ကြီးမားသောအခွင့်အရေး
Vol. 197 Ch. 2808
“ဂုဏ်ပြုပါတယ် အကြီးအကဲ”
မှော်နက်လောကမှ လူများစွာသည် ထိုကျင့်ကြံသူကို ဦးညွှတ် အရိုအသေးပေးလိုက်ကြသည်။
ထိုကျင့်ကြံသူသည် မဟာအင်ပါယာဖြစ်လာမည့်သူ၊ အနာဂတ်၏ မဟာအင်ပါယာဖြစ်သည်။
ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် အင်ပါယာများ၏လမ်းစဉ်လည်း ဖြတ်တောက်ခံလိုက်ရ၏။ ယနေ့ခေတ်တွင် အင်ပါယာခြောက်ပါးသည် စည်းမျဉ်းများကို ထိန်းသိမ်းရန် လောကကြီးကို အုပ်စိုးခဲ့သည်။ ယနေ့ခေတ်မှ ကျင့်ကြံသူများသည် မည်မျှပင် စွမ်းအားကြီးစေကာမူ အင်ပါယာများကို ရိုသေလေးစားရသည်။ ယခုအခိုက်တွင် အနာဂတ်မဟာအင်ပါယာလောင်းတစ်ပါး ထွက်ပေါ်လာပေပြီ။
ထို့ကြောင့် အခြားသူများ၏ ရင်ထဲတွင် အားကျမှုအချို့နှင့် မနာလိုမှုအချို့ ရှိနေသော်လည်း တစ်ချိန်တည်းမှာပင် လေးစားမှုလည်း ရှိနေသည်။ ဤမတိုင်ခင်က ထိုကျင့်ကြံသူသည် ရှေးဟောင်းမဟာအင်ပါယာတစ်ပါး ဖြစ်လျှင်ပင် ယနေ့ခေတ်တွင် မဟာအင်ပါယာတစ်ပါးဖြစ်မလာနိုင်သည့် ရှေးခေတ်မှကျင့်ကြံသူတစ်ဦးကို ဂရုစိုက်မည် မဟုတ်ပေ။ သူသည် ဘယ်တော့မှ တူတူတန်တန် လေးစားခံရမည် မဟုတ်ချေ။ သို့သော် သူ မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်သွားသောအခါ အရာအားလုံး ပြောင်းလဲသွားပေသည်။
မှော်နက်လောကမှ လူအများစု၏ရင်ထဲတွင် လေးစားမှုများနှင့် ပြည့်နှက်နေသည်။ ထိုကျင့်ကြံသူကို သိပ်မလေးစားကြသည့်သူများမှာ အခြားဘုံများမှ မဟာအင်ပါယာများ၏ ဆက်ခံသူများကဲ့သို့သော လူအနည်းငယ်သည်သာဖြစ်သည်။ သူတို့၏အမြင်မှကြည့်လျှင် အင်ပါယာများ၏လမ်းစဉ် ထွက်ပေါ်လာမှုနှင့် နတ်ဘုရားခေတ်အစပြုလာမှုသည် သူတို့ အင်ပါယာများဖြစ်လာနိုင်မည့် လမ်းစဉ်များကို လမ်းညွှန်ပေးနိုင်လိမ့်မည်ဖြစ်သည်။
သူတို့နှင့် ယှဉ်လျှင် ထိုရှေးဟောင်းမစာအင်ပါယာများသည် ဖြတ်လမ်းတစ်ခုကို လိုက်ခဲ့ခြင်းသာဖြစ်သည်။ အတိတ်မှ နတ်ဘုရားအိုကြီးများသည် အမှန်ပင် နတ်ဘုရားအသစ်များ၏ ကျော်တက်မှုကို ခံရမည်ဖြစ်သည်။
ထိုကျင့်ကြံသူသည် ထိုအရာအားလုံးကို အရေးမစိုက်သည့်ဟန်ဖြင့် တည်ငြိမ်စွာ ခေါင်းညိတ်နေ၏။ သူ၏မျက်လုံးများသည် ကောင်းကင်သို့ ကြည့်သည်။ သူသည် အခြားသူများ၏အမြင်များကို ဂရုမစိုက်ပုံပင်။
မဟာအင်ပါယာများအောက်မှ လူအားလုံးသည် ပိုးမွှားများသာဖြစ်သည်။ အင်ပါယာများ၏လမ်းစဉ်အပေါ် တက်လှမ်းခြင်းကသာ နတ်ဘုရားတစ်ပါးဖြစ်လာနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
နတ်ဘုရားမဟုတ်သူများသည် သူတို့၏ အာရုံစိုက်မှုကို ခံရရန် မထိုက်တန်ပေ။
သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာအင်ပါယာတစ်ပါးဖြစ်ခဲ့သည်။ ထို့အပြင် ယနေ့ခေတ်တွင်လည်း သူသည် မဟာအင်ပါယာတစ်ပါး ထပ်မံဖြစ်လာဦးပေမည်။
ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်တွင် နတ်စွမ်းအားသည် သူ့ကို လှည့်ပတ်လာ၏။ သူသည် အခြာသူများအားလုံးကို လျစ်လျူရှုလိုက်ပြီး ဆက်လက် လေ့လာကျင့်ကြံလိုက်သည်။ ယခုတွင် သူသည် မဟာအင်ပါယာဖြစ်လာမည့်သူတစ်ဦး ဖြစ်နေပေပြီ။ သို့သော် သူ အမှန်တကယ် မဟာအင်ပါယာအဆင့်သို့ ရောက်သွားမှသာ လုံးဝစိတ်အေးနိုင်မည်ဖြစ်သည်။
နတ်စွမ်းအားသည် သူ့ကို လှည့်ပတ်နေ၏။ သူ့အပေါ်သို့ ကောင်းကင်လမ်းစဉ်၏ နတ်ရောင်ဝါ ဖြာကျနေပြီး သူသည် ကောင်းကင်လမ်းစဉ်နှင့် ဆက်နွယ်နေသည်။ သူသည် သူ၏ခန္ဓာကိုယ်ကို ပြီးပြည့်စုံသော မဟာလမ်းစဉ်သို့ ရောက်အောင် လေ့ကျင့်ရန် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေလေသည်။ သူ၏နတ်စွမ်းအားသည် အဆုံးမဲ့၏။
အားလုံးသည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ သူ့ကို မနှောင့်ယှက်ကြတော့ပေ။ နတ်စွမ်းအားသည် မဟာအင်ပါယာအဆင့်တွင် ကွဲပြားပေသည်။ သူ၏ဟန်ပန်အရှိန်အဝါပင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဤမတိုင်ခင်က လူအချို့သည် ထိုကျင့်ကြံသူနှင့် ဆက်သွယ်နိုင်သေး၏။ သို့သော် ယခုတွင် သူတို့သည် အဆင့်မတူတော့ပေ။
သူတို့သည်လည်း အခွင့်အရေးတစ်ခုအတွက် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ရပေမည်။ ထိုမှသာ သူတို့လည်း အင်ပါယာများ၏လမ်းစဉ်အပေါ် တက်လှမ်းနိုင်မည်ဖြစ်သည်။
အချိန်သည် ဆက်၍ ကုန်ဆုံးနေ၏။ ကောင်းကင်ထက်တွင် အနက်ရောင်ကြာပွင့်များ ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းတို့သည် မည်းနက်နေပြီး ထူးခြားပေသည်။ ၎င်းတို့သည် ကောင်းကင်တစ်ခွင်လုံးကို မည်းမှောင်လာစေ၏။ ထို့နောက် ကောင်းကင်နန်းတော်ထက်ရှိ အကန့်အသတ်မဲ့လောကထဲတွင် အနက်ရောင်ကြာပွင့်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။ အနက်ရောင်ကြာပွင့်တစ်ပွင့်စီတိုင်းတွင် ကြောက်မက်ဖွယ် အဖျက်စည်းမျဉ်းစွမ်းအားတစ်ခု ပါဝင်ပေသည်။
“ဘာလဲဟ...”
လူများစွာသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ထွက်ပေါ်လာသော အနက်ရောင်ကြာပွင့်များကို စိတ်ဝင်တစားကြည့်လိုက်ကြသည်။ အထူးသဖြင့် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသော ဧရာမအနက်ရောင်ကြာပွင့်များကို အာရုံစိုက်၍ ကြည့်လိုက်ကြသည်။ အားလုံးသည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကြောက်မက်ဖွယ် အဖျက်အရှိန်အဝါတစ်ခုကို ခံစားနိုင်ပေသည်။
အနက်ရောင်ကြာပွင့်များသည် အဖျက်အရှိန်အဝါနှင့် ဆက်စပ်နေသကဲ့သို့ပင်။
“ကောင်းကင်လမ်းစဉ်က မွေးဖွားလာတဲ့ အနက်ရောင်ကြာပွင့်တွေလား”
ကျင့်ကြံသူများစွာသည် အလွန်အံ့အားသင့်သွားကြသည်။ အနက်ရောင်ကြာပွင့်များသည် ဆက်၍ ကြီးထွားနေဆဲဖြစ်သည်။ ၎င်းတို့၏ အဖျက်နတ်စွမ်းအားသည်လည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
ရွှီး...
