ဉာဏ်အလင်းပွင့်ခြင်းသစ်ပင်
Vol. 198 Ch. 2819
ရီဖူရှင်းသည် အခြားသူများ မည်သို့တွေးသည်ကို မသိပေ။ လက်ရှိ၌ သူ့တွင် သူ၏ ကိုယ်ပိုင်လေ့ကျင့်ရေးအချိန်ဇယား ရှိနေလေသည်။ ကောင်းကင်လမ်းစဉ်အသေးစားသည် ပြီးပြည့်စုံသည့်အခြေအနေသို့ မရောက်သေးစေကာမူ သူ၏စွမ်းရည်များသည် သာမန် မဟာအင်ပါယာဖြစ်လာမည့်သူများထက် သာသေးကြောင်း သူသိပေသည်။ ယခုတွင် သူသည် သူ၏ ကောင်းကင်ဖျက်ဆီးနတ်စွမ်းအားကို ဖန်တီးပြီးပြီဖြစ်၍ သူ၏တိုက်ခိုက်စွမ်းအားသည် တိုးတက်လာမည်ဖြစ်သည်။ ထိုမဟာအင်ပါယာဖြစ်လာမည့်သူများသည် သူ၏ပြိုင်ဘက် မဟုတ်တော့ပေ။
မဟာအင်ပါယာအဆင့်အောက်မှ အဆင့်များတွင် သူသည် စွမ်းအားအကြီးဆုံးများထဲမှ တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး သူနှင့် ယှဉ်နိုင်သူ မရှိသလောက်ပင်ဖြစ်နေသည်။ ထို့အပြင် သူသည် ကျင့်ကြံရင်းဖြင့် အဆက်မပြတ် ပိုသန်မာလာနေလေသည်။
သူ၏ ကောင်းကင်လမ်းစဉ်အသေးစားသည် မည်မျှ ဆင့်ကဲတိုးတက်နိုင်မည်ကို သူမသိပေ။ သို့သော် အကယ်၍”ကောင်းကင်လမ်းစဉ်အသေးစား”သာ ပြီးပြည့်စုံလာလျှင် သူသည် မဟာအင်ပါယာအဆင့်၏ ထိပ်ဆုံးသို့ သေချာပေါက် ရောက်သွားမည်ဟု သူခံစားနေရသည်။ ထိုသို့ဖြစ်လာလျှင် သူသည် မဟာအင်ပါယာခြောက်ပါးဖြင့်ပင် တိုက်ခိုက်နိုင်လာပေမည်။
ရီဖူရှင်းသည် ဆက်၍ ကျင့်ကြံနေ၏။ နောက်ဆုံးတွင် သုံးနှစ်ဟူသော အချိန်ကာလ ကုန်ဆုံးသွားလေတော့သည်။ ဆန်းကြယ်၍ စွမ်းအားကြီးသော အရှိန်အဝါတစ်ခုသည် ကောင်းကင်မှ ထပ်မံ စုစည်းလာသည်။ ထို့နောက် မကြာခင်မှာပင် နတ်အလင်းတန်းများသည် အောက်ဘက်သို့ ဖြာကျလာ၏။ အလင်းတန်းများသည် တလက်လက်တောက်ပနေသည်။ လူပေါင်းများစွာသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်၏။ သူတို့သည် ထိုအလင်းအောက်တွင် သက်တောင့်သက်သာ ခံစားနေကြရသည်။
