← Chapters

ကောင်းကင်လမ်းစဉ် အသေးစား

Vol. 197 Ch. 2805

ကောင်းကင်လမ်းစဉ် အသေးစား

Vol. 197 Ch. 2805

“နတ်ဘုရားအမွေအနှစ်”

ရီဖူရှင်းတို့ဘက်မှနေ၍ ရေရွတ်လိုက်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုသို့ ပြောလိုက်သူမှာ အနောက်အင်ပါယာဖြစ်သည်။ သူသည် သူ့ရှေ့ရှိ ကောင်းကင်ကို ကြည့်လိုက်၏။ သူသည် ရှေးဟောင်းအင်ပါယာတစ်ပါးဖြစ်သော်လည်း သူခံစားနေရသည့် အံ့အားသင့်မှုကို လျှို့ဝှက်မထားနိုင်ချေ။

ရီဖူရှင်းသည် အနောက်အင်ပါယာကိုကြည့်၍ ‌မေးလိုက်၏။

“လူတွေအတွက် အင်ပါယာတွေရဲ့ လမ်းစဉ်အပေါ် တက်လှမ်းပြီး မဟာအင်ပါယာအဆင့်ကို ရောက်နိုင်ဖို့ အခွင့်အရေးရှိပါသလား”

“အင်း... ရှိတယ်”

အနောက်အင်ပါယာက အလေးအနက် ခေါင်းညိတ်လိုက်၏။

“တကယ်လို့ ငါသာ အခုမှ နိုးထလာတာဆိုရင် ကောင်းကင်လမ်းစဉ်က မပြိုပျက်သေးဘဲ ငါတို့က အဲဒီခေတ်မှာပဲ ရှိနေသေးတယ်လို့ ငါတွေးမိသွားလိမ့်မယ်။ ဒါကို ဖန်တီးခဲ့တဲ့သူက ဘယ်သူဖြစ်ဖြစ် ဒါကို ကောင်းကင်လမ်းစဉ်အဖြစ် ပြောင်းလဲခဲ့တာပဲ”

“ဒါက လူလုပ်ထားတာလား”

ရီဖူရှင်းသည် အံ့ဩတကြီး မေးလိုက်၏။

“ဒါက လူလုပ်ထားတာ မဟုတ်ရင် ကောင်းကင်လမ်းစဉ်ကိုယ်တိုင်လား... အဲဒါက မဖြစ်နိုင်ဘူး”

အနောက်အင်ပါယာ ခေါင်းခါလိုက်သည်။

“ဒါက တကယ့်ကို ဆန်းကြယ်တာပဲ”

“အဲဒီခေတ်တုန်းက ကျင့်ကြံသူတွေက အင်ပါယာတွေရဲ့ လမ်းစဉ်အပေါ် ဘယ်လို တက်လှမ်းနိုင်ခဲ့တာလဲ”

ရီဖူရှင်း မေးလိုက်သည်။ သူ့ဘက်တွင် မဟာအင်ပါယာဟောင်းတစ်ပါး ရှိပေသည်။ သို့သော် သူသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ သူ၏ကျင့်ကြံခြင်းဖြင့်သာ အလုပ်ရှုပ်နေခဲ့သဖြင့် အနောက်အင်ပါယာနှင့် စကားအေးအေးဆေးဆေး မပြောခဲ့ရပေ။ မဟာအင်ပါယာသည် ရှီးချီယောင်၏ ရုပ်ခန္ဓာကို အသုံးပြုထားသဖြင့် သူ အနောက်အင်ပါယာနှင့် မျက်နှာချင်း မဆိုင်လိုခြင်း ဖြစ်ပေမည်။

ယခု ဤအခြေအနေတွင်မူ သူသည် ကိစ္စအနည်းငယ်ကို သဘောပေါက်နားလည်ရန် လိုအပ်နေသည်။

ထိုနတ်ဘုရားအမွေအနှစ်သည် အခြားသူများကို အင်ပါယာများ၏လမ်းစဉ်အပေါ်သို့ တက်လှမ်းခွင့် ပြုနိုင်သည့် စွမ်းရည်ရှိနေရခြင်းနည်း။

