သိုင်းသူတော်စင်အဆင့်သို့
Vol. 48 Ch. 673
အခန်း (၆၇၃) သိုင်းသူတော်စင်အဆင့်သို့
ရန်ကျောက်ကဲက ရှည်လျားသောကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး လက်ထဲမှ ‘သက်တံ့ဓား’ ကို သိမ်းဆည်းလိုက်သည်။
သို့သော် သက်ရှိသက်မဲ့အရာခပ်သိမ်းကို သုတ်သင်ရှင်းလင်းပစ်နိုင်သော ကြောက်မက်ဖွယ်ရာဓားဝိညာဉ်က အနီးပတ်ဝန်းကျင်တစ်ဝိုက် ပျံ့နှံ့ကျန်ရှိနေသေးသည်။
ဓားဝိညာဉ်ကျရောက်သည့်နေရာတိုင်းတွင် မီးခိုးရောင်ပြောင်းသွားပြီး ပျက်ဆီးအက်ကွဲသွားကာ ကမ္ဘာ့အဆုံးသတ်နေရာသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်ရ၏။
ထိုခဏတွင် ရန်ကျောက်ကဲသည် သူကျင့်ကြံထားသော ဓားတာအိုနှင့်ပတ်သက်ပြီး အငယ်စားအောင်မြင်မှုတစ်ခု ရရှိလိုက်သည်။
သူ၏ကြောက်မက်ဖွယ်ရာဓားဝိညာဉ်က လူတိုင်း၏စိတ်ကို တုန်လှုပ်စေခဲ့သည်။
မိုးမြေတစ်ခွင် ပုံရိပ်ယောင်မြင်ကွင်းများက ဓားဝိညာဉ်ဖြင့် စွန်းထင်းနေပြီး များပြားလှစွာသော ဖြစ်စဉ်များက လူတိုင်းမျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
ထိုခဏတွင် အချိန်ကာလ ပြောင်းပြန်စီးဆင်းသွားဟန်ဖြင့် မိုးမြေမဖြစ်တည်မီ ကမ္ဘာဦးအချိန်ကာလသို့ ပြန်လည်ရောက်ရှိသွားသည်။
အရာအားလုံး၏ ကနဦးအစ အချိန်ကာလဖြစ်သော်လည်း အရာခပ်သိမ်းက အဆုံးသတ်တော့မည့် နိမိတ်လက္ခဏာများ လွှမ်းခြုံနေပြန်၏။
သက်ရှိသက်မဲ့များအားလုံး ကနဦးအစမှသည် ယိုယင်းပျက်ဆီးခြင်းဆီသို့ အတူတကွ ရွေ့လျားသွားပြီး နောက်ဆုံး သုတ်သင်ခံရကာ ကံတရားကို တစ်ပြိုင်တည်းနှုတ်ဆက်သွားကြသည်။
ယခု အစနှင့် အဆုံး တစ်သားတည်းပေါင်းစည်းသွားပြီး လောကရှိအရာခပ်သိမ်းတို့ တစ်ပြိုင်တည်းနိဂုံးချုပ်သွားကာ မရှိမှုသို့ကူးပြောင်းသွားပြီး ပျောက်ကွယ်သွားကြသည်။
ရန်ကျောက်ကဲက သူ၏ဦးခေါင်းထက်တွင်ပျောက်ကွယ်သွားသည့် အစစ်အမှန်သိုင်းကိုယ်ခွဲကို ခေါင်းမော့ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်စ ထင်ဟပ်လာသည်။
“နတ်ဘုရားအဆုံးသတ်ဓားသိုင်း... နောက်ဆုံးတော့ ဒီဓားသိုင်းရဲ့ အစစ်အမှန်အနှစ်သာရကို ငါ နားလည်နိုင်ခဲ့ပြီ”
ရန်ကျောက်ကဲ ကျင့်ကြံခဲ့သော ဓားဝိညာဉ်မှာ ဓားတာအိုတွင် အကြီးမြတ်ဆုံးအောင်မြင်မှုတစ်ခုဖြစ်သည့် “ထိပ်တန်းသလင်းအဆက်အနွယ်” မှဆင်းသက်လာသော သိုင်းပညာ ဖြစ်သည်။
ထိုအရာက စန်းချင်းဆိုသော “စင်ကြယ်ခြင်းသုံးပါး” တွင်တစ်ပါးအပါအဝင်ဖြစ်သော ‘ထိပ်တန်းသလင်း’ ဘိုးဘေး၏ ထိပ်တန်းသိုင်းပညာတစ်ရပ် ဖြစ်သည်။ ‘ထိပ်တန်းသလင်း’ အဆက်အနွယ်၏ ဘိုးဘေးဖြစ်သော “နာမ်ဝိညာဉ်ရတနာအရှင်သခင်” လင်ပေါင်ထျန်းကျွင်း၏ လင်ပေါင်ဓားသိုင်း (၄)မျိုး မှာ နတ်ဘုရားသုတ်သင်ဓားသိုင်းလေးမျိုးအဖြစ် ကျော်ကြားသည်။
