ကောင်းကင်လမ်းစဉ်သည် ကျားကစားပွဲတစ်ခုပေလော
Vol. 197 Ch. 2810
ကျင့်ကြံသူများစွာသည် ကောင်းကင်နန်းတော်၏ ကောင်းကင်အလွှာ(၉၉)လွှာလုံးတွင် ကျင့်ကြံနေကြသည်။ သူတို့သည် ဧရာမနတ်တောင်ကုန်းကို ဝန်းရံ၍ ကျင့်ကြံနေကြခြင်းပင်။ ၎င်း၏အရွယ်အစားသည် အလွန်ကြီးမားပြီး ကောင်းကင်အလွှာ(၉၉)လွှာလုံးကို ဖောက်ထွင်းထားပေသည်။ မရေမတွက်နိုင်အောင်များသော ကျင့်ကြံသူများသည် ၎င်းထုတ်လွှတ်နေသော နတ်စွမ်းအားမှနေ၍ မဟာအင်ပါယာတစ်ပါး၏ အရှိန်အဝါကို အာရုံခံနိုင်နေကြသည်။
သူတို့သည် ၎င်းအရှိန်အဝါက ကောင်းကင်လမ်းစဉ်စည်းမျဉ်း၏ ရှေးအကျဆုံးအရှိန်အဝါဖြစ်ကြောင်း မသိကြပေ။ သူတို့အများစုသည် သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ၎င်းကို ပြည့်ပြည့်ဝဝ အာရုံမခံနိုင်ကြပေ။ သို့သော် သူတို့ ဉာဏ်အလင်းပွင့်မှု အနည်းငယ် ရလျှင်ပင် သူတို့၏ ကျင့်ကြံခြင်းကို သိသိသာသာ တိုးတက်စေမည်ဖြစ်သည်။
မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သူများသာ ထိုနတ်စွမ်းအားကို ပြည့်ပြည့်ဝဝ အာရုံခံနိုင်ပေသည်။
လူပေါင်းများစွာသည် နတ်တောင်ကုန်း ပတ်ပတ်လည်တွင် စုဝေးကာ ဆွေးနွေးနေကြသည်။
“ဘုံခုနစ်ခုလုံးက စွမ်းအားအကြီးဆုံး ကျင့်ကြံသူတွေ ကောင်းကင်အလွှာ(၉၉)လွှာမှာ စုဝေးနေကြပြီလို့ ငါကြားတယ်။ အဲဒီကောလာဟလက မှန်၊ မမှန် ဘယ်သူအတည်ပြုပေနိုင်လဲ”
တစ်စုံတစ်ယောက်က မေးလိုက်၏။
“အဲဒါ အမှန်ပဲ... မဟာအင်ပါယာခြောက်ပါးကလွဲလို့ ဘုံခုနစ်ခုလုံးက စွမ်းအားအကြီးဆုံး ကျင့်ကြံသူတွေက ဒီကို ရောက်လာခဲ့ကြပြီ။ ငါရဲ့ စီနီယာတစ်ယောက် ပြောတာကတော့ ငါတို့ရဲ့ ဘိုးဘေးက ကောင်းကင်အလွှာ(၉၉)လွှာအထက်မျာ ကောင်းကင်လမ်းစဉ် ဖြစ်ပေါ်လာပြီလို့ သူ့ကို သတင်းပေးတာတဲ့။ အဲဒါက မဟာအင်ပါယာတစ်ပါး ပြန်လာတဲ့ လက္ခဏာပဲ”
“ကောင်းကင်လမ်းစဉ်လား...”
