အချိန်များကွဲပြားပေသည်
Vol. 197 Ch. 2807
မှော်နက်နန်းတော်မှ ကျင့်ကြံသူများသည် ထိုရှေးခေတ်မှ စွမ်းအားကြီးကျင့်ကြံသူကို ကြည့်လိုက်ကြပြီး သူ၏ ကောင်းကင်လမ်းစဉ်နှင့် ဆက်နွယ်မှုသည် ပို၍ခိုင်မာလာသည်ကို တွေ့လိုက်ရ၏။ စည်းမျဉ်းအလင်းသည် ကောင်းကင်မှကျဆင်းလာပြီဖြစ်၏။ ထို့နောက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာ၏။
“ကပ်ဘေးလာနေပြီ”
အားလုံး၏မျက်လုံးများ စူးရှသွားပြီး အထက်ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် ထို ကောင်းကင်လမ်းစဉ်စည်းမျဉ်းကို အာရုံခံလိုက်မိသည်။ မည်းမှောင်သော အဖျက်မုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်လာ၏။ ၎င်းသည် နတ်စွမ်းအားနှင့် ပဲ့တင်ထပ်ကာ ကောင်းကင်ကပ်ဘေးအဖြစ် ပြောင်းလဲသွား၏။
“အချိန်တွေက တကယ်ကို ကွဲပြားတာပဲ”
ရီဖူရှင်းသည် စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်နေသည်။ ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်ခေတ်နှင့် ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးခေတ်သည် ကွဲပြားကြပေသည်။ သူ တွေ့ကြုံခဲ့ရသော ကပ်ဘေးများနှင့် အခြားကျင့်ကြံသူများ တွေ့ကြုံခဲ့ရသော ကောင်းကင်ကပ်ဘေးများသည် သူတို့ကို သတ်ရန် ရည်ရွယ်ခဲ့ကြသည်။
သို့သော် ကောင်းကင်လမ်းစဉ်၏ ကပ်ဘေးသည် သန့်စင်ပေးသည့်အရာနှင့် ပိုတူပေသည်။
လက်ရှိလောကမှ ကျင့်ကြံသူများအားလုံးက အင်ပါယာများ၏လမ်းစဉ် ဖြတ်တောက်ခံခဲ့ရပြီဟု ပြောခြင်းမှာ မဆန်းပေ။ အမှန်လည်း အင်ပါယာများ၏လမ်းစဉ် ဖြတ်တောက်ခံခဲ့ရပြီဖြစ်သည်။ ပြီးပြည့်စုံသော လမ်းစဉ်များ ဖန်တီးရန် နတ်ပစ္စည်းများ၏ အကူအညီလိုအပ်ပေသည်။ ကပ်ဘေးကို ဖြတ်ကျော်ရခြင်းသည် နတ်ဘုရားဘုံမှ ရောက်လာသည့် တိုက်ခိုက်မှုကို ခံရသကဲ့သို့ပင်ဖြစ်သည်။ လမ်းစဉ်ကို ဖြတ်တောက်၍ ကျင့်ကြံခဲ့သူများအတွက် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ရခြင်းသည် မည်သည့်အဓိပ္ပာယ်မှမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် ရနိုင်မည့် အင်ပါယာများ၏လမ်းစဉ် မရှိသောကြောင့်ပင်။
သို့သော် ဤကောင်းကင်သည် အရာအားလုံးကို ဖြစ်စေနိုင်ပေသည်။ ဤကောင်းကင်သည် ကောင်းကင်လမ်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဤကောင်းကင်ကို မည်သူ၏ဝိညာဉ်စွမ်းအားက ဖန်တီးထားခြင်းနည်း။ ရီဖူရှင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ မျက်လုံးများဖွင့်လိုက်ရာ ထိုလူသည် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ကောင်းကင်ကို ကျော်လွန်သွားကြောင်း တွေ့လိုက်ရ၏။ ကောင်းကင်ကပ်ဘေး ကျဆင်းလာ၏။ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းပေသည်။ ကောင်းကင်နန်းတော်၏ ကောင်းကင်အလွှာ(၉၉)လွှာသည် ကောင်းကင်ကပ်ဘေးအလင်း၏ ဖောက်ထွင်းမှုကို ခံလိုက်ရ၏။ ထိုအလင်းသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားလေသည်။
“အရင်ခေတ်တုန်းက တစ်ယောက်ယောက်က ကပ်ဘေးကို မဖြတ်ကျော်နိုင်ခဲ့ဘူးဆိုရင် ဘာဖြစ်သွားမှာလဲ”
ရီဖူရှင်းက အနောက်အင်ပါယာကို မေးလိုက်၏။ ဤခေတ်မှ ကပ်ဘေးသည် ရှုံးနိမ့်သူကို သေဆုံးသွားစေမည်ဖြစ်သည်။ ကပ်ဘေးသည် အဖျက်ရည်ရွယ်ချက်ကို ပြသရန် ရောက်ရှိလာခြင်းပင်။
“ကပ်ဘေးကို မဖြတ်ကျော်နိုင်ဘူးဆိုတာ အဟန့်အတားတွေကို ဘယ်တော့မှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီတော့ ဖြတ်ကျော်ဖို့ ရှုံးနိမ့်ခဲ့တဲ့သူက အဲဒီအဆင့်မှာပဲ တစ်နေပြီးတော့ အဆင့်ဆက်တက်နိုင်မှာ မဟုတ်ဘူး။ သူ့ဘဝတစ်လျှောက်မှာ မဟာအင်ပါယာအဆင့်ဆိုတာ အိပ်မက်ပဲ ဖြစ်သွားမှာပေါ့”
အနောက်အင်ပါယာက ပြန်ပြော၏။
“ဒါပေမဲ့ ကပ်ဘေးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်တဲ့သူရဲ့ အဆင့်တက်နိုင်ချေကတော့ မြင့်တာပေါ့ကွာ။ သူတို့က မဟာအင်ပါယာဖြစ်နိုင်မယ့်အဆင့်ကို ရောက်သွားမှာပဲ”
“အဲဒါဆို သူတို့ ကပ်ဘေးကို မဖြတ်ကျော်နိုင်ရင်လည်း အဆင့်မတက်နိုင်တာကလွဲရင် ဘာမှ ဖြစ်မှာမဟုတ်ဘူးပေါ့...”
ရီဖူရှင်းသည် ထိုအကြောင်းကို သိလိုက်ရသဖြင့် လွန်စွာ အံ့အားသင့်သွားသည်။ ရှေးခေတ်မှ ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် အလွန်ကွဲပြားသဖြင့် ကပ်ဘေး၏ သတ်ဖြတ်မှုကို မည်သူမှ ခံရမည်မဟုတ်ပေ။
“ဒီတော့ ကပ်ဘေးကို ဖြတ်ကျော်ဖို့ ရှုံးနိမ့်ခဲ့ပေမယ့် လမ်းစဉ်ကို ဖြတ်တောက်ပြီး ကျင့်ကြံဖို့ ကြိုးစားခဲ့တဲ့သူတွေရော ရှိခဲ့လား”
ရီဖူရှင်း မေးလိုက်သည်။
“ဉာဏ်ကောင်းတဲ့သူပဲ”
အနောက်အင်ပါယာ ပြန်ပြောလိုက်၏။
“တချို့က ရှုံးနိမ့်သွားမယ်ဆိုရင်တောင် လောင်းကြေးထပ်ကြဦးမှာပဲ။ သူတို့က အင်ပါယာတွေအောက်မှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီး ကျင့်ကြံခြင်းလောကရဲ့ ထိပ်ကို ရောက်နေကြပြီဆိုပေမယ့် အင်ပါယာအဆင့်ကို ရောက်နိုင်ဖို့တော့ မျှော်လင့်ချက် မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းပြောတဲ့နည်းက ကျင့်ကြံသူတော်တော်များများကို စိတ်အားတက်စေခဲ့တယ်... သူတို့က သူတို့ရဲ့ လမ်းစဉ်ကို ဖြတ်တောက်ပြီး ကျင့်ကြံနိုင်ဖို့ စွန့်စားခဲ့ကြတယ်။ ရှုံးနိမ့်သွားရင်... အကောင်းဆုံး အခြေအနေမှာဆို သူတို့ရဲ့ ကျင့်ကြံခြင်းကို ထာဝရဆုံးရှုံးသွားရတာပဲ ရှိမယ်။ အဆိုးဆုံးအခြေအနေမှာတော့ သူတို့က ကောင်းကင်လမ်းစဉ်ကပ်ဘေးရဲ့ ရှင်းထုတ်မှုကို ခံရမယ်”
