ပျက်သုဉ်းခြင်းသာလျှင်
Vol. 48 Ch. 675
အခန်း (၆၇၅) ပျက်သုဉ်းခြင်းသာလျှင်
မရေမတွက်နိုင်သော ကွဲပြားမှုများနှင့် ခန့်မှန်းမရနိုင်စွာဝင်ရောက်လာသော အဖြူရောင်ဓားချီက အလွန်ရက်စက်ကြမ်းတမ်းသည်ဖြစ်ရာ ကွမ်းမင်ဂိုဏ်းမှသိုင်းသမားများအားလုံးစိတ်ထဲ အေးစိမ့်မှုကို ခံစားလိုက်ကြရသည်။
အရင်တစ်ချိန်က ရန်ကျောက်ကဲ သိုင်းဆရာသခင်အဆင့် ရှိနေချိန်မှာပင် တာ့ရွှမ်တိုင်းပြည်၏ သိုင်းသူတော်စင်ပထမအဆင့်ရှိသော စစ်သူကြီး ယန်ကျောက်ကျန်းကို သတ်ဖြတ်ခဲ့ကြောင်း ရုတ်တရက် သတိရသွားကြသည်။
ယခု ရန်ကျောက်ကဲ သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာလေရာ မည်မျှ ကြောက်မက်ဖွယ် ကောင်းပါမည်နည်း။ ထိုအတွေး သူတို့စိတ်ထဲ ဖြတ်သန်းဝင်ရောက်လာသည်နှင့် နောက်ပြတ်ဆုတ်ရန် စဉ်းစားမိကြသည်။
ရန်ကျောက်ကဲပုံစံက ပေါ့ပေါ့ပါးပါးပင်ရှိသော်လည်း သူ့မျက်ဝန်းများကတော့ အေးစက်နေသည်။
သူက တခြားသိုင်းပညာများကို အသုံးမပြုဘဲ အဆုံးမရှိနက်ရှိုင်းသည့် ‘နတ်ဘုရားအဆုံးသတ်’ ဓားသိုင်းကိုသာ အသုံးပြုသည်။
ထိုခဏတွင် အခြားသော သိုင်းပညာအယူအဆများအားလုံး လွင့်စင်သွားပြီး အရာအားလုံးကို ငြိမ်းသတ်နိုင်သည့် ထာဝရအဆုံးသတ်ပမာ ပြင်းထန်သော ဓားဝိညာဉ်ကသာ အကန့်အသတ်များကိုကျော်လွန်ပြီး ပိုမိုအားကောင်း ကြီးထွားလာသည်။
ဤဓားသိုင်းက သန့်စင်သော သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းဖြစ်သည်။ ရက်စက်ကြမ်းတမ်းခြင်းနှင့် မရဏအငွေ့အသက်များတွင် ဤဓားသိုင်းနှင့်တူညီသော အခြားသိုင်းပညာ အနည်းငယ်သာ ရှိ၏။
ရန်ကျောက်ကဲက သိုင်းသူတော်စင်တစ်ယောက် ဖြစ်သွားပြီဖြစ်ရာ သူ့လက်ထဲမှ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘သက်တံ့ဓား’ ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်ခဲ့သည်။
ထိုဓားက ရန်ကျောက်ကဲ ကျင့်ကြံထားသည့် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ နှင့် လိုက်ဖက်ညီခြင်းမရှိသည့်တိုင် ဓားအလင်းတန်းက အေးခဲသွားပြီး မကြုံစဖူးထက်ရှကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။
ကွမ်းမင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများက ရှိသမျှ နောက်ဆုံးသတ္တိကိုစုစည်းပြီး ရန်ကျောက်ကဲထံ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ကြသည်။
ချက်ချင်းပင် ရန်ကျောက်ကဲအနီးတစ်ဝိုက်တွင် တောက်ပနေသာအလင်းရောင်များထွက်ပေါ်လာပြီး လောကတစ်ခုလုံးအား လွှမ်းခြုံသွားသည်။
အတွေးမရှိ ၊ နှလုံးသးမရှိ ၊ စိတ်ခံစားချက်မရှိ...။
အဆုံးမရှိ ၊ အကန့်အသတ်မရှိသော အလင်းတန်းက ထိုနေရာမှ ဖြစ်တည်မှုများအားလုံးကို ချေမှုန်းပစ်ကာ အရာအားလုံးကို သန့်ရှင်းသွားစေသည်။
အဆုံးမရှိတောက်ပနေသော လောကတစ်ခွင်တွင် ရန်ကျောက်ကဲက ပျက်ဆီးခြင်းကိုဆောင်ကျဉ်းလာသော အကြီးမြတ်ဆုံး နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။
သူက ပေါ့ပါးစွာ တစ်ချက်ရယ်မောလိုက်စဉ် ရက်စက်ကြမ်းတမ်းသော ဓားဝိညာဉ်က သူ့အရှေ့မှ အဆုံးမရှိအလင်းတန်းများမှတစ်ဆင့် ထိုးဖောက်ထွက်ပေါ်လာ၏။
အရာအားလုံးကို သုတ်သင်ပစ်မည့်ဓားဝိညာဉ်က ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ညည်းတွားအော်ဟစ်သံ ခပ်သဲ့သဲ့များ ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် ဝင်ရောက်လာသော ကွမ်းမင်ဂိုဏ်းသားများအားလုံး နောက်ပြတ်ဆုတ်သွားကြသည်။ အဖြူရောင်ဓားချီက နောက်တစ်ကြိမ်မြင့်တက်လာချိန် လေထဲသို့ ဦးခေါင်းအများအပြား ပြတ်ထွက်လွင့်ပျံသွားကြသည်။
လက်ရှိအချိန်တွင် ပတ်ဝန်းကျင်မိုးမြေတစ်ခွင်က ဓားအလင်းတန်းများဖြင့် လင်းထိန်တောက်ပလျှက် ရှိ၏။
ကောင်းကင်တစ်ခွင် တိမ်တိုက်များလွင့်စင်သွားပြီး လောနယ်လေထုက အက်ကွဲပြိုကျသွားပြီး အဝေးတစ်နေရာအထိ အက်ကြောင်းများ ထင်ဟပ်သွားသည်။ ပင်လယ်ရေများခြောက်သွေ့သွားပြီး ရေအောက်တွင်အေးခဲနေသော သန္တာကျောက်တန်းများသည်ပင် အဆက်မပြတ် အက်ကွဲသွားသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။
ဓားအလင်းတန်းများ မငြိမ်းသတ်မီမှာပင် မြေအောက်မီးတောက်များသည်ပင် တောက်လောင်၏။
ရန်ကျောက်ကဲ သတ်ဖြတ်လိုက်သူများ များပြားလာလေ ‘နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်’ က ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင့်တက်လာလေ ဖြစ်သည်။
ကွမ်းမင်ဂိုဏ်းမှလူများ ရန်ကျောက်ကဲကို အတူတကွ ပူးပေါင်းတိုက်ခိုက်နေကြသည့်တိုင် ဘာမှမတတ်နိုင်ဘဲ သူတို့အားလုံး ထွက်ပြေးချင်စိတ်ပေါက်လာကြသည်။
သို့သော် ရန်ကျောက်ကဲက ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သူတို့အားလုံး နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ဘဲ ပတ်ဝန်းကျင်ဧရိယာတစ်လျှောက် တစ်ယောက်ပြီးတစ်ယောက် ပိတ်ဆို့ခံလိုက်ရသည်။
ထိုခဏတွင် ကွမ်းမင်ဂိုဏ်းမှသိုင်းသမားများသည် ကြေကွဲဖွယ်ရာ ကြီးမားသော အသေအပျောက်ဒဏ်ကို ခံစားခဲ့ရသည်။