“လမ်းစဉ်က ကောင်းကင်၊ မြေကြီးနဲ့ အခြားအရာတွေကို ဖန်တီးခဲ့တာပဲ။ အဲဒါက စကြဝဠာကြီးကို မွေးထုတ်ပေးခဲ့ပြီး စကြဝဠာကြီး လည်ပတ်နိုင်အောင် တာဝန်ယူရတယ်”

အနောက်အင်ပါယာသည် တည်ကြည်သောမျက်နှာထားဖြင့် ကောင်းကင်သို့ မော့ကြည့်သည်။ သူဆက်ပြော၏။

“လောကထဲက အရာအားလုံးက လမ်းစဉ်က ဖြစ်ပေါ်လာတာပဲ။ ဒီလမ်းစဉ်က ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုတယ်... စကြဝဠာကြီးက ကောင်းကင်လမ်းစဉ်ရဲ့ အလိုအတိုင်း ဖြစ်ပေါ်လည်ပတ်နေတာပဲ”

“ကောင်းကင်လမ်းစဉ် မပြိုပျက်ခင် ခေတ်တုန်းက ကျင့်ကြံသူတွေက ကောင်းကင်စည်းမျဉ်းတွေကို သိမြင်နားလည်ဖို့ ကျင့်ကြံကြတယ်... သူတို့ မဟာလမ်းစဉ်ရဲ့ စည်းစနစ်တွေကို နားလည်သွားရင် နတ်စွမ်းအားကို ရကြတယ်။ အဲဒီကျရင် သူတို့က ကောင်းကင်ကပ်ဘေးရဲ့ သန့်စင်တာကို ခံရပြီး ပြောင်းလဲသွားတယ်... ပြီးရင်တော့ ကောင်းကင်လမ်းစဉ်နှင့် ဆက်စပ်သွားပြီပေါ့။ နောက်ပိုင်း သူတို့ရဲ့ နတ်စွမ်းအားကို ပြီးပြည့်စုံအောင် လုပ်နိုင်သွားရင် လမ်းစဉ်က ပြောင်းလဲလာတယ်။ ကျင့်ကြံသူတွေက သူတို့ကိုယ်သူတို့ ကောင်းကင်လမ်းစဉ်ရဲ့ စောင့်ကြည့်မှုအောက်မှာပဲ မဟာလမ်းစဉ်စည်းမျဉ်းတစ်မျိုးအဖြစ် ပြောင်းလဲလိုက်ကြတယ်။ ပြီးတော့ ခန္ဓာလမ်းစဉ်ကို တည်ထောင်လိုက်ပြီး အဆုံးမဲ့ အသက်စွမ်းအားနဲ့ အဆုံးမဲ့ ဝိညာဉ်စွမ်းအားကို ဖန်တီးလိုက်တယ်။ အဲဒီအဆင့်ကို မဟာအင်ပါယာအဆင့်လို့ ခေါ်တာပဲ”

အနောက်အင်ပါယာသည် စကားပြောပြီးသောအခါ ရီဖူရှင်းကိုကြည့်၍ မေးလိုက်သည်။

“မင်း ငါပြောသွားတာတွေကို နားလည်ရဲ့လား”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်တွင် သူသည် မည်သို့ အနောက်အင်ပါယာ ပြောသည်များကို နားမလည်ဘဲနေမည်နည်း။

မဟာအင်ပါယာအဆင့်သည် မိမိ၏ နတ်စွမ်းအားဖြင့် ဖန်တီးရသည့် အဆင့်ဖြစ်သည်။ ၎င်းကို မဟာလမ်းစဉ်စည်းမျဉ်းအချို့ကို ထိန်းချုပ်ရန် အသုံးပြုခဲ့ကြသည်။ ထိုသို့လုပ်နိုင်သူများသည် ထူးကဲသူများဖြစ်သည်။ သာမန်သေမျိုးများသည် ထိုအဆင့်သို့ မရောက်နိုင်ကြပေ။ ထို့ကြောင့် ထိုသူများသည် ကောင်းကင်နတ်ဘုရားများဟု ကျော်ကြားပေသည်။

“ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ သူတွေကရော...”

