နတ်စစ်ပုဆိန်
Vol. 197 Ch. 2814
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ရီဖူရှင်း၏ စကားများကို ကြားလိုက်သောအခါ ဒေါသထွက်သွားကြသော်လည်း ဒေါသကို မျိုသိပ်လိုက်ကြသည်။
ဤလောကထဲတွင် စွမ်းအားသည် အရာရာ မဟုတ်ပါလား။ ရီဖူရှင်းသည် သူတို့ကို အတွေးသပ်သပ်ဖြင့်ပင် အနိုင်ယူနိုင်ပေသည်။ သူသည် တစ်လက်မမျှပင် လှုပ်ရှားရန် လိုမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သူ့ကို စိန်ခေါ်ရန် အရည်အချင်း မမီချေ။
သို့ဖြစ်၍ သူတို့သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်သာ ဆက်တရားထိုင်လိုက်ကြသည်။ သူတို့သည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်မှသာ သူတို့၏ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်မည့် အခွင့်အရေးတစ်ခု ရမည်ဖြစ်သည်။
ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို တိတ်တဆိတ်ကြည့်သည်။ သူမနောက်မှ မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်ရှိသော ကျင့်ကြံသူများသည် ရီဖူရှင်းနှင့် တိုက်ခိုက်ကာ ရီဖူရှင်းမည်မျှ စွမ်းအားကြီးနေကြောင်း သိလိုနေကြသည်။ ရီဖူရှင်းသည် ထိုအဆင့်သို့ လမ်းစဉ်ဖျက်ဆီးကာ ရောက်လာခြင်းဖြစ်သည်။
“ကောင်းကင်လမ်းစဉ် ထွက်ပေါ်လာတာက နတ်ဘုရားခေတ်ကို ပြန်ရောက်သွားစေလိမ့်မယ်။ ကောင်းကင်ဒေသက ကျင့်ကြံသူတွေက လောကကြီးရဲ့ အပြောင်းအလဲနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဘဝင်ကိုင်နေလိမ့်ဦးမယ်လို့ ကျုပ် တစ်ခါမှ မမျှော်လင့်ခဲ့ဘူး”
မှော်နက်နန်းတော်မှ ကျင့်ကြံသူတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။
“ဒီကောင်းကင်လမ်းစဉ်အတွင်းမှာ လက်ရှိ မဟာအင်ပါယာခြောက်ပါးရဲ့ အဆင့်အတန်းနဲ့ စွမ်းအားကို ယှဉ်နိုင်မယ့် မဟာအင်ပါယာတစ်ပါး မွေးဖွားလာလိမ့်မယ်”
ထိုမှတ်ချက်သည် ရီဖူရှင်းသာ ဤကောင်းကင်လမ်းစဉ်အတွင်း၌ မဟာအင်ပါယာတစ်ပါး ဖြစ်လာခဲ့လျှင် လက်ရှိမဟာအင်ပါယာခြောက်ပါးနှင့် အဆင့်တူလိမ့်မည်ဟု ပြောလိုက်ခြင်းပင်။ တစ်နည်းဆိုရလျှင် သူသည် ကောင်းကင်ဒေသမှ အရှင်ဒွန်ဟောင်နှင့် ရင်ဆိုင်ရချိန်တွင် အောက်ကျမည် မဟုတ်ပေ။ ထိုသို့ဖြစ်လာလျှင် အရှင်ဒွန်ဟောင်၏အရိပ်အောက်မှ ကျင့်ကြံသူများသည် သူ့ကို စကားနာထိုးနိုင်မည့် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
