← Chapters

ကောင်းကင်ဘုံ ပြန်လည်ဦးမော့လာခြင်းလော

Vol. 197 Ch. 2809

ကောင်းကင်ဘုံ ပြန်လည်ဦးမော့လာခြင်းလော

Vol. 197 Ch. 2809

ရီဖူရှင်းတို့အုပ်စုသည် ပြင်ပတွင် ဖြစ်ပျက်နေသည့်ကိစ္စများကို လျစ်လျူရှုကာ သူတို့၏ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားကြလေသည်။

အခြားဘုံများမှ ကျင့်ကြံသူများသည် အနက်ရောင်ကြာပွင့်များအတွက် မတိုက်ခိုက်ခဲ့ပေ။ သို့သော် မှော်နက်လောကမှ လူများကြားတွင် အားပြိုင်မှုများရှိနေသည်။ မည်သည့် စွမ်းအားကြီးကျင့်ကြံသူသည် ထိုအနက်ရောင်ကြာပွင့်များကို သူတို့အတွက် မလိုချင်ဘဲ ရှိမည်နည်း။

ပို၍စွမ်းအားကြီးသော ကျင့်ကြံသူများသည် လုယက်စဉ်အတွင်း အားနည်းသောကျင့်ကြံသူများကို ဇီဝိန်ခြွေခဲ့ကြသည်။

တဖြည်းဖြည်းဖြင့် မှော်နက်လောကမှ ကျန်ရှိနေသေးသော ကျင့်ကြံသူများသည် အနက်ရောင်ကြာပွင့်များကို ဝန်းရံ၍ ကျင့်ကြံရန် သဘောတူညီမှု ယူခဲ့ကြလေသည်။ သူတို့သည် ၎င်းတို့ကို နေရာတစ်ခုထဲ၌ ချက်ချင်း ချိပ်ပိတ်လိုက်ပြီး ၎င်းတို့အတွင်းရှိ အဖျက်နတ်စွမ်းအားစည်းမဉ်ကို စတင် လေ့လာလိုက်ကြသည်။ သို့ဖြင့် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ထိန်းထားနိုင်သဖြင့် စွမ်းအားမျှချေတစ်ခု ဖြစ်ပေါ်လာလေသည်။ ထို့ကြောင့် မည်သူမှ ၎င်းတို့ကို ကိုယ့်အတွက်ကိုယ် လုမယူနိုင်တော့ပေ။

အနက်ရောင်ကြာပွင့်များ ထွက်ပေါ်လာမှုသည် ဘုံအားလုံးမှ ကျင့်ကြံသူများကို ဤကောင်းကင်အား လေးစားသွားစေ၏။ ဤနေရာတွင် နတ်ပစ္စည်းတစ်မျိုး ထွက်ပေါ်လာသဖြင့် အခြားနေရာများတွင်လည်း အခြားနတ်ပစ္စည်းများ ထွက်ပေါ်လာလိမ့်မည်လော။

“အဲဒါက သူနဲ့များ သက်ဆိုင်နေမလား”

ဓားဧကရာဇ်အရှင် ရေရွတ်လိုက်သည်။ ကောင်းကင်မင်းသမီးသည် အတုမဲ့သူ တစ်ဦးပင် မဟုတ်ပါလား။

ဤနေရာသည် ကောင်းကင်အင်ပါယာ နေထိုင်ခဲ့သော ကောင်းကင်နန်းတော်ဖြစ်သည်။ သူမသည် ကောင်းကင်အင်ပါယာတစ်ပါး၏ သမီးတော်ဖြစ်သည်။

