ဆက်နွယ်မှု
Vol. 197 Ch. 2806
ကျင့်ကြံသူအားလုံးသည် တိတ်တဆိတ် ကျင့်ကြံနေကြသည်။ ရီဖူရှင်းတို့အုပ်စုသည်လည်း နေရာတစ်ခုရှာ၍ တင်ပျဉ်ခွေထိုင်နေကြသည်။
“ဆရာ... ကျုပ်မှာ မေးခွန်း နောက်တစ်ခု ရှိပါသေးတယ်”
ရီဖူရှင်းသည် အနောက်အင်ပါယာကိုကြည့်၍ ပြောလိုက်၏။
“မေးပါ နန်းတော်သခင်ရီ”
အနောက်အင်ပါယာက ပြန်ပြောလိုက်၏။
“ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်တုန်းက ကောင်းကင်ကပ်ဘေးက ကပ်ဘေးရော သန့်စင်ပေးတဲ့အရာရော ဖြစ်ခဲ့တယ်ဆိုတော့ ကောင်းကင်လမ်းစဉ်ပြိုပျက်သွားပြီးတော့ ဘာဖြစ်လာလဲ”
ရီဖူရှင်းမေးလိုက်သည်။
“လောကစည်းမျဉ်းတွေကို ဘယ်သူက ထိန်းချုပ်နေတာလဲ... ပြီးတော့ ကပ်ဘေးဆိုတာက ဘာလဲ။ ကျင့်ကြံခြင်းက ကောင်းကင်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တစ်ခုပဲလို့ ကျုပ် ကြားခဲ့ဖူးတယ်... အဲဒါကြောင့် ဒီနေ့ခေတ် ကောင်းကင်က ကျင့်ကြံခြင်းကို ခွင့်မပြုတာတဲ့”
အနောက်အင်ပါယာသည် ရီဖူရှင်း၏ စကားများကို ကြားလိုက်သောအခါ အံ့အားသင့်သွားပြီး ပြောလိုက်၏။
“အင်ပါယာတွေရဲ့လမ်းစဉ် ဖြတ်တောက်ခံလိုက်ရပြီးတဲ့နောက် ပြီးပြည့်စုံတဲ့လမ်းစဉ် ဖန်တီးနိုင်ခဲ့တဲ့သူတွေကို ဒီနေ့ခေတ် လောကစည်းမျဉ်းက တကယ်ပဲ ခွင့်မပြုဘူး။ ဒီနေ့ခေတ်မှာ လောကကြီးက ဘာစည်းမျဉ်းတွေနဲ့ လည်ပတ်နေလည်းဆိုတာတော့ အခုထိ မသိရသေးဘူး”
“အဲဒီစည်းမျဉ်းတွေက နောက်ပိုင်း တစ်စုံတစ်ယောက် ဖန်တီးနိုင်ခဲ့တဲ့ ကောင်းကင်လမ်းစဉ် အသေးစားရဲ့ စည်းမျဉ်းတွေ ဖြစ်နိုင်လား”
ရီဖူရှင်းသည် သူတို့ အစောက ပြောခဲ့သည်များကို ပြန်တွေး၍ မေးလိုက်သည်။
အနောက်အင်ပါယာသည် ရီဖူရှင်းကို ကြည့်လိုက်၏။ သူသည် ရီဖူရှင်း၏အတွေးအခေါ်ကို အနည်းငယ် အံ့အားသင့်သွားသည်။
“ကောင်းကင်လမ်းစဉ် စစ်ပွဲထဲမှာ သဘာဝစည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ကျင့်ကြံခဲ့တဲ့သူတွေဖြစ်ရှိခဲ့တယ်... သူတို့က ကောင်းကင်လမ်းစဉ်ကို အစားထိုးချင်ခဲ့ကြတယ်။ အဲဒါကြောင့် ပြောရရင် မင်းရဲ့ခန့်မှန်းချက်က အကျိုးအကြောင်း မညီတာတော့ မဟုတ်ပါဘူး။ ကောင်းကင်နှင့်မြေကြီး အကြားမှာ ဘာဖြစ်ခဲ့လည်း ငါမသိဘူး... အတိတ်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်း မသိဘူး။ ဒါပေမဲ့ အမှန်တရားက မဝေးလောက်တော့ပါဘူး”