ရီဖူရှင်း ထပ်မံမေးလိုက်၏။

“ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့တဲ့သူတွေက ရက်စက်တဲ့သူတွေပေါ့”

အနောက်အင်ပါယာ ဆက်ပြော၏။

“သူတို့က အင်ပါယာတွေရဲ့ လမ်းစဉ်ပေါ် တက်လှမ်းပြီးတဲ့နောက် လမ်းစဉ်ကို ဖျက်ဆီးပြီး သူတို့ရဲ့ နတ်စွမ်းအားကို ထုဆစ်လိုခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကောင်းကင်လမ်းစဉ်ကို ဦးမညွှတ်ချင်ခဲ့ကြလို့ပဲ။ ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့တဲ့သူတွေက အင်ပါယာတွေအောက်က ပြိုင်ဘက်ကင်းတွေပဲ.. သူတို့က မဟာအင်ပါယာအဆင့်ကို မရောက်သေးဘူး ဆိုပေမယ့်ပေါ့လေ။ ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင့်ခဲ့တဲ့သူ အများစုက ရှင်းပစ်ခံခဲ့ရတယ်။ သူတို့ ကံကောင်းလို့ အသက်ရှင်ခဲ့ရင်လည်း မသန်မစွမ်း ဖြစ်သွားမှာပဲ။ သူတို့က အနတ္တအခြေအနေနဲ့ အနန္တအခြေအနေကို ရောက်နိုင်ဖို့ လမ်းစဉ်ဖျက်ဆီးတာကို ကျင့်ကြံနည်းတစ်ခုအနေနဲ့ သုံးခဲ့ကြတယ်။ နောက်တော့မှ သူတို့က သူတို့ရဲ့လမ်းစဉ်တွေကို ပြန်ဖန်တီးကြတာပဲ။ တကယ်လို့ သူတို့သာ သူတို့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့ရင် သူတို့က ကောင်းကင်လမ်းစဉ် အသေးစားလေးတွေနဲ့ ဆင်တူသွားမယ်”

ရီဖူရှင်းသည် ထိုအကြောင်းကို ကြားလိုက်သောအခါ ချက်ချင်း နားလည်သွားသည်။ သူသည် ကျင့်ကြံကာ သူ၏လောကကို ဖန်တီးခဲ့သည် မဟုတ်ပါလား။ အကယ်၍ သူသည် ထိုလောကကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့လျှင် သူသည် သူဖန်တီးထားသော ကောင်းကင်လမ်းစဉ်အသေးစားလေး ဖြစ်လာပေလိမ့်မည်။ သူ၏လောကထဲတွင် သူ၏ဝိညာဉ်စွမ်းအားသည် ကောင်းကင်လမ်းစဉ်၏ဝိညာဉ်စွမ်းအားဖြစ်ပေမည်။

ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့သူများသည် မည်မျှ ရည်မှန်းချက်ကြီးခဲ့သည်ကို သူနားလည်သွား၏။ သူတို့သည် ကောင်းကင်လမ်းစဉ်၏ လက်အောက်တွင် မနေလိုခဲ့ဘဲ သူတို့၏ ကိုယ်ပိုင် ကောင်းကင်လမ်းစဉ်အသေးစားလေးများကို ဖန်တီးလိုခဲ့သည်။ ထိုလုပ်ရပ်သည် သဘာဝနှင့်ဆန့်ကျင်သောလုပ်ရပ်ဖြစ်ကြောင်း သူတို့သိခဲ့ကြသည်။ ထို့ကြောင့် နတ်ဘုရားများကြားတွင် စစ်ပွဲတစ်ပွဲဖြစ်ပေါ်လာစေကာ ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ကောင်းကင်ကိုဆန့်ကျင်ကာ လမ်းစဉ်ကို ချိုးဖျက်ခဲ့သူများသည် နောက်ဆုံးတွင် ကြီးလေးသော တန်ကြေးကို ပေးခဲ့ရသည့်ပုံပင်။

