← Chapters

ကောင်းကင်နန်းတော်၊ အင်ပါယာများ၏လမ်းစဉ်

Vol. 197 Ch. 2804

ကောင်းကင်နန်းတော်၊ အင်ပါယာများ၏လမ်းစဉ်

Vol. 197 Ch. 2804

ဒဏ္ဍာရီများအရ ကောင်းကင်ဘုံသည် ရှေးခေတ် ဒီဗာအိမ်တော်မှ ဆင်းသက်လာခြင်းဖြစ်သည်။

ကောင်းကင်နန်းတော်သည် ကောင်းကင်ဘုံဟောင်း၏ အမြင့်ဆုံးနေရာတွင် တည်ရှိ၏။ ၎င်းနန်းတော်တွင် အလွှာများစွာ ရှိပေသည်။

ရီဖူရှင်းတို့အုပ်စုသည် ကောင်းကင်နန်းတော် တည်ရှိရာနေရာကို ရောက်ရှိလာကြသည်။ လမ်းတွင် သူတို့တွေ့ခဲ့ရသော ကျင့်ကြံသူ အရေအတွက်သည် တဖြည်းဖြည်း များလာ၏။ သူတို့အားလုံးသည် ဦးတည်ရာတစ်ခုတည်းသို့သာ သွားနေကြသည်။

သူတို့ အမြင့်ပိုင်းသို့ ရောက်လာသောအခါ တိမ်တိုက်များ၊ မြူခိုးများ ရစ်သိုင်းနေသောနေရာသို့ ရောက်လာကြ၏။ အရှေ့အဝေးသို့ လှမ်းကြည့်လိုက်လျှင် မိုင်ရာချီရှည်လျားသော အကန့်အသတ်မဲ့၍ ကြီးမားသည့် ကောင်းကင်ဂိတ်တံခါးကို လှမ်းမြင်ရသည်။ ဂိတ်တံခါးပေါ်တွင် သင်္ကေတများ ရေးထွင်းထားပြီး ကြီးကျယ်ခမ်းနားနေသည်။ ကောင်းကင်ဂိတ်တံခါးမှနေ၍ ကြီးကျယ်မြင့်မြတ်သော အငွေ့အသက်တစ်ခု ထွက်နေသကဲ့သို့ပင်။ သို့သော် ထိုဂိတ်တံခါးသည် အကောင်းပကတိမဟုတ်ပေ။ ၎င်းသည် အနည်းငယ် ပျက်စီးနေပြီဖြစ်ပြီး မြင်နိုင်သော အက်ကြောင်းများလည်း ရှိနေလေသည်။

ကောင်းကင်ဂိတ်တံခါးအောက်တွင် ကောင်းကင်လှေကားတစ်စင်းရှိ၏။ ၎င်းလှေကားသည်လည်း အကန့်အသတ်မဲ့ကာ ကြီးမားပေသည်။ ကောင်းကင်နန်းတော်အတွင်းသို့ မဝင်နိုင်ခင် ထိုနေရာကို ဖြတ်ကျော်သွားရမည့်ပုံပင်။

သူ့ရှေ့ရှိ မြင်ကွင်းသည် ကောင်းကင်နန်းတော်ဟောင်းအမွေအနှစ်နှင့်ပင် ဆင်တူနေသည်။ ၎င်းတို့သည် အမှန်ပင် တူညီသောအမွေအနှစ် ဖြစ်ပုံပေါ်လေသည်။

ရီဖူရှင်းက အဝေးရှိ ဧရာမ ကောင်းကင်ဂိတ်တံခါးကြီးကို ကြည့်လိုက်ပြီး ၎င်းသည် သူမြင်ဖူးသမျှ ဂိတ်တံခါးများထဲတွင် အကြီးကျယ်၊ အခမ်းနားဆုံး ဂိတ်တံခါးဖြစ်သည်ဟု တွေးလိုက်၏။ လူများစွာသည် ဤနေရာသို့ ရောက်လာသောအခါ ဂိတ်တံခါးကြီးကို တအံ့တဩကြည့်ရင်း ရပ်တန့်သွားကြသည်။

“ကျုပ်တို့ ရောက်လာပြီ”

ရီဖူရှင်းဘေးရှိ ကျင့်ကြံသူများသည်လည်း ဂိတ်တံခါးကြီးကို မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့ခံစားနေရသော ခံစားချက်များကို စကားလုံးများဖြင့်ပင် မဖော်ပြနိုင်ချေ။

ကောင်းကင်ဂိတ်တံခါး...

“ဝင်သွားကြစို့...”