ဤနန်းတော်တွင် ကောင်းကင်လမ်းစဉ်ထွက်ပေါ်လာမှုသည် သူမနှင့် သက်ဆိုင်နေသလော။

ကျင့်ကြံသူများအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေကြ၏။ အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွား၏။ စွမ်းအားကြီးကျင့်ကြံသူအများစုသည် သူတို့၏ အင်ပါယာလမ်းစဉ်ကို ခင်းနေကြသည်။ အထူးသဖြင့် ရှေးဟောင်အင်ပါယာအုပ်စုသည် ထိုသို့ လုပ်နေကြသည်။ သူတို့သည် ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့သည့် ခေတ်ကို နည်းအမျိုးမျိုးဖြင့် ရှင်သန်နိုင်ခဲ့သည်။ သူတို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းပြီးနောက်တွင် မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်နိုင်မည့် သူတို့၏မျှော်လင့်ချက်များ အမှန်ဖြစ်လာနိုင်ရန် အခွင့်အရေးရခဲ့သည်။

နှစ်ပေါင်းများစွာတိုင်အောင် ရှေးဟောင်းကျင့်ကြံသူ အများအပြားသည် အင်ပါယာလမ်းစဉ်ပေါ်သို့ မတက်လှမ်းနိုင်ခဲ့ကြပေ။ ထိုရှည်လျားသောနှစ်များအတွင်း၌  သူတို့သည် အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်မည့်နေ့ကို မျှော်လင့်အိပ်မက် မက်ခဲ့ကြသည်။ ယခုတွင် အခွင့်အရေးသည် သူတို့ရှေ့တွင် ၎င်းဘာသာ ထွက်ပေါ်လာပေပြီ။ ထို့ကြောင့် သူတို့သည် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။

ရီဖူရှင်းသည် အပြင်မှ ကိစ္စများကို အရေးမစိုက်ဘဲ သူ၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားသည်။ သူနှင့် ကောင်းကင်ကြားမှ ဆက်နွယ်မှုသည် တဖြည်းဖြည်း အားကောင်းလာသည်။ ကောင်းကင်ထက်မှနေ၍ သူ့အပေါ်သို့ နတ်စွမ်းအားတစ်ခု ကျဆင်းလာသောအခါ လူများစွာသည် သူ့ကို လှမ်းကြည့်လိုက်ကြသည်။

ကြည့်ရသည်မှာ သူနောက်ဆုံးခံခဲ့ရသော ကပ်ဘေးသည် သူ၏တတိယမြောက်ကပ်ဘေးဖြစ်ပုံပင်။ လူအုပ်သည် သူတို့ဘာသာ ထိုသို့ တွေးလိုက်ကြ၏။ ရီဖူရှင်းသည် မဟာအင်ပါယာဖြစ်လာမည့်အဆင့်သို့‌ ရောက်နေသဖြင့် ကောင်းကင်လမ်းစဉ်စည်းမျဉ်းကို အာရုံခံနိုင်ကာ ဆက်နွယ်မှုတစ်ခုကို ဖန်တီးနိုင်ပေသည်။ ထို့အပြင် သူသည် ၎င်းကို အသုံးချ၍ သူ့ခန္ဓာကိုယ်ကို သန်မာအောင် လုပ်နိုင်ပေသည်။

မမြင်နိုင်သော အရှိန်အဝါတစ်ခုသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသွားပြီး အနီးရှိ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် သူ့အကြားတွင် ဆက်နွယ်မှုတစ်ခု ဖန်တီးလိုက်သည်။ ထိုအခိုက်တွင် ထိုလူများသည် သူ့ပတ်ပတ်လည်တွင် လှုပ်ရှားနေသော နတ်စွမ်းအားကို ခံစားနိုင်သွားသည်။

