မင်းရဲ့ကံကြမ္မာ ၊ ငါ့ဆုံးဖြတ်ချက်
Vol. 48 Ch. 676
အခန်း (၆၇၆) မင်းရဲ့ကံကြမ္မာ ၊ ငါ့ဆုံးဖြတ်ချက်
ရန်ကျောက်ကဲ၏ ဓားသွားအစွန်းက အရှေ့သို့ အဆက်မပြတ် ရွေ့လျားလာသည်။
နုန်ယွိရွှမ်၏ မျက်လုံးများက အေးစက်မှုနှင့် ရူးသွပ်မှုများ တောက်ပလာသည်။
သူက မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီး ရန်ကျောက်ကဲအား အစွမ်းကုန်တိုက်ခိုက်ရန် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ သူ့ပုံစံက သူသေကိုယ်သေတိုက်ခိုက်တော့မည့် ပုံစံမျိုးပင်။
ယနေ့မတိုင်မီအချိန်တွင် လူတစ်ယောက်က ယခုမှ သိုင်းသူတော်စင်အဆင့်သို့တက်ရောက်သည့် လူတစ်ယောက်ကို အသက်အသေခံပြီး တိုက်ခိုက်ခဲ့ရကြောင်း နုန်ယွိရွှမ်အားပြောပြမည်ဆိုလျှင် ထိုသူ အလွန်ရူးမိုက်သည်ဟု နုန်ယွိရွှမ် ထင်မှတ်မိပေလိမ့်မည်။
သို့သော် ယခုတော့ ထိုသို့သောအဖြစ်မျိုးကို သူကိုယ်တိုင် ကြုံတွေ့နေရပေပြီ။
ရာဟုကြယ် အမှောင်ဓားချီများမရှိပါက နုန်ယွိရွှမ်စွမ်းအားက သိုင်းသူတော်စင် တတိယအဆင့် စွမ်းအားသာလျှင်ရှိသည်။ သို့သော် စောစောက ရန်ကျောက်ကဲ သတ်ဖြတ်ပစ်လိုက်သည့် ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် တတိယအဆင့် အကြီးအကဲထက်တော့ ပိုမို တန်ခိုးစွမ်းအားမြင့်မားသည်။
ရာဟုကြယ် အမှောင်ဓားချီနှင့် နေအလင်းရောင်တန်ခိုးစွမ်းအားနှစ် ပေါင်းစပ်လိုက်သည့်အခါ သူ၏စွမ်းအားက တဟုန်ထိုးမြင့်တက်လာသည်မှာ ယုံမှားစရာမရှိပေ။ ပြိုင်ဘက်များအလယ်တွင် သူ၏အဆင့်အတန်းက ရှားရှားပါးပါးဖြစ်ပြီး တန်ခိုးစွမ်းအားအရာတွင်လည်း ပြိုင်ဘက်ကင်းသည်။
သို့သော် ရန်ကျောက်ကဲ၏ဓားချက်ဖြင့် ရင်ဆိုင်လိုက်ရပြီးနောက် သူ နောက်ထပ် မလှုပ်ရှားနိုင်တော့ကြောင်း နုန်ယွိရွှမ် သိလိုက်ရသည်။
“ငါ မင်းကို လျှော့တွက်ခဲ့မိတယ် ၊ ဒီနေ့ ဒီလိုဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ရင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာကတည်းက မင်းကိုသတ်ပစ်ပြီး ဝါဒတောင်ကို အမှုန့်ချေပစ်ခဲ့တယ်”
ထို့နောက် ကြုံးဝါးသံနှင့်အတူ နုန်ယွိရွှမ်က ရန်ကျောက်ကဲကို စွမ်းအားကုန်သုံးကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“အဲဒီလိုလုပ်ရင် မင်းအခုထက်တောင် မြန်မြန်ကြွသွားဦးမယ်...”
သူ့စကားဆုံးသွားသည်နှင့် နတ်ဘုရားအဆုံးသတ် အဖြူရောင်ဓားချီက မိုးမြေတစ်ခွင်တွင် နှစ်ခုကွဲသွားသည်။
တစ်ခုသောဓားချီက နုန်ယွိရွှမ်၏ တိုက်ခိုက်မှုကို တားဆီးလိုက်ပြီး ကျန်တစ်ခုက နုန်ယွိရွှမ်၏ ခန္ဓာကိုယ်အား ခုတ်ပိုင်းချလိုက်သည်။
နုန်ယွိရွှမ်မျက်လုံးများက မှင်တက်နေပြီး အလင်းရောင်များလည်း လျော့နည်းသွားသည်။
သူက ရန်ကျောက်ကဲကို တစ်ချက်စူးစိုက်ကြည့်ရင်း...
