← Chapters

တရားထိုင်ခြင်း

Vol. 197 Ch. 2817

တရားထိုင်ခြင်း

Vol. 197 Ch. 2817

ရီဖူရှင်းကို မဟာအင်ပါယာများအပြင် အခြားမည်သူက အနိုင်ယူနိုင်သေးပါသနည်း။

ကြည့်နေသူများစွာ၏ စိတ်ထဲတွင် တူညီသောအတွေးများ ဖြတ်သန်းသွားကြသည်။ ရီဖူရှင်းသည် အင်ပါယာဖြစ်လာမည့်သုံးဦးကို တိုက်ခိုက်မှုတစ်ခုဖြင့် ဒဏ်ရာရစေခဲ့သည်။ ထို့ကြောင့် မဟာအင်ပါယာများကို ထည့်မတွက်လျှင် သူ့ကို ပြိုင်ဘက်ကင်းဟု ခေါ်နိုင်ပေသည်။ သူ၏ ပြိုင်ဘက်သည် မဟာအင်ပါယာများ မဟုတ်လျှင် သူရှုံးသွားမည်ကို မည်သူမှ တွေ့မကြည့်နိုင်ကြချေ။

အကယ်၍ မဟာအင်ပါယာဖြစ်လာမည့်အဆင့်သို့ ရောက်သွားကြသည့် ရှေးဟောင်းအင်ပါယာများပင် ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့လျှင် တစ်ချိန်က ပြိုင်ဘက်ကင်းဖြစ်ခဲ့သော မယုံနိုင်လောက်အောင် စွမ်းအားကြီးသည့် ကျင့်ကြံသူများဆိုလျှင်ရော မည်သို့ဖြစ်မည်နည်း။ သူတို့သည် သူ့ကို အနိုင်ယူနိုင်မည်လော။

သူတို့သည် ပထမဆုံး လမ်းစဉ်ဖျက်ဆီးကျင့်ကြံခြင်းမှနေ၍ အင်ပါယာဖြစ်လာမည့်အဆင့်သို့ရောက်ရန် သို့မဟုတ် ထူးကဲသော နတ်စွမ်းအားအချို့အပေါ် ဉာဏ်အလင်းပွင့်သွားရန် လိုအပ်ပေလိမ့်မည်။ ရီဖူရှင်း၏နတ်စွမ်းအားသည် သူ အလွယ်တကူအနိုင်ယူခဲ့သော သုံးဦးထက် များစွာပို၍ စွမ်းအားကြီးကြောင်း ထင်ရှား၏။ သူ၏စွမ်းအားသည် အခြားအဆင့်တစ်ခုတွင် ရှိနေလေသည်။

နတ်ဆိုးလောကသည် ရီဖူရှင်းနှင့် အပြန်အလှန်ခင်မင်နားလည်မှုကို ထိန်းထားခဲ့သည်။ ဤတစ်ကြိမ်တွင် နတ်ဆိုးအင်ပါယာနန်းတော်သည် အကျိုးအမြတ်ကောင်းကောင်း ရသွားခဲ့လေသည်။ လူပေါင်းများစွာသည် သူတို့ဘာသာ ထိုသို့ တွေးလိုက်ကြ၏။ နတ်ဆိုးလောကသည် စွမ်းအားကြီးအင်အားစုတစ်စု ဖြစ်သော်လည်း ဖန်တီးခြင်းနတ်စစ်ပုဆိန်သည် သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။ ၎င်းတွင် ဖန်တီးခြင်းနေ့ရက်များမှ စည်းမျဉ်းနတ်စွမ်းအား ပါနိုင်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်း၏စွမ်းအားကို ရရှိခဲ့လျှင် ထိုသူ၏ စွမ်းအားသည် ကြီးမားစွာ တိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဘုံအသီးသီးမှ လူအချို့သည် နတ်ဆိုးလောက ၎င်းကို မပိုင်ဆိုင်စေရန် ‌ရှေ့ထွက်လာခဲ့ကြခြင်းပင်။

ရီဖူရှင်း ဝင်ပါ၍သာ မဟုတ်လျှင် နတ်ဆိုးလောကသည် ထိုနတ်ပစ္စည်းကို အလွယ်တကူ ရရှိနိုင်မည် မဟုတ်ပေ။ သူတို့သည် သွေးမြေကျခံပြီးမှ ၎င်းကို ရရှိနိုင်ပေလိမ့်မည်။