ထိုမှတ်ချက်သည် ရီဖူရှင်းတစ်ယောက် မဟာအင်ပါယာတစ်ပါး ဖြစ်လာလိမ့်မည်ဟု ချီးကျူးသည်ဟု ထင်ရသော်လည်း ၎င်းတွင် မကောင်းသည့်အကြံအချို့ ပါနေသည်။ ၎င်းမှတ်ချက်သည် ရီဖူရှင်းက ဤနေရာတွင် မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်သည်ဟု ရီဖူရှင်းနှင့် ဒွန်ဟောင်အင်ပါယာနန်းတော်မှ လူများကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ရီဖူရှင်းသည် အရေးမစိုက်လိုက်ပေ။ သူသည် မှော်နက်လောကမှ ကျင့်ကြံသူများ မည်သို့ တွေးနေကြောင်း သိလေသည်။ သူသည် မှော်နက်နန်းတော်မှ လူများနှင့် ပတ်သတ်မှုများ ရှိသော်လည်း မှော်နက်နန်းတော်မှလူများသည် သူတို့၏အကျိုးအတွက်သာ သူ့ဘက်မှ ရပ်တည်နေကြောင်း သူသိ၏။ သို့သော် ထိုထဲတွင် ချင်းယောင်တော့မပါပေ။ သူတို့ တစ်ဘက်တည်းတွင် ရှိနေသည်မှာ သူတို့တွင် ဘုံရန်သူရှိ၍ဖြစ်သည်။ သို့သော် သူတို့သည် ကိုယ့်အကြံနှင့်ကိုယ်သာဖြစ်ကြသည်။
မှော်နက်လောကနှင့် ဗလာနတ္တိဘုံ နှစ်ခုစလုံးသည် ဒွိဟဖြစ်နေကြပုံပေါ်သည်။ တစ်ဘက်တွင် သူတို့သည် ရီဖူရှင်းကို ဒွန်ဟောင်အင်ပါယာနန်းတော်အား ကိုင်တွယ်စေလိုက်သည်။ သို့သော် ရီဖူရှင်းသာ အလွန်စွမ်းအားကြီးလာလျှင် သူတို့အတွက် သူ့ကို ထိန်းချုပ်ရခက်လာမည်ကိုလည်း စိုးရိမ်နေသည်။ သို့သော် လက်ရှိအခြေအနေတွင် သူတို့ထဲက မည်သူမှ သူ့ကို မယှဉ်နိုင်ကြပေ။
ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာသည် ထိုစကားများကို ကြားလိုက်သောအခါ မျက်မှောက်ကြုတ်သွားကြသည်။ ဤကောင်းကင်လမ်းစဉ်ထဲတွင် မဟာအင်ပါယာတစ်ပါး မွေးဖွားလာမည်လော။
အကယ်၍ ရီဖူရှင်းသာ ဤနေရာတွင် ဆက်ကျင့်ကြံခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။ သူ မဟာအင်ပါယာအဆင့်သို့ ရောက်သွားမည်လော။
ထိုကဲ့သို့သော ရလဒ်သည် သူတို့အတွက် အဆင်မပြေပေ။
လူပေါင်းများစွာသည် သူတို့၏ခေါင်းများကို မော့၍ ကောင်းကင်သို့ စဉ်းစားချင့်ချိန်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် ထိုသို့ဖြစ်လာသည်ကို မမြင်လိုကြသော်လည်း မဖြစ်လာရန် မည်သို့မှ မတားနိုင်ပေ။
သူတို့သည် ရီဖူရှင်းကို လက်ဖျားဖြင့်ပင် ထိနိုင်ပါမည်လော။
သို့သော် သူတို့ ထိုသို့ မလုပ်နိုင်ကြောင်း သူတို့သိပေသည်။
အစောပိုင်းလေးကပင် လူသားဘုံမှ ကျင့်ကြံသူအနည်းငယ်သည် ကြိုးစားကြည့်ခဲ့ပြီး မဟုတ်ပါလား။
ရီဖူရှင်းသည် ထိုကိစ္စအားလုံးကို ဂရုမစိုက်ပေ။ သူသည် သူ၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားလေသည်။ သူ ရှိနေသ၍ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် လုံခြုံနေမည်ဖြစ်သည်။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းအတွက် နတ်ပစ္စည်းတိုင်း၏အနီးသို့ သွားနိုင်ကြပေသည်။
