အချိန်များသည် မည်သည့်အခါကမှ မပြောင်းလဲခဲ့ပေ
Vol. 197 Ch. 2816
ကောင်းကင်အလွှာ(၉၉)လွှာ၏ ကောင်းကင်ထဲရှိ ကြီးမားသောနေရာတစ်ခုသည် လူသူကင်းမဲ့သွားပေပြီ။ မဟာအင်ပါယာဖြစ်လာမည့်သူ သုံးဦးသည် နေရာအသီးသီးတွင် ရပ်နေသည်ကို မြင်ရ၏။ နတ်ဘုရားအရှိန်အဝါ ထွက်ပေါ်လာသောအခါ သူတို့တစ်ဦးချင်းစီသည် ကောင်းကင်အလွှာ(၉၉)လွှာမှ ကျင့်ကြံသူအားလုံး ခံစားနိုင်သည့် စွမ်းအားကြီးအရှိန်အဝါတစ်ခုစီကို ထုတ်လွှတ်လိုက်ကြသည်။
သူတို့သည် အင်ပါယာများ၏လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေသော အင်ပါယာဖြစ်လာမည့်သူများ ဖြစ်သည်။
ရီဖူရှင်းသည် သူတို့သုံးယောက်အောက်ရှိ မြေပြင်တွင် ရပ်နေ၏။ သူ၏ငွေဖြူရောင်ဆံပင်သည် လေထဲတွင် ဝဲလွင့်နေသည်။ သူသည် ပြိုင်ဘက်ကင်းဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်ထားပြီး ဤလောကတွင် ပြိုင်ဘက်ကင်းတစ်ယောက်ဟု ထင်ရသည်။ သူသည် ကျင့်ကြံသူပေါင်းများစွာကို တစ်ကိုယ်တော် အနိုင်ယူနိုင်ပေသည်။
အထက်ကောင်းကင်ထဲ၌ ပျက်စီးခြင်းနတ်ဓားများစွာ ထွက်ပေါ်လာ၏။ ၎င်းတို့အားလုံးသည် အနက်ရောင်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့သွားရာလမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။
ပျက်စီးခြင်းနတ်စွမ်းအားဖြင့် ဖန်တီးထားသော မရေမတွက်နိုင်အောင် များပြားသည့် ဓားချီလှိုင်းများသည် ရီဖူရှင်းထံသို့ စီးဝင်သွားသည်။ ၎င်းတို့ ဟင်းလင်းပြင်ကို ဖြတ်သန်းလာသောအခါ အရာအားလုံးသည် အပျက်အစီးများအဖြစ် ပြောင်းလဲသွား၏။ သူ့ထံသို့ လှိုင်းများ ဝင်ရောက်လာသောအခါ အရာအားလုံး ငြိမ်သက်သွားသည်ဟု ထင်လိုက်ရ၏။ ထို့နောက်တွင် သူသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်သည်။
ရုတ်ခြည်းပင် ယင်ဓာတ်နတ်စွမ်းအားသည် နေရာတစ်ခုလုံးကို အေးခဲသွားစေ၏။ ထို့နောက်တွင် ယန်ဓာတ်နတ်စွမ်းအား ထွက်ပေါ်လာ၏။ ယင်နှင့်ယန်စွမ်းအားနှစ်ခုသည် ပေါင်းစည်းသွားပြီး ပျက်စီးခြင်းနတ်စွမ်းအားကို ပယ်ဖျက်လိုက်သည်။
ရွှစ်...
ဧရာမ အနက်ရောင်နတ်ဓားကြီးတစ်ချောင်းသည် ကောင်းကင်ထက်မှ ကျဆင်းလာ၏။ ကောင်းကင်တစ်ခွင်လုံး မည်းမှောင်သွားကာ လေထုသည်လည်း မည်းမှောင် ညိုမှိုင်းသွားသည်။ ဤကောင်းကင်အတွင်းရှိ အရာအားလုံး ဖျက်ဆီးခံရတော့မည်ဟုပင် ထင်ရသည်။
ပျက်စီးခြင်းဝိညာဉ်စွမ်းအားသည် ကောင်းကင်အလွှာ(၉၉)အောက်ဘက်သို့ ကျဆင်းသွား၏။ ထို့ကြောင့် လူအုပ်များသည် ဝေးရာသို့ ထွက်ပြေးကြသည်။ သူတို့၏အဆုံးသတ် ဖြစ်သွားမည်ကို ကြောက်သဖြင့် မည်သူတစ်ဦးတစ်ယောက်မှ ၎င်းအနီးသို့ မကပ်ဝံ့ကြပေ။
ဝုန်း...