“ဒီလေက် ရက်စက်ပြီး ထက်မြက်တဲ့ဓားသိုင်းက ဘယ်လိုဓားသိုင်းမျိုးလဲ ၊ ဓားဝိညာဉ်က အရာအားလုံးကို အဆုံးသတ်သွားစေနိုင်တယ် ၊ အားလုံးကို နိဂုံးချုပ်စေနိုင်တယ်”
ထို့နောက် သူက တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် ရုတ်တရက် အံ့အားသင့်သွားပြီး...
“နေဦး.. အဲဒါက ဒဏ္ဍာရီထဲက နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးလား ၊ နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးကသာ အရာအားလုံးရဲ့ အဆုံးသတ်ကို ပြဆိုနိုင်တယ် ၊ ဒီလိုမျိုး စွမ်းအားကြီးမားတဲ့ဓားသိုင်းအယူအဆတွေကို ပြဆိုနိုင်တယ်”
ကွမ်းမင်ဂိုဏ်းဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် တည်ရှိခဲ့သော မြင့်မြတ်သောနယ်မြေတစ်ခုဖြစ်သည့် မူလ “ယိုးမင်ဂမ္ဘီရဂိုဏ်း’ မှခွဲထွက်လာသော သိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည်။
အလှည့်အပြောင်းများစွာကို ကျော်ဖြတ်ပြီးသည့်နောက် ရှေးဟောင်းအမွေအနှစ်များစွာ ပျောက်ဆုံးသွားခဲ့သည့်တိုင် စုဆောင်းထားသော ကျမ်းစာများ ၊ မှတ်တမ်းမှတ်ရာများက အခြားသောသိုင်းဂိုဏ်းများထက် သာလွန်နေသေးသည်။
နုန်ယွိရွှမ်ကဲ့သို့ ကွမ်းမင်ဂိုဏ်းအတွက် အရေးပါသူတစ်ယောက်သည် ဂိုဏ်း၏စာကြည့်တိုက်မှ အဆိုပါ မှတ်တမ်းမှတ်ရာများအားလုံးကို ဖတ်ရှုထားသည်မှာ အသေအချာပင်။
ထို့ကြောင့် ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်ကို ခံစားလိုက်ရသည်နှင့် ရုတ်တရက်ပင် ဒဏ္ဍာရီထဲမှ သိုင်းပညာအချို့၏ ဖြစ်တည်မှုကို သတိရသွားမိသည်။
အခြားသော အစွမ်းထက်ဆုံး ၊ အမြင့်မြတ်ဆုံးသိုင်းပညာများနှင့် နှိုင်းယှဉ်ပါက အဆုံးသတ်ခြင်းကိုကိုယ်စားပြသည့် နတ်ဘုရားသုတ်သင် ဓားသိုင်း (၄)မျိုးသည် ရက်စက်ကြမ်းတမ်းမှုတွင် အလွန်တရာကျော်ကြားခဲ့ပေသည်။
နုန်ယွိရွှမ်က ‘နတ်ဘုရားသုတ်သင်ဓားသိုင်းများ’ ကို သိရှိခြင်းမရှိဘဲ နာမည်သာလျှင်ကြားဖူးခဲ့သည်။ သို့သော် ယခု ရင်ဆိုင်ရသည့် ဓားတိညာဉ်က အလွန်တရာ ပြင်းထန်ရက်စက်သည့်အခါ အခြားဓားသိုင်းပညာကို သူ မစဉ်းစားနိုင်ခဲ့ပေ။
ရန်ကျောက်ကဲက ‘သက်တံ့ဓား’ ကို ဝှေ့ယမ်းလိုက်ပြီး အနောက်မှတိုက်ခိုက်လာသည့် ချန်စုန့်ကိုတားဆီးထားလိုက်သည်။
ချန်စုန့်က သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်၏လေရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာဖြင့် အားသာချက်ရှိနေသည့်တိုင် အဆုံသတ်တွင် ပိတ်ဆို့ထားနိုင်ခဲ့ခြင်း မရှိပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အချိန်အတန်ကြာ တိုက်ခိုက်ပြီးသည့်နောက် ချန်စုန့်သည် တိုက်ခိုက်မှုကိုဖြတ်ကျော်ရန် အခွင့်အရေးရရှိခဲ့ပြီး ရန်ကျောက်ကဲကို တိုက်ခိုက်ရန် ဝင်ရောက်လာသည်။ သို့သော် ရန်ကျောက်ကဲက သူ၏တိုက်ခိုက်မှုကို ချက်ချင်းပင် တားဆီးလိုက်နိုင်၏။
တစ်ချိန်တည်းပင် နုန်ယွိရွှမ်စားကိုကြားရသည့်အတွင် ချန်စုန့် ထိတ်လန့်သွားသည်။
“ထိပ်တန်းသလင်းအဆက်အနွယ်က နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုး ဟုတ်လား”
သူက ရန်ကျောက်ကဲကို မှင်တက်စွာ စိုက်ကြည့်နေရင်း...