အသံများ လေထဲသို့ ထိုးတက်သွား၏။ သူတို့ထဲမှ အများစုသည် မှော်နက်လောကမှ ကျင့်ကြံသူများဖြစ်သည်။ ထိုထဲတွင် မှော်နက်နန်းတော်၏ မဟာရှာမင်ဖြစ်သော အရှင်ရှာမင်လည်း ပါဝင်ပေသည်။ သူတို့သည် အနက်ရောင်ကြာပွင့်များနှင့် မလှမ်းမကမ်းတွင် ထွက်ပေါ်လာပြီး ကြာပွင့်များထဲတွင် လှည့်လည်နေသော အနက်ရောင်အဖျက်လှိုင်းများကို တွေ့လိုက်ရ၏။ စည်းမျဉ်းများ၏ နတ်စွမ်းအားသည် ထိမိသည်နှင် သေသွားနိုင်သည့် အရာတစ်ခုအဖြစ် ပေါင်းစည်းသွားစည်ဟု ထင်ရ၏။
ထိုဧရာမအနက်ရောင်ကြာပွင့်များသည် ဟင်းလင်းပြင်ထဲတွင် လည်ပတ်နေပြီး ပတ်ဝန်းကျင်သို့ အဖျက်နတ်စွမ်းအားတန်းများ ထုတ်လွှတ်နေလေသည်။ ၎င်းတို့နှင့် အလွန်နီးကပ်နေသော ကျင့်ကြံသူတစ်ယောက်ရှိ၏။ သူသည် သူ့လက်ကို ရဲရဲတင်းတင်း ဆန့်တန်းလိုက်သည်။ သူ့လက်ဖဝါးထဲတွင် ကြောက်မက်ဖွယ် စုပ်အားတန်းများ ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် စုပ်အားသည် အဖျက်လှိုင်းများကို သူ့လက်ဖဝါးအတွင်းသို့ စုပ်ယူဝါးမျိုလိုက်သည်။
သို့သော် ထိုအခိုက်အတန့်အတွင်းမှာပင် သူ့မျက်နှာထားသည် လွန်စွာကြောက်ရွံ့သည့် မျက်နှာထားအဖြစ် ပြောင်းလဲသွား၏။
“မဟုတ်ဘူး...”
ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် မီးခိုးနှင့် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်အခိုးအငွေ့တန်းများအဖြစ် လွင့်ပြယ် ပျောက်ကွယ်သွားသည်။ ထိုလူသည် တစ်ခါမှ မတည်ရှိခဲ့သလိုပင်။ ထိုအချိန်အတွင်း၌ သူ၏ဝိညာဉ်လိပ်ပြာသည်လည်း လွင့်ပါး ပျောက်ကွယ်သွားသည်။
အားလုံးသည် သူတို့အရှေ့ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အပြင်းအထန် ရင်တုန်သွားကြသည်။ လူများစွာသည် အလိုလို နောက်သို့ ဆုတ်သွားကြသည်။ သူတို့သည် သူတို့အရှေ့ကို အာရုံစိုက်ထားကြပြီး သူတို့၏မျက်လုံးများထဲတွင် ကြီးစွာသောစိုးရိမ်မှုတစ်ခု ရှိနေလေသည်။
ထိုနေရာတွင် အနက်ရောင်လှိုင်းများ လှည့်ပတ်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်။ သို့သော် အနက်ရောင်ကြာပွင့်များမှ ထုတ်လွှတ်လိုက်သော လှိုင်းများသည် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးကို တမဟုတ်ချင်း အမှုန့်ဖြစ်သွားစေနိုင်ပေသည်။
“အားလုံး နောက်ဆုတ်ကြ...”