ပျက်စီးခြင်းနတ်ဓားသည် ယင်နှင့်ယန် နတ်စွမ်းအားကို ဖောက်ထွင်းသွားပြီး ရီဖူရှင်းထံသို့ ဦးတည်သွား၏။ ရီဖူရှင်းသည် ခေါင်းမော့၍ ထိုဓားကို ကြည့်လိုက်ပြီး လက်ဆန့်တန်းကာ ၎င်းကို ဖမ်းလိုက်သည်။ အားလုံး အံ့အားသင့်သွား၏။ ပျက်စီးခြင်းနတ်ဓားသည် သူ့လက်ထဲတွင် ရပ်တန့်သွားပေသည်။
ကြည့်နေသူများသည် ရီဖူရှင်း၏လက်ကို ငေးကြည့်၍ ပင့်သက်ရှိုက်လိုက်ကြသည်။ အင်ပါယာဖြစ်လာမည့်သူတစ်ယောက်၏ တိုက်ခိုက်မှုသည် သူ့အတွက် ပမွှားလေးဖြစ်နေလေသလော။
ထိုကျင့်ကြံသူများသည် ရှေးဟောင်းအင်ပါယာများဖြစ်သည်။ ယခုတွင် သူတို့သည် အင်ပါယာများ၏လမ်းစဉ်ပေါ်တွင် စတင်လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်၍ အလွန်စွမ်းအားကြီးနေမည်ဖြစ်သည်။ သူတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကျင့်ကြံခြင်းတွင် အတွေ့အကြုံရှိခဲ့ပြီး မဟုတ်ပါလား။
ရီဖူရှင်းသည် သူ့နေရာတွင်ပင် နတ်ဘုရားတစ်ပါးကဲ့သို့ မားမားမတ်မတ် ရပ်နေလေသည်။ သူ သူ၏လက်ကိုဖျစ်လိုက်သောအခါ ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရ၏။ ချက်ချင်းပင် သူ့လက်ထဲရှိ ပျက်စီးခြင်းနတ်ဓားသည် အစိတ်စိတ်အမွှာမွှာ ကျိုးပျက်သွားပြီး လေထဲတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အင်ပါယာဖြစ်လာမည့်သူသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ခဲမလိုခဲမရ ခံစားလိုက်ရ၏။ ရုတ်ခြည်းပင် သူသည် ကောင်းကင်ကို ပို၍ မည်းမှောင်လာအောင် လုပ်လိုက်၏။ သူသည် ပျက်စီးခြင်းနတ်စွမ်းအားကို ပို၍ ထုတ်လွှတ်လိုက်ပုံပင်။ ထိုစဉ်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည့် ပျက်စီးခြင်းနတ်ဓားသည် ရီဖူရှင်းကို ချိန်ရွယ်ကာ ကောင်းကင်ထက်မှ ကျဆင်းလာလေသည်။
အစပိုင်းတွင် အခြား အင်ပါယာဖြစ်လာမည့်သူနှစ်ဦးသည် ဘေးမှနေသာ ကြည့်နေကြသည်။ သို့သော် ရီဖူရှင်း၏ အင်အားကို တွေ့မြင်ပြီးနောက်တွင် သူသည် သူတို့ကို ရှင်းပစ်နိုင်ကြောင်း သူတို့သိသွားပေသည်။
သူတို့ထဲမှ တစ်ယောက်သည် ကောင်းကင်ထဲတွင် များစွာသော ဧရာမ ရှေးဟောင်းရွှေခေါင်းလောင်းများကို အတွေးတစ်ချက်ဖြင့် ဖန်တီးလိုက်သည်။ ရှေးဟောင်းခေါင်းလောင်းများမှနေ၍ အသံလှိုင်းဂယက်များ ထွက်ပေါ်လာ၏။ ယင်းအသံများသည် လေထုထဲတွင် ပြည့်နှက်သွားသည်။ ကျင့်ကြံသူများစွာသည် ထိုအသံကို ကြားလိုက်ရသောအခါ သွေးများ အေးခဲသွားသည်။ စွမ်းအားကြီးသောသူများပင် ယင်းအသံကို ခံနိုင်သည်ဆိုရုံသာခံနိုင်ကြပေသည်။ အသံနတ်စွမ်းအားနှင့် ပြည့်နှက်နေသော အသံလှိုင်းများသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ချိန်ရွယ်ထားကြသည်။ ၎င်းလှိုင်းများသည် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်ကို လျင်မြန်စွာဖျက်ဆီးပစ်နိုင်ပေသည်။ မည်သူမှ ထိုကြီးမားသောစွမ်းအားဖြင့် ရင်ဆိုင်လိုကြမည် မဟုတ်ပေ။
ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို ပေါင်းစည်းလိုက်သောအခါ တိုက်ခိုက်အားသည် နှစ်ဆဖြစ်သွားသည်။ ကျင့်ကြံသူအများစုသည် ထိုကဲ့သို့အဆင့်ရှိသည့် တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရသောအခါ အလွယ်တကူ စိတ်လှုပ်ရှားသွားတတ်သည်။ သဘောသဘာဝမတူသည့် တိုက်ခိုက်မှုနှစ်ခုကို ခံလိုက်ရလျှင် သေဆုံးသွားနိုင်ပေသည်။
ထို့အပြင် တတိယ အင်ပါယာဖြစ်လာမည့်သူသည် ယခုအထိ မလှုပ်ရှားရသေးချေ။ သူသည် လျှပ်တစ်ပြက်အတွင်း သူ့ကိုယ်သူ ဧရာမရှေးဟောင်းနတ်ဘုရားအဖြစ် ပြောင်းလဲလိုက်ပြီး သူ၏လက်သီးများဖြင့် ထိုးနှက်လိုက်သည်။ လက်သီးချက်များသည် ရှိန်လောက်ဖွယ်ဝိညာဉ်စွမ်းအားနှင့် ပြည့်နှက်နေပြီး အာကာပြင်လွှာကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိပေသည်။
အင်ပါယာဖြစ်လာမည့်သူသုံးဦး၏ တိုက်ခိုက်မှုများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ရီဖူရှင်းရပ်နေသော နေရာတွင် အဖျက်နတ်စွမ်းအား ပြည့်နှက်သွား၏။
နတ်ဘုရားအရှိန်အဝါ ထွက်ပေါ်လာသောအခါ ကောင်းကင်အလွှာ(၉၉)လွှာရှိ ကျင့်ကြံသူအများစုသည် ၎င်းအရှိန်အဝါကို မခံနိုင်လိုက်ဘဲ နေရာမှာပင် သေဆုံးသွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်အချို့လည်း ဖျက်ဆီးခံလိုက်ရ၏။ အခြားသူများမှာမူ ရုပ်ခန္ဓာများ အမှု့န်ဖြစ်သွားကြသည်။
ကြမ်းကြုတ်သော နတ်စွမ်းအားအတွင်း၌ ရီဖူရှင်း၏ပုံရိပ်သည် တဖြည်းဖြည်း ကြီးမားလာပြီး နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွား၏။ သူသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်၏။ သူ့မျက်လုံးများအတွင်းမှ နေနှင့်လ နတ်အလင်းများ ပျံထွက်သွားသည်။
တစ်ချိန်တည်းမှာပင် သူသည် သူ့လက်များကို ကောင်းကင်သို့ မြှောက်လိုက်လေသည်။ နတ်ဘုရားလက်ဝါး ဟင်းလင်းပြင်ထဲသို့ ထိုးတက်သွားသောအခါ ကောင်းကင်သည် ပေါက်ကွဲသွား၏။ ပျက်စီးခြင်းနတ်ဓား၊ ရှိန်လောက်ဖွယ် ရွှေရောင်နတ်လက်သီးများနှင့် အသံနတ်စွမ်းအားဖြင့် ပြည့်နှက်နေသော နတ်ခေါင်းလောင်းတို့အားလုံး ပျက်စီးသွားသည်။