“အမှန်ပဲ... ဒီဓားသိုင်းကလွဲရင် ဒီလိုပြင်းထန်ပြီးကြောက်စရာကောင်းတဲ့ဓားသိုင်းမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ ၊ ပြီးတော့ ဒီလိုစွမ်းအားမျိုးက ဂိုဏ်းခွဲတွေက ဆင့်ပွားသိုင်းပညာ မဖြစ်နိုင်ဘူး ၊ တိုက်ရိုက်အဆက်အနွယ်ပဲ ဖြစ်ရမယ် ၊ တကယ့်ကို တိုက်ရိုက်အဆက်အနွယ် သိုင်းပညာပဲ”
နုန်ယွိရွှမ် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေပြီးနောက် ရုတ်တရက် ကျယ်လောင်ရူးသွပ်စွာ အော်ဟစ် ရယ်မောလိုက်သည်။
“ဟားဟားဟား... လက်စသတ်တော့ မင်းက ထိပ်တန်းသလင်း တိုက်ရိုက်အဆက်အနွယ်တစ်ယောက်ကိုး...”
“မင်း ဒီလောက်စွမ်းအားမြင့်မားတာ မအံ့သြတော့ပါဘူး ၊ မအံ့သြတော့ဘူး မအံ့သြတော့ဘူး ၊ ငါ မင်းကို ရှုံးနိမ့်ရတာကိုလည်း မအံ့သြတော့ပါဘူး”
“ဒါပေမဲ့ မင်းလည်း သိပ်ကြာကြာခံမှာ မဟုတ်ပါဘူး”
နုန်ယွိရွှမ်မျက်နှာက နီရဲသွားပြီး ချက်ချင်းပင် ပြန်လည် ဖြူဖျော့သွားသည်။
သူ့မျက်နှာထက် ထူးဆန်းသည့်အပြုံးရှိနေပြီး ပျော်ရွှင်နေဟန်ရှိသလို ရွံလျှာနေဟန်လည်း ရှိသည်။
“တိဟွမ်မြေကမ္ဘာဧကရာဇ် လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အမိန့်တစ်ခု လက်ဆင့်ကမ်းဖူးတယ် ၊ အဲဒါက ထိပ်တန်းသလင်းအဆက်အနွယ်တွေကို အထက်ဘုံကမ္ဘာမှာ ခြေချခွင့် မပြုဘူးတဲ့”
သူက ဆက်ပြောသည်။
“အဲဒီလူတွေ အမိန့်မနာခံခဲ့ရင် အထက်ဘုံကမ္ဘာက ထွက်ခွာသွားရင်တောင်မှ သူတို့ရဲ့အပြစ်အတွက် အပြစ်ပေးခံရလိမ့်မယ် ၊ ထိပ်တန်းသလင်း ဂိုဏ်းခွဲတွေကိုတောင် ခွင့်မပြုတာ မင်းလို တိုက်ရိုက်အဆက်အနွယ်ကတော့ ဝေလာဝေးပဲ”
နုန်ယွိရွှမ်က ရန်ကျောက်ကဲကိုကြည့်ကာ ခေါင်းခါယမ်းရင်း...
“မင်း သေရမှာပဲ”
ဒီစကားကိုကြားတော့ ရန်ကျောက်ကဲက မျက်မှောင်ကြုံ့ရင်း...
