တစ်စုံတစ်ခု ပြောလိုက်ချင်သော်လည်း ပြောစရာစကားပျောက်ဆုံးလျှက် မျက်နှာများလည်း အကျည်းတန်လျှက် ရှိကြ၏။

ရန်ကျောက်ကဲ စောစောက ပြောခဲ့သည့်စကားဖြစ်သော...

“ကလိန်ကကျစ်လုပ်တယ်ဆိုတာ တကယ်တော့ နှစ်ဖက်ချွန်တာကို ပြောတာ ၊ မင်းက ရန်သူကို မျက်လုံးတစ်ဖက်မှိတ်ပြသလို မဟာမိတ်တွေကိုလည်း မျက်လုံးတစ်ဖက်မှိတ်ပြတဲ့အလုပ်မျိုး လုပ်နေတဲ့ကောင်ပဲ”

ဆိုသည့်စကားမှာ သူတို့ကွမ်းမင်ဂိုဏ်းကို ပြောခြင်းမဟုတ်ပေ။

အတိတ်တစ်ချိန်က ဟွမ်ကျိကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

ကောင်းကင်သူလျှိုစက်ဝန်းသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ရှိနေကြောင်း သူတို့ မသိခဲ့ကြပေ။ ထိုပစ္စည်းသည် ဟွမ်ကျိလက်ထဲတွင် ရှိနေကြောင်းလည်း သူတို့မသိကြပေ။

ကွမ်းမင်ဂိုဏ်းမှ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ စေလွှတ်ခဲ့သော တိန့်စန်းတို့အုပ်စုမှာလည်း မထင်မှတ်သော နိဂုံးဖြင့် ဆုံတွေ့ခဲ့ကြပြီး တစ်ယောက်မှ ပြန်‌ရောက်မလာကြတော့ပေ။

ခရမ်းရောင်နေသူတော်စင်ကျန်းချောင် ၊ မန်ဝမ် ၊ ထန်ယုံဟောင်တို့သည် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ ခေါ်ဆောင်လာခြင်းခံရသော်လည်း ဟွမ်ကျိတွင် ကောင်းကင်သူလျှိုစက်ဝန်းရှိနေကြောင်း မသိခဲ့ကြပေ။

ထိုသို့တွေးမိသည့်အခါ ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများအားလုံး မည်သို့မှမတတ်နိုင်စွာ နာကျင်ခံစားကြရသည်။

တစ်ချိန်က ကွမ်းမင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲများက အရေးပါသူတစ်ယောက်ဟု ရှုမြင်ခဲ့ကြသော ဟွမ်ကျိဆိုသော လူငယ်မှာ အသက်သေဆုံးသွားသည့်တိုင် ကွမ်းမင်ဂိုဏ်းကို ဓားတစ်လက်ပမာ ထိုးနှက်ခဲ့ပေသည်။

ကြေးနီကျွန်းမှ အကြီးအကဲက အတော်ပင် အဆင်မပြေဟန်ဖြင့် တိတ်ဆိတ်ငြိမ်သက်နေသည်။ ရန်ကျောက်ကဲနှင့် နုန်ယွိရွှမ်အပေါ် ထားရှိသော သဘောထားများလည်း ပြောင်းလဲသွား၏။

ခိုင်မာသောအထောက်အထားကို တွေ့မြင်ရပြီဖြစ်ရာ ကွမ်းမင်ဂိုဏ်းကို ဆက်လက်ထောက်ခံရန် နည်းလမ်းမရှိတော့ပေ။ အမှန်အတိုင်းပြောရလျှင် အရည်အချင်းရှိသော ရန်ကျောက်ကဲအပေါ် သူကိုယ်တိုင် လေးစားမိသည် အမှန်ပင်။

သို့သော် မိုးကောင်းကင်၏ မျက်နှာသာပေးခံရသော အနှီလူငယ်လေးသည် ယခုအချိန်ထိ ကွမ်းမင်ဂိုဏ်းနှင့် ယှဉ်နိုင်ခြင်း မရှိသေးပါပေ။

ထိုလူငယ်က မကြုံစဖူး အနာဂတ်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး အလားအလာကောင်းလှသည်။ သို့သော် ကွမ်းမင်ဂိုဏ်းဆိုသည်က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုနှင့် များပြားလှစွာသော နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းကျင့်ကြံသူများစွာကို ပိုင်ဆိုင်ထားသော ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်၏။

ထို့ကြောင့် ကွမ်းမင်ဂိုဏ်းနှင့် ရန်ကျောက်ကဲဆိုလျှင် ကြေးနီကျွန်းက ကွမ်းမင်ဂိုဏ်းကိုသာလျှင် ရွေးချယ်မည်သာ။

စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်ကွာခြားချက်များကြောင့် ထိပ်သီးအင်အားစုကြီးများသည် တရားမျှတမှုကို ချေမှုန်းပစ်တတ်ကြသည်။ ကြီးမားသော သြဇာအာဏာဖြင့် အမှန်တရားကို ဝယ်ယူတတ်ကြသည်။ သူတို့အနေဖြင့် ရန်ကျောက်ကဲကို နှုတ်ပိတ်ပြီး သက်သေကို ဖျက်ဆီးပစ်လိုက်လျှင် ကိစ္စပြတ်ပေပြီ။