ထိုအတောအတွင်း သူသည် သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင် လုပ်ရန် တရားထိုင်နေလိုက်သည်။ ထိုအခိုက်တွင် သူ့အတွက် အရေးအကြီးဆုံးအရာမှာ သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင်လုပ်ရန်ဖြစ်သည်။
ရီဖူရှင်း၏ကိုယ်တွင်းရှိ လောကသည် သာမန်လောကတစ်ခု၏ စံနှုန်းထက်ကျော်ကာ တိုးတက်လာပြီဖြစ်သည်။ ၎င်းသည် အဆုံးမဲ့ဘုံများနှင့် လောကများ ရှိသည့် စကြဝဠာတစ်ခု ဖြစ်လာပြီဖြစ်သည်။ ထိုစကြဝဠာအတွင်းရှိ လောကအားလုံးသည် ၎င်းတို့ဘာသာ ဖြည်းဖြည်းချင်း ပြီးပြည့်စုံအောင် လုပ်နေကြသည်။ တစ်ပြိုင်တည်းပင် သူ၏ကောင်းကင်လမ်းစဉ်အသေးစားသည်လည်း ထိုစကြဝဠာ၏ စည်းမျဉ်းဥပဒေအားလုံးကို အုပ်စိုးနေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် ရုတ်တရက် ဗုဒ္ဓလောကကို ပြန်အမှတ်ရသွားသည်။ ထိုလောကသည် ဗောဓိပင်၏ ထိပ်တွင် တည်ရှိပေသည်။ ထိုဗောဓိပင်သည် ဗုဒ္ဓလောက၏ မဟာလမ်းစဉ်၏ အခြေခံ ဖြစ်ပေမည်။
သူ့စိတ်ထဲတွင် ထိုအတွေးဖြတ်သွားသောအခါ အကြွင်းမဲ့ဗုဒ္ဓသည် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင် လုပ်ပြီးခဲ့ပြီလောဟု သူတွေးမိသွားသည်။
ဗုဒ္ဓလမ်းစဉ်သည် သူအဆင့်အတန်းနှင့်သူဖြစ်သည်။ ထို့ကြောင့် ထိုအတွေးသည် အလွန်အခြေအမြစ်မရှိခြင်း မဟုတ်ပေ။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် သူ၏လမ်းစဉ်ကို ဗောဓိမှတဆင့် သက်သေပြနိုင်ခဲ့လျှင် သူသည် အနောက်ဘက်ကောင်းကင် ဗုဒ္ဓလောကကို ဖန်တီးနိုင်မည်ဖြစ်သည်။
သူ သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့ပြီး မဟာအင်ပါယာအဆင့်သို့ ရောက်သွားလျှင် ရီအင်ပါယာနန်းတော်နှင့် စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများသည် သူ့လောကအတွင်းသို့ ဝင်ကာ တရားထိုင်နိုင်ပေလိမ့်မည်။ ဆိုရလျှင် သူသည် ကောင်းကင်လမ်းစဉ်နှင့် လောက၏ ပြယုဂ်ဖြစ်လာမည်ဖြစ်သည်။
ထိုအရာအားလုံးသည် အတွေးတစ်ချက်ဖြင့်ပင် ဖြစ်လာနိုင်သည်။
ရီဖူရှင်းသည် ရုတ်တရက် အကန့်အသတ်မဲ့လောကထဲတွင် ထွက်ပေါ်လာ၏။ အတွေးတစ်ချက်ဖြင့် ထိုလောကထဲတွင် ပရမ်းပတာစက်ကွင်းတစ်ခု ထွက်ပေါ်လာပြီး လောကကို အပြင်မှ ချိပ်ပိတ်ထားလိုက်သည်။ အချို့နေရာများတွင် အာကာသအချိန်ဆုတ်ဖြဲလမ်းစဉ်နှင့် ပြည့်နှက်နေသော အာကာသထုလှိုင်းများ စတင် ထွက်ပေါ်လာလေသည်။