“ဟုတ်လား... ထိပ်တန်းသလင်းအဆက်အနွယ်တွေက အထက်ဘုံကမ္ဘာမှာ ခြေချလို့ မရဘူးလား”
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များ။
ဤသည်က သူ အထက်ဘုံကမ္ဘာသို့မလာခင် အဘိုအိုမော့က အလေးအနက်ထားကာ သတိပေးခဲ့သောကိစ္စ ဖြစ်သည်။ ဤ (၈)ပါးက အထက်ဘုံကမ္ဘာ၏ ထိပ်တန်းအဆင့် အုပ်စိုးသူများ ဖြစ်ကြသည်။
ကျူတောပင်လယ်ဒေသသို့ရောက်လာပြီး ယိုးမင်ဂိုဏ်းနှင့် တာ့ရွှမ်တိုင်းပြည်နှင့်ပတ်သက်ခဲ့ပြီးနောက် အထက်ဘုံကမ္ဘာတွင် လက်ရှိထက်ကျော်လွန်သော ကမ္ဘာတစ်ခု တည်ရှိနေသေးကြောင်း ရန်ကျောက်ကဲ သဘောပေါက်ခဲ့သည်။ ထို ပုဂ္ဂိုလ် (၈)ပါး၏ အုပ်စိုးမှုအောက်တွင် တည်ရှိသော နယ်မြေများ ဖြစ်နိုင်သည်။
ကျူတောပင်လယ်ဒေသမှ သိုင်းကျင့်ကြံသူတိုင်းက ထိုနေရာတွင်ရှိနေသော တန်ခိုးစွမ်းအားရှင်များကို မသိကြသော်လည်း ဧကရာဇ်ရွှမ်မု ၊ မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ ၊ ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်နှင့် အခြားသော အထွတ်ထိပ်အဆင့်များကတော့ ဤ ပုဂ္ဂိုလ် (၈)ပါးကို သိရှိကြသည်။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး။
ထိုသူများသည် မဟာကပ်ဘေးကြီးမတိုင်ခင် ဒဏ္ဍာရီခေတ်၏ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါး မဟုတ်သော်လည်း မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် အထက်ဘုံကမ္ဘာတွင် အပြင်းထန်ဆုံးသော ထိပ်တန်းစွမ်းအားရှင်များ ဖြစ်ကြသည်။
ကောလဟလများအရ ဟွမ်တိမြေကမ္ဘာဧကရာဇ်သည် ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်ပေသည်။
နုန်ယွိရွှမ်က ရန်ကျောက်ကဲကိုကြည့်ရင်း...
“မင်းအခုလို သောင်းကြမ်းနေတာက... မင်းအတွက် အဆုံးသတ်လှနိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲ မျက်နှာအမူအရာက ပုံမှန်အတိုင်း အေးအေးဆေးဆေးပင် ရှိသည်။
သူက နုန်ယွိရွှမ်ကိုကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်၏။
“ငါ့ဟာငါ အဆုံးသတ်လှလှ မလှလှ မင်းနဲ့ဘာဆိုင်လဲ”
“ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ငါဒုက္ခရောက်မယ်ဆိုရင်တောင်မှ မင်းကြောင့်တော့ မဟုတ်တော့ဘူးလေ ၊ ဘာများ မပျော်စရာ ရှိလို့လဲ”
ရန်ကျောက်ကဲက အေးစက်စွာပြုံးရင်း...
“ငါ့အတွက် မပူနဲ့ ၊ မင်းအတွက်ပဲ မင်းပူစမ်းပါ”
“မင်းအခု ငါ့ကိုပြောနေတဲ့စကားတွေက အနာဂတ်မှာ ငါ့ကိုလက်စားချေဖို့ နတ်ဘုရားတွေဆီ ဆုတောင်းနေသလိုပဲ ၊ မင်းကိုယ်တိုင်က ငါ့ကို ဘာမှလုပ်လို့မရဘူး ၊ ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ် ၊ မင်းလည်း ငါ့လက်ချက်နဲ့ အဆုံးသတ်လှမှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူက နောက်ထပ်ဓားချက်တစ်ချက် ထုတ်ဖော်လိုက်၏။
နုန်ယွိရွှမ်က မျက်လုံးများ ပေါက်ထွက်လုမတတ် သူ့ကို စူးစိုက်ကြည့်နေသည့်တိုင် စကားတစ်ခွန်းမှ မဆိုတော့ပေ။
အဆုံးမရှိသော ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ အောက်တွင် သူ၏ အသက်ဓာတ်စွမ်းအားများ လျှင်မြန်စွာပျောက်ကွယ်နေပြီး ဘဝအဆုံးသတ် နီးကပ်လာပြီ ဖြစ်သည်.