သိုင်းသူတော်စင် တတိယအဆင့်အကြီးအကဲက ဒဏ်ရာရထားသည့်တိုင် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်ပြီး ရန်ကျောက်ကဲကို လက်ဝါးနှစ်ဖက်လုံးဖြင့် ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲက ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း သူ၏ အဖြူရောင်ဓားချီက တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုအကြီးအကဲ၏ လက်ဝါးရိုက်ချက်စွမ်းအားကို စုပ်ယူဝါးမျိုလိုက်သည်။ ထို့နောက် တွင်းနက်ထဲမှ အဖြူရောင်ဓားချီ ပြန်လည်ထွက်ပေါ်လာပြီး ရန်သူကို ဆက်လက်တိုက်ခိုက်လိုက်၏။
ကွမ်းမင်ဂိုဏ်းအကြီးအကဲက သူ၏အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ဝှေ့ယမ်းလျှက် ခုခံကာကွယ်လိုက်သည်။
သို့သော် ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာ နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်က ‘သက်တံ့ဓား’ ၏ စွမ်းအားနှင့် ပေါင်းစည်းလျှက် ပြိုင်ဘက်ကင်းလောက်အောင် ဓားစွမ်းမြင့်မားနေသည်ဖြစ်ရာ ရန်သူ၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းမှာ ချက်ချင်းပင် နှစ်ပိုင်းအက်ကွဲသွားသည်။
ကွမ်းမင်ဂိုဏ်းမှအကြီးအကဲထိတ်လန့်သွားပြီး ချက်ချင်းပင် ထိပ်တန်းအဆင့် ခံစစ်သိုင်းပညာဖြစ်သော ‘အလင်းခန္ဓာသိုင်းပညာ’ ကို အမြင့်ဆုံးအထိ ဖြန်ကျက်လိုက်သည်။ သူ၏မျက်နှာတစ်ခုလုံးမှာလည်း နီရဲလျှက် ရှိ၏။
ချက်ချင်းပင် အဆုံးမရှိသော အလင်းတန်းများက သူ့ခန္ဓာကိုယ်သို့ စုစည်းလာပြီး အလင်းလူသားတစ်ယောက်အသွင် ပြောင်းလဲသွားသည်။ ထိုအလင်းရောင်က ထာဝရမငြိမ်းသတ်နိုင်သောအသွင်ကို ဆောင်လျှက်ရှိ၏။
ရန်ကျောက်ကဲက အရေးမစိုက်ဘဲ ဓားချက်က တည့်တည့်မတ်မတ်ပင် ဝင်ရောက်သွားသည်။
ရက်စက်ကြမ်းတမ်းသော အဖြူရောင်ဓားချီ ဖြတ်သန်းသွားသည်နှင့် အလင်းခန္ဓာသိုင်းပညာ၏ ထာဝရတောက်ပမှုက ချက်ချင်းပင် မှိတ်ဖျော့သွားသည်။
ကွမ်းမင်ဂိုဏ်းမှအကြီးအကဲ ထိတ်လန့်သွားသော်လည်း ကြောက်မက်ဖွယ်ရာဓားချီက သူ့ကိုဖြတ်သန်းသွားခြင်းအား ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
‘အလင်းခန္ဓာသိုင်းပညာ’ ပျက်ဆီးသွားခဲ့သည်။
သေခြင်းရှင်ခြင်း အရေးကြီးသော အချိန်အခိုက်အတန့်တွင် ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲက အံကိုတင်းတင်းကြိတ် ၊ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း တိုက်ခိုက်လိုက်၏။ သူက လက်ဖဝါးများကို ရှေ့သို့ဆန့်ထုတ်ပြီး လက်နှစ်ဖက်ယှက်လျှက် ရန်ကျောက်ကဲ၏ သက်တံ့ဓားကို ဖမ်းယူရန် ကြိုးစားသည်။
သို့သော် ဓားကိုထိမိရုံဖြင့် သူ၏ အသွေးအသားများအားလုံး ပြာမှုံ့အဖြစ် ပြောင်းလဲသွားသည်။ ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲ မျက်စိရှေ့တွင် ပုံရိပ်ယောင်မြင်ကွင်းများစွာ ထွက်ပေါ်လာသည်။