ကောင်းကင်လမ်းစဉ် စစ်ပွဲထဲတွင် နတ်ဘုရားများ သေဆုံးသွားခဲ့ရသည်။ သို့သော် တစ်ဘက်မှကြည့်လျှင်လည်း သူတို့ အောင်မြင်ခဲ့ကြသည်။ သူတို့သည် ကောင်းကင်လမ်းစဉ်ကို ပြိုပျက်စေခဲ့ပေသည်။

ရီဖူရှင်းသည် ထိုလူများကို မည်သို့ထင်ရမည်မသိ ဖြစ်နေသည်။ သူတို့၏လမ်းစဉ်များသည် သူ့ကိုယ်ပိုင်လမ်းစဉ်နှင့် လုံးဝကွဲပြားပေသည်။ သူတို့သည် များစွာပို၍ ရက်စက်ခဲ့သည်။ ရီဖူရှင်းသည် သူ သူ၏လမ်းစဉ်ကို ရှာတွေ့ခဲ့ခြင်းမှာ ကံကောင်း၍သာ ဖြစ်ပြီး အဓိပ္ပာယ်ရှိသည့် ဖန်တီးမှုတစ်ခုမဟုတ်ဟု ခံစားနေရသည်။ စွမ်းအားတစ်မျိုးမျိုးက သူ့ကို လမ်းညွှန်ပေးနေသကဲ့သို့ပင်။ ထိုထဲတွင် လောကရှေးဟောင်းသစ်ပင်လည်း ပါပေသည်။

“ကောင်းကင်ကပ်ဘေးက ကပ်ဘေးတစ်ခုဆိုပေမယ့် သန့်စင်ပေးတာလည်းဟုတ်တယ်”

ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်၍ မှတ်ချက်ပြုလိုက်သည်။

“ဟုတ်တယ်”

အနောက်အင်ပါယာ ခေါင်းညိတ်လိုက်၏။

“အဲဒါက ကောင်းကင်လမ်းစဉ် မပြိုပျက်ခင် ခေတ်တုန်းကပေါ့”

“အဲဒါကြောင့် ဒီကောင်းကင်က တကယ်ပဲ ကောင်းကင်လမ်းစဉ်က ပြောင်းလဲလာတာဆိုရင် ကောင်းကင်ကပ်ဘေးတွေ အကုန်လုံးက ကောင်းကင်လမ်းစဉ်ဟောင်းက ကပ်ဘေးတွေပဲလို့ ပြောနိုင်တာပေါ့။ ဒါကြောင့်လည်း အင်ပါယာတွေရဲ့ လမ်းစဉ်က ဖြတ်တောက်ခံထားရပြီလို့ ပြောကြတာ”

အနောက်အင်ပါယာ ပြောလိုက်၏။ နောက်ဆုံးတွင် ရီဖူရှင်းသည် အင်ပါယာများ၏လမ်းစဉ် ဖြတ်တောက်ခံလိုက်ရသည်ဆိုသော စကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။

မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်မည့် လမ်းစဉ်သည် ကောင်းကင်လမ်းစဉ်နှင့် ဆက်စပ်နေသည်။

ကောင်းကင်လမ်းစဉ်သည် အရာအားလုံး၏ မိခင်ကဲ့သို့ပင်။ ၎င်းသည် လောကကြီး စည်းစနစ်တကျ လည်ပတ်နိုင်ရန် တာဝန်ယူထားပြီး စကြဝဠာကြီးကို ချောချောမွေ့မွေ့ လည်ပတ်စေပေသည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီး ခေတ်တွင် ကျင့်ကြံသူအားလုံးသည် ကျင့်ကြံသူအားလုံးသည် စည်းစနစ်များ၏ အရင်းအမြစ်ကို ဆုံရှုံးခဲ့ပြီး ရှေးခေတ်မှ ကျန်ခဲ့သော ရတနာများကိုသာ အမှီသဟဲပြု၍ ပြီးပြည့်စုံသော လမ်းစဉ်များကို ရှေးခေတ်ကကဲ့သို့ ဖန်တီးကြရလေသည်။

သို့တည်းမဟုတ် မဟာအင်ပါယာများသည် တစ်နည်းနည်းဖြင့် လူသားလောကတွင် ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုသူများ ဖြစ်နေခြင်းဖြစ်နိုင်သည်။ သူတို့သည် မဟာလမ်းစဉ်၏ စည်းစနစ်ကို အမွေဆက်ခံနိုင်ခဲ့သဖြင့် သူတို့၏လမ်းစဉ်များက ပြီးပြည့်စုံနေခြင်းဖြစ်နိုင်သည်။