လူတစ်ယောက်သည် ရင်ခုန်မြန်သွားပြီး မေးလိုက်သည်။
“ကောင်းကင်လမ်းစဉ်ဆိုတာ ဘာလဲ”
“နတ်ဘုရားခေတ်တုန်းက ကောင်းကင်လမ်းစဉ် ပြိုပျက်သွားတဲ့အကြောင်းကို မင်းကြားဖူးလား”
ထိုကဲ့သို့သော စကားများကို နေရာအနှံ့တွင် ကြားနိုင်ပေသည်။ ဘုံခုနစ်ခုမှ ကျင့်ကြံသူများသည် တစ်ခါက လျှို့ဝှက်ထားခဲ့သော လျှို့ဝှက်ချက်ကို စတင်ကြားလာရသည်။ ထိပ်သီးများသည် နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာကတည်းက ထိုအကြောင်းကို သိထားပြီးဖြစ်သည်။
သို့သော် ကောင်းကင်အင်ပါယာနန်းတော်တွင် ဖြစ်ခဲ့သော ပြောင်းလဲမှုသည် ကောင်းကင်လမ်းစဉ်၏လျှို့ဝှက်ချက်နှင့် နတ်ဘုရားစစ်ပွဲ၏ အသေးစိတ်အချက်အချို့ကို ပေါက်ကြားသွားစေသည်။
“ထိပ်သီး ဘယ်နှစ်ယောက်လောက်များ မဟာအင်ပါယာဖြစ်လာမှာလဲ”
“ကံကြမ္မာဗုဒ္ဓက နတ်ဘုရားခေတ် ပြန်ရောက်လာလိမ့်မယ်လို့ နတ်ဘုရားကုန်းမြေပေါ်မှာ ရှေ့ဖြစ်ဟောသွားခဲ့တယ်။ အဲဒီရှေ့ဖြစ်ဟောကိန်းက တကယ် မှန်လာမှာလား”
“တကယ်လို့ ကံကြမ္မာဗုဒ္ဓက အနာဂတ်ကို ကြည့်နိုင်တယ်ဆိုရင် ရှေ့ဖြစ်ဟောကိန်းက မကြာခင် မှန်လာမှာပဲ။ အဲဒီလိုဆို အရှင်ဒွန်ဟောင်ရဲ့ အင်ပါယာသက်တမ်းက နှစ်(၃၀)လောက်ပဲ ကျန်တော့တယ်ဆိုတဲ့ အဓိပ္ပာယ်လား”
အချို့လူအုပ်များသည် ထိုအကြောင်းကို ကြားလိုက်သောအခါ ရင်ခုန်မြန်သွားကြသည်။ သူတို့သည် ကောင်းကင်ဒေသကို စည်းလုံးစေခဲ့ပြီး နှစ်ပေါင်း(၄၀၀)ကျော် အုပ်စိုးခဲ့သည့် အရှင်ဒွန်ဟောင်သည် မကြာခင်တွင် သူ၏အင်ပါယာကံကြမ္မာကုန်ဆုံးတော့မည်ကို မယုံနိုင်ဖြစ်နေကြသည်။
မဟာအင်ပါယာတစ်ပါးကို ဖြုတ်ချနိုင်ပါလေသလော။
ဆယ်စုနှစ် နှစ်စုသည် အလွန်တိုတောင်းလှပေသည်။ ထိုအချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ အရှင်ဒွန်ဟောင်ကို ဖြုတ်ချမည့်သူသည် ရီဖူရှင်း ဖြစ်နေမလော။
အကယ်၍ ရီဖူရှင်းသာဖြစ်လျှင် သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်ချေများပေသည်။ မဟုတ်လျှင် ခေတ်တစ်ခေတ်သည် အခြားမည်သို့ အဆုံးသတ်နိုင်ပါမည်နည်း။
ရီဖူရှင်းသည် အပြင်မှ လူများ၏ ခန့်မှန်းသုံးသပ်ချက်များအကြောင်းကို အနည်းငယ်မျှပင် မသိပေ။ ထိုအခိုက်တွင် သူသည် သူ၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေလေသည်။ သူ့လောကထဲတွင် လူရိပ်တစ်ခု ရှိနေ၏။ ၎င်းသည် သူ့ကောင်းကင်လမ်းစဉ်အသေးစား၏ ဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းပင်။ သူ၏ကိုယ်တွင်းလောကသည် ဝိညာဉ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ဆက်၍ တိုးတက်နေသည်။
တဖြည်းဖြည်းဖြင့် ဘုံတစ်ခုလုံးတွင် နတ်တောင်ကုန်းများ အမြောက်အမြား ဖြစ်ပေါ်လာ၏။ အဖျက်စက်ကွင်း၏တည်ရှိမှုကို နေရာအနှံ့မှ ခံစားနိုင်ပေသည်။ သူသည် ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို လေ့လာနေရင်း သူ၏ကိုယ်တွင်းလောကကိုလည်း ပြီးပြည့်စုံအောင် လုပ်နေသည်။