ကိုယ်ခွဲပေါင်းစပ်ခြင်းသိုင်းသူတော်စင်အဖြစ် စုံလင်စွာပေါင်းစပ်ထားသော သူ၏ ရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ်နှင့် အစစ်အမှန်သိုင်းကိုယ်ခွဲကို ကွဲကွာသွားပြီး တဖြည်းဖြည်း ပြိုကျလာသည်။
အစစ်အမှန်သိုင်းကိုယ်ခွဲပျက်ဆီးသွားသည့်အခါ ကျန်ရှိသော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့သည်လည်း ပျက်သုဉ်းသွားပြီး အသွေးအသားခန္ဓာက ပြိုလဲသွားသည်။
အလွန်တရာထိပ်လန့်စွာဖြင့် သူကိုင်ထားသော ရန်ကျောက်ကဲ၏ဓားကို လွှတ်လိုက်ချိန် ဓားသွားက သူ့ရင်ဝသို့ ဖောက်ဝင်သွားခဲ့၏။
သက်ရှိသက်မဲ့ အရာခပ်သိမ်းကို ပျက်သုဉ်းစေသော ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ အောက်တွင် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင်တတိယအဆင့် တန်ခိုးစွမ်းအားရှင်သည် တုန်လှုပ်စွာဖြင့်ပင် အသက်ချုပ်ငြိမ်းသွားခဲ့သည်။
ရန်ကျောက်ကဲက သူ့ဓားကို တည်ငြိမ်စေလိုက်ပြီး ဘေးဘက်သို့ အကဲခတ်ကြည့်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချန်စုန့်ကို ပိတ်ဆို့ထားပြီး နုန်ယွိရွှမ်ကတော့ လေထုထဲတွင် မတ်တတ်ရပ်ရင်း ခန္ဓာကိုယ်တောင့်တင်းလျှက် မလှုပ်ရှားနိုင်ဖြစ်ကာ သူ့အမူအရာက အရုပ်ဆိုးအကျည်းတန်လျှက် ရှိသည်။
အနက်ရောင်အခိုးအငွေ့များ သူ့မျက်နှာထက် တစ်ချက်တစ်ချက်ထွက်ပေါ်လာသည်ကို တွေ့ရပြီး သူ့မျက်ဝန်းထဲမှအလင်းရောင်ကတော့ တည်ငြိမ်နေဆဲပင်။
စောစောကပင် ဖန်းယွင်ရှန်းက ရာဟုကြယ်အမှောင်ဓားချီများစွာကို ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်း ရန်ကျောက်ကဲ၏ဓားချက်ကို ခုခံခဲ့ရသဖြင့် နုန်ယွိရွှမ်၏ ရာဟုကြယ် အမှောင်ဓားချီများစွာ ဆုံးရှုံးခဲ့ရသည်။
ထိုအဖြစ်အပျက်များကြောင့် ကျန်ရှိသော ရာဟုကြယ် အမှောင်ဓားချီက မတည်မငြိမ် ဖြစ်လာသည်။ လက်ရှိတွင် နုန်ယွိရွှမ် ခန္ဓာကိုယ်က ကျင့်ကြံခြင်းသွေဖယ်သွားပုံရပြီး ပင်လယ်လှိုင်းလုံးကြီးများ မြင့်တက်လာသည့်ပမာ ခုန်လှုပ်လျှက် ရှိသည်။
သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အသုံးပြုကာ ကိုယ်တွင်းမှ ရာဟုကြယ်အမှောင်ဓားချီကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားရင်း သူရှိနေသည့်နေရာတွင် မတ်မတ်ရပ်နိုင်ပြီး အသက်ရှူသံ ပရမ်းပတာမဖြစ်ရအောင် ထိန်းညှိထားရသည်။
ခက်ခက်ခဲခဲဖြင့် သူ၏ချီစွမ်းအားများကို ထိန်းညှိနေရစဉ် သူ၏ဂိုဏ်းသားများအားလုံးက ရန်ကျောက်ကဲလက်ချက်ဖြင့် အတုံးအရုန်း အသက်ပျောက်ကုန်ကြသည်ကို မည်သို့မှမတတ်နိုင်စွာ ကြည့်နေခဲ့ရ၏။
ရန်ကျောက်ကဲက လေထုထဲတွင် မတ်တတ်ရပ်ရင်း...