အနောက်အင်ပါယာ ပြောလိုက်၏။ နတ်ဘုရားခေတ် ပြန်စလာလျှင် လျှို့ဝှက်ချက်အားလုံး ပေါ်လာပေလိမ့်မည်။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး ဆက်၍ မမေးတော့ပေ။ ယခုတွင် ထိုကိစ္စများကို တွေးတောနေခြင်းသည် အကျိုးမရှိပေ။ ထိုအစား သူ လုပ်သင့်သည့်အရာမှာ ကျင့်ကြံခြင်းသာဖြစ်သည်။
သူ့ပတ်ပတ်လည်မှ လူများစွာသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးခဲ့ကြသူများဖြစ်သည်။ အချို့ဆိုလျှင် အင်ပါယာဖြစ်လာနိုင်ရန် မျှော်လင့်နိုင်သည့် အဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။ သူတို့ ထိုအဆင့်ရောက်သွားလျှင် ကောင်းကင်လမ်းစဉ်၏အကူအညီဖြင့် သူတို့သည် ကောင်းကင်လမ်းစဉ်နှင့် ဆက်စပ်နိုင်ကာ ကောင်းကင်ကပ်ဘေး၏ သန့်စင်ပေးမှုကို ခံ၍ အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို သေချာပေါက် ဆုပ်ကိုင်ရမည်ဖြစ်သည်။
(၉၉)လွှာမြောက်ကောင်းကင်ရှိ ကောင်းကင်နန်းတော်အထက်မှနေ၍ ကျင့်ကြံသူတစ်စုသည် အောက်ဘက်သို့ ဆင်းသွားသည်။ ယခုတွင် ဤနေရာတွင် ရှိသင့်သည့်လူအားလုံး ရှိနေပြီဖြစ်၍ မည်သူမှ သူတို့ကို မနှောင့်ယှက်သင့်ပေ။ ရှေးခေတ်မှ စွမ်းအားကြီးကျင့်ကြံသူများကို ပို၍ပင် မနှောင့်ယှက်သင့်ပေ။ သာမန်ကျင့်ကြံသူများသည် (၉၉)လွှာမြောက် ကောင်းကင်သို့ တက်လာကြမည် မဟုတ်ပေ။
တိတ်ဆိတ်သော ဤကောင်းကင်တွင် အဓိကအင်အားစုများမှ ကျင့်ကြံသူများသည် ကျင့်ကြံရန်အတွက် နေရာအသီးသီး၌ ရပ်နေကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ဝေးကွာပေသည်။
ကောင်းကင်နန်းတော်အတွင်းရှိ ဧရာမ ကျောက်တိုင်ကြီးတစ်ခုပေါ်တွင် မှော်နက်လောကမှ ကျင့်ကြံသူများ ရှိနေ၏။ ထိုအခိုက်တွင် သူတို့ထဲမှ တစ်ယောက် အထက်ရှိ နေရာသည် နတ်စွမ်းအား၏ အတင်းအကြပ်ပြုမှုကို ခံနေရသကဲ့သို့ တွန့်လိမ် မြည်ဟည်းနေသည်။ ထို့ကြောင့် အထက်ကောင်းကင်တွင် ပြောင်းလဲမှုတစ်ခု ပေါ်လာစေလေသည်။
“ဟမ်...”