မဟာလမ်းစဉ်များ၏ စည်းမျဉ်းအများစုတွင် အသုံးဝင်မှုများ အများအပြားရှိပေသည်။ အာကာသမဟာလမ်းစဉ်စည်းမျဉ်းသည်လည်း စည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည်။ ယခုတွင် ရီဖူရှင်းသည် သူ့ကောင်းကင်လမ်းစဉ်၏ အာကာသစည်းမျဉ်းကို ပြီးပြည့်စုံအောင်လုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားပြီး အပြင်မှ ကျင့်ကြံသူများသည် ဖြည်းဖြည်းချင်း တိုးတက်လာကြသည်။ ရီဖူရှင်းမှာလည်း သူ၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေသည်။ ရှေးဟောင်းအင်ပါယာများစွာသည် တစ်ပါးပြီးတစ်ပါး အဆက်မပြတ် ထွက်ပေါ်လာကြသည်။ သူတို့သည် ကောင်းကင်ကပ်ဘေးများကို ဖြတ်ကျော်ကာ မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်သွားကြ၏။ ထိုအဆင့်သည် သူတို့ တစ်ခါက ရောက်ခဲ့ပြီးသော အဆင့်ဖြစ်သည်။ သို့သော် သူတို့သည် ထိုအဆင့်ကို တစ်ဖန်ပြန်ဖြတ်ရန် လိုပေသည်။
ထို့အပြင် သူတို့သည် လက်ရှိ ကောင်းကင်လမ်းစဉ်နှင့် ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်အကြားတွင် တူညီမှု များစွာရှိနေသဖြင့် အံ့အားသင့်နေကြသည်။ ဤကောင်းကင်လမ်းစဉ်သည် ရှေးမှကောင်းကင်လမ်းစဉ် ပြန်မွေးဖွားလာခြင်းပေလောဟု တွေးမိနေကြလေသည်။
ကောင်းကင်အင်ပါယာနန်းတော်သည် ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် ကောင်းကင်လမ်းစဉ်၏ အစိတ်ပိုင်းအသေးလေးတစ်ခုကို စုဆောင်းသိမ်းဆည်းထားခဲ့ခြင်းလော။
“အချိန်ကျတော့မယ်...”
ထိုအခိုက်တွင် လူအုပ်သည် ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး ဖြစ်လာတော့မည့် အဖြစ်အပျက်ကို မျှော်လင့်နေလိုက်ကြသည်။
သုံးနှစ်အပိုင်းအခြားသည် ဆုံးတော့ပေမည်။ လွန်ခဲ့သည့် သုံးနှစ်က ကောင်းကင်မှနေ၍ နတ်ဓားတစ်ချောင်း ကျလာခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း မည်သည့်နတ်ပစ္စည်းတစ်ခု ကျလာမည်နည်း။
မရေမတွက်နိုင်အောင် များပြားသော လူများသည် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ သူတို့အပြင် ကောင်းကင်အလွှာ(၉၉)လွှာအောက် မြေပြင်မှ လူစုလူဝေးများသည်လည်း နောက်ထပ် နတ်ပစ္စည်းတစ်ခု ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြသည်။
နတ်ပစ္စည်းများ ကောင်းကင်(၉၉)လွှာကို စတင်ဖောက်ထွင်းသွားကတည်းက ၎င်းတို့သည် အားလုံးအတွက် အကျိုးကျေးဇူးများကို ယူဆောင်လာခဲ့ပေသည်။ ၎င်းတို့သည် လူပေါင်းများစွာ၏ ကျင့်ကြံခြင်းကို ကူညီပေးခဲ့သည်။
သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်သည် နောက်ကျလာမည့် နတ်ပစ္စည်းကို အင်အားစုတစ်စုက မောင်ပိုင်စီးမသွားရန်ဖြစ်သည်။
