← Chapters

ဆယ့်နှစ်စက္ကန့်

Vol. 48 Ch. 671

ဆယ့်နှစ်စက္ကန့်

Vol. 48 Ch. 671

အခန်း (၆၇၁) ဆယ့်နှစ်စက္ကန့်

သူ့အတ္တအတွင်း လုံလောက်အောင် အစွမ်းမပြနိုင်သဖြင့် ရန်ကျောက်ကဲ အတော်လေး မကျေမနပ် ဖြစ်ခဲ့ရသည်။

သို့သော် ဤတိုက်ပွဲတွင် သူ လျှို့ဝှက်ချက်များစွာ အသုံးပြုခဲ့ရ၏။

ထို့ကြောင့် ရေရှည်အတွက် စဉ်းစားပြီး ဤတိုက်ပွဲတွင် တတိယအဖွဲ့အစည်းများ မပါဝင်ရန် သူ ရည်ရွယ်ခဲ့သည်မှာ ပို၍သင့်တော်ပေသည်။

အသင်္ချေနဂါးနန်းတော် ရန်ကျောက်ကဲဦးခေါင်းထက်တွင်ပေါ်လာပြီး နန်းတော်တံခါးရုတ်တရက်ပွင့်သွားကာ အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ်က မိန်းမပျိုတစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲကဲ့သို့ပင် အဖြူရောင်နှင့်အပြာရောင်တွင် အနက်ရောင်အနားသပ်များပါသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်ရှည်များကို ရိုးရှင်းစွာပင်စည်းနှောင်ထားပြီး ဆံနွယ်များက ကျောထက်တွင် လွင့်ပျံလျှက် ရှိ၏။

ဖန်းယွင်ရှန်းလက်ထဲမှ ရှည်လျားသော အနက်ရောင်ဓားရှည်က ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသည်။

အလင်း‌ရောင်တစ်ချက်မထွက် နက်မှောင်နေသောဓားကိုမြင်တော့ နုန်ယွိရွှမ်မျက်ဝန်းများ တလက်လက်တောက်ပသွားသည်။

“တကယ်ပဲ ရာဟုဓားရဲ့အကြွင်းအကျန်ပဲ...”

ဤဓားကြောင့် ‘နေမရှိလရိပ်’ ထုံးတမ်းပွဲတော်တွင် နုန်ယွိရွှမ် အန္တရယ်နှင့် ကြုံတွေ့ခဲ့ရပြီး ယခုတော့ သူ့မျက်လုံးများထဲတွင် ထိုဓားကိုလိုချင်တပ်မက်စိတ်များဖြင့် ပြည့်နက်နေသည်။

“ကောင်းတယ် ၊ သိပ်ကောင်းတယ် ၊ ဒီဓားကိုသာရရင် ငါ အတိတ်တစ်ချိန်က ခမ်းနားကြီးကျယ်တဲ့ ရာဟုဓားကို ပြီးပြည့်စုံအောင် ပြန်လည်ပြုလုပ်နိုင်ပြီ”

“ထူးကဲယင်ရဲ့ လမင်း ၊ ထူးကဲယန်ရဲ့ နေမင်း ၊ ပြီးတော့ ရာဟုကြယ်ရဲ့ နေကြပ်ခြင်း ၊ ဒါတွေအားလုံးက ထိပ်တန်းအဆင့် ရတနာတွေပဲ ၊ အားလုံးကို ငါတို့ဂိုဏ်းကပဲ ပိုင်ဆိုင်ရမယ်”

နုန်ယွိရွှမ်ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ အနက်ရောင်မီးတောက်များနှင့် မိစ္ဆာချီများက ကောင်းကင်ထိတိုင် မြင့်တက်လာသည်။

သို့သော် ရက်စက်ကြမ်းတမ်းသော အမှောင်ဓားချီနှင့်အတူ သူ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်နေခြည်တို့လည်း တောက်ပလာ၏။

နေရောင်ခြည်စွမ်းအားနှင့် နေကြတ်ခြင်းစွမ်းအားတို့ အချင်းချင်း သဟဇာတဖြစ်သွားချိန်တွင် ပို၍ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်လွှတ်ပေးသည်။

ထိုခဏတွင် နုန်ယွိရွှမ်သည် သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသော ချန်စုန့်နှင့် ကျန်းချောင်ထက်ပင် တန်ခိုးစွမ်းအားမြင့်မားလာ၏။

ရန်ကျောက်ကဲကိုလှမ်းကြည့်သော သူ့မျက်ဝန်းများက အေးခဲနေပြီး...

