မကျေပွဲ
Vol. 48 Ch. 669
အခန်း (၆၆၉) မကျေပွဲ
နုန်ယွိရွှမ်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေပြီး အတန်ကြာမှ စကားဆိုသည်။
“မင်းမှာ ကောင်းကင်သူလျှိုစက်ဝန်းရှိနေမယ်လို့ ထင်မထားမိဘူး ၊ ငါတွက်တာ လွဲသွားတာပေါ့ ၊ ဒါပေမဲ့ မင်းထွက်လာအောင် မျှားခေါ်နိုင်တာကပဲ ပန်းတိုင်ရောက်နေပါပြီ”
ထို့နောက် နုန်ယွိရွှမ်က လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ရန်ကျောက်ကဲထံသို့ လျှော်လာသည်။
“အဲဒါနဲ့ နှိုင်းယှဉ်ရင် ကျန်တာတွေက အရေးမကြီးပါဘူး”
နုန်ယွိရွှမ်လှုပ်ရှားသည်ကိုမြင်တော့ မြောက်ပင်လယ်ဓားခန်းမမှ လူများနှင့် ယိုးမင်ဂိုဏ်းမှလူများ တစ်ပြိုင်တည်းအော်ဟစ်လိုက်ကြသည်။
“မင်း ဘာလုပ်တာလဲ”
ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းကျင့်ကြံသူများကတော့ နုန်ယွိရွှမ်နောက် လိုက်သွားကြသည်။
နုန်ယွိရွှမ်က...
“အကြီးအကဲ’ချီ’ ... မင်း ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ ၊ မင်းတို့ရဲ့ ခန်းမသခင်’ကု’ ကို အစီရင်ခံမယ်ဆိုလည်း နောက်တော့ အစီရင်ခံလိုက်ပေါ့ ၊ အခုတော့ ငါတို့ ကွမ်းမင်ဂိုဏ်းက ဒီကောင်နဲ့ စာရင်းရှင်းစရာရှိသေးတယ်”
သူက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“သိက္ခာတွေ ၊ ဂုဏ်ပုဒ်ခိုးယူတာတွေက အရေးမကြီးပါဘူး ၊ ဒီကောင့်ကိုသတ်ပစ်နိုင်ဖို့က အရေးကြီးဆုံးပဲ”
အကြီးအကဲ’ချီ’ နှင့် အခြားသူများ အကြီးအကျယ် ဒေါသထွက်သွားကြပြီး...
“မင်းက ငါတို့ရှေ့မှာ လူသတ်ဖို့ ကြံစည်နေတာလား”
သူတို့စားပြောနေစဉ် အဝေးတစ်နေရာမိုးကုတ်စက်ဝိုင်းဆီမှ ပြင်းထန်သောရောင်ဝါတစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး ချက်ချင်းပင် နီးကပ်လာသည်။
ထိုရောင်ဝါ၏ မြင့်မားသောတန်ခိုးစွမ်းအားကို အာရုံခံမိသည်နှင့် အကြီးအကဲ’ချီ’ နှင့် အခြားသူများအားလုံး အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။
“နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်ပဲ... မင်းတို့က သိုင်းဆရာသခင်တစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ကိုတောင် ခေါ်ထားခဲ့တာလား”
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ကွမ်းမင်ဂိုဏ်းနှင့် ရန်ကျောက်ကဲကြားမှရန်ငြိုးဖွဲ့ခြင်းမှ သာမန်မဟုတ်ကြောင်း လူတိုင်း အလိုလိုခံစားမိကြသည်။
အမှန်တော့ ရန်ငြိုးထက်နက်နဲသောကိစ္စများပင် ရှိနေနိုင်သည်။ ထို့ကြောင့် ကွမ်းမင်ဂိုဏ်းက မြောက်ပင်လယ်ဓားခန်းမနှင့် သူတို့၏ဆက်ဆံရေးကိုဖျက်ဆီးပြီး ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်၏။
လက်ရှိအချိန်က တာ့ရွှမ်တိုင်းပြည်ကိုတိုက်ခိုက်ရာတွင် အရေးကြီးသောအခိုက်အတန့်ဖြစ်ပြီး ကွမ်းမင်ဂိုဏ်းဌာနချုပ်သည်လည်း ခြိမ်းခြောက်ခံနေရသည်။
ထို့ကြောင့် ကွမ်းမင်ဂိုဏ်း၏ အထွတ်ထိပ်အဆင့် ကျင့်ကြံသူများအားလုံး စွမ်းအားအပြည့်ရှိနေစေရန် အာရုံစိုက်ရမည့်အချိန် ဖြစ်၏။
သို့တိုင် ကွမ်းမင်ဂိုဏ်းက ရန်ကျောက်ကဲကို ရင်ဆိုင်ရန်အတွက် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ကိုပင်စေလွှတ်ထားခဲ့သည်။ အခြေအနေကြည့်ရသည်မှာ အခြားကိစ္စများ မည်သို့ပင်ရှိပါစေ ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြံစည်ထားဟန်ပင်။
နုန်ယွိရွှမ်က ရန်ကျောက်ကဲအနားလျှောက်သွားရင်း...