“အဲဒါက ဗုဒ္ဓအလင်းပဲ”
ကျင့်ကြံသူများ တုန်ရင်သွားသည်။ ၎င်းသည် ဗုဒ္ဓနတ်ပစ္စည်းတစ်ခုပင်။ ကျင့်ကြံသူများစွာ သံသယဖြစ်ခဲ့သော ကိစ္စများသည် နောက်ဆုံးတွင် လွင့်ပြယ်သွားလေတော့သည်။ သူတို့၏စိတ်ထဲတွင် သံသယများ မကျန်တော့ချေ။
ကောင်းကင်လမ်းစဉ်သည် ကိုယ်ပိုင်အသိစိတ်ပိုင်ဆိုင်ကြောင်း သူတို့ နားလည်သွားကြသည်။ ထို့အပြင် ၎င်း လက်ရှိ ဘုံခုနစ်ခုကို ချီးမြှင့်ပေးခဲ့သော နတ်ပစ္စည်းများသည် ဘုံတစ်ခုစီနှင့် ကိုက်ညီမှုရှိကြောင်း သူတို့ မြင်ခဲ့ရသည်။
မဟုတ်လျှင် ဗုဒ္ဓနတ်ပစ္စည်းတစ်ခုသည် အဘယ်သို့ ရုတ်တရက် ထွက်ပေါ်လာမည်နည်း။
“ကောင်းကင်လမ်းစဉ်က ဗုဒ္ဓနတ်ပစ္စည်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီ”
စွမ်းအားအကြီးဆုံး ကျင့်ကြံသူများပင် အံ့အားသင့်သွားကြသည်။ ဤနတ်ပစ္စည်းသည် ခြောက်ခုမြောက် နတ်ပစ္စည်းဖြစ်သည်။
သူတို့သည် အထက်ကောင်းကင်သို့ ငေးကြည့်လိုက်ကြ၏။ ထို့နောက် ကျဆင်းလာသော တလက်လက်တောက်ပနေသည့် ဗုဒ္ဓအလင်းနှင့်အတူ သူတို့တော်တော်များများ၏ အာရုံခြောက်ပါးသည် စူးရှလာပြီး သူတို့ပတ်ပတ်လည်ရှိ လောကကို တစ်နည်းနည်းဖြင့် ပို၍ ရှင်းရှင်းလင်းလင်း မြင်လာရလေသည်။ သူတို့အပေါ်သို့ ဗုဒ္ဓအလင်း ကျဆင်းလာပြီး ထိုအလင်းသည် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်သွားကြသည်။ ၎င်းအလင်းသည် သူတို့ကို ဉာဏ်အလင်းပွင့်ရန် ကူညီပေးနေသကဲ့သို့ သူတို့ ခံစားလိုက်ရ၏။
ထိုခံစားချက်သည် လွန်စွာဆန်းကြယ်ပေသည်။ မကြာခင်တွင် သူတို့သည် ဧရာမ ဗုဒ္ဓနတ်သစ်ပင်တစ်ပင်သည် ကောင်းကင်မှနေ၍ မြေကြီးဆီသို့ ကြီးထွားလာကြောင်း တွေ့လိုက်ရ၏။
၎င်းသည် ဗောဓိနတ်သစ်ပင်လော။ ကျင့်ကြံသူများသည် သူတို့ဘာသာ တွေးတောလိုက်ကြသည်။ ၎င်းသည် ဉာဏ်အလင်းပွင့်ခြင်းဗုဒ္ဓသစ်ပင်ဖြစ်သည်။
“အော်မီထောဖော...”