“မဟာအင်ပါယာဖြစ်လာနိုင်မယ့် အဆင့်ကို ရောက်ပြီးတော့မှ လမ်းစဉ်ကို ဖြတ်တောက်ခဲ့တဲ့သူတွေ ရှိခဲ့တယ်လို့ အကြီးအကဲတချို့ပြောတာ ကျုပ်ကြားဖူးတယ်... အဲဒါ ဟုတ်လား”
ရီဖူရှင်းက ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ် မြင်ကွင်းကိုကြည့်လိုက်၏။ အဖျက်နတ်အလင်း ကျဆင်းလာသည်။ သို့သော် သူသည် မတုန်လှုပ်ဘဲ အနောက်အင်ပါယာနှင့်သာ စကားဆက်ပြောနေလေသည်။
“အင်း... သူတို့က အင်ပါယာတွေရဲ့လမ်းစဉ်ပေါ် တက်လှမ်းပြီးတော့ သူတို့ရဲ့ အဆင့်ကို နက်နက်ရှိုင်းရှိုင်း နားလည်လာကြတယ်။ သူတို့က မဟာအင်ပါယာဖြစ်လာနိုင်မယ့်သူတွေဆိုတော့ သူတို့ လမ်းစဉ်ကို ဖြတ်တောက်တာက အောင်မြင်နိုင်ချေများတယ်။ ဒါပေမဲ့ အဲဒီလိုလူတွေက နည်းနည်း သွေးအေးတဲ့သူတွေပဲ”
အနောက်အင်ပါယာက ပြောလိုက်၏။
“သူတို့က ရက်စက်လွန်းတယ်...”
အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ခဲ့ပြီး မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင် ရှိနေသူတစ်ယောက်သည် မည်သည့်အကြောင်းနှင့်မဆို လမ်းစဉ်ကို ဖြတ်တောက်ပစ်သည်ဆိုခြင်းသည် ရီဖူရှင်း တွေး၍ မရနိုင်သောအရာဖြစ်သည်။
ထိုကဲ့သို့သော အပြုအမူမျိုးသည် အမှန်ပင် ရူးသွပ်သော အပြုအမူဖြစ်ပြီး တွေးကြည့်၍နားမလည်နိုင်သောအရာဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်သည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ပြီးနောက်တွင် ကောင်းကင်လမ်းစဉ်အောက်တွင် မနေလိုသဖြင့် ဒေါသအလျောက် လမ်းစဉ်ကို ဖြတ်တောက်ရန် အဘယ်သို့ ရွေးချယ်နိုင်ရသနည်း။
ထိုကဲ့သို့ ရူးသွပ်သည့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို မည်သူက ဖန်တီးခဲ့ခြင်းနည်း။
ဝုန်း...
ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေးသည် ကောင်းကင်နှင့် မြေကြီးတစ်ခွင်တွင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်အလွှာ(၉၉)လွှာကို ထွင်းဖောက်သွားသည်။ ရီဖူရှင်း၏ ပတ်ပတ်လည်တွင် စည်းမျဉ်းနတ်စွမ်းအား ထွက်ပေါ်လာပြီး ထိုနေရာရှိ ကျင့်ကြံသူများကို ကောင်းကင်ကပ်ဘေး၏ သက်ရောက်မှုကို မခံရစေရန် ကာကွယ်ပေးထားလေသည်။
“ပြီးတော့မယ်...”
ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလိုက်၏။
“သူတို့က တစ်ချိန်က မဟာအင်ပါယာတွေ ဖြစ်ခဲ့ဖူးတော့ ဘယ်လိုလုပ် ကျရှုံးနိုင်ပါ့မလဲ။ သူတို့အားလုံးက အခွင့်အရေးတစ်ခုပဲ လိုခဲ့တာပါ”
အနောက်အင်ပါယာက ဆက်ပြောသည်။
“သူတို့ မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့် ရောက်သွားရင်တောင် မင်းကို ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး”
သူသည် ရီဖူရှင်း၏အစွမ်းကို အလွန်ယုံကြည်မှု ရှိနေသည်။
ရီဖူရှင်းမှာလည်း မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင် ဖြစ်သည်။ သူသည် လမ်းစဉ်ကို ဖြတ်တောက်ခဲ့သည့် မဟာအင်ပါယာဖြစ်လာနိုင်မည့်သူဖြစ်ကြောင်း ထင်ရှား၏။
“အနောက်အင်ပါယာက ကျုပ်ရဲ့အစွမ်းကို အဲ့လောက်ယုံကြည်မှုရှိတာလား”
ရီဖူရှင်း မေးလိုက်သည်။
“မင်းက ဗုဒ္ဓကုန်းမြေရဲ့ မဟာအင်ပါယာကို သတ်ပစ်ခဲ့ပြီး ရှေးဟောင်းအင်ပါယာလေးပါးကိုလည်း မင်းတစ်ယောက်တည်း ဖိအားပေးနိုင်ခဲ့တာပဲ။ အဲဒီအချိန်တုန်းက သူတို့ရဲ့အဆင့်ကလည်း မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်မှာပဲ ဖြစ်ဖို့များတာပဲ”
အနောက်အင်ပါယာက ပြန်ပြောလိုက်၏။
“မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်လား...”
ရီဖူရှင်းသည် အံ့အားသင့်ဟန် ပြလိုက်၏။ ရှေးဟောင်းနတ်ဘုရားကလန်များမှ ထိုသူများသည် တစ်ချိန်က မဟာအင်ပါယာများ ဖြစ်ခဲ့ကြသည်။ သူတို့၏ကျင့်ကြံခြင်းသည် ထူးကဲပြီး အခြားသူများအားလုံးနှင့် ကွဲပြားပေသည်။ ထို့ကြောင့် သူသည် သူတို့၏အဆင့်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ခဲ့ခြင်းဖြစ်သည်။
“ဟုတ်တယ်...”