“မင်း စိတ်မထိန်းနိုင်ဘဲ ကောင်းကင်မွေခံနယ်မြေကိုရောက်လာကတည်းက မင်းမှာသေရမယ့်ကံပါနေပြီ...”
ယိုးမင်ဂိုဏ်းမှအကြီးအကဲက အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံးရင်း...
“ကောင်းတယ် ၊ ငါတို့ဘုံရန်သူဖြစ်တဲ့ တာ့ရွှမ်တိုင်းပြည်ကို ဆန့်ကျင်ဖို့အတွက် သိုင်းသူတော်စင် စတုတ္ထအဆင့်ဘယ်သူမဆို ဝင်ရောက်တိုက်ခိုက်ဖို့ ဆန္ဒရှိတယ် ၊ ဒါပေမဲ့ မင်းတို့က ဒီလိုအချိန်မျိုးမှာ ဒီနေရာအထိလာပြီး လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတာလား”
ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က...
“အိမ်မရှိယာမရှိခွေးတွေက ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေစမ်းပါ ၊ မဟုတ်လို့ကတော့ မင်းတို့ယိုးမင်ဂိုဏ်းက အကြီးအကဲတွေနဲ့ ဘိုးဘေးတွေအကုန်လုံးကို ဒီကောင်နဲ့အတူ အဆုံးသတ်ပေးလိုက်မယ်”
“မင်းတို့မှာ အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်လည်းမရှိ ၊ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းမရှိဘဲ အခုချိန်ထိရပ်တည်နေနိုင်တာ မင်းတို့ရဲ့ အဓိကပလ္လင်နေရာကို ဖုံးကွယ်ထားလို့လေ ၊ မဟုတ်လို့ကတော့ ငါတို့ဂိုဏ်းက မင်းတို့ဂိုဏ်းကို အမှုန့်ချေပြီးတာ ကြာလှပေါ့ကွာ...”
သူက ဆက်ပြောသည်။
“အခု မင်းတို့ အဓိကပလ္လင်ကျရှုံးသွားပြီ ၊ မင်းတို့နဲ့အဖက်လုပ်ပြီး စကားပြောဖို့တောင် မတန်တော့ဘူး ၊ ပြီးတော့ တာ့ရွှမ်တော်လှန်ရေးအင်အားစုတွေက ငါတို့ကွမ်းမင်ဂိုဏ်း ၊ မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျွန်းကိုပဲ အားကိုးနေရတယ် ၊ အခုချိန်မှာ မင်းတို့ ယိုးမင်ဂိုဏ်းဆိုတာက အိမ်ဖြည့်သက်သက်ပဲ”
ထိုစကားကြားတော့ ယိုးမင်ဂိုဏ်းမှအကြီးအကဲ အလွန်အမင်း ဒေါသထွက်သွားသည်။
“ရယ်စရာပဲ...”
