← Chapters

ရမ်းရမ်းကားကားမွှေနှောက်

Vol. 48 Ch. 674

ရမ်းရမ်းကားကားမွှေနှောက်

Vol. 48 Ch. 674

အခန်း (၆၇၄) ရမ်းရမ်းကားကားမွှေနှောက်

တာအိုဝါဒ၏အမြင့်မြတ်ဆုံး ‘စန်းချင်း’ “စင်ကြယ်ခြင်းသုံးပါး”။

ရှေးပဝေသဏီအချိန်မှစပြီး ယခုအချိန်ထိ မရေမတွက်နိုင်သောလူများက ‘စန်းချင်း’ “စင်ကြယ်ခြင်းသုံးပါး” အဆက်အနွယ်ကို တစ်ပြိုင်တည်းကျင့်ကြံရန် ကြိုးပမ်းခဲ့ကြဖူးသည်။

စိတ်ဓာတ်ပြင်းထန်သူများ ၊ ရည်မှန်းချက်ကြီးသူများ ၊ ပါရမီရှင်များ ၊ ပြိုင်ဘက်ကင်းများနှင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသူများအားလုံး ထိုသို့ ‘စန်းချင်း’ “စင်ကြယ်ခြင်းသုံးပါး” ကို တစ်ပြိုင်တည်းကျင့်ကြံရန် အားထုတ်ခဲ့ကြဖူးသည်။

သို့သော် အဆုံးသတ်မှာတော့ ထိုသူများအားလုံး ကျရှုံးသူကကျရှုံး ၊ လက်လျှော့သူကလက်လျှော့ ဖြစ်ခဲ့ကြရ၏။

ဤလမ်းကို ဆက်လျှောက်နိုင်သူ နည်းပါးလွန်းသည်။ တကယ့်ကိုခက်ခဲသည်လည်း အမှန်ပင်။

ထို့ကြောင့် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို မကျင့်ကြံမီ ရန်ကျောက်ကဲ သူ့ကိုသူမေးခွန်းထုတ်ခဲ့သည်။

“သူတကယ်ပဲ ဒီလမ်းကို လိုက်လျှောက်မှာလား...”

သလင်းကျောက်စိမ်းအဆက်အနွယ်မှဆင်းသက်လာသည့် လောကထိပ်တန်း ပညာရပ်ဖြစ်သော ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ကို အခြေခံအုတ်မြစ်အဖြစ် ပိုင်ဆိုင်ထားပြီဖြစ်ရာ သူလျှောက်မည့်လမ်းအတွက် အရာရာချောမွေ့နေသည်မှာ အမှန်ပင်။ သူ့အတွက် လုံလောက်နေပြီ ဖြစ်၏။

အသက်ငယ်ငယ်ဖြင့် သေဆုံးသွားခြင်းမရှိသရွေ့ အများစု စိတ်ကူးမယဉ်နိုင်သော အမြင့်တစ်နေရာသို့ သေချာပေါက် ရောက်ရှိမည်သာ။

သို့ဖြစ်ရာ သူ့အနေဖြင့် အတားအဆီးများစွာဖြင့်ပြည့်နက်နေသည့် ပိုမိုခက်ခဲသောလမ်းကို ရွေးချယ်သင့်ပါသလား။ အခန့်မသင့်ပါက ကိုယ့်ကိုယ်ကိုယ်ထောင်ချောက်ဆင်မိသလိုဖြစ်ကာ ရှေ့ဆက်လျှောက်ရမည့်လမ်းပင် အတားအဆီး ဖြစ်နိုင်၏။

ထိုအချက်များကို သေသေချာချာ စဉ်းစားပြီးသည့်နောက် ရန်ကျောက်ကဲ ရလာသည့်အဖြေက ဤလမ်းကို ရှေ့ဆက်လျှောက်ရန် ဖြစ်သည်။

သူက အတ္တရှိသော လူတစ်ယောက်ဖြစ်သော်ငြား ထိုသို့ဆုံးဖြတ်လိုက်သည်က ကိုယ်ပိုင်အတ္တနှင့် စိတ်ကျေနပ်စေရန်အတွက် မဟုတ်ခဲ့ပေ။