သို့သော် ပြီးပြည့်စုံသော လမ်းစဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့လျှင်ပင် အင်ပါယာတစ်ပါးဖြစ်လာရန် မဖြစ်နိုင်သေးပေ။

ကောင်းကင်လမ်းစဉ်သည် ပြိုပျက်ခဲ့ပြီး အင်ပါယာများ၏ လမ်းစဉ်သည် ဖြတ်တောက်ခံခဲ့ရသည်။

သို့သော် ယခုတွင် အင်ပါယာများ၏လမ်းစဉ်သည် သူ့အရှေ့တွင် ပေါ်ထွက်လာခဲ့ပေပြီ။

ရီဖူရှင်းသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးလိုက်မိ၏။ သူသည် ယခုတွင် လောကတစ်ခုကို ဖန်တီးခဲ့ပြီဖြစ်သည်။ အကယ်၍ သူသည် မဟာအင်ပါယာအဆင့်သို့ ရောက်သွားလျှင် သူ၏လမ်းစဉ်သည်”ကောင်းကင်လမ်းစဉ် အသေးစား”ဖြစ်ပေလိမ့်မည်။ ကော်းကင်လမ်းစဉ်အ‌သေးစားသည် အခြားကျင့်ကြံသူများ အင်ပါယာဖြစ်လာစေရန် ကူညီပေးနိုင်သလော။

သူသည် တစ်ခါက လောကရှေးဟောင်းသစ်ပင်ကို အသုံးပြု၍ သခင်ချန်နှင့် အခြားသူများ၏ ကျင့်ကြံခြင်းကို ကာကွယ်ပေးခဲ့သည်ကို အမှတ်ရသွားသည်။ ထိုကာကွယ်ပေးမှုသည် သူတို့ကို ပြီးပြည့်စုံသော လမ်းစဉ်များ ဖန်တီးစေနိုင်ခဲ့သည်။ ထို့ကြောင့် သူ့အကြံသည် ဖြစ်နိုင်ပေလိမ့်မည်။

“ကောင်းကင်လမ်းစဉ် အသေးစား” ဟုခေါ်သောအရာသည် ကောင်းကင်လမ်းစဉ်တစ်မျိုးပင်ဖြစ်သည်။ သို့သော် သူ၏လောကထဲတွင် သူသာ လုံလောက်အောင်စွမ်းအားကြီးပါက သူ၏လမ်းစဉ်သည် ကောင်းကင်လမ်းစဉ်ထက်ပို၍ စွမ်းအားကြီးပေလိမ့်မည်။ တစ်နည်းဆိုရငလျှင် သူသည် မဟာကောင်းကင်လမ်းစဉ် ဖြစ်လာနိုင်ပေသည်။

ရီဖူရှင်းအပြင် သူတို့ပတ်ပတ်လည်မှ လူများသည်လည်း သူတို့နှစ်ယောက် ပြောသည်များကို နားထောင်နေကြသည်။ သူတို့အားလုံးသည် သူတို့ကြားခဲ့ရသည့်အကြောင်းများကို အတော်လေးစိတ်ဝင်စားနေကြ၏။ သူတို့၏မျက်လုံးများသည် ကောင်းကင်ထက်သို့ ကြည့်နေကြသည်။ ဤကောင်းကင်သည် ကောင်းကင်လမ်းစဉ်၏ ဝိညာဉ်စွမ်းအားမှ ပြောင်းလဲလာသော ကောင်းကင်ဖြစ်နိုင်ပေသည်။

ထိုအခိုက်တွင် သူတို့သည် မဟာအင်ပါယာတစ်ပါးဖြစ်လာရန်မှာ လွန်စွာ လက်လှမ်းမကွာတော့ကြောင်း ခံစားလိုက်ရ၏။ သူတို့သည်လည်း မဟာအင်ပါယာဖြစ်လာနိုင်မည့် အခွင့်အရေးတစ်ခုကို ရနိုင်လောက်ပေသည်။