ရီဖူရှင်းသည် လေထဲမှနေ၍ ရှေ့သို့ ပျံသွားလိုက်ပြီး ကောင်းကင်ဂိတ်တံခါးအတွင်း ဝင်လိုက်သည်။ သူ့အပြင် အခြားကျင့်ကြံသူများစွာသည်လည်း အခြားဦးတည်ရာများမှနေ၍ ကောင်းကင်ဂိတ်တံခါးအတွင်းသို့ ဝင်လိုက်ကြသည်။

ကောင်းကင်ဂိတ်တံခါးကို ဖြတ်သန်းပြီးသောအခါ အရာအားလုံးသည် ကွဲပြားသွားသည်ဟု ထင်ရသည်။ အပြင်ဘက်တွင် မည်သည့်မိုးကောင်းကင်မှ မရှိပေ။ သို့သော် အတွင်းတွင်မူ လုံးဝကွဲပြားသည့် အမှီအခိုကင်းသော လောကတစ်ခုဟု ထင်ရသည်။

ဒဏ္ဍာရီများအရ ကောင်းကင်နန်းတော်ထဲတွင် ကောင်းကင်(၉၉)လွှာရှိသည်ဟု သိရ၏။ ကောင်းကင်အင်ပါယာသည် အမြင့်ဆုံးကောင်းကင်အလွှာတွင် နေထိုင်ပြီး ကောင်းကင်ဘုံကို အုပ်စိုးခဲ့သည်။ ထိုကောင်းကင်(၉၉)လွှာတွင် နေထိုင်ခဲ့သည့် စွမ်းအားကြီး ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိခဲ့ပြီး ကောင်ကင်အလွှာတိုင်းတွင် ကိုယ်ပိုင်ကျင့်ကြံခြင်းနန်းတော်များ ရှိခဲ့ကြပေသည်။

ကောင်းကင်လှေကားသည် ကောင်းကင်အလွှာများသို့ တက်နိုင်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ သို့သော် ကောင်းကင်လှေကားသည်ပင် အထက်မှ အတိအလင်းခွင့်ပြုချက်မရလျှင် နောက်ဆုံးကောင်းကင်အလွှာ(၉)လွှာဆီ မရောက်နိုင်ပေ။

သို့သော် ထိုကောင်းကင်လှေကားသည်လည်း အကောင်းအတိုင်း မဟုတ်တော့ပေ။ အပျက်အစီးအနည်းငယ် ရှိနေပြီဖြစ်သည်။ ၎င်းကို ယနေ့အထိ ပြန်လည် မပြင်ဆင်ရသေးသဖြင့် ကျိုးပျက်နေသော နေရာများစွာ ရှိနေသည်။

“ကောင်းကင်မင်းသမီးက ဒီမှာ မရှိဘူးလား”

ရီဖူရှင်းက ကောင်းကင်လှေကားကို မော့ကြည့်၍ သူ့ဘာသာတွေးလိုက်သည်။ အကယ်၍ ကောင်းကင်မင်းသမီးသာ ရှိနေသေးလျှင် သူမသည် ဤကျင့်ကြံသူများအားလုံး ကောင်းကင်နန်းတော်အတွင်းသို့ မလေးမခန့်ဝင်လာခြင်းကို မည်သို့ ခွင့်ပြုပါမည်နည်း။

အင်ပါယာများ၏လမ်းစဉ်သည် အဘယ်ကြောင့် ကောင်းကင်နန်းတော်ထဲတွင် ထွက်ပေါ်လာရခြင်းနည်း။

သူတို့သည် အထက်သို့ ဆက်တက်နေကြ၏။ သူတို့၏အရှိန်သည် အလွန်လျင်မြန်ပေသည်။ သူတို့ ကောင်းကင်ထက်သို့ တက်နေစဉ်တွင် ရီဖူရှင်း၏ နတ်အာရုံသည် ကောင်းကင်နန်းတော်၏ နေရာများစွာကို အာရုံခံလိုက်သည်။ ကောင်းကင်နန်းတော်၏ နယ်မြေသည် မယုံနိုင်လောက်အောင် ကျယ်ပြော၏။ သူ၏ နတ်အာရုံသည်ပင် နေရာတစ်ခွင်လုံးကို မလွှမ်းခြုံနိုင်ချေ။ သူသည် ရှေးခေတ်မှ ကျင့်ကြံခြင်းနန်းတော်များစွာနှင့် အဆောက်အဦများစွာကို တွေ့လိုက်ရ၏။ ၎င်းတို့သည် အံ့အားသင့်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားပေသည်။ ၎င်းတို့အများစုသည် အဖြူရောင်ဖြစ်ပြီး လွန်စွာ သန့်ရှင်းနေပုံ ပေါ်၏။ သို့သော် အများစုသည် အပျက်အစီးအချို့ ရှိနေပြီဖြစ်သည်။