ယခုတွင် ရီဖူရှင်းသည် သူ၏ ပြိုင်ဘက်ကင်းလုနီး စွမ်းအားကို ပြသခဲ့ပြီး အင်ပါယာဖြစ်လာမည့်သူသုံးဦးကို ချွေးတစ်စက်ပင် မထွက်ဘဲ အနိုင်ယူခဲ့သဖြင့် မည်သူသည် ထိုနတ်ပစ္စည်းအတွက် တိုက်ခိုက်ဝံ့ပါဦးမည်နည်း။

ရုတ်တရက် အားလုံးသည် ဖန်တီးခြင်းနတ်စစ်ပုဆိန်ကို လေ့လာနိုင်ရန်အတွက် ဆက်မတိုက်ခိုက်ကြတော့ပေ။ သူတို့သည် ၎င်း၏ စွမ်းအားကို အဝေးမှသာ ခံစားနိုင်တော့ပေမည်။ သို့သော် အကယ်၍ နတ်ဆိုးအင်ပါယာနန်း‌တော်က နတ်ပစ္စည်းပတ်ပတ်လည်တွင် အကာအရံတစ်ခုကို ဖန်တီးလိုက်ပါက သူတို့သည် အဝေးမှပင် ခံစားနိုင်မည် မဟုတ်တော့ပေ။

နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့အများစုသည် သူနှင့် ယူချင်း၏ဆက်ဆံရေးကို သိပြီးသွားသည့်နောက်တွင် သူ့ကို သိပ်၍ အမြင်မကြည်ကြပေ။ သူက နတ်ဆိုးအင်ပါယာနန်းတော်၏ အရိပ်အောက်တွင် မှီခိုနေသည်ဟု သူတို့တွေးမိကြသဖြင့် သူတို့သည် သူ့ကို သိပ်၍ သဘောမကျကြပေ။

သို့သော် ယခုတွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပေပြီ။ ရီဖူရှင်းသည် သူ၏ရှိန်လောက်ဖွယ်စွမ်းအားဖြင့် သူတို့ကို နတ်ပစ္စည်းတစ်ခု ပိုင်ဆိုင်စေခဲ့လေသည်။

နတ်ဆိုးလောကမှ လူများသည် စွမ်းအားကြီးပုဂ္ဂိုလ်များကို လေးစားပေသည်။ ယူချင်း၏ အကောင်းဆုံးသူငယ်ချင်းဟု ဆိုထိုက်ပေသည်။ ယခုတွင် ရီဖူရှင်းကို သူတို့တော်တော်များများ အသိအမှတ်ပြုခဲ့ကြပေပြီ။ အနာဂတ်တွင် သူတို့နှစ်ယောက်သာ မဟာမိတ်ဖွဲ့ခဲ့ပါက မည်သို့ဖြစ်လာမည်နည်း။ ထိုအရာသည် သူတို့ တွေးပင်တွေးမကြည့်ဝံ့သော အရာဖြစ်သည်။

သူတို့၏ မဟာမိတ်သည် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ကြားမှ မဟာမိတ်ထက်ပင် ပို၍ကြီးကျယ်ပေလိမ့်မည်။

ရီဖူရှင်းသည် ဖန်တီးခြင်းနတ်စစ်ပုဆိန်ဆီသို့ လျှောက်သွားလိုက်ပြီး ယူချင်းဘေးတွင် ရပ်လိုက်သည်။ ထို့နောက် သူသည် ၎င်းစစ်ပုဆိန်အတွင်း၌ စီးဆင်းနေသော စူးရှသည့်အရှိန်အဝါကို စတင်အာရုံခံလိုက်သည်။ ယင်းအရှိန်အဝါသည် ကောင်းကင်လမ်းစဉ် မွေးဖွားလာခဲ့စဉ်က ဖြစ်ပေါ်လာခဲ့သော ဖန်တီးခြင်းနတ်စွမ်းအား၏အရှိန်အဝါပင်။

“ယူချင်း... ဒီနတ်စစ်ပုဆိန်က မင်းနဲ့ တကယ်ကို သင့်တော်တယ်”

ရီဖူရှင်း ပြောလိုက်၏။ အတိအကျဆိုရလျှင် ထိုနတ်စစ်ပုဆိန်သည် နတ်ပစ္စည်းတစ်ခု မဟုတ်ပေ။ ၎င်းသည် ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းစွမ်းအားမှ ဖြစ်ပေါ်လာသောအရာဖြစ်ပြီး ဖန်တီးခြင်းဝိညာဉ်စွမ်းအားနှင့် ပြည့်နှက်နေကာ နတ်စစ်ပုဆိန်တစ်ခု၏ အသွင်ကို ယူခဲ့ခြင်းသာဖြစ်သည်။