ထိုဓားသိုင်းလေးမျိုးတွင် နတ်ဘုရားအဆုံးသတ်ဓားသိုင်း ၊ နတ်ဘုရားသုတ်သင်ဓားသိုင်း ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်း ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းတို့ပါဝင်သည်။
ထိုဓားသိုင်းများက မူလကောင်းကင်ကျမ်းစာ (၁၀)စောင်နှင့် တန်းတူရပ်တည် အသိအမှတ်ပြုခံရသော ထိပ်တန်းအမွေအနှစ်သိုင်းပညာများ ဖြစ်သည်။
အရင်တုန်းက ကောင်းကင်ဘုံနန်းတော်ရှိ သိုင်းကျမ်းစာကြည့်တိုက်တွင် ‘နတ်ဘုရားအဆံးသတ်ဓားသိုင်းကျမ်း’ အပြည့်အစုံကို ထားရှိလေသည်။
ထိုဓားသိုင်းက အရာအားလုံးက တည်ရှိမှုမှ မရှိမှုသို့ပြောင်းလဲခြင်းကို ကိုယ်စားပြုသည်။ ဓားသိုင်းထုတ်ဖော်လိုက်သည်နှင့် အရာအားလုံး မရှိမှုသို့ပြောင်းလဲသွားသည်ဆိုသော အယူအဆရှိသည်။ ထာဝရအဆုံးသတ်ချိန်၏ အနှိုင်းမဲ့ရက်စက်ကြမ်းကြုတ်ခြင်းကို ဖော်ပြသော တန်ခိုးစွမ်းအားမြင့်မားသည့် ဓားသိုင်းတစ်ခု ဖြစ်၏။
ထိုဓားသိုင်းက အတိတ်တစ်ချိန် ဒဏ္ဍာရီခေတ်ကတည်းက မရေမတွက်နိုင်သော ဒဏ္ဍာရီများချန်ရစ်ခဲ့သော ဓားသိုင်းဖြစ်သည်။
‘နတ်ဘုရားသုတ်သင်ဓားသိုင်း’ (၄)မျိုးတွင် ‘နတ်ဘုရားအဆုံးသတ်’ ဓားသိုင်းက အရာအားလုံးကို သုတ်သင်ပစ်နိုင်စွမ်းရှိသည်။ သဏ္ဌန်ရှိဖြစ်စေ သဏ္ဌန်မဲ့ဖြစ်စေ ၊ အစစ်အမှန်ဖြစ်စေ ပုံရိပ်ယောင်ဖြစ်စေ ၊ အားလုံးကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်ပစ်နိုင်ကာ မျာပြားလှသောပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။
အချိန်ဆယ်စက္ကန့်ကုန်ဆုံးသွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက သက်တံ့ဓားကို ရုတ်တရက်သိမ်းဆည်းလိုက်သည်။
နတ်ဘုရားအဆုံးသတ်ဓားသိုင်းဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည့်အခါ သူ၏ဦးခေါင်းထက်မှ အစစ်အမှန်သိုင်းကိုယ်ခွဲက လူတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
ထိုသူက ကမ္ဘာဦးကာလပရမ်းပတာ အခြေအနေထဲတွင် ထိုင်နေပြီး အဆုံးမရှိကျယ်ပြန့်သောစွမ်းအားများပိုင်ဆိုင်သည်ဟု ထင်မှတ်ရသည်။
ကနဦးပရမ်းပတာအခြေနေ ပျက်ဆီးသွားသည့်အခါ အရာအားလုံး စတင်ဖြစ်တည်ခြင်းဆီ ဦးတည်သွားသည်။ များပြားလှစွာသော ဖန်ဆင်းခြင်းတရားဖြင့် ကျယ်ပြောလှသောပင်လယ်နှင့် မိုးမြေကို သီးခြားတည်ရှိစေသည်။