“အရင်တုန်းက ကောင်းကင်နန်းတော်မှာ ဘယ်လိုတိုက်ပွဲမျိုး ဖြစ်ခဲ့တာလဲ”

ရီဖူရှင်း ရင်ခုန်မြန်သွား၏။ မဟာအင်ပါယာများ၏ တိုက်ပွဲသည် ကောင်းကင်နန်းတော်ကို ပျက်စီးစေခဲ့ခြင်း‌လော။

သို့သော် သူသည် ကောင်းကင်နန်းတော်၌ ကျင့်ကြံသူအများအပြားကိုလည်း မြင်ခဲ့သည်။ ထိုကျင့်ကြံသူများသည် လက်ရှိ ကောင်းကင်အင်ပါယာနန်းတော်မှ လူများဖြစ်ပေမည်။

ကျိဝူတောက် ဦးဆောင်သော ထိုလူများသည် အပြင်လောကတွင် သိုသိုသိပ်သိပ်နေခဲ့ကြသည်။ သို့သော် ကောင်းကင်နန်းတော်ဟောင်းမှ တိုက်ပွဲတွင် ကောင်းကင်အင်ပါယာနန်းတော်သည် ထူးကဲသော တိုက်ခိုက်စွမ်းရည်ကို ထုတ်ပြခဲ့သည်။ ကျိဝူတောက်၊ အဖြူနှင့်အနက်ကောင်းကင်အရှင်များ၊ ကောင်းကင်ဘုရင်လေးပါး၊ ကြယ်တာရာသခင်များသည် ဂရုပြုရလောက်သူများဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ဤကောင်းကင်နန်းတော်ထဲတွင် ဖုံးကွယ်ထားသည့် စွမ်းအားကြီး ကျင့်ကြံသူများ ရှိသေးသလောကို မသိရသေးခြင်းပင်။

ရီဖူရှင်းတို့အုပ်စုသည် ကောင်းကင်အလွှာများကို ဖြတ်သန်းနေ၏။ ကောင်းကင်နန်းတော်သည် အဆုံးမရှိသကဲ့သို့ပင်။ သူတို့သည် မည်သည့်အတားအဆီးမှ မကြုံရဘဲ အထက်သို့ ဆက်တက်နေကြသည်။

သူတို့သည် (၁၉)လွှာမြောက် အလွှာသို့ ရောက်သောအခါ ကောင်းကင်ထက်မှ ကျဆင်းလာသည့် ကောင်းကင်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ ကောင်းကင်လှေကားသည်လည်း ဆုံးသွားသည်။

သို့သော် သူတို့၏အရှိန်သည် နှေးမသွားပေ။ သူတို့သည် ကောင်းကင်ကို ဖြတ်၍ တစ်လွှာပြီးတစ်လွှာ ဆက်လက်ပျံတက်နေကြသည်။ အကယ်၍ ကောင်းကင်အင်ပါယာခေတ်တွင်သာ ဖြစ်ပါက နောက်ဆုံးကောင်းကင်အလွှာ(၉)လွှာအထက်သို့ တက်လာဝံ့သူသည် တန်း၍ သုတ်သင်ခံရကာ ကောင်းကင်၏အပြစ်ပေးခြင်းကို ခံရမည်ဖြစ်သည်။

နောက်ဆုံးကောင်းကင်အလွှာ(၉)လွှာတွင် ရီဖူရှင်းသည် ရှေးဟောင်းဗိသုကာ၏ နမူနာများစွာကို တွေ့ခဲ့ရသည်။ ၎င်းတို့သည် ပြုပြင်ထိန်းသိမ်းခံထားရပေသည်။ ထိုအဆောက်အဦများနှင့် ကျင့်ကြံခြင်းနန်းတော်များသည် စွမ်းအားကြီးအရှိန်အဝါနှင့် ပြည့်နှက်နေ၏။ ၎င်းတို့သည် ယနေ့ခေတ်မှ စွမ်းအားကြီးကျင့်ကြံသူများ နေထိုင်ရာ နေရာများဟု ထင်ရသည်။

သို့သော် ယခုတွင် မည်သူမှ ရှိမနေပေ။ အားလုံးသည် ထိပ်ဆုံးသို့ ရောက်နေခြင်းဖြစ်ပေမည်။