ထိုအချိန် စွမ်းအားပြင်းထန်လှသော ရောင်ဝါက မိုးမြေတစ်ခွင် လွှမ်းခြုံလာပြီ ဖြစ်၏။
တောက်ပလင်းထိန်သောရွှေရောင်နေတစ်စင်းက အဆုံးမရှိတောက်လောင်နေပြီး ကောင်းကင်တစ်ခွင်ကို မမြင်ရလောက်အောင်ပင် ဖြူစင်လင်းလက်နေသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ မျက်ခုံတစ်ချက်ပင့်လိုက်သည်။
ယခုရောက်လာသော သိုင်းသူတော်စင်စတုတ္ထုအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်က ရန်သူဟောင်းတစ်ယောက်ဖြစ်သည်မှာ ထင်ရှားနေသည်။ အတိအကျဆိုရသော် တစ်ချိန်တုန်းက ရန်ကျောက်ကဲနှင့် ဆုံခဲ့ဖူးသည့် အလွန်တရာရင်းနှီးဖူးသော ရန်သူတစ်ယောက် ဖြစ်ပေသည်။
ကောင်းကင်မွေခံနယ်မြေတစ်ခုလုံးအား လွှမ်းမိုးထားသော ဤ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းဆရာသခင်ဆိုသည်က ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’ မှလွဲပြီး အခြားသူမဟုတ်ပေ။ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ နေသူတော်စင်ဂိုဏ်းမှ သိုင်းသူတော်စင် တတိယအဆင့်ကိုကျော်လွန်ပြီး အထက်ဘုံကမ္ဘာသို့ ရောက်လာသူ ဖြစ်သည်။
အကြီးအကဲ’ချီ’ မျက်နှာအမူအရာက တည်ကြည်သွားပြီး...
“ကြယ်ရောင်ဘုရင်’နုန်’ ၊ မင်း စည်းကျော်နေပြီလို့ မထင်ဘူးလား ၊ ကောင်းကင်မွေခံနယ်မြေဆိုတာ ငါတို့ဂိုဏ်းပိုင်နက်ဆိုတာ မင်း သိပါတယ်နော်”
ထိုစကားပြောပြီးနောက် သူ့အတွက် နောက်ထပ်စကားဆိုစရာ မလိုတော့ပေ။
အကြီးအကဲ’ချီ’ က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်းပေါ်လာသည်။
စိတ်အာရုံစေစားလိုက်သည်နှင့် ကောင်းကင်မွေခံနယ်မြေ ၊ ပင်လယ်ပြင်ကျယ်ကြီးထက်တွင် ဓားအလင်းတန်းများ တောက်ပလာသည်။
ဓားအလင်းတန်းများရောယှက်သွားပြီး လျှင်မြန်စွာပင် ကြီးမားသော ဓားချီကမ္ဘာတစ်ခု ဖြစ်တည်လာသည်။
အေးစက်သော ဓားအလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ကောင်းကင်ထက်ယံ တိမ်တိုက်များဆီ တည့်တည့်မတ်မတ် ဝင်ရောက်သွားကာ အောက်ဘက်မှ ပင်လယ်နက်ကြီးကို တဝုန်းဝုန်း ရုန်းကြွလာစေသည်။
ယခု ဤနေရာက မော်လူဒေသမှ ဓားကမ္ဘာနှင့် ဆင်တူသော ယာယီဓားကမ္ဘာတစ်ခု ဖြစ်တည်လာ၏။
အကြီးအကဲ’ချီ’ ၏ တန်ခိုးစွမ်းအားဖြင့် ထိန်းချုပ်ထားသော ဓားကမ္ဘာက မော်လူဒေသရှိ ဓားကမ္ဘာနှင့်ယှဉ်လျှင် များစွာနိမ့်ကငျသော်လည်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာစွမ်းအားများကို ပြသနေဆဲ ဖြစ်သည်။
မိုးမြေတစ်ခွင်သို့ ဖြတ်သန်းလွင့်စင်လာသော ကြီးမားသည့် ပင်လယ်လှိုင်းလုံးကြီးများသည် ကြောက်မက်ဖွယ်ရာ ဓားချီကမ္ဘာနှင့် တစ်သားတည်းပေါင်းစပ်သွားသည်။