သူ၏ ခန့်ညားထည်ဝါလှသော အစစ်အမှန် သိုင်းပညာများသည် အသုံမဝင်တော့ဘဲ ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားသည်။
အစွမ်းထက် ကြံ့ခိုင်ပါသည်ဆိုသော ရုပ်ခန္ဓာအသွေးအသားတို့သည် အသုံးမဝင်တော့ဘက် အဆက်မပြတ် ပြိုလဲကျသွားသည်။
စိတ်ဝိညာဉ်၏ ပြင်းပြသော အကြံအစည်များသည်လည်း အသုံးမဝင်တော့ဘဲ အဆက်မပြတ် ပျက်သုဉ်းသွားလေ၏။
တဖြည်းဖြည်း ချုပ်ပျက်သေဆုံးနေသော နုန်ယွိရွှမ်ကိုကြည့်ရင်း ချန်စုန့်စိတ်ထဲ အေးခဲသွားသည်။
ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားများအားလုံး အသတ်ခံရပြီး ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက အဆုံးမရှိ မြင့်မားလွန်းဟန်ရှိသည်။ ယခု နုန်ယွိရွှမ် ကျဆုံးသွားမည်ဆိုပါက ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပူးပေါင်းပြီး သူ့ကိုတိုက်ခိုက်တော့မည်ဟု ချန်စုန့် တွေးမိသည်။
ထိုသို့တွေးမိသည်နှင့် သိုင်းသူတော်စင် စတုတ္ထအဆင့် တန်ခိုးစွမ်းအားရှင် ‘ချန်စုန့်’ သည် ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲတော့ဘဲ ထွက်ပြေးသွားလေတော့၏။
ရန်ကျောက်ကဲ သူ့ကို လှမ်းကြည့်လိုက်စဉ် အသင်္ချေနဂါးနန်းတော်ထဲမှ အားဟူအသံ ထွက်ပေါ်လာသည်။
“သခင်လေး... ဒီကောင်လွတ်သွားရင် ပြဿနာရှိနိုင်တယ်မလား”
ခန်းမတစ်ဖက်မှာတော့ ဖန်းယွင်ရှန်း တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံးများမှေးမှိတ်ကာ သူမ၏ အသက်ရှူသံကို ချိန်ညှိနေသည်။
တဟုန်းဟုန်းတောက်လောင်နေသည့် အမှောင်မိစ္ဆာချီစွမ်းအားများက နေရိပ်နတ်ဓား၏ စုပ်ယူခြင်းကိုခံရပြီး နေ၏ဆန့်ကျင်ဘက်ဖြစ်သော အပြာရောင်အလင်းတန်းများက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
သို့သော် အနက်ရောင်ဓား၏ ရက်စက်ကြမ်းကြုတ်မှုနှင့် မိစ္ဆာဆန်သောအသွင်အပြင်က ပိုမိုပြင်းထန်လာသည်။
ရန်ကျောက်ကဲ လှုပ်ရှားမှုပြုလိုက်သည်နှင့် အသင်္ချေနဂါးနန်းတော်ပွင့်သွားပြီး အတွင်းထဲမှ စုပ်ယူစွမ်းအားထွက်ပေါ်လာကာ ဖန်းယွင်ရှန်းက တံခါးဝသို့ ရောက်လာသည်။
သူမက မျက်လုံးများကို အသာအယာ ဖွင့်ကြည့်လိုက်၏။
ချန်စုန့်က သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။ သူသာ တိုက်ခိုက်လိုစိတ်မရှိဘဲ ထွက်ပြေးရန် အာရုံစိုက်မည်ဆိုပါက တားဆီးရန် လွယ်ကူမည် မဟုတ်ပေ။
ရန်ကျောက်ကဲက မျက်လုံးများကို အသာမှေးစင်းရင်း အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။
“ငါတို့ သူ့ကို လိုက်မဖမ်းဘူးဆိုရင်တောင်မှ သူ့မှာ လွတ်လမ်းမရှိပါဘူးကွာ...”