အနောက်အင်ပါယာ ခေါင်းညိတ်လိုက်၏။
“သူတို့ကို ကြည့်လိုက်”
ရီဖူရှင်းသည် အရှင်ဟောင်ထျန်းနှင့် အခြားရှေးဟောင်အင်ပါယာများကို ကြည့်သည်။ သူတို့သည် ကွဲပြားသော နေရာများတွင် ကျင့်ကြံနေကြောင်း သူတွေ့လိုက်၏။ ထိုအချိန်တွင် သူတို့သည် ကောင်းကင်လမ်းစဉ်နှင့် အတော်အတန် ဆက်နွယ်နိုင်နေပြီဖြစ်သည်။ ရီဖူရှင်းသည် ထိုအချက်ကို ကောင်းစွာသိ၏။
“သူတို့က ကောင်းကင်လမ်းစဉ်ထဲက စည်းမျဉ်းစွမ်းအားကို စုပ်ယူနေကြတာပဲ။ အဲဒါက မဟာအင်ပါယာဖြစ်လာနိုင်မယ့်သူတွေ ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်ချင်ရင် လုပ်ဖို့ကြိုးစားရတဲ့ဟာပဲ။ ငါ့လိုပဲ သူတို့ကလည်း အတိတ်တုန်းက မဟာအင်ပါယာတွေပဲ... ဒီတော့ မဟာအင်ပါယာဖြစ်နိုင်မယ့်အဆင့်ကို မရောက်ခင် ကြုံရမယ့် ပြောင်းလဲမှုတွေက သိပ်မကွာဘူး။ ဒါပေမဲ့ မင်းကကျတော့ မတူဘူး။ သူတို့ထဲက တစ်ယောက်၊ နှစ်ယောက်လောက်က ရီအင်ပါယာနန်းတော်ကို မတိုက်ခင်ကတည်းက မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်ကို ရောက်နေကြပြီ။ ဒါပေမဲ့ သူတို့ ဘယ်လို လုပ်ခဲ့တာလည်းတော့ ငါတို့ မသိဘူး။ အဲဒီတုန်းက ရီအင်ပါယာနန်းတော်က သူတို့ကို ပြန်တိုက်နိုင်မယ့်စွမ်းအား မရှိခဲ့တာတော့ ငါတို့ သိကြတယ်”
အနောက်အင်ပါယာက ဖြည်းဖြည်းချင်း ရှင်းပြနေ၏။
“ဒါပေမဲ့ ထူးဆန်းတဲ့ဟာတချို့လည်း ရှိတယ်။ ဥပမာအနေနဲ့ သူတို့ မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်ကို မရောက်ခင်နဲ့ ရောက်ပြီး အခြေအနေရဲ့ ကွာခြားမှုတွေက သိပ်မကြီးဘူး။ သူတို့က လုံလောက်အောင် မသန်မာတဲ့ပုံပဲ”
လူသားဘုံ...
ရီဖူရှင်း၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ ယခင်က လူသားဘုံ၏ လူသားဘိုးဘေးသည် သူတို့ကို လူသားဘုံတွင် ကျင့်ကြံရန် ဖိတ်ခေါ်ခဲ့သည်။
လူသားဘုံတွင်လည်း အင်ပါယာများ၏လမ်းစဉ် ထွက်ပေါ်လာခဲ့လောက်သည်။
“အဲဒါက ကောင်းကင်လမ်းစဉ်အသေးစားကြောင့်များ ဖြစ်နိုင်မလား”
ရီဖူရှင်း မေးလိုက်၏။
“ကောင်းကင်လမ်းစဉ်အသေးစားကို ရခဲ့တဲ့သူတွေက ကောင်းကင်လမ်းစဉ်အသေးစားထဲမှာ အဆင့်တွေကို ဖြတ်ကျော်ပြီး ကောင်းကင်ကပ်ဘေးရဲ့ သန့်စင်ပေးတာကို ခံပြီးတော့ မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်ကို ရောက်လာတာထင်တယ်။ ဒါပေမဲ့ အဲဒါက ကောင်းကင်လမ်းစဉ်အစစ်အမှန်နဲ့တော့ ကွဲပြားတာပေါ့”
“အဲဒီလိုလည်း ဖြစ်နိုင်ချေရှိပါတယ်”
အနောက်အင်ပါယာသည် ရီဖူရှင်းပြောသည်များကို ကြားသောအခါ မျက်လုံးများ စူးရှလာ၏။ ရီဖူရှင်း၏ခန့်မှန်းချက်သည် ဖြစ်နိုင်ပေသည်။
သို့ဆိုလျှင် သူတို့သည် အင်ပါယာများ၏လမ်းစဉ် ထွက်ပေါ်လာရန် မမျှော်လင့်ခဲ့ဟု မှတ်ချက်ချနိုင်သည်။ မဟုတ်လျှင် သူတို့သည် ကောင်းကင်ကပ်ဘေး၏ သန့်စင်မှုကို ကြိုမခံခဲ့ဘဲ ယနေ့အထိ စောင့်နေကြမည်ဖြစ်သည်။