အပြင်တွင် သူ့ပတ်ပတ်လည်မှ လူများသည်လည်း ကျင့်ကြံခြင်းအဆင့် များစွာတိုးတက်လာခဲ့သည်။ သူတို့ထဲမှ အချို့သည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကိုပင် ဖြတ်ကျော်နိုင်ခဲ့ကြသည်။ သို့သော် မည်သူမှ နတ်ဘုရားတစ်ဝက်အဆင့်သို့ မရောက်နိုင်ကြသေးပေ။
မည်သို့ပင်ဖြစ်စေ အနောက်အင်ပါယာသည် သူ၏ကပ်ဘေးနှင့် ရင်ဆိုင်ရတော့မည်ကို သူခံစားနိုင်နေသည်။ အနောက်အင်ပါယာကို နတ်စွမ်းအားက ဝန်းရံထားပြီး သူ့ပတ်ပတ်လည်တွင် မိုး မကြာခဏ ရွာသွန်းလာလေသည်။ ကောင်းကင်ထက်ရှိ ကောင်းကင်လမ်းစဉ်အရှိန်အဝါသည် သူနှင့် ဆက်နွယ်မှုတစ်ခု ဖန်တီးထားသည်။ သူသည် ရှေးဟောင်းမဟာအင်ပါယာတစ်ပါး ဖြစ်ခဲ့သဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် လုံလောက်နေပြီဖြစ်သည်။ ထို့ကြောင့် အင်ပါယာများ၏လမ်စဉ် ထွက်ပေါ်လာသောအခါ သူတို့ကဲ့သို့ ရှေးဟောင်းကျင့်ကြံသူများအတွက် မဟာအင်ပါယာများဖြစ်လာရန် မခက်ခဲတော့ပေ။
သူတို့အားလုံးသည် တစ်ချိန်က မဟာအင်ပါယာ ဖြစ်ခဲ့သူများ မဟုတ်ပါလား။
စွမ်းအားကြီးကျင့်ကြံသူများစွာသည် နတ်တောင်ကုန်းကို ဝန်းရံ၍ ကျင့်ကြံနေကြသည်။ အဖျက်အနက်ရောင်ကြာပွင့်များကဲ့သို့ပင် ဤနတ်တောင်ကုန်းသည်လည်း နတ်ပစ္စည်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် ကျင့်ကြံသူများကို မဟာလမ်းစဉ်စည်းမျဉ်းစွမ်းအားအပေါ် ဉာဏ်အလင်းပွင့်သွားစေရန် ကူညီပေးနိုင်ပေသည်။
သို့ပင်လျှင် ရှေးဟောင်အင်ပါယာများမှလွဲ၍ အခြားမည်သူမှ ကျင့်ကြံခြင်းအဆင့်၏ အဟန့်အတားကို အောင်အောင်မြင်မြင် မကျော်ဖြတ်နိုင်ကြချေ။ ထိုအရာသည် အလွယ်တကူ ရနိုင်သောအရာ မဟုတ်ပေ။
ကောင်းကင်အလွှာ(၉၉)လွှာမှ ကျင့်ကြံသူများသည် အောက်ဘက်လောကများမှ ပြောင်းလဲမှုများကို လျစ်လျူရှုထားပေသည်။ လူများသည် ဘုံများ၏ နေရာအသီးသီးမှ လာခဲ့ကြသူများဖြစ်သော်လည်း အချင်းချင်း အရေးမစိုက်ကြပေ။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားကြသည်။
အချိန်ကုန်ဆုံးလာပြီး နောက်ထပ် ရှေးဟောင်းအင်ပါယာနှစ်ပါးသည် သူတို့၏ ကပ်ဘေးကို ဖြတ်ကျော်ကာ မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်သွားကြလေသည်။ သူတို့သည် နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက်တွင် သူတို့၏ အထွတ်အထိပ်ပုံစံသို့ ပြန်ပြောင်းနိုင်ကြပေပြီ။ သို့သော် သူတို့သည် စိတ်မရှည် မဖြစ်ဘဲ သီးခြား ကျင့်ကြံနေကြသည်။
လက်ရှိအခြေအနေတွင် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သည် လောကထဲတွင် ပြိုင်ဘက်ကင်းအဆင့် မဟုတ်တော့ပေ။ သူတို့သည် သူတို့စွမ်းအားအထွတ်အထိပ်ကို ပြန်ရရန်လိုအပ်ပြီး သူတို့၏ ခန္ဓာအစစ်ကိုလည်း ပြန်ရရန်လိုအပ်ပေသည်။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ သေဆုံးမှုသည် သူတို့ကို သင်ခန်းစာတစ်ခု သင်ပေးလိုက်ပြီဖြစ်သည်။