ထိုသို့တွေးနေသူများမှာ သူတို့သာ မဟုတ်ပေ။ သူတို့အရင် ဤနေရာသို့ ရောက်နေသူများသည် အချင်းချင်း သဘောတူညီချက်ယူက ကွဲပြားသော နေရာများတွင် ကျင့်ကြံနေကြသည်။

“ဒီမှာ သူစိမ်းတွေအများကြီး ရှိတာပဲ”

ရီဖူရှင်းသည် အခြားနေရာများသို့ လှည့်ပတ်ကြည့်လိုက်၏။ သူသည် သူယခင်က တစ်ခါမှ မမြင်ဖူးသည့် ကျင့်ကြံသူများစွာကို တွေ့လိုက်ရ၏။ သူသည် ယခင်က ဒွန်ဟောင်တိယွမ်နှင့်အတူ ဟောင်ထျန်းကလန်သို့ လာခဲ့သည့် လူအနည်းငယ်ကို မြင်ခဲ့ဖူး၏။ သို့သော် သူယခင်က မမြင်ဖူးသူအချို့လည်း ရှိနေသည်။

လောကတိုင်းတွင် ဝှက်ဖဲကျင့်ကြံသူအချို့ ရှိပေသည်။ သူတို့အားလုံးသည် ရှေးခေတ်မှ စွမ်းအားကြီးကျင့်ကြံသူများ ဖြစ်ကြသည်။

အကယ်၍ နတ်ဘုရားကုန်းမြေထွက်ပေါ်လာမှုသည် ထိုစွမ်းအားကြီးကျင့်ကြံသူအချို့ကို မဆွဲဆောင်နိုင်ခဲ့လျှင်ပင် အင်ပါယာများ၏ လမ်းစဉ်ထွက်ပေါ်လာမှုကတော့ သူတို့အားလုံးကို လျှို့ဝှက်ကျင့်ကြံနေရာမှ ဆွဲထုတ်နိုင်မည် ဖြစ်သည်။

နတ်ဘုရားခေတ်ပြန်ရောက်ရန် သိပ်မလိုတော့သည်လော။

အင်ပါယာခြောက်ပါးသည် ဤနေရာသို့ ရောက်မလာကြပေ။ သူတို့သည် သဘောတူညီမှုအချို့ကို ရရှိထားပြီဖြစ်ပေမည်။ သို့မဟုတ် အခြားအကြောင်းများ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

လူများစွာသည် ရီဖူရှင်းကို ကြည့်လိုက်၏။ ထို့နောက် သူတို့ အကြည့်ပြန်လွှဲသွားကြသည်။ ဤနေရာသည် လွန်စွာ တိတ်ဆိတ်နေပြီး မည်သည့်တိုက်ခိုက်မှုမှ ရှိမနေပေ။ သို့သော် တိုက်ခိုက်မှုများ ရှိမနေခြင်းသည် ယခု အချိန်မကျသေး၍ ဖြစ်ကြောင်း အားလုံးသိပေသည်။

ကျင့်ကြံသူအချို့သည် ဒွန်ဟောင်တိယွမ်ကို ကြည့်လိုက်ပြီး သူမ၏အတွေးကို ခန့်မှန်းရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူမသည် စကားတစ်ခွန်းမှ မဆိုဘဲ တိတ်တဆိတ် ဆက်လက်ကျင့်ကြံနေလေသည်။

ကောင်းကင်နန်းတော်အထက်ရှိ ကျိဝူတောက်သည် အာရုံပြန်သိမ်းလိုက်သည်။ သူသည် ခေါင်းမော့၍ ကောင်းကင်သို့ ထပ်မံကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် စိတ်ကြီးဝင်သည့်အရိပ်အယောင်များ မရှိတော့ပေ။ နှလုံးသားမှလာသော လေးစားမှုနှင့် ကိုင်းရှိုင်းမှုသာ ရှိနေလေသည်။ အထက်ရှိကောင်းကင်သည် သူ့ယုံကြည်မှုများ၏ ပြယုဂ်ကဲ့သို့ပင်။

***

All Chapters