ထိုခန့်မှန်းချက်သာ မှန်လျှင် သူတို့သည် ယခုတွင် သူတို့၏ ယခင်ကလိုအပ်ချက်များကို ပြန်ဖြည့်တင်းနေခြင်းဖြစ်ပြီး ကောင်းကင်လမ်းစဉ်ကို သူတို့အား သန့်စင်စေနေခြင်းဖြစ်ပေမည်။
ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ယခုတွင် သူသည် ကိစ္စအများစုကို နားလည်သွားပြီဖြစ်သည်။
အကယ်၍ အခြားသူများသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင် ရှိနေလျှင်လည်း သူ၏အစွမ်းသည် အခြားသူများထက် ပို၍သာနေဦးမည်ဖြစ်သည်။ လမ်းစဉ်ကို ဖြတ်တောက်ကျင့်ကြံကာ မဟအာင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်လာသူများသည် အနည်းငယ်ပို၍ သန်မာခြင်းလော။
ပို၍ အရေးကြီးသည်မှာ ထိုစဉ်က သူသည် ပြီးပြည့်စုံသည့်အခြေအနေသို့ ရောက်ရန် အလွန်အလှမ်းကွာခဲ့သည်။ ယခုတွင်လည်း သူသည် ပြီးပြည့်စုံသည့်အခြေအနေနှင့် မနီးကပ်သေးပေ။ သို့သော် သူသည် အချိန်နှင့်အမျှ တိုးတက်နေ၏။ အကယ်၍ သူသာ ပြီးပြည့်စုံသည့်အခြေအနေသို့ ရောက်ခဲ့လျှင် နောက်ထပ် အရေးပါသော ပြောင်းလဲမှုနှင့် ကြုံရမည်ဖြစ်ပြီး မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်မှနေ၍ အမှန်တကယ် အင်ပါယာအဆင့်သို့ ရောက်သွားမည်ဖြစ်သည်။
“သူ ဖြတ်ကျော်နိုင်သွားပြီ”
အနောက်အင်ပါယာ မှန်းထားသကဲ့သို့ပင် မှော်နက်လောကမှ ထိုရှေးဟောင်းစွမ်းအားကြီးကျင့်ကြံသူသည် ကောင်းကင်ကပ်ဘေးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့သည်။ ကောင်းကင်လမ်းစဉ်၏ သန့်စင်မှုအောက်တွင် သူ့တစ်ကိုယ်လုံး တောက်ပလာပြီး ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်းအဖြစ် ဆက်နွယ်သွားသည်။ သို့သော် ထိုဟန်ပန်အရှိန်အဝါသည် ပြင်ပလောကတွင် ကွဲပြားသောတစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
မှော်နက်နန်းတော်ဘက်မှ ကျင့်ကြံသူများစွာသည် ထိုသူကို အားကျမနာလိုမှုအချို့ဖြင့် ကြည့်လိုက်ကြသည်။ ထိုစဉ် အရှင်ရှာမင် ပြောလိုက်သံကို ကြားလိုက်ရ၏။
“အင်ပါယာတွေရဲ့လမ်းစဉ်အပေါ် တက်လှမ်းနိုင်ခဲ့တဲ့အတွက် အကြီးအကဲကို ဂုဏ်ပြုပါတယ်”
ထိုသူသည် အင်ပါယာများ၏လမ်းစဉ် ထွက်ပေါ်လာပြီးနောက်တွင် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်သွားသည့် ပထမဆုံးသူဖြစ်သည်။ သူသည် တစ်ချိန်က စစ်မှန်သော အင်ပါယာများ၏လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနိုင်ခဲ့သူပင်။
မဟာအင်ပါယာဖြစ်လာနိုင်မည့်သူသည်လည်း မဟာအင်ပါယာတစ်ပါးသာဖြစ်သည်။ သူတို့သည် မဟာအင်ပါယာအဆင့်သို့ ရောက်ရန် အချိန်တစ်ခုသာ ပေးရမည်ဖြစ်သည်။
***