“အခု မင်းမှာ ရာဟုဓားရဲ့အကြွင်းအကျန်ကို ပိုင်ဆိုင်ထားရင်တောင်မှ ငါ့ကို နည်းနည်းလေးမှ ထိခိုက်နိုင်မှာ မဟုတ်ဘူး”

သူ့စကားဆုံးသည်နှင့် နုန်ယွိရွှမ်ခန္ဓာကိုယ် ဆတ်ခနဲလှုပ်ရှားသွားပြီး ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။ သူနှင့်အတူလိုက်လာသော ကွမ်းမင်ဂိုဏ်းမှသိုင်းသမားများသည်လည်း တစ်ပြိုင်တည်းပင် ရှေ့သို့ ဝင်ရောက်လာကြ၏။

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ယွင်ရှန်း... (၁၂)စက္ကန့် သေသေချာချာ မှတ်ထားပါ...”

ဖန်းယွင်ရှန်းက တည်ငြိမ်စွာခေါင်းညိတ်လိုက်ပြီးနောက်...

သူမ၏မျက်ဝန်းများက ချက်ချင်းပင် အပြာရောင်ပြောင်းလဲသွားပြီး ရေခဲပမာ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

သူမမျက်လုံးများထဲမှ အလင်းရောင်မှိန်မှိန်တောက်ပနေသော အေးစက်သည့်လနှစ်စင်းထွက်ပေါ်လာပြီး ထိုလနှစ်စင်းက ရုတ်ချည်းပင် မိုးမြေတစ်ခုလုံးကို ထွန်းလင်းစေမည့်အလား တောက်ပလာသည်။

များပြားလှစွာသော သိမ်မွေ့နက်ရှိုင်းသည့် အပြာရောင်မှိန်ဖျော့ဖျော့ အလင်းသင်္ကေတများက နက်မှောင်နေသည့် နေရိပ်နတ်ဓားထက်တွင် ပေါ်လာပြီး ဓားသွား၏တစ်လက်မတိုင်းတွင်သာမက ဓားရိုးအထိ ပြည့်နက်သွားသည်။

ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သည့် တန်ခိုးစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်းကို ထိတ်လန့်သွားစေသည်။

နုန်ယွိရွှမ်က ဖန်းယွင်ရှန်းလက်ထဲတွင်ကိုင်ထားသော အေးစိမ့်သောအငွေ့အသက်များပြည့်နက်နေသည့် နေရိပ်နတ်ဓားကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။

ဖန်းယွင်ရှန်း သိုင်းဆရာသခင်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ရာ ထိုဓားသည်လည်း အလိုလိုနေရင်း အဆင့်နိမ့်မှော်ဝင်ပစ္စည်းအဖြစ် ပြောင်းလဲသွားသည်။

ထိုဓားက ပုံမှန်အတိုင်း ကောင်းမွန်သောလက်နက်တစ်ခုဖြစ်သည့်တိုင် စွမ်းအားရောင်ဝါကတော့ အခြား မှော်ဝင်ပစ္စည်းများနှင့် ယှဉ်နိုင်ခြင်းမရှိ ဝေးကွာလွန်းသေးသည်။

‘နေမရှိလရိပ်’ ထုံးတမ်းပွဲတော်မှ နောက်ဆုံးဖြစ်တည်လာသော ‘နေရိပ်’ တန်ခိုးစွမ်းအားများ၏ ရှစ်ဆယ်ရာနှုန်းကို ဖန်းယွင်ရှန်းမှတစ်ဆင့် နေရိပ်နတ်ဓားက ဆုပ်ယူထားခဲ့သည်။ ထိုစွမ်းအားများကို အပြည့်အဝ မသန့်စင်ရသေးသဖြင့် အချိန်အများစုတွင် ငြိမ်သက်ငိုက်မြည်းသောအခြေအနေဖြင့် နှေးကွေးစွာ သန့်စင်လျှက် ရှိ၏။

သို့ပေသိ ဖန်းယွင်ရှန်းနှင့် နေရိပ်နတ်ဓားတို့၏ ထူးခြားသော ဆက်နွယ်မှု သဘောသဘာဝကြောင့် ဤဓားကို ဖြစ်တည်စေသော အမှောင်ဓားချီနှင့် အေးစက်သော နေဝန်း၏ ထူးခြားသောစွမ်းအားများ ပေါင်းစပ်မိကာ လူတိုင်းခန့်မှန်းချက်ထက်ကျော်လွန်သော ထင်မှတ်မထားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ဖန်းယွင်ရှန်းမျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သူမ၏မျက်လုံးများက အေးစိမ့်သည့် နေနှစ်စင်းထွန်းလင်းနေသည့်ပမာ အအေးဓာတ်များ ထုတ်လွှတ်နေပြီး လူသားတစ်ယောက်၏ ခံစားချက်များ ပျောက်ရှနေသည်။