ပြိုင်ဘက်များ၏ တိုက်ခိုက်မှုများသည် မည်မျှ ဖိအားကြီးသည်မှာ အရေးမပါပေ။ နောက်ဆုံးတွင် ရီဖူရှင်းသည် ၎င်းတို့အားလုံးကို သူ၏လက်ဝါးချက်ဖြင့် ဖျက်ဆီးပစ်နိုင်ပေသည်။
ကျောချမ်းဖွယ် ဧရာမလက်ဝါးကြီးသည် အထက်သို့ ဆက်တက်သွားပြီး ထိုသုံးဦးဆီသို့ ဦးတည်သွားသည်။ သူတို့၏မျက်နှာများမှ သွေးရောင်ပျောက်သွားကြပြီး သူတို့သည် ပို့၍မြင့်သော ကောင်းကင်သို့ ပျံတက်သွားကြသည်။ သို့သော် ရီဖူရှင်းသည် သူတို့ နှေးသွားစေရန် သူ့မျက်လုံးများထဲမှ ယင်ဓာတ်နတ်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ ပတ်ဝန်းကျင်သည် အေးခဲသွားသကဲ့သို့ သူတို့၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်။
မျက်တောင်တစ်ခတ်စာသည်ပင် သူတို့ထံသို့ တိုက်ခိုက်မှုရောက်လာနိုင်အောင် ကြာလာပေသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ဧရာမနတ်ဘုရားလက်ဝါးကြီးသည် အင်ပါယာဖြစ်လာမည့်သူသုံးဦးကို ပြင်းထန်စွာ ထိသွားသည်။
ပေါက်ကွဲသံ သုံးသံသည် လေထုကို တုန်ခါသွားစေသည်။ ထိုအသံများသည် အာကာပြင်နှင့် အချိန်သည် အချိန်မရွေး ဆုတ်ပြဲသွားတော့မလိုပင် ထင်ရသည်။ ထို့နောက်တွင် သူတို့သုံးဦးသည် လွင့်ပျံထွက်သွားပြီး သွေးအန်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် အပြင်းအထန် ဒဏ်ရာရသွားပြီး ကောင်းကင်ထဲတွင် သူတို့၏သွေးများ ပြည့်နှက်သွားသည်။
“ကျုပ် အရင်ကလည်း ပြောပြီးပါပြီ... အချိန်တွေက ပြောင်းလဲသွားပြီ။ ဒီခေတ်က ခင်ဗျားတို့နဲ့ မသက်ဆိုင်တော့ဘူး”
ရီဖူရှင်း ပြောလိုက်၏။ သူ့အသံသည် ကောင်းကင်အလွှာ(၉၉)လွှာလုံးတွင် ပဲ့တင်ထပ်သွားသည်။ သူသည် ကောင်းကင်ကို စိုက်ကြည့်၍ ဆက်ပြောလိုက်၏။
“နတ်စစ်ပုဆိန်က နတ်ဆိုးလောကနဲ့ သက်ဆိုင်တယ်။ တကယ်လို့ တစ်ယောက်ယောက်က ကျုပ်ကို စိန်ခေါ်ချင်တယ်ဆိုရင် နောက်တစ်ခါကျ ကျုပ် ညှာတော့မှာ မဟုတ်ဘူး”
သူသည် မဟာအင်ပါယာခြောက်ပါးကို စိုးရိမ်သေးသဖြင့် ညှာတာခဲ့ခြင်းပင်။ ထို့ကြောင့် သူသည် အစွမ်းကုန် မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူ့အတွက် အရေးအကြီးဆုံးအရာမှာ သူ၏အင်ပါယာလမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်ကာ မဟာအင်ပါယာအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ ထိုမှသာ သူသည် မဟာအင်ပါယာခြောက်ပါးနှင့် တိုက်ခိုက်နိုင်ရန် အခွင့်အရေးရှိမည်ဖြစ်သည်။