ထိုလက်နက်သည် ယခင်က ဒီမွန်းအရှင်ကို ချိပ်ပိတ်ထားခဲ့သော နတ်ဘုရားအုပ်စိုးလက်နက်နှင့် ဆင်တူပေသည်။ ၎င်းသည် ကောင်းကင်လမ်းစဉ်စည်းမျဉ်း၏ ပြယုဂ်ဖြစ်ပြီး ရှေးခေတ်မှ ဒီမွန်းအရှင်ကိုပင် ချိပ်ပိတ်ထားနိုင်စွမ်း ရှိပေသည်။

“အဲဒါက အဲဒီလောက်လွယ်မယ်လို့ ငါမထင်ဘူး”

ယူချင်းသည် ဖန်တီးခြင်း နတ်စစ်ပုဆိန်ကို စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။

သို့တစေ ထိုလက်နက်သည် သူနှင့် ကိုက်ညီမှု ရှိပေသေးသည်။ သို့သော် သူ မဟာဒီမွန်းလမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်ပြီးသွားနောက်တွင် နတ်ဆိုးချောက်ကမ်းပါးကို ဖျက်ဆီးပစ်နိုင်၊ မပစ်နိုင်ကိုမူ အတပ်မပြောနိုင်သေးပေ။

သူ့ကို နတ်ဆိုးအင်ပါယာ၏ ဆက်ခံသူအဖြစ် ရွေးချယ်ထားသည်။ ထို့ကြောင့် သူ့ကို နတ်ဆိုးချောက်ကမ်းပါး၏ လျှို့ဝှက်ချက်များအကြောင်းကို ပြောပြခဲ့၏။ ရှေးခေတ်မှ နတ်ပစ္စည်းသည် သူထင်ထားသည်ထက် ပိုရှုပ်ထွေးပေသည်။ နတ်ဆိုးချောက်ကမ်းပါကို ကောင်းကင်လမ်းစဉ်မွေးဖွားလာစဉ်တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။

“ကြိုးစားကြည့်ပါဦး...”

ရီဖူရှင်းက ပြုံး၍ အားပေးလိုက်သည်။ ယူချင်း ခေါင်းညိတ်လိုက်၏။ သူတို့သည် ပခုံးချင်းယှဉ်၍ နတ်စစ်ပုဆိန်အတွင်းရှိ စည်းမျဉ်းနတ်စွမ်းအားကို လေ့လာကာ တရားထိုင်လိုက်ကြသည်။

ရီဖူရှင်းက ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းစွမ်းအားမှနေ၍ မည်သို့သော နတ်စွမ်းအားမျိုး ဖြစ်ပေါ်လာမည်နည်းဟု တွေးလိုက်သည်။

သူသည် မျက်လုံးများမှိတ်၍ သူ၏ နတ်အာရုံကို ဖန်တီးခြင်း နတ်စစ်ပုဆိန်ပတ်ပတ်လည်တွင် ရစ်သိုင်းစေလိုက်ပြီး နတ်စစ်ပုဆိန်၏ ဝိညာဉ်စွမ်းအား နယ်မြေအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်သွားသည်။ ခေတ္တကြာပြီးနောက် သူသည် ပရမ်းပတာအာကာသလောကတစ်ခုအတွင်းသို့ ရောက်ရှိသွား၏။ ထိုလောကထဲတွင် အာကာပြင်ကို ထက်ခြမ်းပိုင်းထားသော ဧရာမနတ်စစ်ပုဆိန်ကြီးတစ်ခု ရှိနေသည်ကို သူတွေ့လိုက်၏။ ၎င်းစစ်ပုဆိန်သည် ကြောက်မက်ဖွယ် အက်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်နေစေပြီး ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားလေသည်။

သူသည် ဝိညာဉ်စွမ်းအားနယ်မြေကြောင့် စိတ်လှုပ်ရှားသွား၏။ ဖန်တီးခြင်းနတ်စွမ်းအားသည် ကွဲပြားသော စည်းမျဉ်းနတ်စွမ်းအားများ ပေါင်းစည်းရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူအံ့အားသင့်သွားသည်။ လွှမ်းမိုးအားကြီးသော ဝိညာဉ်စွမ်းအား၊ ပြိုင်ဘက်ကင်းစွမ်းအားနှင့် လွန်စွာစူးရှမှုတို့ ပေါင်းစည်ကာ ဖန်တီးခြင်းနတ်စွမ်းအား ဖြစ်ပေါ်လာခြင်းပင်။