သူတို့ အထက်သို့ ဆက်တက်လာသောအခါ ကောင်းကင်အရှိန်အဝါသည် ပို၍ အားကောင်းလာသည်။ သူတို့ (၉၉)လွှာမြောက်သို့ ရောက်သောအခါ ကောင်းကင်နန်းတော်တစ်ခုသည် သူတို့အထက်သို့ မြင့်မားစွာ မိုးအုပ် တည်ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ကောင်းကင်အရှိန်အဝါသည် ထိုနန်းတော်အထက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုထွက်ပေါ်လာသော အရှိန်အဝါသည် ရီဖူရှင်းကို အပြင်းအထန် ရင်ခုန်သွားစေပေသည်။

ရီဖူရှင်းသာ မဟုတ်ပေ သူ့ပတ်ပတ်လည်မှ လူအားလုံးသည်လည်း ထိုသို့ ခံစားလိုက်ကြရသည်။ သူတို့၏မျက်လုံးများထဲတွင် လွန်စွာထက်ရှသော ဝိညာဉ်စွမ်းအားတစ်ခု လက်သွား၏။

“ပြီးပြည့်စုံတဲ့ ဝိညာဉ်စွမ်းအား”

ရီဖူရှင်းသည် သူ့ရှေ့ရှိ ကောင်းကင်ကို အာရုံစိုက်လိုက်သည်။ ၎င်းသည် ရှေးအကျဆုံးဝိညာဉ်စွမ်းအားမျိုးပင်။

ဤလောကထဲတွင် လောကနေရာအနှံ့မှ ကျင့်ကြံသူများ ရှိနေသည်။ ဘုံခုနစ်ခုမှ ထိပ်သီးများလည်း နေရာအသီးသီးသို့ ရောက်ရှိလာကြသည်။ ထို့အပြင် တစ်ချိန်က ရီဖူရှင်းသတ်ရန် ကြံရွယ်ခဲ့သော အရှင်ဟောင်ထျန်းအပါအဝင် လောကအသီးသီးမှ ထိပ်သီးများလည်း ရောက်နေ၏။ အခြားလောကများမှ ရှေးဟောင်းအင်ပါယာများ၏ ဆက်ခံသူများလည်း ရှိနေသည်။

သူတို့အားလုံးသည် ဤကောင်းကင်အောက်သို့ ‌ရောက်လာကြ၏။

ထိုအချိန်တွင် ကျင့်ကြံသူများစွာသည်လည်း ရီဖူရှင်းတို့ ရောက်ရှိလာသည်ကို သတိပြုမိသွားကြသည်။ ရီဖူရှင်းသည် ယနေ့ခေတ်တွင် အလွန်ကျော်ကြားသူတစ်ဦး မဟုတ်ပါလား။ သူ့ကို ထောက်ပံ့ပေးနေသည့် မဟာအင်ပါယာမရှိသော်လည်း သူသည် လောကကြီးထဲရှိ ထိပ်သီးများထဲမှ တစ်ဦးဖြစ်ပြီး ရှေးဟောင်းအင်ပါယာကို သတ်ခဲ့သော စွမ်းအားကြီးကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

သူ၏ ထိုတိုက်ပွဲသတင်း ပျံ့နှံ့သွားသောအခါ ဘုံခုနစ်ခုလုံးတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ သို့သော် ရီဖူရှင်းသည် ထိုတိုက်ပွဲပြီးနောက်တွင် ထပ်မံ ထွက်ပေါ်မလာခဲ့ပေ။ သူသည် ထိုတိုက်ပွဲပြီးသွားကတည်းက သီးခြားကျင့်ကြံနေခဲ့သည်။ ယနေ့မှသာ သူသည် ဤကောင်းကင်အောက်တွင် ပြန်ပေါ်လာခြင်းဖြစ်သည်။

ကောင်းကင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ကောင်းကင်နန်းတော်အထက်တွင် ရပ်နေကြသည်။ သူတို့ကြားတွင် ကျိဝူတောက်လည်း ရှိပေသည်။ သူ၏ဟန်ပန်အရှိန်အဝါသည် ထူးကဲပြီး ယခင်ကနှင့် မတူတော့ဘဲ အနည်းငယ် ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်၏။ ဤနေရာတွင် ရှိသင့်သည့်သူအားလုံးနီးပါး ရှိနေပေပြီ။

ရီဖူရှင်းသည် အကြည့်များအားလုံးက သူ့အပေါ်ရောက်နေသည်ဟု ခံစားနေရ၏။ သူ အရပ်မျက်နှာတိုင်းကို ကြည့်လိုက်ပြီး လူများစွာသည် ကျင့်ကြံနေကြသည်ကို တွေ့လိုက်ရ၏။ ထိုထိပ်သီးများအထက်တွင် နတ်စွမ်းအားများ လည်ပတ်နေကြသည်။ နှစ်အနည်းငယ်ကြာပြီးနောက် ယနေ့တွင် အားလုံးသည် တိုးတက်ပြောင်းလဲနေကြပေသည်။