ထိုအခိုက်တွင် ကောင်းကင်အလွှာ(၉၉)လွှာသည် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွား၏။ သူတို့အားလုံးသည် ဖြစ်ပျက်နေသည်များကို ငေးကြည့်နေကြသည်။ ရီဖူရှင်း သူ၏အင်အားကို ထုတ်ပြခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီဖြစ်သည်။ ယခုတွင် သူသည် ပို၍ပင် စွမ်းအားကြီးလာပေသည်။ သူသည် မဟာအင်ပါယာဖြစ်လာမည့်သူသုံးဦးကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဒဏ်ရာရသွားစေ၏။ ရှေးဟောင်းကျင့်ကြံသူများသည် သူ့ကို အနိုင်ယူနိုင်ရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။
သူ၏တိုက်ခိုက်မှုများသည် လွှမ်းမိုးအားကြီးကာ ဖျက်ဆီး၍ မရနိုင်ပေ။
ကောင်းကင်အလွှာ(၉၉)လွှာအောက်မှ ကျင့်ကြံသူများသည် ရီဖူရှင်း၏စွမ်းအားကြောင့် အံ့အားသင့်နေကြသည်။ သူသည် အင်ပါယာဖြစ်လာမည့်သူသုံးဦးကို အပြင်းအထန်ဒဏ်ရာရသွားစေနိုင်လျှင် မဟာအင်ပါယာခြောက်ပါးကို ထည့်မတွက်ပါက သူ့ကို မည်သူမှ အနိုင်မယူနိုင်တော့ဟု သတ်မှတ်နိုင်ပေသည်။
ကောင်းကင်အလွှာ(၉၉)လွှာတွင် သူ့ကို တားဆီးနိုင်မည့်သူ ရှိပါဦးမည်လော။
သူ့စကားများဖြင့် နတ်စစ်ပုဆိန်၏ ပိုင်ရှင်ကို ဆုံးဖြတ်ခဲ့ပြီးပေပြီ။
ထိုအဖြစ်အပျက်၏ ရိုက်ခတ်မှုကို အများဆုံးခံလိုက်ရသူများမှာ ကျန် အင်ပါယာဖြစ်လာမည့်သူများဖြစ်သည်။ သူတို့သည် သူတို့၏အထွတ်အထိပ်သို့ ပြန်ရောက်ရန် နှစ်ပေါင်းများစွာ စောင့်ခဲ့ကြရသည် မဟုတ်ပါလား။ သို့သော် သူတို့ သူတို့၏စွမ်းအားကို ထုတ်မပြရသေးခင်မှာပင် အလွန်စွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာလေသည်။ ထိုကျင့်ကြံသူသည် ရှေးဟောင်းအင်ပါယာအားလုံးကို ဖိနှိပ်နိုင်ပြီး အချိန်များ ပြောင်းလဲသွားပြီဖြစ်၍ သူတို့၏ခေတ်ကုန်သွားပြီဖြစ်ကြောင်း ပြောခဲ့သည်။
အမှန်ပင် ခေတ် ပြောင်းသွားခဲ့ပြီလော။
အမြင်တစ်ခုမှ ကြည့်လျှင် အချိန်များသည် မည်သည့်အခါအမှ မပြောင်းလဲခဲ့ချေ။ ခေတ်တိုင်းတွင် မယုံနိုင်လောက်အောင် စွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာမြဲပင်။ ရှေးခေတ်တုန်းကလည်း ကျင့်ကြံသူတစ်စုသည် သူတို့၏ ပြိုင်ဘက်ကင်း စွမ်းအားများဖြင့် လောကနှင့် ကောင်းကင်ကို ဆန့်ကျင်ခဲ့ကြသည်။ ယခုခေတ်တွင် အင်ပါယာများ၏လမ်းစဉ်တစ်ခုကို ရှာတွေ့ခဲ့ပြီဖြစ်၍ အနှေးနှင့်အမြန်ဆိုသလို ထူးကဲသော စွမ်းအားကြီးကျင့်ကြံသူများ ထွက်ပေါ်လာမည်ဖြစ်သည်။
သူတို့သည် ထို ထူးကဲသော စွမ်းအားကြီးကျင့်ကြံသူများထဲမှ တစ်ယောက်နှင့် ကြုံခဲ့ရခြင်းသည် ကံမကောင်းခြင်းသာဖြစ်သည်။
***