သို့သော် ယိုးမင်ဂိုဏ်းနှင့် မြောက်ပင်လယ်ဓားခန်းမတို့က ထိုသို့ ပြုလုပ်မည်မဟုတ်ပေ။ အထူးသဖြင့် ယိုးမင်ဂိုဏ်းက သေချာပေါက် ကိစ္စရပ်များကို လွယ်ကူစေမည် မဟုတ်ပေ။

ထိုဂိုဏ်းနှစ်ခု ကြားခံနေသဖြင့် ကြေးနီကျွန်းသည်လည်း ကွမ်းမင်ဂိုဏ်းကို ကူညီနိုင်မည် မဟုတ်ပေ။

မြောက်ပင်လယ်ဓားခန်းမမှ အကြီးအကဲ’ချီ’ က ဖြည်းညင်းသောအသံဖြင့်...

“’ရန်’ သခင်လေးက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်ပြီး ငါတို့ဂိုဏ်းရဲ့ ဓားချီကမ္ဘာကို အန္တရယ်က ကယ်တင်ခဲ့လို့ ဒီအဘိုးကြီး အရမ်းကျေးဇူးတင်မိပါတယ်”

သူ့စကားက ကွမ်းမင်ဂိုဏ်းနှင့် ကြေးနီကျွန်းမှလူများကို ကျောက်တုံးနှင့် ထုချလိုက်သည့်အလား ဖြစ်သည်။

တကယ်တမ်း ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်သူမှာ ရန်ကျောက်ကဲ ဖြစ်ပြီး နုန်ယွိရွှမ် မဟုတ်ခဲ့ပေ။

လူတိုင်းက သက်ပြင်းချရင်း...

“မြောက်ပင်လယ်ဓားခန်းမကတော့ သူ့ပုံစံအတိုင်း ခိုင်ကြည်စွာ ရပ်တည်နေဆဲပဲ...”

နုန်ယွိရွှမ်သည် ကွမ်းမင်ဂိုဏ်း အကြီးအကဲများထဲတွင် အပြောင်မြောက်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ငယ်စဉ်ကပင် ကျူတောပင်လယ်ဒေသတစ်ခုလုံးကို တုန်လှုပ်စေသော ကောင်းကင်ဘုံအချစ်ခံ သားတော်တစ်ပါး ဖြစ်ခဲ့သည်။ လက်ရှိမှာတော့ သူက ကွမ်းမင်ဂိုဏ်း၏ အရေးပါသော မဏ္ဍိုင်တစ်ခုအဖြစ် တဖြည်းဖြည်း အခွင့်အာဏာ ကြီးထွားလာနေသည်။

ထို့ပြင် သူက ကွမ်းမင်ဂိုဏ်းကို ကိုယ်စားပြုသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ တာ့ရွှမ်တိုင်းပြည်သည်ပင် သူ၏ အရေးပါမှုကို အသိအမှတ်ပြုခဲ့ပြီး ကွမ်းမင်ဂိုဏ်းကတော့ သူ့ကို များစွာ ပံ့ပိုးကူညီပေးသည်မှာ ငြင်းစရာမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် နဂိုက ရန်ကျောက်ကဲနောက်ခံသည် မရှင်းလင်းသော်လည်း ကွမ်းမင်ဂိုဏ်း၏ ရည်ရွယ်ချက်ရှိရှိကြိုးစားမှုကြောင့် ထိုလူငယ်အကြောင်း တဖြည်းဖြည်း သိခွင့်ရလာကြသည်။

ရန်ကျောက်ကဲဆိုသည်မှာ ကျောထောက်နောက်ခံ မယ်မယ်ရရမရှိသည့် အောက်ဘုံကမ္ဘာမှ လူငယ်တစ်ယောက်သာဖြစ်ကြောင်း ကွမ်းမင်ဂိုဏ်းက ဆိုသည်။

ကွမ်းမင်ဂိုဏ်း၏စကားကို လူတိုင်းက မယုံကြည်ကြသော်လည်း အားလုံးကတော့ သံသယကိုယ်စီ ရှိနေကြ၏။

ထိုသို့သောအခြေအနေမျိုးမှာပင် မြောက်ပင်လယ်ဓားခန်းမက ကွမ်းမင်ဂိုဏ်းကို စော်ကားမိမည်ကို စိုးရိမ်ခြင်းမရှိဘဲ နောက်ခံမရှိသော ရန်ကျောက်ကဲအတွက် တရားမျှတမှုရစေရန် ထောက်ခံပေးခဲ့ကာ နုန်ယွိရွှမ်၏ သိက္ခာမဲ့စွာ သူများဂုဏ်ပုဒ်ခိုးယူမှုကို ပေါ်လွင်အောင် ထုတ်ဖော်ပြသခဲ့သည်။