အကယ်၍ ကောင်းကင်လမ်းစဉ်တွင် ကိုယ်ပိုင်အသိစိတ်ရှိပါက ယခုအခေါက် နတ်ပစ္စည်းများသည် ကျန်နေသေးသည့် ဘုံများထဲမှ မည်သည့်ဘုံအတွက် ဖြစ်မည်နည်း။ လူများစွာသည် သူတို့၏စိတ်ထဲတွင် ခန့်မှန်းနေကြသည်။ နတ်ဆိုးလောကလော၊ ကောင်းကင်ဒေသလော သို့မဟုတ် ကောင်းကင်ဘုံအတွက်လော။
နတ်ဓားသည် လူသားဘုံအတွက် ပြင်ဆင်ထားခဲ့ခြင်းလော။
ကောင်းကင်လမ်းစဉ်၏ သဘောထားကို မည်သူမှ မသိပေ။
အတန်ကြာပြီးနောက် ကောင်းကင်ထက်တွင် ထူးကဲသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် အနက်ရောင်နတ်အလင်းတန်းတစ်ခု တောက်ပလာ၏။ လူအုပ်များသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် ကောင်းကင်၏ဩဇာအရှိန်အဝါကို အာရုံခံနိုင်နေကြသည်။
ထိုစဉ်တွင် အနက်ရောင်နတ်ပစ္စည်းတစ်ခုသည် လူအုပ်များ၏ မျက်စိအရှေ့တွင် ထွက်ပေါ်လာ၏။ ၎င်းထဲတွင် ပြိုင်ဘက်ကင်း အမှောင်ထုဝိညာဉ်စွမ်းအားနှင့် ပြည့်နှက်နေပြီး ဖြည်းဖြည်းချင်း ဒြပ်ထည်ဖြစ်တည်လာသည်။
“အဲဒါက နတ်စစ်ပုဆိန်ပဲ”
တစ်စုံတစ်ယောက်သည် အနက်ရောင် နတ်ပစ္စည်းထွက်ပေါ်လာသောအခါ အော်ပြောလိုက်၏။ ကောင်းကင်မှနေ၍ ဧရာမနတ်စစ်ပုဆိန်တစ်ခု ကျဆင်းလာ၏။ ၎င်းသည် စူးရှ၍ လွှမ်းမိုးအားကြီးသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ရုတ်ခြည်းပင် အောက်ဘက်မှ လူများသည် နတ်စစ်ပုဆိန် ကျဆင်းလာရာနေရာမှ ဆုတ်ခွာလိုက်ကြသည်။
ကျောချမ်းဖွယ် အရှိန်အဝါသည် ကျင့်ကြံသူများစွာကို မျက်လုံးဖွင့်လာစေကာ ကောင်းကင်(၉၉)လွှာကို ဖောက်ထွင်းဖြတ်သန်းသွားသော ဧရာမ အနက်ရောင် နတ်စစ်ပုဆိန်ကြီးကို ငေးကြည့်စေလိုက်သည်။
ရီဖူရှင်းသည်ပင် ထိုနတ်ပစ္စည်း၏ အရှိန်အဝါကို အာရုံခံမိသောအခါ မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်ဝန်းများ ကျုံ့သွားပြီး အနက်ရောင် နတ်စစ်ပုဆိန်ကို ငေးကြည့်ကာ တွေးလိုက်၏။ ဤနတ်ပစ္စည်းသည် နတ်ဆိုးလောကအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေမည်။
သူတို့၏ ခန့်မှန်းမှုသည် မှန်ခဲ့ပုံပင်။ ကောင်းကင်လမ်းစဉ်သည် ဘုံတစ်ခုစီအတွက် နတ်ပစ္စည်းတစ်ခုစီ လက်ဆောင်ပေးလိုနေခြင်းလော။
သို့ဆိုလျှင် ကောင်းကင်လမ်းစဉ် ထိုသို့လုပ်ရခြင်းသည် မည်သည့်ရည်ရွယ်ချက်ကြောင်းနည်း။
ကောင်းကင်လမ်းစဉ်သည် ဤလောက၏ စည်းမျဉ်းဥပဒေများကို အုပ်စိုးလိုခြင်းလော။
နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အနက်ရောင် နတ်စစ်ပုဆိန်ကို သူတို့နှင့်သက်ဆိုင်သည့်အရာကဲ့သို့ ငေးကြည့်နေကြလေသည်။
***