လူတိုင်းက အတိုင်းအတာတစ်ခုအထိ ပြီးပြည့်စုံချင်ကြသည်။

ရန်ကျောက်ကဲသည်လည်း ထို့အတူပင်ဖြစ်၏။ သို့သော် ယခုတစ်ကြိမ်မှာတော့ ထိုသို့ မဟုတ်ပေ။

ဤလမ်းသို့လျှောက်ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ဤလမ်းကြောင်းက ပိုမိုခက်ခဲသော်လည်း ၎င်းမှတစ်ဆင့် ပိုမိုမြင့်မားသောလမ်းကြောင်းကို တက်လှမ်းနိုင်သောကြောင့် ဖြစ်သည်။

မဟာကပ်‌ဘေးကြီးပြီးဆုံးသည့်နောက် ကောင်းကင်ဘုံနန်းတော်သည် ဒဏ္ဍာရီထဲတွင်သာ ကျန်ရစ်ခဲ့ပြီး ဖုံမှုန့်အဖြစ် ပျက်ဆီးသွားခဲ့ရသည်။ ဤသည်က ရန်ကျောက်ကဲစိတ်ထဲ အမြဲထာဝရစွဲလန်းနေခဲ့ပြီး ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

လက်ရှိတွင် သူက သိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် လူတစ်ယောက်၏ ရုပ်ခန္ဓာထဲသို့ ဘဝကူးပြောင်းလဦသည်မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။

သိုင်းကျင့်ကြံသူများအနေဖြင့် မြင့်မားသောတစ်နေရာသို့ အရောက်လှမ်းရန် အစဉ်အမြဲလိုလားတောင့်တကြပြီး ပြင်ပရန်သူများကိုစိန်ခေါ်ကြသလို မိမိကိုယ်ကိုယ်လည်း စိန်ခေါ်ကြရသည်။

ဤသည်က မျှော်လင့်ချက်ကင်းမဲ့သည့် ဖန်တရာတေလုပ်ရပ်များဖြစ်သော်လည်း ရန်ကျောက်ကဲကတော့ ဤသို့သောလမ်းအား လျှောက်လှမ်းရသည်ကို ပျော်ရွှင်နေခဲ့သည်။

ထို့ကြောင့် သူ ဆက်လက်လျှောက်လှမ်းနေသည်ပင်။

ရန်ကျောက်ကဲ သိုင်းသူတော်စင်အဆင့်တက်ရောက်ခြင်းကြောင့် မိုးမြေတစ်ခွင်မှ မဟာတာအိုများတုန်ခါသွားပြီး ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ သူ၏ရုပ်ခန္ဓာကို သန့်စင်ပေးသည်။

သူရွေးချယ်ခဲ့သည့် ခက်ခဲသောလမ်းအတွက် သိုင်းသူတော်စင်အဆင့် တက်ရောက်ခြင်းက အုံးသတ်မဟုတ်သလို ပြီးပြည့်စုံခြင်း နောက်ဆုံးအဆင့်လည်း မဟုတ်ပေ။

ဤသည်က အရာအားလုံး၏ အစသာလျှင် ရှိသေးပြီး သူ၏ အနာဂတ်လမ်းကြောင်းက ပိုမိုခက်ခဲမည် ဖြစ်သည်။ ဤအချက်ကို ရန်ကျောက်ကဲကိုယ်တိုင် ရှင်းလင်းစွာ သိရှိသော်လည်း ထူးထူးခြားခြား တည်ငြိမ်လျှက် ရှိ၏။

သူက လောကတွင် ကံအကောင်းဆုံးလူသားမဟုတ်သလို ၊ အဆုံးသတ်တွင် အောင်ပွဲရရှိမည့်သူလည်း မဖြစ်နိုင်ပေ။ သို့တိုင် ယင်းကြောင့်တော့ဖြင့် သူ့ကိုယ်သူထားရှိသည့် ယုံကြည်ချက်နှင့် မာနတရားများကို ထိခိုက်စေမည် မဟုတ်ပေ။

ငယ်ရွယ်သဖြင့် မဆင်မခြင် ပြုမူသည်ဟု အထင်ခံရသည်ဖြစ်စေ ၊ နုံအလွန်းသည်ဟု အပြောခံရလျှင်ဖြစ်စေ သူကိုယ်တိုင်က ဤလမ်းကိုလျှောက်ရန် ရဲရင့်ပေသည်။

အချိန် “ဆယ့်နှစ်စက္ကန့်” သို့ ရောက်ရှိလာပေပြီ။

ထိုအချိန် ‘သက်တံ့ဓား’ က ရန်ကျောက်ကဲလက်ထဲ တစ်ဖန်ပြန်ပေါ်လာပြီး အဝေးတစ်နေရာသို့ ခုတ်ပိုင်းချလိုက်သည်။ သန့်စင်သောအဖြူရောင်ဓားချီက နုန်ယွိရွှမ်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