ထို့နောက် ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းကိုယ်ခွဲက ထပ်မံပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြည်လင်သော ချီစွမ်းအားစီးကြောင်းများဖြင့် ဖုံးလွှမ်းနေသော ကြီးမားသည့်ပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကြီးမားသောပုံရိပ်ကြီးက တဖြည်းဖြည်းသေးငယ်သွားသော်လည်း ကြည်လင်သောချီစွမ်းအားစီးကြောင်းများက ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားပြီး ပိုမိုသန့်စင်လာသည်။
ထင်ယောင်ထင်မှားပုံရိပ်၏ ဦးခေါင်းထက်တွင် ဝိညာဉ်သင်္ကေတများက တုန်ခါလျှက် ရှိ၏။
ကောင်းကင်ထက်တွင်ရစ်ခွေနေသော ဧရာမနဂါးကြီးမှသည် မြေပြင်ထက်တွင်တင်ပျဉ်ခွေထိုင်နေသော ရွှေခန္ဓာအသွင်အထိ ၊ လေနှင့်မီးတောက်များကောင်းကင်တစ်ခုလုံးဖြတ်သန်းတိုက်ခတ်သွားပြီးနောက် ခရမ်းရောင်မီးတောက်များ တောက်လောင်နေသည့် ဆေးလုံးမီးပြင်းဖိုဆီသို့...။
ထို့ပြင် ပင်လယ်ပြင်မှ ထွက်ပေါ်လာသော ရေခဲနဂါးများ ၊ ကောင်းကင်ထက်တွင် လောင်ကျွမ်းနေသည့်မီးတောက်များ ၊ လရောင်၏ငြိမ်သက်မှု ၊ လိပ်နှင့်မြွေများရောယှက်နေသည့် ရွှမ်ဝူဧကရာဇ်၏ သင်္ကေတ...။
အစစ်အမှတ်သိုင်းအစ္ဇျတ္တမြောက်များစွာက များပြားလှသောမြင်ကွင်းများအဖြစ် ထင်ရှားလာသည်။
ဤ အမျုးမျိုးသော သိုင်းအစ္ဇျတ္တမြင်ကွင်းများက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အဆုံးသတ်မှာတော့ ရေစီးကြောင်းတစ်ခုတည်းပေါင်းစည်းသွားကြသည်။
တဟုန်ထိုးစီးဆင်းနေသော မိုးမြေတစ်ခွင်မှ ကံကြမ္မာစီးကြောင်းထဲတွင် ချီစွမ်းအားများရောယှက်သွားပြီး သူတော်စင်တစ်ပါး၏ ကုသိုလ်ကောင်းမှုက မရေမတွက်နိုင်အောင် ထင်ရှားလာသည်။
ဤသည်က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ၏စွမ်းအားဖြင့် ယခင်က ပြသခဲ့သော အစစ်အမှန်သိုင်းကိုယ်ခွဲများ၏ စွမ်းအားကို ထိန်းသိမ်းထားခြင်းပင် ဖြစ်သည်။
ဤသည်က တည်ရှိမှုနှင့် မတည်ရှိမှုကြားတွင် ရှိနေပြီး တစ်ချိန်တည်းတွင် နေရာများစွာတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း တည်ရှိနေပြန်သည်။
ယခုတော့ ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းကိုယ်ခွဲက ဆတ်ခနဲတုန်လှုပ်သွားပြီး ဓားရှည်တစ်လက်သဏ္ဌန်အဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ ဓားရှည်က ပုံရိပ်ယောင်ပမာဖြစ်သော်လည်း အရာခပ်သိမ်းကို သတ်ဖြတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်က သံသယဝင်စရာမလို ထွက်ပေါ်နေသည်။
ထိုဓားရှည်ထွက်ပေါ်လာသည်နှင့် စောစောက ဖန်းဆင်းထားသောအရာများအားလံး တစ်ညီတညွတ်တည်းပျက်သုဉ်းသွားကာ ကံကြမ္မာအဆုံးသတ်ဆီသို့ ဦးတည်သွားကြသည်။