ကြီးမားသော ရွှေရောင်နေမင်းကြီးက ကောင်းကင်ထက်မှဆင်းသက်လာပြီး ရွှေရောင်အလင်းတန်းများက ဓားချီကမ္ဘာနှင့် အဆက်မပြတ် ရိုက်ခတ်နေသည်။
လေပြင်းတိုက်ခတ်သဖြင့် တုန်ခါနေသည့်အလား ဓားကမ္ဘာက တုန်ခါလျှက် ရှိသည်။
ကြီးမားသော ရွှေရောင်အလင်းတန်းများက တဖြည်းဖြည်း အောက်ဘက်သို့ ပြိုကျလာပြီး ကျန်းချောင်၏ တိုက်ခိုက်မှုတိုင်းက ယခင်ကထက်ပိုမိုမြန်ဆန်လာသည်။ သူက တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ရည်ရွယ်ချက် မရှိပေ။
အကြီးအကဲ’ချီ’ က ဓားချီကမ္ဘာအကူအညီဖြင့် ထုတ်လွှတ်နေသော စွမ်းအားမြင့်မားသည့် ဓားအလင်းတန်းများကို ကျန်းချောင်က ရှောင်တိမ်းခြင်း မရှိပေ။ သူက ကိုယ်တိုင် ဒဏ်ရာအရခံပြီး ဓားချီကမ္ဘာကို ထိုးခွင်းတိုက်ခိုက်နေသည်။
နုန်ယွိရွှမ်နှင့် ကွမ်းမင်ဂိုဏ်းမှ အခြားသူများကတော့ ဓားကမ္ဘာထဲတွင်ရှိနေသော ရန်ကျောက်ကဲထံ ဝင်ရောက်တိုက်ခိုက်ကြသည်။
သူတို့၏ တိုက်ခိုက်မှုများက ဓားချီကမ္ဘာလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေပြီး အစီအရင်ကို ယိုင်နဲ့စေသည်။ အတွင်းအပြင်တိုက်ခိုက်မှုများအောက်တွင် ကောင်းကင်မွေခံနယ်မြေ၏ ဓားချီကမ္ဘာက တုန်လှုပ်လျှက် ရှိ၏။
ဓားချီကမ္ဘာ၏ စွမ်းအားများ ယုတ်လျော့လာသည်နှင့်အမျှ အကြီးအကဲ’ချီ’ အတွက် ကျန်းချောင်ကို ကိုင်တွယ်ရန် မလွယ်ကူတော့ပေ။
မြောက်ပင်လယ်ဓားခန်းမ၏ ဓားတာအိုက အရှိန်အဟုန်မြင့်မားပြီး ခမ်းနားကြီးကျယ်သော်လည်း အလွန်အမင်း ရှုတ်ထွေးသည်။
ကျန်းချောင်းဆိုသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာ သမိုင်းကြောင်းတစ်လျှောက်တွင် အကြီးကျယ်ဆုံး သိုင်းသူတော်စင်တစ်ယောက် ဖြစ်ခဲ့သဖြင့် ထူးခြားသော အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် ထိပ်တိုက်တွေ့ကြသော်လည်း အကြီးအကဲ’ချီ’ အနေဖြင့် ကျန်းချောင်ကို အနိုင်ယူနိုင်ပါမည်လား မသေချာပေ။
နှစ်ဦးနှစ်ဘက် သာလွန်သော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားကြသဖြင့် အနိုင်အရှုံးကို ရိုးရှင်းစွာ ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
အကြီးအကဲ’ချီ’ ၏ မျက်နှာအမူအရာက တင်းမာနေပြီး ဓားအလင်းတန်းအချို့က ရန်ကျောက်ကဲထံဝင်ရောက်လာသည်။
မကောင်းသောရည်ရွယ်ချက်မရှိဘဲ ကူညီခြင်းသက်သက်သာဖြစ်ကြောင်း သိလိုက်ရသဖြင့် ရန်ကျောက်ကဲက မခုခံဘဲ အသာအယာပင် ဓားအလင်းတန်းများကို ဖယ်ရှားလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲပုံရိပ်က ကြီးမားသော ဓားချီကမ္ဘာအစီအရင်ကြီးထဲတွင် ပျောက်ကွယ်သွားပြီး ဓားအလင်းတန်းများနှင့်အတူ စီးဆင်းသွားသည်။