အရှင်ရှာမင် အော်ပြောလိုက်၏။ လူများစွာသည် ချက်ချင်းပင် ထိုနေရာမှ နောက်ဆုတ်လိုက်ကြသည်။ ထိပ်သီးများသာ အနက်ရောင်ကြာပွင့်များ အနီးတွင် ကျန်ခဲ့လေသည်။
“ဒါက သန့်စင်တဲ့ အဖျက်နတ်စွမ်းအားပဲ... ကောင်းကင်လမ်းစဉ်အောက်က အဖျက်စည်းမျဉ်းကနေ ဖြစ်ပေါ်လာတာ”
မှော်နက်နန်းတော်မှ အဘိုးအိုတစ်ယောက်က ပြောလိုက်၏။ ထိုအဘိုးအိုသည် လောကကြီးက တစ်ခါမှ မမြင်ဖူးသော အဘိုးအိုဖြစ်သည်။ သူသည် အနက်ရောင်ကြာပွင့်များကို ငေးကြည့်နေ၏။ သူ့မျက်လုံးများထဲတွင် လောဘအရိပ်အယောင်တစ်ခု ရှိနေသည်။
ထိုအနက်ရောင်ကြာပွင့်များသည် ကောင်းကင်လမ်းစဉ်က ပျိုးထောင်ပေးခဲ့သော နတ်ပစ္စည်းများဖြစ်သည်။
၎င်းတို့ကို ရရှိနိုင်လျှင် နတ်စွမ်းအားနှင့် ကောင်းကင်လမ်းစဉ်၏ ပို၍စွမ်းအားကြီးသော စည်းမျဉ်းစွမ်းအားများကို ရရန် ပိုလွယ်ကူလာမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ရရှိသူများသည် ကောင်းကင်လမ်းစဉ်နှင့် ဆက်နွယ်နိုင်လာမည်ဖြစ်ပြီး အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
အခြားကျင့်ကြံသူများသည်လည်း ထိုအကြောင်းကို သတိပြုမိသွားကြ၏။ သူတို့၏မျက်လုံးများသည် အနက်ရောင်ကြာပွင့်များကို စိုက်ကြည့်နေကြသည်။ သူတို့သည် မှော်နက်လောကမှ ကျင့်ကြံသူများမဟုတ်လျှင်ပင် သူတို့၏မျက်လုံးများထဲ၌ လောကအရိပ်အယောင်တစ်ခု လက်သွားသည်။
ကောင်းကင်လမ်းစဉ်မှ မွေးဖွားလာသော နတ်ပစ္စည်းများသည် လောကကြီးစတင်ဖြစ်တည်လာကတည်းက လူတိုင်း လိုချင်ခဲ့ကြသည့်အရာများဖြစ်သည်။ ထိုကဲ့သို့သော ပစ္စည်းတစ်ခုကို မလိုချင်သူ မည်သူရှိမည်နည်း။
လူများစွာသည် ထိုနေရာသို့ ငေးကြည့်လိုက်ကြ၏။ အချို့သည် ထိုနေရာသို့ပင် သွားလိုက်ကြသည်။
အရှင်ရှာမင်သည် ခေါင်းလှည့်၍ နေရာအနှံ့မှ ကျင့်ကြံသူများကိုကြည့်ကာ ပြောလိုက်၏။
“ဒီအဖျက်အနက်ရောင်ကြာပွင့်တွေက အမှောင်ထုက မွေးဖွားလာတာ.. အဲဒီတော့ အဲဒါတွေက မှော်နက်လောကနဲ့ သက်ဆိုင်တဲ့ နတ်ပစ္စည်းတွေပဲ။ ဒီကောင်းကင်က ဒီအနက်ရောင်ကြာပွင့်တွေကို မွေးထုတ်နိုင်တယ်ဆိုတော့ အနာဂတ်မှာ တခြားနတ်ပစ္စည်းတွေကို မွေးထုတ်နိုင်မှာ အသေအချာပဲ။ တကယ်လို့ မင်းတို့က ဒီအနက်ရောင်ကြာပွင့်တွေအတွက် တိုက်ခိုက်ချင်တယ်ဆိုရင် နောက်ကျ တခြားပစ္စည်းတွေကို မင်းတို့ သိမ်းထားနိုင်မယ်လို့ထင်လား”
အရှင်ရှာမင်၏စကားများသည် အားလုံးကို အနည်းငယ် တုံ့ဆိုင်းသွားစေ၏။ သူတို့သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။
ကောင်းကင်လမ်းစဉ် ပြန်ဖြစ်တည်လာသကဲ့သို့ အင်ပါယာများ၏လမ်းစဉ်သည် ကောင်းကင်နန်းတော်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် ဤကဲ့သို့ နတ်ပစ္စည်းများ ထပ်မံ ပေါ်လာဦးမည်လော။