အရာအားလုံး ထာဝရအဆုံးသတ်သွားပြီးနောက် တည်ရှိမှုမှ မတည်ရှိမှုသို့ ကူးပြောင်းသွားသည်။
ဆယ်စက္ကန့်ကုန်ဆုံးသွားပြီးနောက် ဆယ့်တစ်စက္ကန့်သို့ ဝင်ရောက်လာသည်။
ရန်ကျောက်ကဲဦးခေါင်းထက်မှ စူးရှတောက်ပသောအလင်းတန်းများဖြင့် လင်းထိန်နေသော အစစ်အမှန်သိုင်းကိုယ်ခွဲသည် သူ၏ရုပ်ခန္ဓာနှင့်ပေါင်းစပ်ရန် ဖြည်းညင်းစွာ သက်ဆင်းလာသည်။
နုန်ယွိရွှမ်နှင့် ချန်စုန့်အပါအဝင် ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများအားလုံး လေထုထဲတွင် မတ်တတ်ရပ်ရင်း ရန်ကျောက်ကဲကို ထိတ်လန့်စွာ ကြည့်နေကြသည်။
အစစ်အမှန်သိုင်းကိုယ်ခွဲနှင့် ရုပ်ခန္ဓာပေါင်းစပ်ရာတွင် သိုင်းကျင့်ကြံသူအတော်များများသည် အခြေအနေအများစုတွင် ကိုယ်ခွဲတစ်ခုတည်းဖြင့်သာ ပေါင်းစပ်နိုင်ကြသည်။
ဤသည်က အရည်အချင်းနှင့်မဆိုင်ပေ။ ကျင့်ကြံသူတေစ်ယောက် သိုင်းသူတော်စင်အဆင့်သို့ရောက်သည့်အခါ အစစ်အမှန်သိုင်းကိုယ်ခွဲနျင့် ရုပ်ခန္ဓာ ပေါင်းစပ်ရမည်ဖြစ်သည်။ အစစ်အမှန်သိုင်းကိုယ်ခွဲများ များပြားလွန်းနေပါက ရုပ်ခန္ဓာနှင့်ပေါင်းစပ်ရန်ခက်ခဲပြီး ရလဒ်အနေဖြင့် ကျရှုံးခြင်းသို့ ဦးတည်သွားနိုင်သည်။
သို့သော် ရန်ကျောက်ကဲကတော့ သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲများစွာကို အချိန်တစ်ခုအတွင်း အဆက်မပြတ်ပြောင်းလဲခဲ့ပြီး ရုပ်ခန္ဓာနှင့်ပေါင်းစပ်ရန်ကြိုးစားသည်မှာ လူတိုင်းကို မှတ်တက်သွားစေသလို တုန်လှုပ်ချောက်ချားသွားစေသည်။
ရန်ကျောက်ကဲက သူ၏အစစ်အမှန်သိုင်းကိုယ်ခွဲများကို သူ၏ရုပ်ခန္ဓာဆီသို့ ပြန်လည်ရုတ်သိမ်းသည့်အခါ သိုင်းဆရာသခင်အများစုကဲ့သို့ ပြန့်ကျဲသွားခြင်းမရှိပေ။ ထိုအစား အသွေးအသားရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ်နှင့်ပင် တစ်သားတည်းပေါင်းစပ်သွားသေး၏။
သေခြင်းတရားကိုကျော်လွန်ပြီးနောက် ယနေ့ ရန်ကျောက်ကဲက သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် တစ်ခုတည်းသောခြေလှမ်း လှမ်းခဲ့ပေပြီ။
ရန်ကျောက်ကဲ ယခုလုပ်နေသည့်လုပ်ရပ်က မည်မျှကြိုးစားပါစေ အကြိမ်ကြိမ်ကျရှုံးမည့်လုပ်ရပ်တစ်ခုအဖြစ် လူတိုင်းလက်ခံထားသည်။ ဤလုပ်ရပ်က ကျင့်ကြံသူတစ်ယောက်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ပရမ်းပတာဖြစ်စေပြီး ကျင့်ကြံခြင်းသွေဖယ်သည်အထိ ဖြစ်စေကာ နောက်ထပ် ကျင့်ကြံမရတော့လောက်အောင် အခြေခံအုတ်မြစ် ထိခိုက်ပျက်ဆီးသွားနိုင်သည်။
သို့သော် ယခု ရန်ကျောက်ကဲကိုတွေ့ရတော့...