“မင်းတို့ကွမ်းမင်ဂိုဏ်းကိုရင်ဆိုင်ဖို့ အထက်ဘုံကမ္ဘာကို ငါလာခဲ့မယ်လို့ အရင်တုန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ငါ ပြောခဲ့တယ်လေ ၊ အခု ငါရောက်နေပြီ”
သူက သက်တံ့ဓားကိုဝှေ့ယမ်းလိုက်ပြီး အဖြူရောင်ဓားချီကို သိပ်သည်းစေလျှက် နုန်ယွိရွှမ်ထံသို့ ခုတ်ပိုင်းချလိုက်သည်။
နုန်ယွိရွှမ်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေရင်း သာမန်ဆိုလျှင် တည်ကြည်ပြီး ယုံကြည်မှုအပြည့်ရှိသော မျက်နှာက အခုတော့ အလွန်တရာ အရုပ်ဆိုးအကျည်းတန်နေသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ထက်တွင် ပူပြင်းလှသောနေရောင်ခြည်နှင့် ကြမ်းတမ်းသော အနက်ရောင်မီးတောက်များ တစ်ပြိုင်နက်တည်း ပေါ်လာသည်။ ထိုစွမ်းအားနှစ်ခု ရောယှက်လျှက် ပေါက်ကွဲထွက်လုမတတ်ပြင်းထန်သော စွမ်းအားတစ်ခု ဖြစ်တည်လာ၏။
နုန်ယွိရွှမ်းက လက်ဖဝါးနှစ်ဖက်ကိုယှက်ရင်း ဦးခေါင်းထက်သို့ ပင့်တင်လိုက်သည်။ ကြီးမားသော ဓားကြီးတစ်လက် ပင့်မြှောက်လိုက်ပြီး ရန်ကျောက်ကဲကို ခုတ်ပိုင်းချတော့မည့်အလားပင်။
ကွမ်းမင်ဂိုဏ်း၏ ထိပ်တန်းအဆင့် သိုင်းပညာဖြစ်သော ‘မဟာအလင်းဓားသိုင်း’ က ရာဟုကြယ် အမှောင်ဓားချီဖြင့် ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်ဖြစ်တည်လာသည်။
အနက်ရောင်တစ်ဝက် ရွှေရောင်တစ်ဝက် ၊ ဓားအလင်းနှင့် အမှောင်ဓား ၊ စွမ်းအားနှစ်ခု ပေါင်းစပ်ထားသည်။ မိုးမြေတစ်ခွင်က အမှောင်ဘက်ခြမ်းနှင့် အလင်းဘက်ခြမ်းဟု နှစ်ခြမ်းကွဲသွားသည်။
ရန်ကျောက်ကဲ၏ နတ်ဘုရားအဆုံးသတ်ဓားချီက လေထုထဲတွင် နုန်ယွိရွှမ်၏ဓားဝိညာဉ်နှင့် ရိုက်ခတ်သွားပြီး ရန်ကျောက်ကဲမျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
နတ်ဘုရားအဆုံးသတ်ဓားချီ ဖြတ်သန်းသွားသည်နှင့် အလင်းနှင့်အမှောင် ကမ္ဘာနှစ်ခုလုံး၏ နယ်နိမိတ်များကို ချေမှုန်းပစ်လိုက်ရာ အရာအားလုံးက ဖရိုဖရဲနှင့် လွင့်စင်ကွဲအက်သွားသည်။
ဓားဝိညာဉ်နှစ်ခု ထိပ်တိုက်တွေ့သည်နှင့် လေထုတစ်ခုလုံး အက်ကွဲသွားကာ ရေလှိုင်းများပမာ အဆက်မပြတ် တုန်လှုပ်နေသည်။
အဆုံးမရှိသော နတ်ဘုရားအဆုံးသတ်ဓားအလင်းရောင်အောက်တွင် နေအလင်းရောင်ပျောက်ကွယ်သွားပြီး မှေးမှိန်ငြိမ်းသတ်သွားသလို ကောင်းကင်ကိုဝါးမျိုတော့မည့် အမှောင်ထုသည်လည်း ပြန့်ကျဲလွင့်ပါးသွားသည်။
ရာဟုကြယ် နေကြတ်ခြင်းစွမ်းအားများ လွင့်ပါးသွားသော်လည်း နေရောင်ခြည်က အနည်းငယ် ထင်ကျန်နေသေးသည်။ သို့သော် တောက်ပသည့် နေအလင်းရောင်မဟုတ်တော့ဘဲ နေဝင်ရီတရော ကုန်ဆုံးခါနီး နေရောင်ခြည် ဖြစ်သည်။
လက်ကျန်နေရောင်ခြည်အောက်တွင် နုန်ယွိရွှမ်၏ ပြာနှမ်းနှမ်းမျက်နှာကို တွေ့မြင်နိုင်၏။
တစ်ချိန်က ချောမောသန့်စင်သော နုန်ယွိရွှမ်၏ အသွင်အပြင်သည် ယခုတော့ ကံကြမ္မာအလိုအရ အဆုံးသတ်သို့ ရောက်ရှိရတော့မည့်ပမာ နွမ်းနယ်လျှက်ရှိလေသည်။
သူကို စောင့်ကြိုနေသောအရာက “ပျက်သုဉ်းခြင်း” သာလျှင် မဟုတ်ပါလား။