ထိုနတ်စွမ်းအားကို မည်သူမှ တုပမဖန်တီးနိုင်လောက်ပေ။ သူပင်လျှင် မဖန်တီးနိုင်ပေ။

မကြာခင်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်း စတင်စီးဆင်းလာသည်။ သူ၏ကိုယ်တွင်းလောကအတွင်း၌ လူရိပ်တစ်ခုသည် အကန့်အသတ်မဲ့ အာကာပြင်ထဲတွင် ရပ်နေပြီး ထိုစကြဝဠာအတွင်းရှိ မရေမတွက်နိုင်အောင် များပြားသော လောကများကို စိုက်ကြည့်နေလေသည်။ တစ်ချိန်တည်းမှာပင် ထိုလူရိပ်သည် စည်းမျဉ်းနတ်စွမ်းအား အမျိုးမျိုး၏ စီးဆင်းမှုကိုလည်း အာရုံခံလိုက်သည်။

သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာ၏။ ၎င်းတို့သည် ဒြပ်ထည်မရှိသော ပုံရိပ်များပင်။ ၎င်းတို့အားလုံးသည် သူ၏ဝိညာဉ်ပုံရိပ်များဖြစ်ပြီး နတ်စစ်ပုဆိန်တစ်ခုကို ကိုင်ထားကာ ကောင်းကင်နှင့် မြေကြီးကို ခွဲခြားနေလေသည်။ သို့သော် ၎င်းတို့အားလုံးသည် အနည်းငယ်နိမ့်ကျပေသည်။

အချို့နတ်စွမ်းအားများကို တုပဖန်တီးရန် လွယ်ကူသော်လည်း အချို့သည် တုပရန် ခက်ခဲပေသည်။ ဥပမာအားဖြင့် သူသည် ဤစကြဝဠာကို ဖန်တီးသည့်အချိန်တွင် မွေးဖွားလာခြင်းဖြစ်သဖြင့် ဓာတ်ကြီးငါးပါး၏ နတ်စွမ်းအားကို ဖန်တီးခြင်းသည် သူ့အတွက် ကလေးကစားသကဲ့သို့သာဖြစ်သည်။

သူသည် အတိတ်တွင် စွမ်းအားများစွာကို ကျင့်ကြံခဲ့ပြီး ဤစကြဝဠာကို လည်ပတ်စေရန် ၎င်းတို့ကို  သူ့ကောင်းကင်လမ်းစဉ်အသေးစား၏ စည်းမျဉ်း၏ အစိတ်အပိုင်းများအဖြစ် ပြောင်းလဲခဲ့သည်။

သို့သော် ဖန်တီးခြင်းနတ်စွမ်းအားကဲ့သို့ မတည်ရှိသောစည်းမျဉ်းစွမ်းအားမျိုးကိုမူ အလွယ်တကူ တုပမဖန်တီးနိုင်ပေ။ ထိုသို့ လွန်စွာရှားပါးကာ စွမ်းအားကြီးသည့် နတ်စွမ်းအားများသည် တိုက်ဆိုင်မှသာ ဖြစ်ပေါ်လာလေ့ရှိသည်။

ရီဖူရှင်းသည် အချိန်အတော်ကြာ တရားထိုင်ပြီးနောက်တွင်ပင် မအောင်မြင်သေးပေ။ နောက်ဆုံးတွင် သူလက်လျှော့လိုက်လေသည်။ ဖန်တီးခြင်းနတ်စွမ်းအားသည် ကောင်းကင်လမ်းစဉ် မွေးဖွားလာချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းကို တုပဖန်တီးရန် တိကျသော လိုအပ်ချက်များ ရှိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူသည် သူ၏ကိုယ်တွင်းလောကထဲ၌ အခြားနတ်စွမ်းအားများကို တုပဖန်တီးနိုင်ပေသည်။

အတွေးတစ်ချက်ဖြင့်ပင် သူ့ပတ်ပတ်လည်၌ သူဖန်တီးထားသော အဆုံးမဲ့ ဝိညာဉ်ပုံရိပ်များနှင့် ပြည့်နှက်သွားသည်။ ထိုဝိညာဉ်ပုံရိပ်များသည် သူတို့၏လက်ထဲတွင် ထက်ရှသော ဓားတစ်ချောင်းကို ကိုင်ထားကာ ဓားလမ်းစဉ်ကို စတင်ကျင့်ကြံလိုက်ကြသည်။