နုန်ယွိရွှမ် အလွန်အမင်း မျက်နှာပျက်သွားသည်။ သူ့ခန္ဓာကိုယ်ထက်တွင် အဆင့်နိမ့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ကောင်းကင်ကြယ်စင်ချပ်ဝတ်’ ထွက်ပေါ်လာပြီး အလင်းတန်းများတောက်ပလာသည်။ သို့သော် သန့်စင်သည့်အဖြူရောင်ဓားချီက ‘ကောင်းကင်ကြယ်စင်ချပ်ဝတ်’ ကို တို့ဟူးလှီးဖြတ်သလို ခုတ်ပိုင်းချလိုက်ပြီး အလင်းတန်းများသည်လည်း ချက်ချင်းပင် ငြိမ်းသတ်သွားသည်။

နုန်ယွိရွှမ် အတော်လေး တုန်လှုပ်သွားသည်။ သူ့ခန္ဓကိုယ်က မလှုပ်ရှားနိုင်သည်ဖြစ်ရာ သူ့အရှေ့မှ ရာဟုကြယ် အမှောင်ဓားချီများကိုသာ စုစည်းလိုက်နိုင်သည်။

အဖြူရောင်ဓားအလင်းတန်း လှည့်ပတ်လာပြီး သဏ္ဌန်မဲ့အနက်ရောင်မီးတောက်များထက်သို့ ကျရောက်သွား၏။

နုန်ယွိရွှမ် ညည်းညူသံတစ်ချက်ပြုရင်း နောက်သို့ဆုတ်သွားသည်။

အနက်ရောင်အခိုးအငွေ့များအလယ်ရှိနေသော ဖန်းယွင်ရှန်းမှာ ရာဟုကြယ်အမှောင်ဓားချီများ ပြောင်းလဲသွားကြောင်း အာရုံခံမိပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ မျက်ဝန်းများထဲမှ အေးစက်သောနေရောင်ခြည်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

မတော်တဆမှုတစ်ခုခုကြောင့်သာ ရန်ကျောက်ကဲ အချိန်မီ မအောင်မြင်ခဲ့ပါက ဘာပဲဖြစ်ဖြစ် သူမက အစွမ်းကုန် ဆက်လက်ထိန်းထားရမည် ဖြစ်သည်။

ယခု နုန်ယွိရွှမ် ဆုတ်ယုတ်မှုဖြင့် ရင်ဆိုင်ရသည်ကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲအောင်မြင်သွားပြီဖြစ်ကြောင်း သိနိုင်၏။

ရန်ကျောက်ကဲက အရင်ဆုံး နုန်ယွိရွှမ်ကို တိုက်ခိုက်လိုက်သည်။

ထိုအချိန် ကွမ်းမင်ဂိုဏ်းမှ အခြားသောသိုင်းသမားများသည်လည်း သူ့ဆီသို့ အပြေးဝင်ရောက်လာကြသည်။

သူတို့အားလုံး ရန်ကျောက်ကဲ သေခြင်းတရားကို ကျော်လွန်ပြီး သိုင်းသူ‌တော်စင်အဆင့်သို့ တက်ရောက်မည်ကို တားဆီးလိုကြသည်။

ရန်ကျောက်ကဲ ထိုမျှ မြန်မြန်ဆန်ဆန် အဆင့်တက်သွားမည်ဟု သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့ကြပေ။

ဟုတ်ပေ၏။ ဒီလောက်ရန်သူများနှင့် ရင်ဆိုင်နေရချိန် ထိုလူငယ်သည် မည်သို့ အဆင့်တက်လှမ်းနိုင်ပါမည်နည်း။

သူတို့အားလုံး လတ်တလောတွေ့မြင်နေရသည့် ထူးခြားသောအမှန်တရားက သူတို့အားလုံးကို ထူးခြားဆန်းကျယ်စွာ ခံစားရစေသည်။ သူတို့ခဏမျှ နှေးကွေးနေသောအချိန်မှာပင် အဆုံးမဲ့မိုးကုတ်စက်ဝိုင်းပမာ ခြားနားချက်ကို ရန်ကျောက်ကဲက သက်သေပြခဲ့ပြီး ဖြစ်၏။

လက်ရှိမှာတော့ သူတို့အားလုံး ရန်ကျောက်ကဲဆီသို့ တဟုန်ထိုးဦးတည်ပြေးလွှားနေကြသည်။

သို့ပေသိ သူတို့စိတ်ထဲမှ သတ္တိက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူတို့ရင်ထဲ အေးစိမ့်စွာခံစားလာရသည်။

ဤသို့တိုက်ခိက်ခြင်းက သူတို့ကိုယ်သူတို့ သေခြင်းတရားသို့ပို့ဆောင်ခြင်းဖြစ်ကြောင်း ခံစားနေရပြီး ရန်ကျောက်ကဲ အသင့်သတ်ဖြတ်နိုင်ရန် လည်စင်းပေးသည့်အလား ဖြစ်နေပေသည်။

ထိုစဉ်...