သူတို့သည် ရှေးခေတ်မှလူများဖြစ်သော်လည်း လက်ရှိခေတ်မှ လူများသည် သူတို့နှင့် ပခုံးချင်းယှဉ်နိုင်ပေသည်။ လောကအတွင်းရှိ အကန့်အသတ်သည် အင်ပါယားများ၏လမ်းစဉ်ကို ဖြတ်တောက်ခဲ့သည်။ မဟုတ်လျှင် လက်ရှိခေတ်မှလူများသည် မဟာအင်ပါယာများ ရှားပါးသည့် အခြေအနေနှင့် ကြုံနေရမည်မဟုတ်ပေ။
အနောက်အင်ပါယာသည် သူ၏ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ဝမ်းသာအားရဖြစ်သွားကြသည်။ အနောက်အင်ပါယာသည် သူတို့ဘက်မှ လူတစ်ယောက် မဟုတ်ပါလား။ သူသာ ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီး မဟာအင်ပါယာဖြစ်လာမည့်သူတစ်ယောက် ဖြစ်သွားလျှင် ရီအင်ပါယာနန်းတော်၏ အင်အားသည် ပို၍တိုးလာမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရီဖူရှင်းသည် ထိုကိစ္စကို များစွာ အာရုံမစိုက်လိုက်ပေ။ သူ မျှော်မှန်းထားသောအဆင့်သည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်ထက် သာလွန်ပေသည်။
သူသည် အနောက်အင်ပါယာ ကပ်ဘေးကို ရင်ဆိုင်နေသည်ကို သွားပင်မကြည့်လိုက်ချေ။ ထိုခန္ဓာကိုယ်သည် ရှီးချီယောင်၏ခန္ဓာကိုယ်သာ ဖြစ်နေသေးပေသည်။ သူ သူမအကြောင်းကို တွေးမိတိုင်း ဝမ်းနည်းလာပေသည်။
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ခံစားချက်များ ရောထွေးနေကြသည်။ သို့သော် မဟာအင်ပါယာတစ်ပါး ပြန်လာခြင်းသည် သူတို့အတွက် သတင်းကောင်းဖြစ်သည်။ သူတို့ဘက်တွင် မဟာအင်ပါယာတစ်ပါး ရှိလာမည်ဖြစ်ပြီး သူတို့သည် စစ်မှန်သော အင်ပါယာအဆင့် အင်အားစုတစ်စု ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဘဝအိပ်မက်သည် နောက်ဆုံးတွင် အမှန်ဖြစ်လာပေလိမ့်မည်။
သုံးနှစ်ဟူသော အချိန်ကာလသည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားသည်။ ထိုနေ့တွင် ကောင်းကင်ထက်မှနေ၍ ရှိန်လောက်ဖွယ် နတ်စွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။ အားလုံးသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်သည်။ သူတို့သည် အပြင်းအထန် ရင်တုန်နေကြပေသည်။
“နောက်ထပ် နတ်ပစ္စည်းတစ်ခု ထပ်ပြီး ထွက်ပေါ်လာတော့မှာလား”
“သုံးနှစ်... အဖျက်အနက်ရောင်ကြာပွင့်နဲ့ နတ်တောင်ကုန်းကြား ထွက်ပေါ်လာတဲ့ အချိန်ကွာခြားချက်ကလည်း သုံးနှစ်ပဲ။ အခု နောက်သုံးနှစ် ကုန်သွားပြီ။ အဲဒါက တိုက်ဆိုင်မှုပဲလား... ဒါမှမဟုတ် ပုံသေအစီအစဉ်တစ်ခုလား”
သူတို့သည် နတ်ပစ္စည်းတစ်ခုစီ ထွက်ပေါ်လာသည့် ထူးခြားသည့်အချိန်ကို သတိပြုမိသွားသောအခါ အံ့ဩသွားကြသည်။
ကောင်းကင်မှနေ၍ အတုမဲ့နတ်အလင်းတန်းတစ်ခု ကျဆင်းလာသည်။ ၎င်းသည် အတုမဲ့အာကာသနတ်စွမ်းအားဖြင့် တောက်ပနေသည်။