လူများစွာသည် ထိုကျင့်ကြံသူကို အာရုံစိုက်လိုက်ကြ၏။ ထိုမှော်နက်လောကမှ ကျင့်ကြံသူသည် ရှေးခေတ်မှ စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူသည် မှော်နက်နန်းတော်မှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်မှ ထွက်နေသော နတ်စွမ်းအားသည် တစ်စုံတစ်ခုကို ပြသနေသလိုပင်။
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာသည် ထိုနေရာသို့ ကြည့်လိုက်ကြ၏။ ထိုနေရာရှိ ပို၍ ထင်ရှားကျော်ကြားသူများသည် ပို၍စွမ်းအားကြီးသူများ မဟုတ်ကြောင်း သူတို့ ကောင်းစွာ သိပေသည်။ ယခုတွင် ရှေးခေတ်မှ စွမ်းအားကြီးကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လူလုံးထွက်ပြလာကြပြီဖြစ်သည်။
သူတို့သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ကြသော်လည်း ကောင်းကင်လမ်းစဉ် ပြိုပျက်သွားမှုနှင့် အင်ပါယာများ၏လမ်းစဉ် ဖြတ်တောက်ခံလိုက်ရမှုတို့ကြောင့် အခွင့်အရေးတစ်ခါမှ မရခဲ့ပေ။ ယခုတွင် သူတို့သည် အင်ပါယာများ၏ လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးရခဲ့ကြပေပြီ။
“သူက နောက်ထပ် ရှေးဟောင်းအင်ပါယာတစ်ပါး ဖြစ်လောက်တယ်”
ဓားဧကရာဇ်အရှင်က ထိုနေရာသို့ အာရုံစိုက်၍ကြည့်ကာ ပြောလိုက်၏။
“ကောင်းကင်ဒေသက ရှေးဟောင်းနတ်ဘုရားကလန်တွေက ရှေးဟောင်းမဟာအင်ပါယာတွေလိုပဲ သူတို့လည်း ဒီလိုအခွင့်အရေးတစ်ခုကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ရတာ။ အခု ဒီနေရာမှ ကောင်းကင်စည်းမျဉ်းပေါ်ထွက်လာပြီဆိုတော့ သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး အထွတ်အထိပ်ကို ပြန်တက်ချင်နေကြမျာပေါ့”
အနောက်အင်ပါယာသည်လည်း ထိုဘက်သို့ ကြည့်၍ ပြောလိုက်၏။
“ဟုတ်တယ်... အဲဒီခေတ်တုန်းက ကျုပ်လို လူမျိုး အများကြီးရှိခဲ့လိမ့်မယ်။ သူတို့က ပြန်ရှင်သန်လာချင်ကြမှာပဲ”
“ကောင်းကင်လမ်းစဉ် ပြိုပျက်သွားတော့ ဘာလို့ မဟာအင်ပါယာတွေ အားလုံးနီးပါးပါ သေဆုံးသွားရတာလဲ။ ဘာဖြစ်ခဲ့တာလဲ”
ဓားဧကရာဇ်အရှင်က မေးလိုက်သည်။
အနောက်အင်ပါယာ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ရှိနေ၏။ ထိုအကြောင်းများသည် သူ့မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသကဲ့သို့ပင်။ ထိုစဉ်က လွန်စွာ ဆိုးဝါးမှောင်မိုက်သည့် အချိန်တစ်ခုဖြစ်ခဲ့သည်။ ထိုခေတ်ကို ရူးသွပ်မှုခေတ်ဟုပင် ဆိုရမည်။
သူ ပြန်မပြောပေ။ ထို့ကြောင့် ဓားဧကရာဇ်အရှင်သည်လည်း မေးခွန်းများ ဆက်မမေးတော့ချေ။ သို့သော် အတိတ်မှ ရှေးဟောင်းအင်ပါယာများသည် အခွင့်အရေးရလာသည်နှင့် မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်နိုင်ရန် ကြိုးစားကြမည်ဖြစ်ကြောင်း သူသိပေသည်။ သူတို့ သူတို့၏အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်နိုင်၊ မရောက်နိုင်သည် စောင့်ကြည့်ရမည့် ကိစ္စတစ်ခုဖြစ်နေဆဲပင်။
“ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ပါ။ ခင်ဗျားက ခင်ဗျားရဲ့လက်ရှိအဆင့်မှာ အထွတ်အထိပ်ကို ရောက်ခဲ့တယ်... ပြီးတော့ ထိုက်ရှန့်ဓားအတတ်ကို ဖန်တီးနိုင်ခဲ့တယ်။ ခင်ဗျားဆီ ကောင်းကင်ကပ်ဘေးရောက်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ မဟာအင်ပါယာတွေရဲ့ ဆက်ခံသူတွေက သူတို့ရဲ့ နတ်စွမ်းအားကို ဖန်တီးနိုင်ခဲ့ပြီ။ ဒါပေမဲ့ သူတို့ရဲ့ နတ်စွမ်းအားက အမွေဆက်ခံမှုကလာတာ... သူတို့ရဲ့ ကိုယ်ပိုင်သိမြင်နားလည်မှုက လာတာမဟုတ်ဘူး။ ဒီတော့ သူတို့ရဲ့ နတ်စွမ်းအားတွေက ကောင်းကင်လမ်းစဉ်ရဲ့ စည်းမျဉ်းနဲ့ မဆက်သွယ်နိုင်ဘူး။ သူတို့ရဲ့ အဆင့်က ခင်ဗျားလောက် မနက်ရှိုင်းကြဘူး”
အနောက်အင်ပါယာက ဓားဧကရာဇ်အရှင်ကို ပြောလိုက်၏။ ဓားဧကရာဇ်အရှင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း အနောက်အင်ပါယာကဲ့သို့သော တစ်စုံတစ်ယောက်အရှေ့တွင် ဂျူနီယာတစ်ယောက်သာ ဖြစ်ပေသေးသည်။
“နားလည်ပါပြီ”
ဓားဧကရာဇ်အရှင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်လိုက်ပြီး ဆက်၍ ကျင့်ကြံနေလိုက်လေသည်။ နတ်ဘုရားတစ်ဝက်အဆင့်သည် လွန်စွာအရေးကြီးသောအဆင့်ဖြစ်သည်။ သူသည် ထိုအဆင့်တွင် သူ၏ကိုယ်ပိုင်အမှီအခိုကင်းသောလမ်းစဉ်ကို ဖန်တီးခဲ့သည်။ ယခုတွင် ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်း ရှိနေပြီဖြစ်၍ သူသည် ကောင်းကင်လမ်းစဉ်၏ သန့်စင်မှုကို ခံရရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။
သို့သော် ထိုခြေတစ်လှမ်းသည် ထင်သလောက်လွယ်ကူမည် မဟုတ်ချေ။
ရီဖူရှင်းမှာလည်း ကျင့်ကြံနေ၏။ သူသည် မျက်လုံးများမှိတ်ကာ သူ၏အာရုံခံနိုင်စွမ်းအားကို တိုးမြှင့်နေသည်။ သူ၏အာရုံခံနိုင်စွမ်းသည် ကောင်းကင်ကိုပင် ကျော်လွှန်သွား၏။ သူသည် ထိုကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းကို လေ့လာနေခြင်းဖြစ်သည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် လွန်စွာ စိတ်ဝင်စားနေသည်။ သူသည် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ ထိုအရှိန်အဝါသည် သူ၏ကိုယ်ပိုင်လမ်းစဉ်နှင့် လွန်စွာဆင်တူသည်ဟု ထင်ရသည်။ ထို့ကြောင့် ထိုခံစားချက်သည် သူ၏ရှေးဟောင်းလောကသစ်ပင်က ကောင်းကင်လမ်းစဉ်နှင့် တစ်နည်းနည်းဆက်စပ်နေရမည်ဟူသော သူ၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူဖန်တီးထားသော ကောင်းကင်လမ်းစဉ်အသေးစားနှင့် ကောင်းကင်လမ်းစဉ်သည် ဆက်နွယ်မှုအချို့ ရှိရပေမည်။ ထို့ကြောင့်သာ တူညီမှုများ ရှိနေခြင်းဖြစ်မည်။
သူသည် သူ့ရှေ့တွင် ထွက်ပေါ်လာသော ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းကို ခံစားနိုင်ရန် ထိုအာရုံထဲတွင် နစ်မြုပ်နေလေသည်။
ရီဖူရှင်း၏စိတ်ထဲတွင် အခြားအတွေးတစ်ခု ထွက်ပေါ်လာ၏။ အကယ်၍ ကောင်းကင်လမ်းစဉ်တွင် အသိစိတ်ရှိလျှင် သူ့ရှေ့ရှိ ကောင်းကင်လမ်းစဉ်တွင်လည်း အသိစိတ်ရှိမည်လော။