လေထုထဲတွင် ပြင်းထန်သော လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။

အသင်္ချေနဂါးနန်းတော်၏ ကြီးမားသောတံခါးကြီး တုန်လှုပ်သွားပြီး အတွင်းမှ ပုံရိပ်တစ်ခု ထွက်လာ၏။

စောစောက ရန်ကျောက်ကဲ ပိတ်လှောင်ဖမ်းဆီးထားခဲ့သော ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူ ထွက်လာခြင်းပင်။

သူထွက်လာသည်နှင့် မေးခွန်းတစ်ချက်မထုတ်ဘဲ ရန်ကျောက်ကဲကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ထိုအကြီးအကဲကို တွေ့မြင်လိုက်ရတော့ ကွမ်းမင်ဂိုဏ်းမှသိုင်းသမားများစိတ်ထဲတွင် မျှော်လင့်ချက်များပြန်လည်ရှင်သန်လာသည်။

လူတိုင်းက အံတင်းတင်းကြိတ် ၊ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လျှက် ရန်ကျောက်ကဲထံ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

သူတို့အ‌ရှေ့မှ လူငယ်သည် ယခုမှ သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်သူဖြစ်သည်။

ဤနေရာတွင်ရှိနေသော ကွမ်းမင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများအားလုံးက သိုင်းသူတော်စင်များ ဖြစ်ကြသည်။

သူတို့အတူတကွ ပူပေါင်းပြီးတိုက်ခိုက်မည်ဆိုလျှင် ယခုမှ သိုင်းသူတော်စင်ဖြစ်လာသူတစ်ယောက်ကို ဖြုတ်ချနိုင်မည်ဟု ယုံကြည်ကြသည်။

ဟုတ်ပေသည်။ မည်သည့် သိုင်းသူတော်စင်ပထမအဆင့် ကျင့်ကြံသူကိုမဆို ဖြုတ်ချနိုင်မည် အမှန်ပင်ဖြစ်၏။

သို့သော် ရန်ကျောက်ကဲကတော့...။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ ချက်ချင်းပင် လေထဲသို့ ခုန်ဝင်လိုက်ပြီး သူ၏ဓားစေညွှန်ရာနေရာတိုင်းသို့ အဖြူရောင်ဓားချီများ ဖြတ်သန်းသွားသည်။

ဓားချီက သဏ္ဌန်ပြောင်းလဲသွားပြီး ရာဟုကြယ်အမှောင်ဓားချီနှင့် ရာဟုကြယ်နေကြတ်ခြင်းစွမ်းအားများ ပါဝင်နေသည်။ အဖျက်စွမ်းအားအပြည့်အဝပါရှိသော ဓားချီက လေထုထဲမှ ရွှေ‌ရောင်အလင်းတန်းများအားလုံးကို သုတ်သင်ပစ်လိုက်သည်။

ထို့နောက် ဓားချီက ထပ်မံ၍ သဏ္ဌန်ပြောင်းလဲသွားပြီး ‘ခဲ့ထူကြယ်’ စွမ်းအားကို ထင်ရှားစေသည့် မှိန်ဖျော့သောအလင်းရောင်အဖြစ် မိုးမြေတစ်ခွင်သို့ ဖုံးလွှမ်းစီးဆင်းသွားပြန်သည်။ ‘ခဲ့ထူကြယ်’ စွမ်းအားတွင် ငွေ‌ရောင်လဝန်းကို လွှမ်းမိုးထိန်းချုပ်နိုင်သည့် စွမ်းအားများ ပါဝင်ပေ၏။