ထို့နောက်တွင် ကြည့်နေသူများသည် ကောင်းကင်မှနေ၍ နတ်တံခါးတစ်ချပ် ပြုတ်ကျလာပြီး ၎င်းကို နတ်အလင်းက လှည့်ပတ်နေကြောင်း သတိပြုမိလိုက်ကြသည်။ တံခါးသည် အခြားလောကတွင် တည်ရှိနေသကဲ့သို့ ထင်ရ၏။ ၎င်းထဲတွင် အာကာသစည်းမျဉ်းနတ်စွမ်းအား ပြည့်နှက်နေသည်။
တံခါးသည် ဆက်၍ ကျဆင်းလာပြီး ကောင်းကင်အလွှာ(၉၉)လွှာအထက်တွင် ရပ်သွားသည်။ ကြည့်နေသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရင်ခုန်မြန်သွားသည်။ ရုတ်တရက် လူရိပ်အချို့သည် ထိုဧရာမနတ်တံခါးထံသို့ အပြေးအလွှားသွားလိုက်ကြသည်ကို မြင်လိုက်ရလေသည်။ သူတို့သည် သူတို့၏လက်များကို ဆန့်တန်း၍ နတ်တံခါးကို ကိုင်လိုက်၏။ သို့သော် သူတို့၏လက်များသည် ၎င်းကို ဖြတ်သန်းသွား၏။ သူတို့သည် ဟင်းလင်းပြင်တစ်ခုကို ကိုင်လိုက်ရသကဲ့သို့ပင်။
“ကျုပ် ဒီတံခါးကို ကိုင်လို့မရဘူး”
“ဒါက အာကာသနတ်ပစ္စည်းတစ်ခု ဖြစ်မယ်”
ဗလာနတ္တိဘုံမှ ကျင့်ကြံသူတစ်ဦးသည် ၎င်းထံသို့ ပျံသန်းသွား၏။ အာကာသတံခါးသည် သူတို့အရှေ့တွင် ရှိနေသည်ဟု ထင်ရ၏။ သို့သော် သူတို့သည် ၎င်းကို မြင်ရုံသာမြင်နိုင်ပြီး မထိတွေ့နိုင်ပေ။
“နတ်အာကာသစည်းမျဉ်းစွမ်းအားရဲ့ အသန့်စင်ဆုံးပုံစံအပေါ် ဉာဏ်အလင်းပွင့်ထားတဲ့သူတွေပဲ ဒီအာကာသတံခါးကို ထိနိုင်ပြီး နတ်ပစ္စည်းကို သူတို့အတွက် ယူနိုင်လိမ့်မယ်”
ဗလာနတ္တိဘုံမှ ကျင့်ကြံသူက ပြောလိုက်၏။
“ဘာလို့ ဒီနတ်ပစ္စည်းက ဗလာနတ္တိဘုံအတွက် ပြင်ဆင်ပေးထားတဲ့ပစ္စည်းလို့ ငါခံစားနေရတာလဲ”
ထိုကဲ့သို့သော် မှတ်ချက်ချမှုသည် လူအုပ်ကို အလွန် ရင်ခုန်မြန်သွားစေ၏။ သူတို့သည် အဖျက်အနက်ရောင်ကြာပွင့်များကို ကြည့်လိုက်ပြီး တွေးလိုက်၏။ အကယ်၍ ထိုအာကာသတံခါးသည် ဗလာနတ္တိဘုံအတွက် ပြင်ဆင်ပေးထားသည့်အရာဖြစ်လျှင် အဖျက်အနက်ရောင်ကြာပွင့်များသည် မှော်နက်လောကအတွက် ပြင်ဆင်ပေးထားသည့်အရာ ဖြစ်ပေမည်။
သို့ဆိုလျှင် နတ်တောင်ကုန်းသည်ရော မည်သူ့အတွက် ပြင်ဆင်ပေးထားသည့်အရာနည်း။
“ဒါတွေအားလုံးက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘဲ လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားက လုပ်တာများ ဖြစ်နေမလား”
ကြည့်နေသူများအားသည် အတော်လေး ရင်တုန်သွားကြသည် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
အကယ်၍ ဤအရာအားလုံးကို လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားက လုပ်ခြင်းဖြစ်လျှင် ထိုဝိညာဉ်စွမ်းအားသည် ကောင်းကင်လမ်းစဉ်၏ ဝိညာဉ်စွမ်းအားဆိုသည့် အဓိပ္ပာယ်လော။
ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုသူသည် မည်သူနည်း။
သူတို့အားလုံးသည် ကောင်းကင်လမ်းစဉ်က ကျားကစားပွဲတစ်ပွဲဖြစ်ပြီး သက်ရှိအားလုံးသည် နယ်ရုပ်များဖြစ်သည်ဟု ခံစားလိုက်ရလေသည်။
***