ဓားဧကရာဇ်အရှင်၊ သခင်ချန်နှင့် အခြားသူများသည် ၎င်းကို အာရုံခံရန် အကောင်းဆုံးကြိုးစားလိုက်ကြ၏။ သူတို့ထံမှ အချို့သည် ဒုတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးကြပြီဖြစ်သော်လည်း အရေးအပါဆုံးအပိုင်းကို မဖြတ်ကျော်နိုင်ကြသေးပေ။ ထို့ကြောင့် ရီဖူရှင်းသည် သူတို့ကို ဉာဏ်အလင်းပွင့်လာအောင် ကူညီပေးရန် သန့်စင်သော ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းအောက်တွင် တရားထိုင်စေလိုက်ခြင်းဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးနှစ် ကုန်ဆုံးသွားသည်။ စွမ်းအားကြီးကျင့်ကြံသူများအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်နေကြသည်။ သို့သော် အချိန်ကာလသည် သူတို့အတွက် အလွန်တိုတောင်းပေသည်။ သူတို့တော်တော်များများသည် နှစ်ပေါင်းတစ်သောင်းကျော်အောင် ကျင့်ကြံခဲ့ကြသော ရှေးဟောင်းကျင့်ကြံသူများ မဟုတ်ပါလား။ ထို့ကြောင့် သုံးနှစ်ဆိုသော အချိန်ကာလသည် သူတို့အတွက် မည်သို့မှပင် မခံစားလိုက်ရသော အချိန်ကာလဖြစ်သည်။

ကောင်းကင်အလွှာ(၉၉)လွှာစလုံး အလွန်တိတ်ဆိတ်နေသည်။ ရုတ်တရက် ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာ၏။

မရေမတွက်နိုင်အောင် များသော လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ လူအချို့သည် သူတို့ခေါင်းများအထက်မှ နတ်တောင်ကုန်းတစ်ခုကို မြင်လိုက်ရ၏။ ၎င်းသည် အားကောင်းသော နတ်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေ၏။ ယင်းနတ်စွမ်းအားသည် သိပ်သည်းသည်ဟု ခံစားရပေသည်။ ကျင့်ကြံနေကြသော ကျင့်ကြံသူအားလုံးသည်လည်း ရုတ်ခြည်းမျက်လုံးများ ဖွင့်လိုက်ပြီး နတ်တောင်ကုန်းကို ကြည့်လိုက်ကြသည်။ သူတို့တော်တော်များများသည် သူတို့၏ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြပြီး ၎င်းနတ်တောင်ကုန်းကို လုယူရန် ပြင်ဆင်လိုက်ကြသည်။

သူတို့သည် လွန်ခဲ့သော သုံးနှစ်က အနက်ရောင်ကြာပွင့်များကို မရခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် အခွင့်အရေးကို ထပ်မံ အလွဲခံတော့မည် မဟုတ်ချေ။

သို့သော် နတ်တောင်ကုန်းသည် ဆက်၍ အရွယ်အစားပြန့်ကားနေပြီး တဖြည်းဖြည်းဖြင့် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ၎င်းသည် ကောင်းကင်ထက်မှနေ၍ အောက်ဘက်သို့ ကြီးထွားလာ၏။ ၎င်းထံမှ ထုတ်လွှတ်နေသော နတ်စွမ်းအားသည် လူများစွာကို ၎င်းအနီးသို့ ကပ်မလာနိုင်ရန် တားဆီးထားသည်။

ဝုန်း...

နတ်တောင်ကုန်းသည် အရွယ်အစားကြီးထွားလာမှု မရပ်တန့်သေးပေ။

ရှေးဟောင်းကျင့်ကြံသူများစွာသည် နတ်တောင်ကုန်းအောက်သို့ သွားလိုက်ကြ၏။ ၎င်းသည် ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ ကျယ်လောင်သော တုန်ဟည်းသံတစ်ခုကို ကြားလိုက်ရပြီး ထိုရှေးဟောင်းကျင့်ကြံသူများသည် ဖိစီးမှုဝေဒနာကြောင့် ညည်းတွားလိုက်ကြသည်။ သူတို့သည် ၎င်းကြောင့် ခါးကုန်းသွားပြီး ပါးစပ်မှ သွေးအန်သွားကြသည်။ ထို့ကြောင့် သူတို့သည် ထိုနေရာမှ ချက်ချင်း ထွက်ပြေးရလေတော့သည်။