သူမက ဓားကိုဝှေ့ယမ်းရှင်းရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။

တစ်စက္ကန့်...။

ဖန်းယွင်ရှန်း ဓားကိုဝှေ့ယမ်းလိုက်သည့်အခါ မှိန်ဖျော့ဖျော့ အပြာရောင်အလင်းတန်းများ မိုးမြေတစ်ခွင် လွှမ်းခြုံသွားပြီး အေးစက်သောရေခဲပြာရောင်နေမင်းက သူမ၏ဦးခေါင်းထက် ထွန်းလင်းလာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

အတူတကွ ဝင်ရောက်တိုက်ခိုက်လိုက်ကြသော ကွမ်းမင်ဂိုဏ်းသိုင်းသမားများမှာ အေးခဲမှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ကြရသည်။

ခက်ထန်ကြမ်းတမ်းသောဓားက ကောင်းကင်ကိုဖြိုခွဲ ၊ မြေပြင်ကို အက်ကွဲစေသဖြင့် သူတို့အားလုံး ထိုဓားနှင့် တိုက်ရိုက်ရင်ဆိုင်ရန် ကြောက်လန့်သွားကြသည်။

ကွမ်းမင်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံး မျက်နှာထက် အံ့အားသင့်သောအမူအရာများ ထင်ဟပ်လာ၏။

ရန်ကျောက်ကဲက လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိကြောင်း သိရှိထားသဖြင့် ကွမ်းမင်ဂိုဏ်းက အင်အားအပြည့် ဖြည့်တင်းထားသည်။ ယခု တိုက်ပွဲသို့ရောက်လာကြသူအားလုံးက အနည်းဆုံး သိုင်းသူတော်စင်အဆင့်ရှိကြပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းများလည်း ပိုင်ဆိုင်ထားကြသည်။

အများစုက သိုင်းသူတော်စင် ဒုတိယအဆင့်များဖြစ်ပြီး သူတို့ထဲမှတစ်ယောက်ဆိုလျှင် နုန်ယွိရွှမ်ကဲ့သို့ပင် ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူ ဖြစ်၏။

သို့သော် သူတို့ရှေ့မှ မိုးမြေပိုင်းခြားနိုင်လောက်သည့် ခမ်းနားကြီးကျယ်သောဓားကို ဆန့်ကျင်ရန်အတွက် မည်သို့မှမတတ်နိုင်ဘဲ ခဏမျှ ရှောင်တိမ်းရန်သာ ရွေးချယ်နိုင်ကြသည်။

နုန်ယွိရွှမ်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်ပြီး အဆက်မပြတ်ရှေ့တိုးတိုက်ခိုက်လိုက်သည်။ သူ့ဘယ်ဘက်လက်တွင် ကြီးမားသည့် ရွှေရောင်နေဝန်းကြီးထွက်ပေါ်လာပြီး ညာဘက်လက်မှာတော့ ရာဟုကြယ် အမှောင်ဓားချီစွမ်းအားများ ထွက်ပေါ်လာသည်။

ပေါက်ကွဲထွက်လာသည့်စွမ်းအားက ချက်ချင်းပင် ဖန်းယွင်ရှန်း၏ဓားကို ချုပ်ကိုင်လိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။

နှစ်စက္ကန့်။

ဖန်းယွင်ရှန်းမျက်ဝန်းများက တည်ငြိမ်နေပြီး တစ်ချက်ပင် လှိုင်းထခြင်း မရှိပေ။

သူမက အခြားသူများကို အရေးမစိုက်ဘဲ သူမအရှေ့မှ နုန်ယွိရွှမ်ကိုသာ အာရုံစိုက်ထားသည်။

သူက ရာဟုကြယ် အမှောင်ဓားချီကို သန့်စင်ကျင့်ကြံထားသူဖြစ်သဖြင့် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသလို အစွမ်းထက်လှသည်။

ထို့ကြောင့် နေရိပ်နတ်ဓားက သူ့ကို မနှိမ်နင်းနိုင်သေးသည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော နေရောင်ခြည်နှင့် အနက်ရောင်မီးတောက်များက ပြင်းထန်သော ဒီရေလှိုင်းများအကြား ဖန်းယွင်ရှန်းထံသို့ ပျံ့လွင့်လာ၏။