ဓားချီကမ္ဘာအပြင်ဘက်တွင်ရှိနေသော ကျန်းချောင်က ရန်ကျောက်ကဲကို တိုက်ခိုက်ရန်ဟန်ပြင်လိုက်သော်လည်း ကြီးကျယ်ခမ်းနားသော အစီအရင်က သူ့ကို ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လိုက်သည်။
အကြီးအကဲ’ချီ’ က သူ၏ဓားစွမ်းအားနှင့် ဓားချီကမ္ဘာပေါင်းစပ်ကာ ကျန်းချောင်ကိုပစ်မှတ်ထားတိုက်ခိုက်လိုက်ပြီး သူ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
သို့သော် ဓားချီကမ္ဘာထဲတွင် နုန်ယွိရွှမ်နှင့် အခြားသူများက ယိုးမင်ဂိုဏ်းနှင့် မြောက်ပင်လယ်ဓားခန်းမမှ သိုင်းကျင့်ကြံသူများနှင့် ရောထွေးတိုက်ခိုက်နေခြင်း မရှိပေ။
နုန်ယွိရွှမ်က လမ်းကြောင်းတစ်ခုဖွင့်လိုက်သည်နှင့် သူတို့အားလုံး တိုက်ပွဲနယ်မြေအပြင်ဘက်သို့ ရောက်သွားကြသည်။ နုန်ယွိရွှမ်က အစီအရင်ပညာ ကျွမ်းကျင်သူ ဖြစ်လေရာ ယွဲ့ပေါင်ချီနှင့် အခြားသော မြောက်ပင်လယ်ဓားခန်းမ သိုင်းလေ့ကျင့်သူများထက် အံ့သြစရာကောင်းလောက်အောင်ပင် သက်တောင့်သက်သာရှိနေသည်။
နုန်ယွိရွှမ်လက်ထဲတွင် အဆက်မပြတ်တုန်ခါနေသော အပ်တစ်ချောင်းပါရှိသည့် သံလိုက်အိမ်မြှောင်တစ်ခုကိုင်ထားပြီး ၎င်းသံလိုက်အိမ်မြှောင်က သူရှိရာသို့ ညွှန်ပြနေကြောင်း အကြီးအကဲ’ချီ’ တွေ့ရသည်။
နုန်ယွိရွှမ်က ရန်ကျောက်ကဲကို တိုက်ခိုက်ရန်ရည်ရွယ်သဖြင့် ကျန်းချောင်က အလျင်စလိုမလပ်တော့ဘဲ အကြီးအကဲ’ချီ’ နှင့် အခြားသူများကို နှိမ်နင်းရန် လမ်းကြောင်းပြောင်းလိုက်၏။
ရန်ကျောက်ကဲက အကြီးအကဲ’ချီ’ ၏ ဓားချီကမ္ဘာအလင်းတန်းများအကူအညီဖြင့် အဝေးသို့ ရောက်သွားသော်လည်း စိတ်မအေးနိုင်သေးပေ။
“အဲဒါက ဒီလောက်လွယ်မှာမဟုတ်ဘူး”
သူထင်သည့်အတိုင်းပင် မိုးမြေတစ်ခွင် လင်းလက်တောက်ပနေသော စွမ်းအားပြင်းထန်သည့် အလင်းတန်းတစ်ခုက မနီးမဝေးတစ်နေရာတွင် ထွန်းလင်းတောက်ပလာသည်။
ကောင်းကင်မွေခံနယ်မြေအပြင်ဘက်တွင် ကွမ်းမင်ဂိုဏ်း၏ နောက်ထပ် သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူတေစ်ယောက် အသေအချာစောင့်ဆိုင်းလျှက်ရှိနေသည် မဟုတ်ပါလား။
ထိုသူက ကွမ်းမင်ဂိုဏ်း၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်လည်းဖြစ် ၊ နေလခန်းမ၏အကြီးအကဲလည်းဖြစ်သော ‘ချန်စုန့်’ ဆိုသူ ဖြစ်၏။
ထိုအချိန် နုန်ယွိရွှမ်တို့အုပ်စုကလည်း သူ့နောက်သို့ လိုက်မီလာပြီ ဖြစ်သည်။
“ငါက အစီအရင်ကို ချိုးဖျက်တယ်လို့ သတင်းလွှင့်လိုက်တော့ မင်း ငြိမ်ငြိမ်လေးနေရင် ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ မင်းက သည်းမခံနိုင်ဘဲထွက်လာတော့ ဒီနေ့ သေဖို့သာ ပြင်ပေတော့”
နုန်ယွိရွှမ်က ရန်ကျောက်ကဲကို စိုက်ကြည့်ရင်းဆိုသည်။
“မင်း ကောင်းကင်မွေခံနယ်မြေကိုရောက်လာကတည်းက လုံးဝလွတ်လမ်းမရှိတော့ဘူးဆိုတာ သိထားပါ”