မာနကြီးလှပါသည်ဆိုသော နုန်ယွိရွှမ်နှင့် နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ချန်စုန့်ကဲ့သို့လူတစ်ယောက်သည်ပင် တူညီသောခံစားချက်တစ်ခုအား ခံစားမိကြသည်။
“ရန်ကျောက်ကဲ” သေချာပေါက် အောင်မြင်လိမ့်မည်။
ဒီလူငယ်ကတော့ သေချာပေါက် အောင်မြင်လိမ့်မည်။
ဤသို့တွေးရသည်က သူတို့ ရန်ကျောက်ကဲကို အပြည့်အဝ ယုံကြည်နေသောကြောင့် မဟုတ်ပေ။ ရန်ကျောက်ကဲ၏ စွမ်းအားအနှစ်သာရ ၊ ချီနှင့် ဝိညာဉ်စွမ်းအားများအားလုံးက လက်ရှိတွင် အထွတ်ထိပ်အဆင့်သို့ တဟုန်ထိုးတက်လာနေပြီး သူကိုယ်တိုင်ကလည်း တည်ငြိမ်အေးဆေးလျှက် သက်သောင့်သက်သာ ရှိနေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းစုဆောင်းထားမှုများက အလွန်များပြားသော်လည်း အရာအားလုံးသ သဘာဝအတိုင်းစီးဆင်းလျှက် ပြီးမြောက်ခြင်းအဆင့် ရောက်ရှိသွားသည်။
သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်မှ သိုင်းသူတော်စင်အဆင့်သို့ ချိုးကွေ့ဝင်ရောက်ခြင်းက သူ့အတွက် မြေပြင်ထက်လမ်းလျှောက်နေသလို လွယ်ကူလွန်းလှပေ၏။
အရာအားလုံးက သူလုပ်ချင်ရာလုပ်သည်ဆိုခြင်းအပေါ် မူတည်နေပြီး ဘာကိုမှ ထည့်သွင်းစဉ်းစားစရာမလိုအပ်ခဲ့ပေ။
အားလုံး၏ စိတ်အာရုံကို ထိခိုက်နိုင်စွမ်းရှိသော စွမ်းအားရောင်ဝါကို ခံစားလိုက်ရသည့်အခါ ချန်စုန့်က ရန်ကျောက်ကဲကို အဝေးမှပင် ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။
ထိုအချိန် သူ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းမှာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဝါးကိုင်းကို မရှောင်နိုင်တော့ဘဲ ရိုက်နှက်ခံရပြီး အလင်းရောင်မှေးမှိန်သွားသည်။ တစ်ဆက်တည်းပင် ဂဠုန်နဂါးလှံရှည်ဖြင့် ထိုးနှက်တိုက်ခိုက်ခံရသဖြင့် ရှောင်လွှဲမရတော့ဘဲ သွေးများလေထဲသို့ လွင့်စင်ထွက်သွားသည်။
ချန်စုန့်က ထိုအရာများအားလုံးကို အရေးမစိုက်ဘဲ ရန်ကျောက်ကဲ အရေးကြီးသောခြေလှမ်းမလှမ်းခင် လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်ရန် ကြိုးစားသည်။
ရန်ကျောက်ကဲကို မသတ်နိုင်လျှင်တောင်မှ အနှီလူငယ် သိုင်းသူတော်စင်အဆင့်တက်ရောက်သည်ကို တားဆီးရပေမည်။
ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းသမားများသည်လည်း ယခု တညီတညွတ်တည်း ရှေ့သို့တိုးလာကြသည်။
သို့သော် ချန်စုန့်မှလွဲပြီး မည်သူမှ အချိန်မီ မဆောင်ရွက်နိုင်ခဲ့ကြပေ။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချန်စုန့်ထံသို့ ဂဠုန်နဂါးလှံရှည်ဖြစ်ပစ်လွှတ်တိုက်ခိုက်လိုက်ပြီး သူကိုယ်တိုင်ကလည်း အလင်းတန်းတစ်ခုပမာ ပြောင်းလဲသွားကာ ချန်စုန့်ရှေ့တွင် ချက်ချင်းပိတ်ဆို့လိုက်သည်။
“သွားစမ်း...”