ထိုစဉ်တွင် တစ်နေရာမှနေ၍ မဟာဗုဒ္ဓများစွာသည် ထိုသို့ စတင်ရေရွတ်လိုက်ကြသည်။ သူတို့သည် လက်အုပ်ချီ၍ နတ်သစ်ပင်သို့ ဦးညွှတ်အရိုအသေပေးလိုက်ပြီး သူတို့၏ ကြည်ညိုမှုကို ပြသလိုက်သည်။
“ကောင်းကင်လမ်းစဉ်က ဉာဏ်အလင်းပွင့်မှုကို ဖြန့်ကျက်ဖို့ ဗောဓိကို စေလွှတ်လိုက်ပြီ”
ဗုဒ္ဓအရှင်တစ်ပါးသည် နူးညံ့စွာ ရေရွတ်လိုက်သည်။ နတ်သစ်ပင်သည် အောက်ဘက်သို့ ဆက်၍ ကြီးထွားလာ၏။ ၎င်းသည်လည်း ယခင်က နတ်ပစ္စည်းများကဲ့သို့ပင် ကောင်းကင်အလွှာ(၉၉)လွှာကို ထိုဖောက်သွားပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် ကြီးထွားလာသည်။
မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ထိုအခြင်းအရာကြောင့် စိတ်လှုပ်ရှားသွားကြသည်။ ကောင်းကင်အလွှာ(၉၉)လွှာမှ လူများအားလုံးသည် ဉာဏ်အလင်းပွင့်ခြင်း ဗုဒ္ဓအလင်းအောက်တွင် ရှိနေကြပြီး သူတို့၏ အာရုံငါးပါးစလုံးသည် စူးရှလာကြသည်။ သူတို့သည် စူးရှသည့် ဆဋ္ဌအာရုံကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူတို့ ခံစားနေရသော ခံစားချက်သည် ဆန်းကြယ်ပေသည်။ ဗုဒ္ဓလမ်းစဉ် ပါဝင်သော ဉာဏ်အလင်းပွင့်ခြင်းနတ်သစ်ပင်သည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို မတိုးတက်စေနိုင်လောက်ပေ။ သို့သော် ၎င်းသည် သူတို့၏ ကျင့်ကြံခြင်းကို ပိုကောင်းလာအောင် ကူညီပေးနိုင်လေသည်။
ဤအဖြစ်အပျက်သည် ကောင်းကင်လမ်းစဉ်၏ စေတနာထားသော လုပ်ရပ်ပေလော။
ကောင်းကင်လမ်းစဉ်သည် ကောင်းကင်အလွှာ(၉၉)လွှာစလုံးကို ထွင်းဖောက်သွားသော နတ်ပစ္စည်းအနည်းငယ်ကို ထုတ်လွှတ်ပေးခဲ့ကာ ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းစွမ်းအားကို ဖြန့်ကျက်ရန် ကမ္ဘာပေါ်မှ လူများကို ဉာဏ်အလင်းပွင့်စေခဲ့သည်။
ကောင်းကင်အလွှာ(၉၉)လွှာစလုံးမှ ကျင့်ကြံသူများသည် ကောင်းကင်လမ်းစဉ်၏ စိတ်ကောင်းစေတနာသည် သူတို့ထံသို့ ဦးတည်လာနေသည်ဟု ခံစားနေကြရသည်။
ကောင်းကင်အလွှာ(၉၉)လွှာမှ ထိပ်သီးကျင့်ကြံသူများသည် ပို၍ပင် စိတ်ဝင်စားလာကြသည်။ ယခုတွင် သူတို့ ယခင်ကရှိခဲ့သော သံသယအချို့သည် ရှင်းလင်းသွားပြီးဖြစ်ပြီး ကောင်းကင်လမ်းစဉ်၏ ရည်ရွယ်ချက်များကို သိရှိခဲ့ရပြီဖြစ်သော်လည်း သူတို့သည် ၎င်း၏ ရည်ရွယ်ချက်ကို အလုံးစုံ မရှင်းလင်းသေးပေ။