သို့သော် ဓားရှည်ကိုင်ထားသော ဖန်းယွင်ရှန်း၏လက်က တစ်ချက်ပင်မတုန်လှုပ်ဘဲ အရှိန်အဟုန်ပြင်းစွာ ဆက်လက်ရွေ့လျားနေသော သူမ၏ခြေလှမ်းတိုင်းသည်လည်း တစ်ချက်ပင် တုံ့ဆိုင်းသွားခြင်း မရှိပေ။

သူမအနောက်တွင်ရှိနေသော ရန်ကျောက်ကဲက လက်သီးသိုင်းဝိညာဉ်ကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ သူ၏လက်သီးချက် ထိုးနှက်လိုက်သည်နှင့် အဆုံးမရှိသောအလင်းရောင် ၊ အနွေးဓာတ်နှင့် စွမ်းအားများက ချက်ချင်း ထွက်ပေါ်လာသည်။

လေထုအလယ်တွင် ရွှေရောင်စည်းတံဆိပ်ကြီးတစ်ခု ‌ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းကိုလွှမ်းခြုံလျှက် ပတ်ဝန်းကျင်တစ်ခုလုံးအား လင်းထိန်တောက်ပသွားစေသည်။

တကယ့်အစစ်အမှန်နေမင်းကြီးသ်ည ကျူတောပင်လယ်ဒေသကိုကျော်လွန်ပြီး မိုးမြေတစ်ခုလုံးသို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရ၏။

ထိုအရာက အတိအကျပင် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “ထူးကဲယန်စည်းတံဆိပ်” ပင် ဖြစ်၏။

အချိန်တစ်နှစ်ကျော်ကုန်ဆုံးသွားပြီးနောက် ထူးကဲယန်စည်းတံဆိပ်သည် ဤကမ္ဘာတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။

ရန်ကျောက်ကဲဘက်သို့ကြည့်မည်ဆိုလျှင် ကြီးမားသော ရွှေ‌ရောင်စည်းတံဆိပ်ကြီးက နုန်ယွိရွှမ်ထံသို့ တည့်တည့်မတ်မတ် ဆင်းသက်လာပြီး နေမင်းကြီးတစ်စင်း ပြိုကျလာသည်နှင့် ဆင်တူသည်။

ရန်ကျောက်ကဲတွင် ထူးကဲယန်စည်းတံဆိပ် အမှန်တကယ်ရှိနေကြောင်း တွေ့ရသည့်အခါ နုန်ယွိရွှမ် အံ့အားသင့်ရုံသာမက ပျော်ရွှင်ခြင်းကိုပါ ခံစားလိုက်ရ၏။

ရန်ကျောက်ကဲသည် ချန်စုန့်နှင့်ရင်ဆိုင်ရာတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုသာ အသုံးပြုခဲ့ပြီး ထူးကဲယန်စည်းတံဆိပ်ကို အသုံးပြုခဲ့ခြင်း မရှိပေ။  သူ ထိုသို့ ယုံကြည်မှုအပြည့်ရှိနေရသည်မှာ အဘယ့်ကြောင့်များလဲ။

သုံးစက္ကန့်။

သူ့ထံသို့ တောက်ပသောနေဝန်းကြီးဆင်းသက်လာသည်ကိုတွေ့ရသည်နှင့် နုန်ယွိရွှမ် စဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူ့ပတ်ဝန်းကျင်မှ ရာဟုကြယ်အမှောင်ဓားချီအနည်းငယ်သည်လည်း ငြိမ်းသတ်သွားသည်။

နုန်ယွိရွှမ်က ဤစည်းတံဆိပ်ကို ပေါ့ပေါ့ဆဆ မကိုင်တွယ်ဝံ့ဘဲ သူ၏ ရာဟုကြယ် အမှောင်ဓားချီအားလုံးကို ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ် ဆတ်ခနဲလှုပ်ရှားသွားပြီး ဓားဝိညာဉ်တစ်ခုက ကောင်းကင်တစ်ခွင် လွှမ်းခြုံဖြတ်ကျော်သွားသည်။

နေကိုထိုးခွင်း လကိုငြိမ်းသတ်နိုင်သော ကြောက်မက်ဖွယ်ရာ ဓားရှည်ကြီးက ကြီးကျယ်ခမ်းနားသော နေဝန်းကြီးနှင့် ထိပ်တိုက်ထိတွေ့သွားသည်။

“.......”

ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာခြင်းမရှိသလို နောက်ဆက်တွဲစွမ်းအားလှိုင်းလုံးများလည်း ထွက်ပေါ်လာခြင်း မရှိပေ။

နေရောင်ခြည်က အဆက်မပြတ် မှိန်ဖျော့သွားပြီး ရာဟုကြယ် အမှောင်ဓားချီများသည်လည်း အဆက်မပြတ် ငြိမ်းသတ်သွားသည်။

အသံမရှိ ၊ ကြိုတင်သတိပေးခြင်းမရှိ။

ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံး တစ်ပြိုင်နက်တည်း အက်ကွဲပြိုကျသွား၏။

ဖန်းယွင်ရှန်းက ခြေလှမ်းများကို မရပ်တန့်ပေ။ သူမ၏ဓားက နဂါးတစ်ကောင်အလား ပတ်ဝန်းကျင်ကမ္ဘာကို ဝါးမျိုသွားပြီး မှိန်ဖျော့ဖျော့ အပြာရောင်ဓားအလင်းတန်းက နုန်ယွိရွှမ်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

နုန်ယွိရွှမ် အေးစက်စွာပြုံးလိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ကို ရာဟုကြယ် အမှောင်ဓားချီနှင့် ပိတ်ဆို့ထားပြီး ဖန်းယွင်ရှန်းအား နေလလက်ဝါးရိုက်ချက်ဖြင့် ရိုက်ချလိုက်သည်။

လည်ပတ်နေသော နေလလက်ဝါးရိုက်ချက်မှာ ရက်စက်ကြမ်းတမ်းသော နေရိပ်တန်ခိုးစွမ်းအားနှင့် ထိပ်တိုက်တွေ့သွားပြီး ဗလာနယ်ကို အက်ကွဲသွားစေသည်။

ရာဟုကြယ်၏ အမှောင်ဓားချီစွမ်းအားများ မရှိတော့သဖြင့် နုန်ယွိရွှမ်၏စွမ်းအားက သိုင်းသူတော်စင် တတိယအဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။

သို့သော် ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်တွင် ထိပ်တန်းအဆင့် ဖြစ်နေဆဲပင်။

ဖန်းယွင်ရှန်း၏ မျက်ဝန်းများက မိုးမြေတစ်ခွင်ကို လွှမ်းခြုံထားပြီး မှိန်ဖျော့ဖျော့ အပြာ‌ရောင်နေရောင်ခြည်က ထောင်နှင့်သောင်းနှင့်ချီသော ဓားသွားများပမာ စူးရှလျှက်ရှိသည်။

လေးစက္ကန့် ၊ ငါးစက္ကန့် ၊ ခြောက်စက္ကန့်...။

အချိန်များလျှင်မြန်စွာ ကုန်ဆုံးသွားသည်။

ဖန်းယွင်ရှန်း၏ဓားသွားက နဂါးတစ်ကောင်အလား ရက်စက်ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် တစ်ချက်ပင်တုံ့ဆိုင်းခြင်မရှိခဲ့ပေ။

ထိုခဏတွင် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ဖြင့် နုန်ယွိရွှမ်၏ရာဟုကြယ် အမှောင်ဓားချီကို ထိန်းချုပ်ထားပြီးဖြစ်သဖြင့် စိုးရိမ်စရာ မရှိတော့ပေ။

သူက ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းသမားများထံသို့ လျှောက်သွားသည်။

ယခု ရန်ကျောက်ကဲလက်ထဲ မည်သည့်ရတနာပစ္စည်းမှ ရှိမနေဘဲ ဓားတစ်လက်သာ ကိုင်ဆောင်ထားသည်။ ထိုဓားက ‘သက်တံ့ဓား’ ပင် ဖြစ်၏။

သူက မိုးမြေတစ်ခွင်တွင် ဓားတစ်လက်ဖြင့် တစ်ယောက်တည်းလျှောက်လှမ်းလာပြီး သူ၏ဦးခေါင်းထက်မှ ရောင်ဝါများက အစစ်အမှန်သိုင်းကိုယ်ခွဲအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုခဏတွင်ထွက်ပေါ်လာသော အစစ်အမှန်သိုင်းကိုယ်ခွဲက မိုးကုတ်စက်ဝိုင်းထက်တွင် ပျံသန်းနေသော ဓားရှည်တစ်လက် ဖြစ်သည်။

ဓားချီက တဟုန်ထိုးမြင့်တက်လာပြီး ရက်စက်ကြမ်းတမ်းသလို အထီးကျန်ဆန်လှသည်။

ဝိညာဉ်အလင်းမရှိ ၊ ဝိညာဉ်သင်္ကေတများမရှိ။

ပျက်ဆီးခြင်း ၊ ဆိတ်သုဉ်းခြင်းနှင့် သတ်ဖြတ်လိုခြင်းများသာ ပြည့်နက်နေပေ၏။

All Chapters