ထို့အပြင် ဤကောင်းကင်သည် သူတို့၏ ကျင့်ကြံခြင်းကို ကူညီပေးနိုင်လောက်ပေသည်။

ကောင်းကင်သည် ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခုကို ထောက်ပံ့နေသကဲ့သို့ ထင်ရ၏။ ရီဖူရှင်းသည် ဤကောင်းကင်မှနေ၍ သူယခင်က အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးသည့် ရင်းနှီးသောအရှိန်အဝါတစ်ခုကို အာရုံခံနိုင်နေလေသည်။ ထိုအရှိန်အဝါသည် နတ်ပစ္စည်းများ၌သာ ရှိနိုင်သည့် အရှိန်အဝါတစ်ခုဖြစ်သည်။ ဝမ်ရှန်းစောင့်ကြည့်မျှော်စင်ကို ဥပမာအနေဖြင့် ကြည်ပါ။ ဝမ်ရှန်းစောင့်ကြည့်မျှော်စင်သည် လွန်စွာစွမ်းအားကြီးသော နတ်မျှော်စင်တစ်ခုဖြစ်သည်။ သို့သော် ဆေးအင်ပါယာသည် ၎င်း၏အစွမ်းကို ကောင်းစွာ အသုံးပြုနိုင်ပေသည်။

ထို့အပြင် နတ်ဘုရားအုပ်စိုးလက်နက်လည်း ရှိပေသေးသည်။ ၎င်းထံတွင်လည်း ဆင်တူသော အရှိန်အဝါ ရှိ၏။

“ကောင်းကင်လမ်းစဉ်”

ရီဖူရှင်းက ကောင်းကင်၏အရှိန်အဝါကို ခံစားလိုက်ရသောအခါ မျက်လုံးများ လွန်စွာစူးရှသွားသည်။ ရင်လည်း ခုန်သွား၏။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် နတ်ပစ္စည်းအချို့သည် လောကထဲသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ကောင်းကင်လမ်းစဉ်ချန်ခဲ့သော ပစ္စည်းများဖြစ်သည်။ ဒဏ္ဍာရီများအရ ဝမ်ရှန်းစောင့်ကြည့်မျှော်စင်သည် ကောင်းကင်လမ်းစဉ်၏ ဂိတ်တံခါးဖြစ်သည်ဟု သိရသည်။

သို့သော် ကောင်းကင်လမ်းစဉ်သည် ပြိုပျက်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုအရှိန်အဝါသည် ကောင်းကင်လမ်းစဉ်၏ အရှိန်အဝါအပြည့်အဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဖြစ်နိုင်ချေတစ်ခုသာ ရှိလေသည်။ ဤအရှိန်အဝါသည် ကောင်းကင်လမ်းစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ရပေမည်။

ကောင်းကင်အင်ပါယာနန်းတော်၏ ဤကောင်းကင်တွင် ကောင်းကင်လမ်းစဉ်၏ တစ်စိတ်တစ်ပိုင်း ရှိနေသည်။ ထိုအရာသည် ဘာအဓိပ္ပာယ်နည်း။

၎င်းသည် ယခင်က ကောင်းကင်ဘုံ ခံခဲ့ရသည့် အဖျက်တိုက်ခိုက်မှုများနှင့် သက်ဆိုင်နေမည်လော။

လျှို့ဝှက်ချက်များစွာသည် ကောင်းကင်အင်ပါယာနန်းတော်နှင့် တိုက်ရိုက်ဆက်နွယ်နေသည်။ ရီဖူရှင်းသည် သူ၏ဖြစ်တည်မှုသည်ပင် ကောင်းကင်အင်ပါယာနန်းတော်နှင့် တစ်စုံတစ်ခု ပတ်သတ်နေမည်ဟု အနည်းငယ် သံသယဖြစ်နေသည်။

“အင်ပါယာတွေရဲ့ လမ်းစဉ်”

ရီဖူရှင်း ရေရွတ်လိုက်၏။ ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်က ခေတ်သည် နတ်ဘုရားခေတ်ဖြစ်သည်။

အကယ်၍ ဤအရာသည်သာ ကောင်းကင်လမ်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါက ဤနေရာတွင် အမှန်ပင် အင်ပါယာများ၏လမ်းစဉ် ရှိပေလိမ့်မည်။

***

All Chapters