ကောင်းကင်လမ်းစဉ်သည် ဘုံခုနစ်ခု၏ စည်းမျဉ်းများကို ထပ်မံ ထိန်းချုပ်လိုနေခြင်းလော။ ထို့ကြောင့် ၎င်းသည် နတ်ပစ္စည်းများကို လက်ဆောင်ပေးနေခြင်းလော။
ရီဖူရှင်းအပေါ်သို့လည်း ဗောဓိနတ်သစ်ပင်၏ အလင်း ဖြာကျနေသည်။ သူသည် ထူးကဲသောဝိညာဉ်စွမ်းအားတစ်ခုကို အာရုံခံမိသည်။
“ဒီနတ်သစ်ပင်က ဉာဏ်အလင်းပွင့်အောင် လေ့ကျင့်တဲ့နေရာမှာ ကူညီပေးနိုင်တယ်။ အဲဒီသစ်ပင်မှာ ဗုဒ္ဓအသိဉာဏ်ပါတယ်...ပြီးတော့ အဲဒါက ကျင့်ကြံသူတစ်ယောက်ကို ဉာဏ်အလင်းပွင့်သွားအောင် မလုပ်ပေးနိုင်ပေမယ့် ကျင့်ကြံသူကို တခြာလမ်းစဉ်တွေရဲ့ စွမ်းအားတွေကို နားလည်သွားအောင် ကူညီပေးနိုင်တယ်”
ရီဖူရှင်းသည် သူ့ပတ်ပတ်လည်မှ လူများကို ပြောလိုက်၏။ ဤနတ်သစ်ပင်နှင့်ဆိုလျှင် ဤနေရာမှ ကျင့်ကြံသူများသည် ပို၍ အကျိုးရှိရှိ ကျင့်ကြံနိုင်မည်ဖြစ်ပြီး နတ်ဘုရားတစ်ဝက်ဖြစ်လာနိုင်မည့် သို့မဟုတ် ကောင်းကင်ကပ်ဘေးများကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးများ တိုးလာမည်ဖြစ်သည်။
အားလုံးသည် ခေါင်းညိတ် လက်ခံလိုက်ကြသည်။ သူတို့သည်လည်း ဤနတ်သစ်ပင်သည် လူများကို ဉာဏ်အလင်းပွင့်ရန် ကူညီပေးနိုင်ကြောင်း အာရုံခံမိကြသည်။ ၎င်းသည် ဉာဏ်အလင်းပွင့်ခြင်းသစ်ပင်တစ်ပင် ဖြစ်သည်။
ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ကောင်းကင်လမ်းစဉ်က ကျုပ်တို့အပေါ်ကို အဲဒီလို ကောင်းချီးတွေ ချီးမြှင့်နေတယ်ဆိုတာ ကျုပ်တို့ကို နတ်ဘုရားခေတ်ဆီ ရောက်သွားအောင် ကူညီပေးချင်လို့ထင်တယ်... ရှေးခေတ်က စည်ပင်ဝပြောတဲ့ ကျင့်ကြံခြင်းခေတ်ကို ပြန်အသက်သွင်းဖို့ပေါ့။ ကောင်းကင်လမ်းစဉ်ဟောင်းက ချန်ခဲ့တဲ့ အသိစိတ်တချို့ ရှိနေသေးတာများ ဖြစ်နေမလား။ အဲဒီလိုဆိုရင် နတ်ဘုရားတွေကို ပုန်ကန်ဖို့ ဦးဆောင်ပြီး ကောင်းကင်လမ်းစဉ်ကို ဖျက်ဆီးခဲ့တဲ့ ပုန်ကန်တဲ့ ကျင့်ကြံသူတွေကို သူတို့ လူကောင်းတွေလို့ မြင်မလား ဒါမှမဟုတ် လူဆိုးတွေလို့ မြင်မလား”
ကောင်းကင်လမ်းစဉ်၏ တည်ရှိမှုသည် ကောင်းသည်လော၊ ဆိုးသည်လော။
သို့သော် အားလုံးသည် အထွတ်အထိပ်အဆင့်သို့ မျှော်မှန်းလျှောက်လှမ်းနိုင်ခွင့်ရှိသည်။ ထို့အပြင် ဒီမွန်းအရှင် အပါအဝင် ထိပ်သို့ရောက်ခဲ့ပြီးသော ထိုကျင့်ကြံသူများသည် ဆက်တိုးတက်လာစေရန်အတွက် ရွေးစရာမရှိတော့ဘဲ ထိုသို့ လုပ်ခဲ့ရခြင်း ဖြစ်နိုင်ပေသည်။
“အရင်က အစီအစဉ်အတိုင်းပဲဆိုရင် ဒီနတ်သစ်ပင်ကို ဗုဒ္ဓလောက,က ပိုင်တယ်။ ရီအင်ပါယာနန်းတော်က ကျင့်ကြံသူတွေကို အဲဒီသစ်ပင်အနားမှာ ကျင့်ကြံခွင့်ပြုဖို့ ကျုပ် မဟာဗုဒ္ဓတွေဆီက ခွင့်တောင်းပါတယ်”