ယင်းနတ်တောင်ကုန်းကို လိုချင်လောဘဖြစ်နေကြသော ကျန်ကျင့်ကြံသူများသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်သောအခါ အလျင်စလို မပြူမူဝံ့ကြတော့ပေ။

အကန့်အသတ်မဲ့ နတ်တောင်ကုန်းသည် ကောင်းကင်အင်ပါယာဘုံ၏ ကောင်းကင်အလွှာ(၉၉)လွှာသို့ ကျဆင်းလာ၏။ ၎င်း၏ တောင်ထွတ်သည် အဆုံးမရှိသကဲ့သို့ မြင့်မားပေသည်။

အောက်ဘက် ကောင်းကင်အလွှာများမှ ကျင့်ကြံသူများသည် ၎င်း၏ဖြစ်တည်မှုကို ခံစားနေနိုင်၏။ ၎င်းသည် အမြင့်ဆုံးအလွှာကို ထိုးဖောက်သွားပြီး ကောင်းကင်အလွှာ(၉၉)လွှာလုံးကို ဆက်လက် ထိုးဖောက်သွားသည်။ လူစုလူဝေးကြီးသည် လေထုထဲတွင် ပြည့်နှက်နေသော ပြိုင်ဘက်ကင်း နတ်စွမ်းအားတစ်ခုကို ခံစားလိုက်ရသောအခါ တုန်ရင်သွားကြသည်။

“အဲဒါက နတ်ပစ္စည်းတစ်ခုပဲ”

အောက်ဘက်မှ လူများသည် နတ်တောင်ကုန်း၏ အရှိန်အဝါကို အာရုံခံမိသောအခါ အံ့အားသင့်သွားကြသည်။ ၎င်းသည် ကောင်းကင်တစ်ခွင်လုံးကို ထိုးဖောက်၍ ဤနေရာတွင် ဆင်းသက်လာခြင်းဖြစ်ရာ ကောင်းကင်(၉၉)လွှာသို့ သွားနိုင်မည့် သူတို့၏လမ်းသည် ပိတ်ဆို့ခံလိုက်ရလေသည်။

“အဲဒါက ကောင်းကင်ကနေပြီး ကျဆင်းလာတဲ့ ဒုတိယနတ်ပစ္စည်းပဲ”

လူအုပ်များသည် ကောင်းကင်အလွှာ(၉၉)လွှာလုံးကို ထွင်းဖောက်ထားသော နတ်တောင်ကုန်းကို ကြည့်လိုက်ပြီး အနက်ရောင်ကြာပွင့်များကို လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် နတ်ပစ္စည်းကို မယူနိုင်သော်လည်း ထိုနေရာတွင် တရားထိုင်နိုင်ပေသည်။

“ကောင်းကင်လမ်းစဉ်ပြိုပျက်သွားပြီးတော့ ကောင်းကင်လမ်းစဉ်ဝိညာဉ်စွမ်းအားလည်း ဖျက်ဆီးခံလိုက်ရလား”

ကြည့်နေသူများစွာသည် ထိုမေးခွန်းကို တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။ မည်သူသည် ထိုကဲ့သို့ ကြီးမားသော စွမ်းအားမျိုးကို ပိုင်ဆိုင်သနည်း။ မည်သူသည် ကောင်းကင်လမ်းစဉ်ကို ထိန်းချုပ်၍ နတ်ပစ္စည်းများကို ဖန်တီးနိုင်သနည်း။ ထိုအရာများသည် ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်သာ ၎င်း လောကစည်းမျဉ်းကို အုပ်စိုးနေသည့် အချိန်တွင် လုပ်နိုင်မည့် အရာများဖြစ်သည်။ ယခင်က ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့သည် ကောင်းကင်လမ်းစဉ်၏ ထောက်ပံ့မှုကို ခံခဲ့ရပြီး ကောင်းကင်လမ်းစဉ်အစား လောကစည်းမျဉ်းကို ထိန်းသိမ်းပေးခဲ့ရသည်။