ဓားဝိညာဉ်သည် နေနှင့်လကို တစ်ပြိုင်နက်တည်း ပျက်သုဉ်းစေသည့် ရာဟုကြယ်နှင့် ခဲ့ထူကြယ်စွမ်းအားကို ပေါင်းစပ်လိုက်ရာ ကွမ်းမင်ဂိုဏ်း၏ အထွတ်အထိပ် သိုင်းပညာတစ်ရပ်ဖြစ်သော ‘နေလကျင့်စဉ်’ လက်ဝါးသိုင်းကို ကြောက်မက်ဖွယ်ရာ ချေမှုန်းပစ်လိုက်၏။

တစ်ဆက်တည်းပင် နေနှင့်လကို ထိန်းချုပ်နိုင်သော အဆိုပါဓားချီသည် ကွမ်းမင်ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာဖြစ်သော ‘နေကိုစားသောလစန္ဒာလက်ဝါးသိုင်း’ ကိုပါ ဖြိုခွဲပစ်လိုက်သည်။

တွင်းနက်ပမာဓားချီက ကွမ်းမင်ဂိုဏ်း၏ အထွတ်ထိပ်သိုင်းပညာဖြစ်သော အဆုံးမဲ့အလင်းလက်ဝါးသိုင်းကို ထိတွေ့သည့်အခါ တောက်ပနေသာ အလင်းရောင်အားလုံးကို ဝါးမျိုသွားသည်။

ပြီးတော့ ကွမ်းမင်ဂိုဏ်း၏ ထိပ်တန်းခံစစ်သိုင်းပညာဖြစ်သော ‘အလင်းခန္ဓာ’ သိုင်းပညာအား ‌ရေကဲ့သို့စီးဆင်းနေသော ဓားချီက လွင့်မျောပျောက်ကွယ်သွားစေသည်။

အချိန်က ‌ရေကဲ့သို့စီးဆင်းနေပြီး ခေတ်အဆက်ဆက် အကြင်နာတရားကင်းမဲ့သည်ပင်။ ထာဝရတောက်ပနေသည့်အရာများပင်လျှင် အဆုံးသတ်မှာတော့ မှေးမှိန်ပျောက်ကွယ် ပျက်သုဉ်းကြရသည်သာ။

ကြောက်မက်ဖွယ်ရာ ‘နတ်ဘုရားအဆုံးသတ်’ ဓားချီ လှည့်ပတ်သွားပြီးနောက် အဆုံးမရှိသော လေးနက်သည့် ဓားသိုင်းအယူအဆများပျံ့နှံ့သွားပြီး တည်ရှိမှုအားလုံး၏ အဆုံးသတ်သို့ နည်းမျိုးစုံဖြင့် ပို့ဆောင်ပေးနေသည်။

မတူကွဲပြားသော များပြားသည့်လုပ်ငန်းစဉ်များ ရှိခဲ့သော်လည်း အဆုံးသတ်ရလဒ်ကတော့ အတူတူပင် ဖြစ်၏။

သူတို့အားလုံးအတွက် တူညီသောလားရာ တစ်ခုတည်းသာ ရှိခဲ့သည်။

‘ပျက်သုဉ်းခြင်းတရား’ ။

ရန်ကျောက်ကဲက သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူကို ပေါ့ပေါ့ပါးပါးပင် ဓားဖြင့် တိုက်ခိုက်လိုက်ပြီးနောက် အခြားသော ကွမ်းမင်ဂိုဏ်းသားများရှေ့သို့ ရောက်လာသည်။

ကြောက်မက်ဖွယ်ရာ နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်အောက်တွင် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် တတိယအဆင့် အကြီးအကဲ၏ ရုပ်ခန္ဓာ ၊ နာမ်ဝိညာဉ်နှင့် အစစ်အမှန်သိုင်းကိုယ်ခွဲ ပေါင်းစပ်ထားခြင်း ပျက်ဆီးသွားပြီး မခံမရပ်နိုင်အောင် ဒဏ်ရာရသွားသည်။

ထို သိုင်းသူတော်စင် တတိယအဆင့်သိုင်းကျင့်ကြံသူမှလွဲပြီး ကွမ်းမင်ဂိုဏ်းမှ အခြားသူများမှာ ရန်ကျောက်ကဲ၏ ဓားချက်ကို ခုခံနိုင်ခြင်း မရှိခဲ့ကြ‌ပေ။

တိုက်ပွဲမြေပြင်တစ်လျှောက်လုံး သေမင်းအရိပ်လွှမ်းမိုးလာပြီဖြစ်ကြောင်း ကွမ်းမင်ဂိုဏ်းမှ ကျင့်ကြံသူတိုင်း တုန်လှုပ်စွာပင် နားလည်လိုက်ကြရလေ၏။

All Chapters