ရီဖူရှင်းသည် ဦးညွှတ်၍ ဗုဒ္ဓလောကမှ မဟာဗုဒ္ဓများကို ခွင့်တောင်းလိုက်သည်။
ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ဤနေရာရှိ အရာအားလုံးကို အသုံးပြု၍ ကျင့်ကြံနိုင်သည်ဟု ယခင်က ပြောခဲ့ပေသည်။ သူ ခွင့်မတောင်းလျှင်ပင် ဗုဒ္ဓများသည် သူတို့ကို တားမည် မဟုတ်ပေ။ ရီဖူရှင်းသည် ဂုဏ်သတင်း ကျော်ကြားသည် မဟုတ်ပါလား။ ထို့အပြင် သူ့ကို တိုက်ခိုက်နိုင်ရန် မလွယ်ကူပေ။
သို့သော် သူသည် ဗုဒ္ဓများအပေါ် လေးစားသမှုဖြင့် မဟာဗုဒ္ဓများထံမှ ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။
“ဒကာလေးရီ ကြိုက်သလို လုပ်ပါ။ ကောင်းကင်လမ်းစဉ်က ဗောဓိသစ်ပင် ချီးမြှင့်တာက လူတွေ ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံခြင်း တိုးတက်လာအောင်လို့ပါ။ ကိုယ်တော်တို့က ဘယ်လိုလုပ် ဒီသစ်ပင်ကို မောင်ပိုင်စီးထားနိုင်မှာလဲ။ အားလုံးပဲ ကျင့်ကြံဖို့အတွက် အဲဒီသစ်ပင်ကို သုံးလို့ရပါတယ်”
မဟာဗုဒ္ဓတစ်ပါးသည် ကျယ်လောင်သောအသံဖြင့် ပြန်ပြောလိုက်၏။ သူတို့သည် ထိုသစ်ပင်ကို အခြားသူများ အသုံးပြုခြင်းကို စိတ်မရှိပေ။ ထို့ကြောင့် အခြားဘုံများမှ ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသည်။
“ဗုဒ္ဓက အကြင်နာတရားကြီးမားပါတယ်”
ရီဖူရှင်း လက်အုပ်ချီလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဗုဒ္ဓများခင်ဗျား...”
ကောင်းကင်ဒေသမှ ကျင့်ကြံသူအချို့သည် ကျေးဇူးတင်ကြောင်း ပြောလိုက်ကြသည်။ ကောင်းကင်အလွှာ(၉၉)လွှာမှ ကျင့်ကြံသူများအားလုံး၏ ရင်ထဲတွင် ကျေးဇူးတင်စိတ်များနှင့် ပြည့်နှက်လာလေသည်။ ထိုသစ်ပင်နှင့်ဆိုလျှင် သူတို့သည် အဆင့်တက်နိုင်ပြီး အဟန့်အတားများကို ကျော်ဖြတ်နိုင်မည့် အခွင့်အရေးများ တိုးပွားလာမည်ဖြစ်သည်။
ဗုဒ္ဓများ၏ ရက်ရောမှုကြောင့် ဤနတ်ပစ္စည်းကို ပိုင်ဆိုင်ရန်အတွက် ပဋိပက္ခများ ဖြစ်ပေါ်မလာခဲ့ပေ။ ကောင်းကင်အလွှာ(၉၉)လွှာစလုံးသည် ယခင်ကကဲ့သို့ပင် တိတ်ဆိတ် အေးချမ်းနေသည်။ ဘုံအသီးသီးမှ ကျင့်ကြံသူအားလုံးသည် ငြိမ်းချမ်းစွာ ဆက်၍ ကျင့်ကြံနေကြသည်။
ရီဖူရှင်းမှာလည်း သူ၏အဆင့်ကို ပြီးပြည့်စုံအောင် လုပ်ရန် ကြိုးစားနေလိုက်သည်။ သူသည်ပင် ဗောဓိနတ်သစ်ပင်၏ အလင်းအောက်တွင် ကျင့်ကြံရသဖြင့် သူ၏ကျင့်ကြံခြင်းတွင် အကျိုးရှိသည်ဟု ခံစားနေရလေသည်။