“ကောင်းကင်ဘုံက နတ်ဘုရားကုန်းမြေရဲ့ နေရာကို ဝင်ယူပြီး ဘုံတွေအားလုံးက ကျင့်ကြံသူတွေရဲ့ အာရုံစိုက်စရာနေရာတစ်ခု ဖြစ်လာတော့မှာပဲ”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ထိုစကားကို အားလုံး လက်ခံပေသည်။

နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာပြီးနောက် ကောင်းကင်အင်ပါယာနန်းတော်တွင် အင်ပါယာများ၏လမ်းစဉ် ထွက်ပေါ်လာမှုသည် လောကကြီးထဲတွင်ဖြစ်လာမည့် အရေးပါသော ပြောင်းလဲမှုများနှင့် နတ်ဘုရားခေတ်၏အစကို နမိတ်ပြခြင်းဖြစ်နိုင်ပေသည်။

ယခင်က နတ်ဘုရားကုန်းမြေသို့ သွားခဲ့သော စွမ်းအားကြီးကျင့်ကြံသူအားလုံးသည် ယခုတွင် ကောင်းကင်အင်ပါယာနန်းတော်တွင် စုဝေးကြပေလိမ့်မည်။

ဘုံတိုင်းမှ ကျင့်ကြံသူများသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း၌ ကောင်းကင်အလွှာ(၉၉)လွှာသို့ ရောက်လာခဲ့ကြပြီးဖြစ်သည်။

ကျိဝူတောက်နှင့် အခြားသူများသည် ကောင်းကင်နန်းတော်မှနေ၍ အောက်ဘက်သို့ ငေးကြည့်နေ၏။ သူတို့သည် ကောင်းကင်အင်ပါယာဘုံ၏ ခေတ်သစ်အတွက် စိတ်လှုပ်ရှားနေကြသည်။

ကောင်းကင်ဘုံသည် အတိတ်ကကဲ့သို့ ပြန်လည်ဂုဏ်ရှိန်ပြောင်လာကာ ဘုံခုနစ်ခုထဲတွင် ထိပ်တန်းဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် ကောင်းကင်ထဲ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပြီး နတ်အလင်းတစ်ခုသည် နေရာတစ်ခုကို အလင်းပေးနေလေသည်။

ထိုနေရာတွင် ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူတစ်ဦးရှိနေ၏။ အခြားလူများသည် သူ့ကို မြင်ရခဲလေသည်။ သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ လျှို့ဝှက်ပဟေဠိတောင်ကုန်းတွင် ကျင့်ကြံနေသူဖြစ်သည်။ သူသည် တစ်ချိန်က ရှေးဟောင်းအင်ပါယာတစ်ပါး ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုတွင် သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ တက်လှမ်းနိုင်မည့် သူ၏လမ်းစဉ်ကို သက်သေပြရန် ပြင်ဆင်နေပြီဖြစ်၍ သူ့အတွက် အခြေအနေများ ပြောင်းလဲလာတော့မည် ဖြစ်သည်။

“သေစမ်း... မဟာအင်ပါယာဖြစ်လာမယ့်သူ နောက်တစ်ယောက် ထပ်ထွက်ပေါ်လာတော့မှာပဲ”