တစ်ပြိုင်တည်းပင် မရေမတွက်နိုင်အောင် များပြားသော ဓားပုံရိပ်များ ပျံသန်းသွားပြီး ဓားချီသည် အာကာတစ်ခွင်လုံးကို ကြီးစိုးသွားသည်။

ရီဖူရှင်း၏ အသိစိတ်သည် မရေမတွက်နိုင်အောင် များပြားသော ဓားလမ်းစဉ်များအဖြစ် ပြောင်းလဲသွား၏။ လမ်းစဉ်တစ်ခုချင်းစီသည် ထူးကဲကြ၏။

နတ်စွမ်းအားနှင့် နတ်အတတ်သည် ဒင်္ဂါးတစ်ခု၏ မျက်နှာနှစ်ဘက်ဖြစ်သည်။ များသောအားဖြင့် ကျင့်ကြံသူများသည် နတ်စွမ်းအားတစ်ခုကို ဉာဏ်အလင်းပွင့်သွားပြီးမှ နတ်အတတ်တစ်ခုကို ဖန်တီးကြသည်။ ဆိုရလျှင် နတ်အတတ်သည် တန်ခိုးစွမ်းအားတစ်ခုဖြစ်သည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ထိုဖြစ်စဉ်ကို ပြောင်းပြန်လှန်လျှင် အလုပ်ဖြစ်မည်လော။

မရေမတွက်နိုင်သော ဝိညာဉ်ပုံရိပ်များသည် မရပ်မနား ဓားလေ့ကျင့်နေကြသည်။ ပုံရိပ်တိုင်းသည် ကွဲပြားသော အတတ်များကို လေ့ကျင့်နေကြခြင်းဖြစ်၏။ တစ်နည်းဆိုရလျှင် ရီဖူရှင်းသည် တစ်ပြိုင်တည်းမှာပင် သူ့ကိုယ်သူ ဓားအတတ်များစွာကို လေ့ကျင့်ပေးနိုင်ပေသည်။

အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးသွားနောက် ထိုဝိညာဉ်ပုံရိပ်များသည် လက်ထဲတွင် ဓားတစ်ချောင်းစီကိုင်၍ လောကအသေးဆီသို့ ဦးတည်သွားလိုက်ကြသည်။

ထန်း...

ဝိညာဉ်ပုံရိပ်တစ်ခုသည် ဓားကို ရှေ့သို့ပစ်လွှတ်လိုက်ပြီး လောကကို တုန်ခါသွားပြီး အက်ကြောင်းများစွာ ထွက်ပေါ်လာစေလေသည်။ သို့သော် ၎င်းသည် ဤလောကကို မပျက်စီးစေခဲ့ပေ။ ဤလောကသည် လောကနတ်စွမ်းအားဖြင့် ဖန်တီးထားသော လောကပင် မဟုတ်ပါလား။

အခြားလောကတစ်ခုထဲတွင် ရီဖူရှင်း၏ ဝိညာဉ်ပုံရိပ်သည် ဓားကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ဓားသည် လောကကို ဖောက်ထွင်းသွားပြီး အပေါက်တစ်ပေါက် ဖြစ်ပေါ်လာ‌စေ၏။

ကြီးမားသောအပေါ်ကြီး ပတ်ပတ်လည်တွင် အက်ကြောင်းများစွာ ရှိပေသည်။ သို့သော် ရလဒ်သည် ပထမတစ်ခုနှင့် သိပ်မကွာပေ။

နေရာအနှံ့တွင် ကွဲပြားသော နတ်စွမ်းအားတိုက်ခိုက်မှုများ ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် လောကနတ်စွမ်းအားနှင့် ဖန်တီးထားသော လောကကို ဖျက်ဆီးပစ်နိုင်မည့် နတ်စွမ်းအားတစ်ခုကို ရှာလိုနေကြောင်း ထင်ရှား၏။

နတ်စွမ်းအားတစ်ခုကသာ လောကကို ဖျက်ဆီးပစ်နိုင်ခဲ့လျှင် ထိုဖန်တီးထားသော နတ်စွမ်းအားသည် လောကနတ်စွမ်းအား၏အဆင့်ထက် ပိုမြင့်သည်ဆိုသော အဓိပ္ပာယ်ပင်။

သူ၏ စမ်းသပ်မှုသည် အချိန်အတော်ကြာခဲ့သည်။ ထိုအတောအတွင်း ရီဖူရှင်း၏ ဝိညာဉ်ပုံရိပ်များသည် ဓားများကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပစ်လွှတ်နေကြလေသည်။

***

All Chapters