“အဲဒီလိုဆို အဲဒီနတ်တောင်ကုန်းက ကောင်းကင်ဒေသ ပိုင်တဲ့ဟာ ဖြစ်ရမယ်”
ထိုစဉ်တွင် အပြင်မှ တစ်စုံတစ်ယောက် ပြောလိုက်၏။ သူတို့သည် ယခင်က နတ်တောင်ကုန်းသည် မည်သည့်ဘုံအတွက် ဖြစ်ကြောင်း မသေမချာဖြစ်ခဲ့ကြသည်။ သို့သော် ယခုတွင် ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသမှ လွဲ၍ ကျန်ဘုံတစ်ခုစီသည် ကိုက်ညီသည့် နတ်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ထိုနတ်တောင်ကုန်းသည် ကောင်းကင်ဒေသနှင့် သက်ဆိုင်သည်ဟု တွေးခြင်းမှာ သဘာဝကျပေသည်။
ကောင်းကင်ဘုံအတွက်မူ ကောင်းကင်လမ်းစဉ်သည် ကောင်းကင်နန်းတော်တွင် ထွက်ပေါ်လာခြင်းဖြစ်သဖြင့် ၎င်းသာ သူတို့ကို နတ်ပစ္စည်းတစ်ခု ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့လျှင် သူတို့၏ နတ်ပစ္စည်းသည် သေချာပေါက် အလွန်ထူးကဲသောပစ္စည်းတစ်ခု ဖြစ်ပေလိမ့်မည်။
“အင်း... နောက်သုံးနှစ်ကျရင် ဘာဖြစ်လာမလဲ ငါ အတော်လေး မျှော်လင့်မိနေပြီ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။ နောက်သုံးနှစ်ကြာလျှင် ထွက်ပေါ်လာမည့် နတ်ပစ္စည်းမှာ နောက်ဆုံးနတ်ပစ္စည်း ဖြစ်နိုင်ချေရှိသည်။ အကယ်၍ မူလဘုံလည်း နတ်ပစ္စည်းတစ်ခု ရမည်ဆိုလျှင် နောက် နတ်ပစ္စည်းနှစ်ခု ကျန်ပေလိမ့်ဦးမည်။
နောက်လာမည့် နတ်ပစ္စည်းများကို မျှော်လင့်ရန် ထိုက်တန်ပေသည်။
ရီဖူရှင်း ကျင့်ကြံနေစဉ်တွင် သူ့ပတ်ပတ်လည်မှ လူများသည်လည်း တိုးတက်လာခဲ့သည်။ သိမ်းငှက်လေးသည်ပင် ဉာဏ်အလင်းပွင့်ခြင်းအလင်း၏ အကူအညီဖြင့် အဆင့်တက်နိုင်ခဲ့သည်။ ရီဖူရှင်းနှင့် သူသည် ဆက်နွယ်မှုတစ်ခုရှိသည်။ ထို့ကြောင့် သူ၏သိမြင်နားလည်နိုင်စွမ်းသည် သာမန်ထက်ပိုသည်။ သို့သော် ယခုတွင် ဗောဓိနတ်သစ်ပင်၏ အကူအညီကို ရခဲ့ပြီဖြစ်၍ သူသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျင့်ကြံသူတော်တော်များများသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ချဉ်းကပ်လာကြပြီဖြစ်သည်။ သူတို့ ထိုအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့ပေသည်။
နတ်ပစ္စည်းအားလုံး ထွက်ပေါ်လာပြီးနောက်တွင် ရီအင်ပါယာနန်းတော်မှနေ၍ နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူအနည်းငယ် ထွက်ပေါ်လာနိုင်လောက်ပေသည်။
***