ထိုသို့ ဖြစ်နိုင်ချေများပေသည်။
“အခု မင်းတို့ ဒီအနက်ရောင်ကြာပွင့်တွေအတွက် ငါတို့နဲ့ မတိုက်ခိုက်ဘူးဆိုရင် ငါတို့လည်း အနာဂတ်မှာ ထွက်ပေါ်လာမယ့် တခြားနတ်ပစ္စည်းတွေအတွက် တိုက်ခိုက်မှာမဟုတ်ဘူး”
အရှင်ရှာမင်က ဆက်ပြောလိုက်၏။ သူ ထိုသို့ပြောလိုက်ချိန်တွင် သူ့ပတ်ပတ်လည်၌ နတ်စွမ်းအားတန်းများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
အားလုံးထံမှ အရှိန်အဝါများ စတင် ပျောက်ကွယ်လာသည်။ သူတို့ လက်လျှော့လိုက်ခြင်းမှာ အရှင်ရှာမင် ပြောလိုက်သော စကားများကြောင့်သာ မဟုတ်ပေ။ သူတို့ လက်လျှော့လိုက်ရသည့် အဓိကအကြောင်းမှာ အဖျက်နတ်စွမ်းအားသည် သူတို့ ကျင့်ကြံလေ့လာလိုသော နတ်စွမ်းအား မဟုတ်၍ဖြစ်သည်။ တစ်နည်းဆိုရလျှင် ထိုအနက်ရောင်ကြာပွင့်များသည် သူတို့အတွက် များစွာအရေးမပါပေ။ သူတို့အတွက် ၎င်းတို့ကို စွန့်စား၍ လုယူရန် မတန်ပေ။
ရီဖူရှင်းသည် ထိုနေရာသို့ တစ်ချက်ကြည့်လိုက်၏။ သို့သော် သူသည် ထိုကိစ္စများထဲတွင် ဝင်မပါခဲ့ပေ။ သူသည် တိတ်တဆိတ်သာ ထိုင်နေခဲ့သည်။
ထို့နောက် သူ ခေါင်းမော့၍ ကောင်းကင်သို့ ထပ်မံကြည့်လိုက်၏။ သူသည် ဤကောင်းကင်တွင် အသိစိတ် ရှိ၊ မရှိဆိုသည့် ယခင်က မေးခွန်းကို ချင့်ချိန်စဉ်းစားနေဆဲဖြစ်သည်။ အကယ်၍ အသိစိတ်သာရှိပါလျှင် မည်သူ၏အသိစိတ်ဖြစ်မည်နည်း။
ကောင်းကင်အင်ပါယာ၏ အသိစိတ်လော။
အကယ်၍ ကောင်းကင်အင်ပါယာသာဖြစ်လျှင် အဘယ်ကြောင့် သူသည် ထိုနတ်ပစ္စည်းများကို ဖန်တီးလိုရမည်နည်း။ လောကအတွင်းမှ လူများ အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ရန်အတွက် ဉာဏ်အလင်းပွင့်လာအောင် ကူညီပေးရန်လော။
“ကံကြမ္မာဗုဒ္ဓရဲ့ ရှေ့ဖြစ်ဟောကိန်းတွေကို ကျုပ် စပြီးယုံလာပြီ”
ရီဖူရှင်းသည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူ့ပတ်ပတ်လည်မှလူများသည်လည်း သဘာထားချင်းတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ ဓားဧကရာဇ်အရှင်က ပြောလိုက်၏။
“ကျုပ်လည်း နတ်ဘုရားခေတ်ရောက်လာတော့မယ်လို့ ခံစားနေရတယ်။ အင်ပါယာတွေ့ရဲ့ လမ်းစဉ်က အရိပ်လက္ခဏာတစ်ခုကို ပြသခဲ့တဲ့ပုံပဲ”
ရီဖူရှင်းသည် နောက်လှည့်၍ အားလုံးကို ကြည့်သည်။
“ကျင့်ကြံတာမှာပဲ အာရုံစိုက်ကြပါ။ ပြင်ပက ကိစ္စတွေကြောင့် အာရုံပျက်မခံပါနဲ့။ ဒီလောကထဲမှာ ကြီးမားတဲ့ အခွင့်အရေးတချို့ ရှိတဲ့ပုံပဲ”
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ရီဖူရှင်းက ထိုသို့ပြောသဖြင့် သူ တစ်စုံတစ်ခုကို အာရုံခံမိခဲ့ခြင်း ဖြစ်ပေမည်။
အခွင့်အရေး ထွက်ပေါ်လာလျှင် သူတို့သည် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် အစွမ်းရှိနေရမည်ဖြစ်သည်။
***