ချန်စုန့်က ဒေါသတကြီးဖြင့် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား နောက်သို့လွင့်ထွက်သွာသည်။ သို့သော် သူက ချက်ချင်းပင် ရွှေရောင်ငှက်မွှေးလှံရှည်ကိုကိုင်ဆောင်လျှက် ထပ်မံတိုက်ခိုက်လိုက်၏။
ချန်စုန့်မျက်ဝန်းများ အာရုံစူးစိုက်သွားသည်။
ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင်များလွှမ်းခြုံနေသည့် ရန်ကျောက်ကဲပုံရိပ်က သူ့အမြင်အာရုံထဲ ဝင်ရောက်လာသည်။
ဆယ့်နှစ်စက္ကန့်။
အလင်းတန်းများစွာက ကောင်းကင်မြစ်တစ်စင်း မြင့်တက်လာသည့်ပမာ လှည့်ပတ်နေပြီး ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံးဆီသို့ စီးဆင်းပျံ့နှံ့သွားသည်။ ရန်ကျောက်ကဲခန္ဓာကိုယ်ထက် မရေမတွက်နိုင်သော အင်းသင်္ကေတအလင်းတန်းများထွက်ပေါ်လာပြီး အလင်းတန်းများ တောက်ပသွားသည်။
သူ့မျက်ဝန်းများထဲမှလည်း အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မိုးမြေတစ်ခွင် မိုင်ပေါင်း (၂၅၀၀) အထိ လင်းလက်သွားစေသည်။
ဒါကိုမြင်တော့ ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများအားလုံး တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။
သူ အောင်မြင်သွားပြီလား။
ဤသို့ပင် အောင်မြင်သွားခဲ့ပြီလား။
အချိန်ခဏအတွင်းမှာပင် ထိုလူငယ်သည် သေခြင်းတရားကိုကျော်လွန်ပြီး သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ခဲ့လေပြီလား။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှာပင် သိုင်းသူတော်စင်အဆင့်ဆိုသည်က မရေမတွက်နိုင်သောလူများ မကျော်လွန်နိုင်သော အထွတ်ထိပ်အဆင့်တစ်ခုဖြစ်နေဆဲ ဖြစ်သည်။ သို့တိုင် ရန်ကျောက်ကဲကတော့ ခြေထောက်လေးမြှောက်ရုံမျှဖြင့် ခက်ခဲသော ကောင်းကင်ပင်လယ်ကွေ့ကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ခြေထောက်မြှောက်ရုံမျှဟု ပြော၍ပင်မရပေ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးနောက် ရိုးရှင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သည့်အလားဟုဆိုလျှင် ပိုပြီး သင့်တော်နိုင်သည်။
ရန်ကျောက်ကဲက နဂါးတစ်ကောင်အလား ရှည်လျားသော ကြုံးဝါးသံတစ်သံပြုလုပ်လိုက်ပြီး သူ့အသံက ပိုမိုလေးနက်လျှက် မဟာတာအိုနှင့် မိုးမြေတစ်ခွင် ပဲ့တင်ထပ်နေသည့်အလား ထင်မှတ်ရသည်။
သလင်းကျောက်စိမ်းအဆက်အနွယ်၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ်ထားပြီး ထိပ်တန်းသလင်းအဆက်အနွယ်၏ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကိုကျင့်ကြံကာ အဆုံးသတ်တွင် မဟာသလင်းအဆက်အနွယ်၏ဖြောင့်မတ်ခြင်းတရားကို ဆုပ်ကိုင်လျှက် များပြားလှစွာသောသိုင်းပညာများနှင့်အတူ ဉာဏ်အလင်းပွင့်ခဲ့သည်။
“စန်းချင်း” ဟုခေါ်ဆိုသော “စင်ကြယ်ခြင်းသုံးပါး” က တစ်သားတည်းပေါင်းစပ်ကာ ရန်ကျောက်ကဲတစ်ယောက် သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ခဲ့လေသည်။