ယိုးမင်ဂိုဏ်းနှင့်မတူဘဲ မြောက်ပင်လယ်ဓားခန်းမက ကွမ်းမင်ဂိုဏ်းနှင့် ပုံမှန်ဆက်ဆံရေးရှိခဲ့သည်။ သို့သော် သူတို့နှစ်ဂိုဏ်းကြားတွင် ကျေးဇူးခံကျေးဇူးစား မရှိသလောက်ဖြစ်ပြီး ယခင်ကလည်း ထိတွေ့ဆက်ဆံခြင်း သိပ်မရှိခဲ့ပေ။

ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင် ပျက်ဆီးခဲ့သည်မှာ ရန်ကျောက်ကဲ၏ ‌ကျေးဇူးတရားကြောင့်ပင် ဖြစ်၏။

အကြီးအကဲ’ချီ’က ကွမ်းမင်ဂိုဏ်းမှလူများကို လှမ်းကြည့်ရင်း...

“ဒီအဘိုးကြီးက ဒီကိစ္စကို ခန်းမသခင်နဲ့ ‘လော့’ ဂိုဏ်းချုပ်ကို တင်ပြပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မေးမြန်းပါ့မယ်”

ထိုစကားကိုကြားတော့ ကြေးနီကျွန်းမှ သိုင်းသမားများ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဤနေရာတွင် အကြီးအကဲ’ချီ’ က နုန်ယွိရွှမ်၏ လုပ်ရပ်နှင့် ကွမ်းမင်ဂိုဏ်းကို ခွဲခြားရန် ရည်ရွယ်ထား၏။

သူတို့က နုန်ယွိရွှမ်တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားပြီး ကွမ်းမင်ဂိုဏ်းကို ပစ်မှတ်ထားမည် မဟုတ်ပေ။  ဤသည်က ကွမ်းမင်ဂိုဏ်းအတွက် ထွက်‌ပေါက်ပေးထားခြင်းဖြစ်ပြီး နုန်ယွိရွှမ်တစ်ယောက်တည်း၏ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ခြင်းသာ ဖြစ်သည်။

သို့ပေသိ အကြီးအကဲ’ချီ’ က နုန်ယွိရွှမ်နှင့် ကွမ်းမင်ဂိုဏ်းကို ခွဲခြားလိုက်သော်လည်း နုန်ယွိရွှမ်ဆိုသည်က ကွမ်းမင်ဂိုဏ်း၏ အထင်ကရပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရှိနေဆဲပင်။

ထို့အတူ အကြီးအကဲ’ချီ’ ၏ ဆုံးဖြတ်ချက်ကလည်း မြောက်ပင်လယ်ဓားခန်းမပီသစွာ ပြင်းထန်ခိုင်ကြည်လျှက် လိုက်လျောညီထွေ ရှိနေဆဲ ဖြစ်၏။

ကြေးနီကျွန်းမှလူများ စကားမဆိုဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ယိုးမင်ဂိုဏ်းမှလူများကတော့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြ၏။

လက်ရှိတွင် တာ့ရွှမ်တိုင်းပြည်ကို တော်လှန်ပုန်ကန်ရန်က ပထမဦးစားပေးဖြစ်သည်။

ယိုးမင်ဂိုဏ်းအနေဖြင့် ကွမ်းမင်ဂိုဏ်းသိက္ခာကျသည်ကိုကြည့်ပြီး အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိသော်လည်း တာ့ရွှမ်တိုင်းပြည်ကိုအနိုင်မတိုက်နိုင်ခင် ကွမ်းမင်ဂိုဏ်းပြိုလဲသွားမည်ကိုလည်း မမြင်လိုခဲ့ပေ။

ရန်ကျောက်ကဲက တည်ငြိမ်စွာပင် အကြီးအကဲ’ချီ’ ကို ခေါင်းညိတ်ပြရင်း...

“ရက်စက်ကြမ်းတမ်းတဲ့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်က မြောက်ပင်လယ်က သက်ရှိအားလုံးကို ပျက်ဆီးစေနိုင်ပါတယ် ၊ တာ့ရွှမ်တိုင်းပြည်က ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်စရာကောင်းတယ် ၊ ဒီ ‘ရန်’ က မတရားတာကို ကြည့်မနေလိုတဲ့စိတ်ကြောင့် သူတို့အစီအစဉ်ကို ဆန့်ကျင်ခဲ့ရတာပါ ၊ အကြီးအကဲ’ချီ’ အားမနာပါနဲ့”

သူက စကားများများမပြောတော့ဘဲ နုန်ယွိရွှမ်တို့အုပ်စုကို မပြုံးမရယ်မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

နုန်ယွိရွှမ်က အကြီးအကဲ’ချီ’ ၏ စကားကို လုံးဝ ကြားပုံမရသလို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ရန်ကျောက်ကဲကိုသာ တစ်ချိန်လုံး စူးစိုက်ကြည့်နေလေ၏။

All Chapters