အကယ်၍ အသိစိတ်ရှိခဲလျှင် ထိုအသိစိတ်သည် မည်သူ၏အသိစိတ်နည်း။
ရီဖူရှင်းသည် အသိစိတ်ရှိသည့် အရိပ်အယောင်ကို အာရုံမခံမိပေ။ သို့သော် ရင်းနှီးသည့်ခံစားချက်ကက သူ့ကို ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်အတွင်းရှိ စွမ်းအားကို ထင်ထင်ရှားရှား အာရုံခံနိုင်နေသည်။ သူသည် ဓာတ်ကြီးငါးပါး၊ လျှပ်စီးနှင့် ဖျက်ဆီးခြင်းတို့၏ စည်းမျဉ်းများကို ခံစားလိုက်ရ၏။
“ငါရဲ့ ကိုယ်ပိုင် ကောင်းကင်လမ်းစဉ် အသေးစားက အဲဒီနတ်စွမ်းအားတွေကို မွေးထုတ်ပေးခဲ့လို့ ဆက်နွယ်မှုရှိပြီး အဲဒီစည်းမျဉ်းအားလုံးကို ငါ အာရုံခံစားနိုင်တာလား မသိဘူး”
ရီဖူရှင်း စိတ်ထဲမှ တွေးတောလိုက်သည်။ ထို့ကြောင့်သာ ဖြစ်ရမည်ဟု သူတွေးလိုက်သည်။
သို့ဆိုလျှင် ပြောင်းပြန် ပြန်လုပ်၍ ရမည်လော။ သူသည် ထိုကောင်းကင်လမ်းစဉ်မှ စည်းမျဉ်းများ၏ နတ်စွမ်းအားများကို ခံစားနိုင်သည်ဖြစ်ရာ သူ့ကိုယ်တွင်းရှိ ကောင်းကင်လမ်းစဉ်အသေးစား၏ ဆက်နွယ်မှုကို နှိုးဆော်ကာ စည်းမျဉ်း နတ်စွမ်းအားအသစ်တစ်ခုကို ဖန်တီး၍ သူ၏ကိုယ်ပိုင်ဖြစ်သွားအောင် လုပ်၍ ရနိုင်မည်လော။
ထိုသို့ လုပ်၍ ရနိုင်ချေများသည်ဟု သူတွေးလိုက်သည်။
ရီဖူရှင်းသည် ထိုသို့ တွေးမိသောအခါ ဈာန်ဝင်စားလိုက်သည်။ ယခုတွင် သူ၏အဆင့်သည် ကပ်ဘေးသုံးခုကို ဖြတ်ကျော်ပြီးသည့် အဆင့်နှင့် တူညီနေပြီဖြစ်သည်။ သူသည် ကောင်းကင်ကပ်ဘေးများ၏ သန့်စင်မှုကို ခံခဲ့ရပြီးဖြစ်၍ သူသာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်သွားလျှင် အင်ပါယာတစ်ပါး ဖြစ်လာပေလိမ့်မည်။
သူ့ကိုယ်ပိုင်ကျင့်ကြံခြင်း၏ ထူးခြားမှုများကြောင့် သူသည် အခြားသူများနှင့် အနည်းငယ် ကွဲပြားပေသည်။ သူ၏အစွမ်းကို တိတိကျကျ မပြောနိုင်ပေ။ သို့သော် သူ၏ ကောင်းကင်လမ်းစဉ် အသေးစားသာ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်သွားလျှင် သူသည် သာမန်မဟာအင်ပါယာများထက် ပို၍စွမ်းအားကြီးလာမည်ဟု သူခံစားနေရသည်။
ကျင့်ကြံခြင်းနှင့်ပတ်သတ်လျှင် အချိန်သည် အလွန်နှေးကွေးစွာ ကုန်ဆုံးပေသည်။ အားလုံးသည် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းတွင် စိတ်နှစ်ထားကြပြီး တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ကြပေ။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ရီဖူရှင်းနှင့် ကောင်းကင်လမ်းစဉ်ကြားမှ ဆက်နွယ်မှုသည် ပို၍ခိုင်မာလာသည်။ ကောင်းကင်လမ်းစဉ်၏ ဝိညာဉ်စွမ်းအား ကျဆင်းနေပြီး သူ့ခန္ဓာကိုယ်နှင့် ဆက်နွယ်နေသည်။ ကောင်းကင်သည်ပင် ပြောင်းလဲမှုအချို့နှင့် ကြုံခဲ့ရပြီး နတ်အလင်း ကျဆင်းလာလေသည်။ ကောင်းကင်ကပ်ဘေးတစ်ခု အစပျိုးနေပေပြီ။
“သူက အင်ပါယာတွေရဲ့ လမ်းစဉ်ပေါ်မှာ ခြေချဖို့ အဆင်သင့်ဖြစ်နေပြီလား”
တစ်စုံတစ်ယောက်သည် ရီဖူရှင်းကိုကြည့်၍ တွေးလိုက်သည်။ ကောင်းကင်မှ ပြောင်းလဲမှုများသာ ကောင်းကင်ကပ်ဘေးဖြစ်ပါက သူသည် နောက်ဖြစ်လာမည့် အင်ပါယာဖြစ်ပေလိမ့်မည်။
***