ကျင့်ကြံသူများစွာသည် တိတ်တဆိတ် မှတ်ချက်ပြုလိုက်သည်။

ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသောအခါ စိတ်အေးအေး မထားနိုင်တော့ပေ။ ပြီးခဲ့သောနှစ်များအတွင်း၌ လောကကြီးသည် အလွန်လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ သူတို့သည် ထိုပြောင်းလဲမှုများနောက်သို့ အမီမလိုက်နိုင်တော့ချေ။ တစ်ချိန်က ရန်ဟောင်အထွတ်အထိပ်အဆင့်သည် အမြင့်ဆုံးအဆင့်ဖြစ်ခဲ့သည်။ သို့သော် နတ်ဘုရားကုန်းမြေကို ရှာတွေ့သွားပြီးနောက်တွင် အခြေအနေများ ပြောင်းလဲသွားခဲ့လေသည်။ ထို့ကြောင့် ကျင့်ကြံသူများစွာသည် ပို၍သန်မာလာခဲ့သည်။ ရှေးဟောင်းကျင့်ကြံသူများနှင့် ရှေးဟောင်းအင်ပါယာများ အဆက်မပြတ် ထွက်ပေါ်လာမှုကြောင့် သာမန်ကပ်ဘေးအဆင့်ကျင့်ကြံသူများသည်ပင် ဘောင်မဝင် ဖြစ်ခဲ့ရလေသည်။

ကောင်းကင်အင်ပါယာဘုံတွင် ကောင်းကင်လမ်းစဉ် ထွက်ပေါ်လာမှု၊ နတ်ပစ္စည်းများ ကျဆင်းလာမှုနှင့် မဟာအင်ပါယာဖြစ်လာမည့်သူများ ဆက်တိုက်ထွက်ပေါ်လာမှုတို့သည် ဤခေတ်ကို ပရမ်းပတာခေတ်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ သူတို့ တွေ့ခဲ့၊ ရင်ဆိုင်ခဲ့ရသော လူများသည် ဤလောကမှ ထိပ်သီးကျင့်ကြံသူများဖြစ်ကြောင်း သူတို့သိပေသည်။ မဟာအင်ပါယာခြောက်ပါးသည် ထိုစွမ်းအားကြီးပုဂ္ဂိုလ်များထက် တစ်ဆင့်သာ မြင့်ပေသည်။

သူတို့သည် ရီဖူရှင်းကို ကြည့်လိုက်ကြရာ ရီဖူရှင်းသည် မည်သည့်အနှောင့်အယှက်မှမရှိဘဲ တိတ်တဆိတ် ကျင့်ကြံနေသည်ကို တွေ့လိုက်ရ၏။ ရီဖူရှင်းသည် သူတို့၏ကျင့်ကြံခြင်းတွင် ကူညီပေးသည့်အပြင် သူ၏ကောင်းကင်လမ်းစဉ်သေးစားကို ဖန်တီးရန် တရားထိုင်ရပေသည်။ ၎င်း၏ဖြစ်တည်မှု ပြီးပြည့်စုံသွားမှသာ သူသည် စစ်မှန်သော မဟာအင်ပါယာတစ်ပါး ဖြစ်လာမည်ဖြစ်သည်။

နတ်တောင်ကုန်း ထွက်ပေါ်လာမှုသည် ကောင်းကင်အင်ပါယာဘုံတွင် အဖြစ်အပျက်အမျိုးမျိုးကို ဖြစ်လာစေသည်။ ထိုနတ်ပစ္စည်းများသည် ဘုံခုနစ်ခုလုံးမှ ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့သည် ထိုနတ်ပစ္စည်းများအကြောင်းကို ကြားသောအခါ ကောင်းကင်ဘုံသို့ လာခဲ့ကြ၏။ နတ်ဘုရားကုန်းမြေမှ ကျင့်ကြံသူများပင် အာကာသလမ်းကြောင်းများကို ဖြတ်၍ ကောင်းကင်ဘုံသို့ လာခဲ့ကြ၏။

ရုတ်တရက် ကောင်းကင်အင်ပါယာဘုံ၏ ကောင်းကင်အလွှာ(၉၉)လွှာသို့ နေ့စဉ်နေ့တိုင်း ကျင့်ကြံသူများစွာ ရောက်လာကြလေသည်။ ဤအဖြစ်သည် ယခင်က နတ်ဘုရားကုန်းမြေပေါ်တွင် ဖြစ်ခဲ့သည့်အဖြစ်နှင့် တစ်ပုံစံတည်း တူညီပေသည်။

***

All Chapters